၂၀၂၅ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည်
📌 ၂။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ၏ ဒုတိယသက်တမ်း (၄)လ သက်တမ်းတိုးမှုအား လွှတ်တော်၏ အတည်ပြုချက် ယနေ့ရယူ
📌 ၃။ အင်းစိန်ထောင်စစ်ခုံရုံးက ရွှေပြည်သာသပိတ်ကော်မတီဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် စီချမှတ်
📌 ၄။ ပုသိမ်အကျဉ်းထောင်အတွင်း တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်နေ
📌 ၅။ စစ်အာဏာရှင်များကြောက်ရတဲ့ "ကမ္ဘာမကြေဘူး" သီချင်းပဲ့ကိုင်ရှင် တေးရေးဆရာနိုင်မြန်မာကွယ်လွန်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ "ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မဟာဗျူဟာ၈ရပ်တွင် စိုးမိုးထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်ထိန်းသိမ်းရန်နှင့်စိုးမိုးထိန်းချုပ်နယ်မြေများတိုးချဲ့ရန်တို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးကလွှတ်တော်တွင်အစီရင်ခံတင်ပြ
🚩 ၂။ ကနီမြို့နယ်တစ်နေရာတွင်စက်တပ်လေထီးနှစ်စီးဖြင့်စစ်တပ်ကပစ်ခတ်တိုက်ခိုက်ရာအရပ်သားပြည်သူ ၁ဦးသေဆုံး၍ ၁ဦးထိခိုက်ဒါဏ်ရာရရှိခဲ့
🚩 ၃။ အုတ်ဖိုနယ်အတွင်းဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေဆုံးပြီး အထိနာသွားတာကြောင့် ပြည်သူပိုင် အိမ် ၁၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
🚩 ၄။ နောင်ချိုမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကားသမားတဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပမည်
ဖေဖော်ဝါရီ၇ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဗဟိုကော်မတီ၏ ကြားကာလပဉ္စမအကြိမ်အစည်းအဝေးကို Zoom မှတဆင့် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ၏ ဒုတိယသက်တမ်း (၄)လ သက်တမ်းတိုးမှုအား လွှတ်တော်၏ အတည်ပြုချက် ယနေ့ရယူ
ဖေဖော်ဝါရီလ (၇) ရက်
မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့်မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ၏ ဒုတိယသက်တမ်း (၄)လ သက်တမ်းတိုးမှုအား လွှတ်တော်၏ အတည်ပြုချက် ယနေ့ရယူခဲ့ပါတယ်။မန္တလေးတိုင်းလွှတ်တော်၊အထူးအစည်းအဝေး(၁/၂၀၂၅) ကို ယနေ့ နံနက် (၉း၀၀) နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါတယ်။
လွှတ်တော်အထူးအစည်းအဝေးတွင် လွှတ်တော်ဥက္ကဌနေရာယူခြင်း၊ အစည်းအဝေးစတင်ကြောင်းကြေညာခြင်း၊ အစည်းအဝေးအစီအစဉ် ကြိုတင်ဖြန့်ဝေထားကြောင်း တင်ပြခြင်း၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်မှုအခြေအနေတင်ပြခြင်းနှင့်လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း ၊ မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့်မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ၏ ဒုတိယသက်တမ်း (၄)လ သက်တမ်းတိုးနိုင်ရန် ဥပဒေရေးရာကော်မတီ ဥက္ကဌ က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း ၊ မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့်မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ၏ ဒုတိယသက်တမ်း (၄)လ သက်တမ်းတိုးအား လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။
မန္တလေးတိုင်းလွှတ်တော်၊အထူးအစည်းအဝေး(၁/၂၀၂၅) ကို တိုင်းလွှတ်တော်ကိုယ်စားလှယ် (၈၂)%တက်ရောက်ခဲ့ကြပြီး နံနက် (၉;၄၅) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၃။ အင်းစိန်ထောင်စစ်ခုံရုံးက ရွှေပြည်သာသပိတ်ကော်မတီဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် စီချမှတ်
ဖေဖော်ဝါရီလ (၇) ရက်
အကြမ်းဖက်စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက ရွှေပြည်သာသပိတ်ကော်မတီဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော် တို့ကို ပုဒ်မ ၅၀၅-က နဲ့ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် စီကျခံစေဖို့ ချမှတ်လိုက်တယ်လို့ Shwe Pyi Thar Strike Committee က ထုတ်ပြန်ပါတယ်။
အင်းစိန်ထောင်မှာ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ ရွှေပြည်သာသပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အကျဥ်းထောင်အတွင်းရှိ စစ်ခုံရုံးက မနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာ အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်မဖက်လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးပြီး အကျဉ်းချခဲ့သော်လည်း ရွှေပြည်သာသပိတ်ကော်မတီဝင် တော်လှန်လူငယ်များအနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ဆက်ပြီး တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
ရွှေပြည်သာသပိတ်ကော်မတီက ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၇ နာရီမှာ မတရားဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဖမ်းခံရတဲ့နေ့ဟာ ၇၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပြီး လူ့အခွင့်အရေးထွန်းကားစေ တရားမျှတ လွတ်လပ်မြေဆိုတဲ့ စာသားပါတဲ့ ဘန်နာကိုင်ဆွဲကာ ရွှေပြည်သာသပိတ်ကော်မတီနဲ့ မျိုးဆက်သစ် လူငယ် သပိတ်ကော်မတီ-NGYSC တို့ ပူးပေါင်းကာ လူထုလှုပ်ရှားမှုတခု ဖော်ဆောင်ခဲ့တာရှိပါတယ်။
အဲဒီနောက် ညပိုင်းမှာ ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်မှာရှိတဲ့ Motel တခုမှာ ဝင်ရောက်နားခိုနေချိန်မှာပဲ အကြမ်းဖက်စစ်တပ်က ဧည့်စာရင်းအကြောင်းပြပြီး မတရားဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
========================
📌📌 ၄။ ပုသိမ်အကျဉ်းထောင်အတွင်း တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်နေ
ဖေဖော်ဝါရီ၇ရက်
ပုသိမ်အကျဉ်းထောင်အတွင်းတန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီ၇ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကဖော်ပြပါတယ်။
ပုသိမ်အကျဉ်းထောင်တွင် နေထိုင်မှုအတွက် လိုအပ်ချက်များကို ထောင်အာဏာပိုင်များ၌ တာဝန်ရှိသော်လည်း ၎င်းတို့က ပြင်ဆင်ပေးခြင်း မရှိသည့်အပြင် အခြားအမှု နှင့်ကျခံလျက်ရှိသည့် တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်နေတယ်လို့ဖော်ပြပါတယ်။
ပါဆယ်ပို့ရာ၌ ဟင်း ၃ မျိုးသာ လက်ခံပြီး ကော်ဖီ ၇ ထုပ်သာ ပေးပို့၍ ရတော့ပြီး လက်ရှိ ပုသိမ်အကျဉ်းထောင်အတွင်းတွင် ဟင်းမလောက်ငှမှုကြောင့် နိုင်ငံရေးအကျဥ်းသားများသည် ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးများဖြင့် ဝယ်စားနေရတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများသည် နေရာအခက်ခဲ၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေကြရုံသာမက သောက်ရေမရရှိ၍ ချိုးရေကိုသာ သောက်သုံးနေကြရတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်များကြောက်ရတဲ့ "ကမ္ဘာမကြေဘူး" သီချင်းပဲ့ကိုင်ရှင် တေးရေးဆရာနိုင်မြန်မာကွယ်လွန်
ဖေဖော်ဝါရီ၇ရက်
စစ်အာဏာရှင်များကြောက်ရတဲ့ "ကမ္ဘာမကြေဘူး" သီချင်းပဲ့ကိုင်ရှင် တေးရေးဆရာနိုင်မြန်မာ ကွယ်လွန်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။ဖေဖော်ဝါရီလ ၇ရက်၊ မနက် ၇နာရီ ၄၅ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။နိုင်မြန်မာနိဒါန်းဆိုတဲ့ တေးစီးရီးခွေကို ကိုယ်တိုင်ရေးသားသီဆိုထုတ်ေဝခဲ့ပြီး ၁၉၈၃ _ ၁၉၈၄ ကာလမှာ စတင်ဖြန့်ချီခဲ့တာဖြစ်ပါတယ်။တေးရေးနိုင်မြန်မာဟာ တေးသီချင်းပေါင်း ၅၀၀၀ နီးပါးရေးသားခဲ့ပြီး မဖြန့်ချီရသေးတဲ့ တေးသီချင်းများစွာလည်းကျန်ရစ်ခဲ့ပါတယ်။ကွယ်လွန်ချိန်မှာ အသက် ၆၈နှစ်ရှိပြီဖြစ်တဲ့ဆရာနိုင်မြန်မာဟာ စစ်ကောင်စီကဖမ်းထားတဲ့ အဆိုတော်ဗျူဟာ၏ ဖခင်တဦးလည်းဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာ ဇနီး၊ သား ၃ဦး၊ သမီး ၁ဦးနဲ့ မြေး ၃ဦးတို့ကျန်ရစ်ခဲ့ပါတယ်။တေးရေးနိုင်မြန်မာရဲ့စျာပနကို ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ရေဝေးသုသန်မှာ ကျင်းပသွားမှာဖြစ်ပြီး သဂြိုဟ်မယ့်အချိန်ကို ထပ်မံကြေငြာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ "ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မဟာဗျူဟာ၈ရပ်တွင် စိုးမိုးထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်ထိန်းသိမ်းရန်နှင့်စိုးမိုးထိန်းချုပ်နယ်မြေများတိုးချဲ့ရန်တို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးကလွှတ်တော်တွင်အစီရင်ခံတင်ပြ
ဖေဖော်ဝါရီ၇ရက်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ကြီးမှူးကျင်းပသော ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး (ပထမနေ့)မှာ NUGအစိုးရရဲ့လုပ်ငန်းဆောင်တာများအစီရင်ခံစာ ဖတ်ကြားရာမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အခုလိုပြောကြားခဲ့ပါတယ်။
"ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မဟာဗျူဟာ၈ရပ်ကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
၁။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုဖြင့် PDF၊ပကဖများကိုစစ်သည်ဆိုင်ရာကျင့်ဝတ်များ၊အမိန့်ပေးကွပ်ကဲမှုနှစ်ရပ်နဲ့ တိုက်စွမ်းရည်အားကောင်းသောတပ်မတော်ဖြစ်လာအောင်ဆက်လက်တည်ဆောက်ရန်၊
၂။ရန်သူ့စစ်ယန္တရားကို ရုပ်ပိုင်း၊စိတ်ပိုင်းချိနှဲ့အောင်အဆက်မပြတ်ဆောင်ရွက်ရန်၊
၃။ စိုးမိုးထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်ထိန်းသိမ်းရန်၊ပြည်သူအားစစ်ကောင်စီ၏အကြမ်းဖက်မှုများမှကာကွယ်စောင့်ရှောက်နှင့်စိုးမိုးထိန်းချုပ်နယ်မြေများတိုးချဲ့ရန်"တို့ပါဝင်တယ်"လို့ အစီရင်ခံတင်ပြခဲ့ပါတယ်။
ဒါ့အပြင်မဟာမိတ်များနဲ့စစ်ရေး၊နိုင်ငံရေး ပိုမိုတိုးတက်အောင်လုပ်ဆောက်ရန်အချက်တို့လည်းပါဝင်တယ်လို့သိရှိရပါတယ်။
========================
🚩🚩 ၂။ ကနီမြို့နယ်တစ်နေရာတွင်စက်တပ်လေထီးနှစ်စီးဖြင့်စစ်တပ်ကပစ်ခတ်တိုက်ခိုက်ရာအရပ်သားပြည်သူ ၁ဦးသေဆုံး၍ ၁ဦးထိခိုက်ဒါဏ်ရာရရှိခဲ့
ဖေဖော်ဝါရီ၇ရက်
စစ်ကိုင်းတိုင်း၊ကနီမြို့နယ်တစ်နေရာတွင်စက်တပ်လေထီးနှစ်စီးဖြင့်စစ်တပ်ကပစ်ခတ်တိုက်ခိုက်ရာအရပ်သားပြည်သူ ၁ဦးသေဆုံး၍ ၁ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ၇ရက်နေ့မနက်၁နာရီကနီမြို့နယ်တစ်နေရာတွင် နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)တက်paramotorစက်တပ်လေထီးနှစ်စီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရရာ အဆောက်အအုံတချို့ပျက်စီးပြီး အရပ်သားပြည်သူ ၁ဦးသေဆုံး၍ ၁ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ကနီတော်လှန်ရေးအင်အားစုများထံသိရပါတယ်။
"စကစအနေဖြင့်တိုက်ခိုက်ရေးလေယာဉ်များအစား အကုန်အကျသက်သာ(အချိန်၊လောင်စာ)သော paramotorများကိုနိုင်ငံနေရာအနှံ့သုံးစွဲလာနေပါတယ်။ကနီမြို့နယ်သည် တိုင်းစစ်ဌာနချုပ်နဲ့သိပ်မဝေးသောကြောင့် ယခုဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပါတယ်။သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် သတင်းအလေးထားမှုမပြတ်ရှိသင့်ပါတယ်"လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖော်ပြပါတယ်။
========================
🚩🚩 ၃။ အုတ်ဖိုနယ်အတွင်းဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးသေဆုံးပြီး အထိနာသွားတာကြောင့် ပြည်သူပိုင် အိမ် ၁၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ၇ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးသွားတာကြောင့် အထိနာသွားတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြည်သူပိုင်အိမ် ၁၆ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ပါတယ်။
အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ အင်အား ၄ဝ ခန့်ပါ စစ်တပ်စစ်ကြောင်းနဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းတို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီခန့်အချိန်က ချောင်းဂေါင်းအုပ်စု စင်မြင့်ရွာအနီးမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
စစ်တပ်ဘက်က စက်လက်နဲ့ လက်နက်ကြီးတွေသုံးပြီး ဆက်တိုက်ပစ်ခတ်တာကြောင့် PDF ရဲဘော်တဦး လက်နက်ကြီးစ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
နယ်မြေကျွမ်းကျင်မှုနဲ့ အပေါ်စီးကနေ ပစ်ခတ်ခွင့်ရပေမယ့် စစ်တပ်ဘက်က စစ်ကူတွေတက်လာတဲ့အတွက် ဆက်မတိုက် တော့ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပြောပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်ကို စစ်ကူလာတဲ့ အင်အား ၄ဝ ဦးပါစစ်ကြောင်ဟာ ပြည်သူပိုင်ကား၂စီးကို ချောဆွဲပြီး ထန်းပင်ကုန်းရွာဘက်ကနေ ရောက်ရှိလာခဲ့ပြီး စင်မြင့်ရွာက အိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးကာ သေဆုံး ဒဏ်ရာရ စစ်သားတွေကိုသယ်ပြီး ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အုတ်ဖိုမြို့နယ်အပိုင်ထဲက ရိုးမတောအတွင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်ပြီး စစ်တပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးတာ ကားတွေကိုချောဆွဲတာတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနီး သွားလာ နေထိုင်တာတွေေလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ နောင်ချိုမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကားသမားတဦး ဒဏ်ရာရ
ဖေဖော်ဝါရီ၇ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသနေ ကားသမားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်အချိန်မှာ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောဆိုက်လိုက်တာဖြစ်ပါတယ်။
အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြံကားမောင်းလာတဲ့ အသက် ၃၀ အရွယ် စိုင်းလှဦးဆိုသူ ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးကုသနိုင်ဖို့ ဒေသနေပြည်သူတွေက ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ် ချက်ရှိရှိနဲ့ ဂျက်ဖိုက်တာသုံးပြီး ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ဦး သေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေကိုဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာ ကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိနေဖို့လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ PSLF/TNLA က တိုက်တွန်း နှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment