ဆီဆိုင်မြို့သူမြို့သားအချို့ မြို့ထဲ ပြန်ဝင်လာကြပေမယ့် အစစအရာရာ ကုန်ဈေးနှုန်း ကြီးမြင့်နေပြီး သီးနှံ စိုက်ပျိုးတဲ့လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ဖို့ အခက်အခဲတွေ့နေ
ကိုမြင့်သူ (Radio NUG) ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဆီဆိုင်မြို့မှာ နေအိမ်နဲ့ လူနေအဆောက်အဦ အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြုနိုင်တာ မရှိသေးတဲ့အပြင် ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပါတယ်။ အဲဒီလို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက် ၉ လအကြာမှာ မြို့ထဲကို ပြန်ဝင်လာသူတစ်ဦးက မြို့ရဲ့အခြေနေကို အခုလို ပြောပါတယ်။
“လူတွေ ဒုက္ခရောက်တာပဲ တွေ့တယ်။ တချို့ဆို တစ်အိမ်တည်း နှစ်ယောက်၊ သုံးယောက် သေကုန်တယ်။ စစ်တပ်က အမြောက်နဲ့ ပစ်တော့ကျ၊ သေပေါ့။ တချို့ဆို ရပ်ကွက်တွေမှာ မြှုပ်ထားတာ၊ ကျွန်တော် ပြန်လာတာဆိုရင် ကျွန်တော့်အိမ်ရှေ့မှာ နှစ်လောင်း၊ ထပ်လျက်ကြီး၊ မီးရှို့တာ သေကုန်တာ။ တချို့ဆို သေကုန်တာ ပက်လက်တွေ မမြှုပ်ဘူး၊ ခွေးတွေကဆွဲ၊ တစ်မြို့လုံး နံစော်နေတာပဲ။ ပြန်လာစကပေါ့နော်၊ နောက်ပိုင်းကျ ရပ်ကွက်သားတွေ လုပ်အားပေး၊ မီးတွေ ရှို့ကြ၊ မြေတွေ ပြန်ဖော်ကြ၊ သုသာန်ကို ပို့ကြပေါ့၊ အလောင်းတွေကို၊ မြို့က အတော်ကို ပျက်သွားတယ်။ လူတွေလည်း အတော်ကို ဒုက္ခရောက်တာ အများကြီးပေါ့။ တော်တော်ဒုက္ခရောက်ပါတယ်။ တစ်မြို့လုံးပဲ။ စီးပွားရေးလည်း ကျပ်တည်းကုန်တာပေါ့။ အခုဆို ပိုဆိုးပေါ့။ ကုန်ဈေးနှုန်းက တအားကြီး။ အလုပ်က မရှိ။ အဆင်မပြေဖို့ များသွားပြီ။ အခု လောလောဆယ်တော့”
ပြောင်းနဲ့ ပဲစင်းငုံကို ဝင်ငွေရသီးနှံအဖြစ် အဓိကစိုက်ပျိုးကြတဲ့ အဲဒီဒေသမှာ နေအိမ်ပြုပြင်ဖို့လည်း အခက်အခဲရှိနေသလို ဝင်ငွေရလုပ်ငန်းဖြစ်တဲ့ သီးနှံစိုက်ပျိုးတဲ့လုပ်ငန်းမှာလည်း အရင်းအနှီးတွေ မရှိတော့တဲ့အတွက် လာမယ့် ၂၀၂၅ မိုးရာသီ သီးနှံစိုက်ပျိုးချိန်မှာ စိုက်ပျိုးနိုင်ဖို့ အခက်အခဲတွေရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေနေကို ဆီဆိုင်မြို့ မှာ ပြောင်းနဲ့ ပဲစင်းငုံကို အဓိကထားစိုက်ပျိုးသူက အခုလို ဖြည့်စွက်ပြောပါတယ်။
“စိုက်တော့ စိုက်မှာ၊ ပြောင်းတွေ၊ ပဲစင်းငုံတွေ ပြန်စိုက်မှာလေ။ လောလောဆယ်တော့ ဝယ်ရ ခြမ်းရမှာ ပြောင်းမျိုးစေ့လည်း တအားဈေးကြီးတယ်။ အရင်တုန်းက တစ်သိန်းကျော်ဆို အခုက နှစ်သိန်းကျော်၊ ဈေးက တဝက်လောက် တက်သွားပြီ။ မြေဩဇာ ဆိုရင်လည်း အရင်က တစ်သိန်း အိတ်က အခု နှစ် သိန်း၊ ထွန်ခလည်း မနှစ်က လေးသောင်းခွဲ၊ ဒီနှစ် ကိုးသောင်း၊ လုပ်အားခကအစ အစစအရာရာ ဈေးအကုန် မြင့်ကုန်ပြီ။ ဒါကြောင့် လာမယ့်နှစ်ကို စိုက်ချင်မှ စိုက်တော့မှာ၊ အရင်းအနှီးလည်း မရှိတော့ဘူးလေ။ အရင်းအနှီးရှိရင် ပြန်စိုက်ဖို့၊ အခုက အရင်းနှီးလည်း မရှိတော့ဘူးလေ။ မြေကတော့ ဧကနှစ်ဆယ် ရှိတယ်၊ မြေတော့ အများကြီးရှိတယ်။ ဒါပေမဲ့ အရင်းအနှီးမရှိတော့ဘူးပေါ့။”
လတ်တလော မီးလောင်ပြာကျသွားတဲ့ ဆီဆိုင်ဈေးကတော့ ပျံကျဈေးတန်းလောက်သာ ရှိပြီး မီးမရတဲ့ ဆီဆိုင်မြို့အတွက် ဆိုလာဆက်စပ်ပစ္စည်းတွေပဲ အရောင်းများပါတယ်။ သီးနှံမျိုးစေ့တွေကိုတော့ ရှမ်းပြည်တောင်ပိုင်းရှိ အခြားမြို့ နယ်တွေကနေ လာရောက်ရောင်းချနေကြတာ ဖြစ်ပါတယ်။ မျိုးစေ့ဈေးတွေ ဈေးကြီးတဲ့အပြင် တောင်သူ အသုံးများတဲ့ မျိုးစေ့ အမှတ်တံဆိပ်တွေ မစုံလင်တော့ပေမယ့် ပြောင်းနဲ့ ပဲစင်းငုံ အဓိကစိုက်တဲ့ဒေသမှာ အချို့တောင်သူတွေမှာတော့ ပြောင်းမျိုးစေ့တွေကို လာရောက်စုံစမ်းနေကြတာလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်ကတည်းက ကျောက်ပန်းတောင်းမြို့ကနေ ဆီဆိုင်မြို့မှာ လာရောက်အခြေချပြီး တောင်သူလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကတော့ လတ်တလော ဆီဆိုင်မြို့မှာ လာရောက် အခြေချနေထိုင်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“ဒီမှာ ကြုံရတဲ့အခြေနေက အရင်ကထက်စာရင် အများကြီး ကွာသွားတာပေါ့။ လုပ်ငန်းကိုင်ငန်း ရှားတယ်။ အလုပ်လုပ်ရ အရင်ကတော့တာ ဘာပဲဖြစ်ဖြစ် လုပ်တယ်လေ။ တောင်ယာလည်း လုပ်တယ်၊ ပန်းရန် လက်သမားလည်း လုပ်တယ် ဆိုတော့ အလုပ်ပေါတယ်။ အခုကျတော့ နယ်မြေက မတည်ငြိမ်သေးတော့ ပန်းရန် လက်သမားကလည်း ခိုင်းတဲ့သူ မရှိသေးဘူး။ ယောက်ျားကလည်း တခြား အလုပ် မလုပ်တတ်ဘူး။ ကျွန်မတစ်ယောက်ပဲ လောလောဆယ် တောင်သူအလုပ် လိုက်လုပ်တာပေါ့။ ခုတ်တဲ့အချိန် ခုတ်တယ်။ ပုတ်တဲ့အချိန် ပုတ်တယ်ပေါ့။ စိုက်တဲ့သူကလည်း ဒီနှစ် သိပ်မရှိဘူး။ မပြေးခင်က စိုက်ထားတဲ့ ဟာလောက်လေးပဲ သိမ်းရတာလေ”
ဆီဆိုင်မြို့တောင်ဘက်မှာ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ရေးအရ လွှမ်းမိုးနိုင်စွမ်း မရှိသေးတဲ့ အကြမ်းဖက်စစ်တပ်ကတော့ ပျက်စီးနေတဲ့ ထွေအုပ်ရုံးကို အပြသာ ဖွင့်လှစ်ထားနိုင်ပြီး ဆီဆိုင်ဆေးရုံ ပြင်ပလူနာဌာနကိုလည်း အချိန်ပိုင်းသာ ဖွင့်လှစ်ထားပါတယ်။ အဲဒီထွေအုပ်ရုံးကလွဲလို့ အခြားရုံးတွေ လည်ပတ်နိုင်တာ မရှိသေးတဲ့အပြင် ဘဏ်တွေကိုလည်း ဖွင့်လှစ်နိုင်တာ မရှိသေးပါဘူး။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးဒဏ်ကြောင့် ပျက်စီးသွားတဲ့ လူနေအဆောက်အဦအများစုကို မပြုပြင်နိုင်ကြသေးဘဲ ဆီဆိုင်မြို့သူမြို့သား သုံးပုံတစ်ပုံလောက်ပဲ မြို့ထဲကို ပြန်ဝင်လာပြီး မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment