၂၀၂၅ မတ်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရုရှား အစိုးရနဲ့ စစ်ကောင်စီနဲ့ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တွေကို အနာဂတ်မှာ အာမခံနိုင်မှာမဟုတ်ကြောင်း ရုရှားအစိုးရဆီNUGက စာပေးပို့ခဲ့
📌 ၂။ “Kim Aris နှင့် မြန်မာမိသားစုများနယူးယောက်တွင် တွေ့ဆုံဆွေးနွေးပွဲ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်မယ်
📌 ၃။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် ဆွစ်ဇာလန်မှ ဒဏ်ခတ်ပိတ်ဆို့
📌 ၄။ သြစတြေးလျ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင်အဆိုတော်ဖြူဖြူကျော်သိန်း ဖျော်ဖြေမည်
📌 ၅။ တော်လှန်အနုပညာရှင် သရုပ်ဆောင် ခါရာ ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများမှ ကလေးများကို အာဟာကဒါန လှူဒါန်း
========================
၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဖက်သို့ စုန်ဆင်းလာသည့် စစ်တန်းကေးစက်လှေတစ်စီးအား တိုက်ခိုက်ရာ စက်လှေ မီးလောင်ပြီး ၂၀ကျော် သေဆုံး
🚩 ၂။ 96 Soldiers - PDF အညာဒေသမှ တပ်ခွဲမှူးတစ်ဦး စစ်ဆင်ရေး တနေရာတွင် ကျဆုံးခဲ့
🚩 ၃။ စစ်ကောင်စီ စစ်ကြောင်းမှ ပြည်သူ ၇ ဦးကို လူသားဒိုင်း ပြုလုပ်ပြီး နေအိမ်များကို ဝင်ရောက်လုယူကာ မီးရှို့ဖျက်ဆီးခဲ့
🚩 ၄။ ဆိပ်ဖြူ ကပစ ၂၄ မှ စက်တပ်လေထီးတစ်စီးဖြင့် ပေါက်မြို့နယ် အရှေ့ပိုင်း ထောက်ရှာပင်ရွာ စာသင်ကျောင်းနဲ့အနီးပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲ၍အရပ်သားတစ်ဦးသေဆုံး
🚩 ၅။ တောင်သာတွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
🚩 ၆။ ပုဏ္ဏားကျွန်းတွင် လေယာဉ်နဲ့ ဗုံး တစ်လုံး ကြဲပြီး အတွဲလိုက်ဒုံးနဲ့ ပစ်ခတ်၊ တောင်ကုတ်မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသား တစ်ဦး ခြေထောက်ပြတ်
🚩 ၇။ အဓမ္မ တပ်သား စုဆောင်းခံထားရတဲ့ ခလရ ၂၈၅ မှ တပ်သား ၂ ဦး တနင်္သာရီ ပကဖ ထံ အလင်းဝင်
🚩 ၈။ ကျောက်မဲ ပြည်သူ့ကာကွယ်ရေး အဖွဲ့က တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရုရှား အစိုးရနဲ့ စစ်ကောင်စီနဲ့ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တွေကို အနာဂတ်မှာ အာမခံနိုင်မှာမဟုတ်ကြောင်း ရုရှားအစိုးရဆီNUGက စာပေးပို့ခဲ့
မတ်လ၁၁ရက်
Radio NUG
ရုရှား အစိုးရနဲ့ စစ်ကောင်စီနဲ့ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တွေကို အနာဂတ်မှာ အာမခံနိုင်မှာမဟုတ်ကြောင်း ရုရှားအစိုးရဆီ NUGက စာပေးပို့ခဲ့တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က VOAသတင်းဌာနကို ယခုလအတွင်းဖြေကြားခဲ့ပါတယ်။
"အဓိက ကတော့ နောက်ဆုံး ခရီးစဉ် ပြီးသွားတဲ့ အချိန်ကို ကျွန်မတို့ အစ အဆုံး သေချာလေး စောင့်ကြည့်တယ်။ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေရဲ့ အတိမ်အနက်တွေပေါ့နော် ဘယ်လောက်ထိ ဖြစ်နိုင်ခြေ ရှိလဲ၊ မရှိဘူးလဲ ဆိုတဲ့ သုံးသပ်ချက်တွေ အပါအဝင်ပေါ့လေ ကျွန်မတို့ နီးနီးကပ်ကပ် ဒီခရီးစဉ်ကို စောင့်ကြည့်လေ့လာပြီးတော့မှ စာရေးသား ပေးပို့ခဲ့တာ ဖြစ်တယ်။ အဓိက စာထဲမှာကတော့ ကျွန်မတို့တွေက ဒီ စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရယ်၊ နောက်ပြီးတော့ အထူးသဖြင့်တော့ ဒီ ရုရှား အစိုးရနဲ့ စစ်ကောင်စီနဲ့ ပြုလုပ်ခဲ့တဲ့ ဒီ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့တော့ လာမယ့် အနာဂတ်မှာ အာမခံနိုင်မှာ မဟုတ်ဘူး၊ လူထု အစိုးရ လက်ထက်မှာပေါ့နော် ဆိုတဲ့ ကိစ္စမျိုးတွေကို ကျွန်မတို့ အဓိကထားပြီးတော့ ဟိုက်လိုက် လုပ်တယ်"လို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောကြားထားပါတယ်။
အာဂျင်တီးနားနိုင်ငံတရားရုံးရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံသဘောတူစာချုပ်များလည်း ချုပ်ဆိုခဲ့ပါတယ်။
========================
📌📌 ၂။ “Kim Aris နှင့် မြန်မာမိသားစုများနယူးယောက်တွင် တွေ့ဆုံဆွေးနွေးပွဲ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်မယ်
မတ်လ ၁၁
Radio NUG
“Kim Aris နှင့် မြန်မာမိသားစုများ နယူးယောက်တွင် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မတ်လ ၁၅ ရက် (စနေနေ့)အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး Kim Aris နှင့်အတူ ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသမီး၊ လူငယ်နှင့် ခလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွါးရေးအကြံပေး Sean Turnellတို့ တက်ရောက်ကြမယ်လို့ သိရပါတယ်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်ကလည်း မိခင် ဒေါ်အောင်ဆန်းစုကြည်၏ ပို့စကတ်တွင် သူကိုယ်တိုင်လက်မှတ်ထိုးပေးမည်ဖြစ်ပြီး Sean Turnell မှလည်း ၊ သူထုတ်ဝေခဲ့သော “ ရွှေဝါရောင်စီမံကိန်း”စာအုပ်ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၃။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် ဆွစ်ဇာလန်မှ ဒဏ်ခတ်ပိတ်ဆို့
မတ် ၁၁
Radio NUG
စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)အပေါ် ဆွစ်ဇာလန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို Justice For Myanmar က ကြိုဆိုကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ယခုဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် MOGE အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက်တွင် လိုက်ပါလုပ်ဆောင်လိုက်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ကယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်ပြီး၊ လေးနှစ်ကျော်ကြာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ် " လို့ ပြောဆိုထားပါတယ်။
စစ်အုပ်စုက ဓါတ်ငွေ့ဝင်ငွေတွေကို နိုင်ငံတကာရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ အသုံးပြုနေပြီး ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ သြစတြေးလျ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင်အဆိုတော်ဖြူဖြူကျော်သိန်း ဖျော်ဖြေမည်
မတ်လ ၁၁
Radio NUG
သြစတြေးလျ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင်အဆိုတော်ဖြူဖြူကျော်သိန်း ဖျော်ဖြေဦးမယ်လို့ မတ်လ ၁၁ရက်မှာ တော်လှန်အနုပညာရှင်အဆိုတော် ဖြူဖြူကျော်သိန်းက အသိပေးဆိုထားပါတယ်။
"အားလုံး မျှော်လင့်ထားကြတဲ့အတိုင်း ချစ်စရာ အကောင်ပလောင်လေးတွေ ရှိတဲ့ သားပိုက်ကောင် တိုင်းပြည် ဖြစ်ပါတယ်ရှင့်။ ဧပြီ ၅ ရက်နေ့မှာ Phyu Phyu in Sydney နဲ့ စဖွင့်ပါမယ်။ Riverside Theatre Paramatta ဆိုတဲ့ လှပတဲ့ လူ ၇၅၀ ဆံ့ ကဇာတ်ရုံကြီးမှာ လုပ်မှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
မတ်လ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ( Sydney Time )မှာ လက်မှတ်အရောင်း စဖွင့်မှာဖြစ်ပြီး ခုံ ၇၅၀ ပဲရှိတာမို့ ဦးရာလူစနစ်နဲ့ ထိုင်ခုံလက်မှတ် A+, A, B, C, Dအမျိုးအစားခွဲပြီး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
========================
📌📌 ၅။ တော်လှန်အနုပညာရှင် သရုပ်ဆောင် ခါရာ ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများမှ ကလေးများကို အာဟာကဒါန လှူဒါန်း
မတ် ၁၁
RadioNUG
စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော တော်လှန်အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ခါရာသည် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် စာသင်ကျောင်းများတို့ သွားရောက်ပြီး ကလေးများကို အာဟာရဒါန လှူဒါန်းခဲ့တယ်လို့ KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။
မထင်မှတ်ထားတဲ့ ခရီးတခုနဲ့ ပြန်ရလိမ့်မယ်လို့ မထင်ထားတဲ့ ခရီးတစ်ခုကို အရောက်သွားနိုင်ခဲ့ပြီး တော်လှန်ရေးကာလထဲ အမိမြေ (အောင်မြေ) ကို နင်းဖို့ အခွင့်ရေးရခဲ့တယ်လို့ ခါရာမှ ဆိုထားပါတယ်။
နယ်ပယ်အသီးသီးက တကယ်တော်ပြီး အများအကျိုးအတွက် ရည်ရွယ်ကာ တိုင်းပြည်အတွက် လိုအပ်သမျှ ကိုယ်စွမ်း ဉာဏ်စွမ်းတွေ အပီအပြင်ထုတ်သုံးနေကြတဲ့ ရဲဘော်တွေကို ကိုယ်တိုင်တွေ့ချင်ခဲ့တဲ့ စိတ်တွေနဲ့ အရောက်သွားခဲ့တဲ့ ခရီးတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
" ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတယ်။ မောရင် ခဏနားပါ။ (လုံးဝ) ရပ်လို့ မရဘူး။ အတူတူဆက်သွားကြမယ်။ ဒီခရီးစဉ်က မေးခွန်းတွေ ၊ အဓိပ္ပါယ်တွေ ၊ သင်ခန်းစာတွေ ၊ ခံစားချက်တွေနဲ့ အရောင်စုံခဲ့တယ်။ ကရင်နီ ဘေးကင်းပါစေ" လို့လည်း လူမှုကွန်ရက်မှာ ဆုတောင်းပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဖက်သို့ စုန်ဆင်းလာသည့် စစ်တန်းကေးစက်လှေတစ်စီးအား တိုက်ခိုက်ရာ စက်လှေ မီးလောင်ပြီး ၂၀ကျော် သေဆုံး
မတ် ၁၁
Radio NUG
မတ်လ ၁၀ရက်နေ့ ည၁၁နာရီခန့်တွင် ထား၀ယ်မြို့မှ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဖက်သို့ စုန်ဆင်းလာသည့် စစ်ကောင်စီ စစ်တန်းကေးစက်လှေတစ်စီးအား ထား၀ယ်ခရိုင်တပ်ပေါင်းစုမှ ထား၀ယ်မြစ်ကြောင်းအတွင်း တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုသို့တိုက်ခိုက်စဉ် ၁၀မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရန်သူ့စက်လှေမှာ RPG ထိမှန်၍ မီးလောင်ကာ ဖြတ်ဆင်းသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကြောင့် စက်လှေကိုယ်ထည် မီးလောင်ပျက်စီးသွားခဲ့ပြီး ရန်သူဖက်မှ၂၀ကျော် သေဆုံးကာ ၃၀ခန့် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ 96 Soldiers - PDF အညာဒေသမှ တပ်ခွဲမှူးတစ်ဦး စစ်ဆင်ရေး တနေရာတွင် ကျဆုံးခဲ့
မတ်လ ၁၁ ရက်၊
Radio NUG
96 Soldiers - PDF ရဲ့ အညာဒေသ တပ်ခွဲမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး တစ်ဦး စစ်ဆင်ရေး တနေရာမှာ ကျဆုံးခဲ့ရတယ်လို့ 96 Soldiers - PDF အညာတပ်ခွဲ က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၁ ရက်နေ့က စစ်ဆင်ရေး တနေရာမှာ တာဝန်ထမ်းဆောင်ရင်း ရဲဘော် ဝေဖြိုးအောင် (ခေါ်) တစ်ဆယ် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ရဲဘော် တစ်ဆယ်ဟာ နွေဦးတော်လှန်ရေး ကာလအတွင်း 96 Soldiers - PDF အညာဒေသ တပ်ခွဲမှာ ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ကာ စစ်အာဏာရှင် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ လမ်းခုလတ်မှာ အသက်ကို ပေးလှူခဲ့တယ်လို့ ဆိုပါတယ်။
96 Soldiers - PDF အနေဖြင့် ရဲဘော် တစ်ဆယ်အတွက် အထူးဝမ်းနည်း ကြေကွဲစွာဖြင့် ယူကျုံးမရ ဖြစ်ရသလို သူ့ရဲ့ စွန့်လွှတ်အနစ်နာ ခံမှုအတွက်လည်း ဂုဏ်ယူမိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီ စစ်ကြောင်းမှ ပြည်သူ ၇ ဦးကို လူသားဒိုင်း ပြုလုပ်ပြီး နေအိမ်များကို ဝင်ရောက်လုယူကာ မီးရှို့ဖျက်ဆီးခဲ့
မတ်လ ၁၁ ရက်၊
Radio NUG
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကြီးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ က ပြည်သူ ၇ ဦးကို လူသားဒိုင်း အနေနဲ့ အသုံးပြုခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်လုယူကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မကွေးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ ဂွေးပင်လေး ကျေးရွာကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ အင်အား ၈၀ ခန့်ပါ အဆိုပါ စစ်ကြောင်းဟာ ဂွေးပင်ကြီးရွာ အရှေ့ဘက် အောင်မြေကန်မှ ရွာအတွင်းကို လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ကာ ယာလုပ်ငန်း လုပ်ကိုင်ရန် သွားနေတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ ပြည်သူ ၇ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျေးရွာအတွင်းကို ဝင်ရောက်ပြီး စစ်ရှောင်ပြည်သူများရဲ့ နေအိမ်များကို ဝင်ရောက်ကာ ရွှေငွေ လက်ဝတ်ရတနာ ငွေကြေး ကာလတန်ဖိုး ကျပ်သိန်း ၄၅၀ ဖိုးကို မွှေနှောက်ခိုးယူသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဖမ်းဆီးထားတဲ့ ပြည်သူ ၇ ဦးကို ရှေ့ကသွားခိုင်းပြီး ဂွေးပင်လေး ကျေးရွာကို ဝင်ရောက်ခဲ့ကာ နေအိမ်များကို ၆၀ မမ ဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်း အသုံးပြုကာ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များ ပစ်ခတ်ခြင်း၊ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
ထို့နောက် နေအိမ်များအတွင်း မွှေနှောက်ခိုးယူ ဖျက်စီးခဲ့ပြီး ၁၁ နာရီခန့်မှာ ပြန်လည်ဆုတ်ခွာ သွားခဲ့ကာ ဖမ်းဆီးထားတဲ့ ဒေသခံ ၇ ဦးကို ၎င်းတို့ ဘေးလွတ်ရာရောက်မှ ရိုက်နှက်ကြိမ်းမောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဒေသခံ ပြည်သူများကို လူသားဒိုင်း အသုံးပြုကာ ထွက်ခွာသွားခဲ့တာကြောင့် တော်လှန်ရေး တပ်ပေါင်းစုများ အနေဖြင့် အပစ်မဲ့ ပြည်သူများ ထိခိုက်မှာ စိုးသောကြောင့် တိုက်ခိုက်မှု မပြုလုပ်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ဆိပ်ဖြူ ကပစ ၂၄ မှ စက်တပ်လေထီးတစ်စီးဖြင့် ပေါက်မြို့နယ် အရှေ့ပိုင်း ထောက်ရှာပင်ရွာ စာသင်ကျောင်းနဲ့အနီးပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲ၍အရပ်သားတစ်ဦးသေဆုံး
မတ်လ၁၁ရက်
Radio NUG
မတ်လ၁၁ရက်ညနေ 3:30 ဝန်းကျင်က ဆိပ်ဖြူ ကပစ ၂၄ မှ စက်တပ်လေထီးတစ်စီးဖြင့် ပေါက်မြို့နယ် အရှေ့ပိုင်း ထောက်ရှာပင်ရွာ စာသင်ကျောင်းနဲ့ အနီးပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ We Love Myaingက အတည်ပြုဖော်ပြပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထောက်ရှာပင်ရွာ စာသင်ကျောင်းအcနီးမှ၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရပြီး ကျောင်းသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ တောင်သာတွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
မတ်လ ၁၁ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) က သတင်းထုတ်ပြန်ထားပါတယ်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်မှာ ပန်းပေါင်းအုပ်စု၊ အေးကြင်းကျေးရွာ၊ ဘုရားဝင်း အတွင်းက ဓမ္မာရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ အမျိုးသား တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး သာသနိက အဆောက်အဦးများ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်မှာ မိတ္ထီလာမှ တက်လာတဲ့ စက်တပ်လေထီး ၂ စီးဖြင့် ဇရပ်ကြီး ကျေးရွာကို ဗုံးသီး ၈ လုံး ကြဲချခဲ့ရာ ပြည်သူ့နေအိမ် တချို့ ပျက်စီးသွားခဲ့ပြီး၊ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အပြစ်မဲ့ပြည်သူများ နေထိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေတာကြောင့် လေယာဉ်သံ၊ စက်တပ်လေထီးသံ ကြားပါက ဗုံးခိုကျင်းများအတွင်း ပုန်းခို နေထိုင်ကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၆။ ပုဏ္ဏားကျွန်းတွင် လေယာဉ်နဲ့ ဗုံး တစ်လုံး ကြဲပြီး အတွဲလိုက်ဒုံးနဲ့ ပစ်ခတ်၊ တောင်ကုတ်မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသား တစ်ဦး ခြေထောက်ပြတ်
မတ် ၁၁
Radio NUG
မတ်လ ၁၁ရက်နေ့ နေ့လယ် ၁:၄၅မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးသွားကြောင်း APMသတင်းဌာနမှ ဖော်ပြထားပါတယ်။
အလားတူ မနက် ၁၁ နာရီဝန်းကျင်ကလည်း စစ်တွေအခြေစိုက် ခလရ (၂၃၂) တပ်ရင်းက အတွဲလိုက်ဒုံးနဲ့ ပုဏ္ဏားကျွန်းမြို့ဖက်ကို ပစ်ခတ်ခဲ့ရာ ဦးရာဇ်တော် စေတီတောင်ခြေရင်း လယ်ကွင်းသို့ ဗုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တောင်ကုတ်မြို့တွင် မတ်လ ၁၁ရက်နေ့ ၁၂ နာရီ၊ မိနစ် ၄၀ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း တစ်လုံးကို နင်းမိရာက အမျိုးသား တစ်ယောက် ခြေတစ်ဖက် ပြတ်သွားတယ်လို့ သိရပါတယ်။
ဦးမောင်ဌေးဝင်းနဲ့ ဦးစိုးနိုင်တို့ စစ်ကောင်စီ၏ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၅) အနားသို့ ဟင်းစားရှာရင်း ဦးမောင်ဌေးဝင်း နင်းမိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ အဓမ္မ တပ်သား စုဆောင်းခံထားရတဲ့ ခလရ ၂၈၅ မှ တပ်သား ၂ ဦး တနင်္သာရီ ပကဖ ထံ အလင်းဝင်
မတ်လ ၁၁ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၈၅) တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၂ ဦး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ အလင်းဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလင်းဝင် တပ်သား ၂ ဦးဟာ ဧရာဝတီတိုင်းက စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း မောင်မျိုးနဲ့ ရှမ်း ပြည်နယ်က စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ဂျာဂျာတို့ ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က တနင်္သာရီ ပကဖ ထံ ဆက်သွယ် အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးအား ဘေးကင်းလုံခြုံတဲ့ နေရာမှာ စီစဉ်ဆောင်ရွက် ပေးထားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေး ထားပါတယ်။
၎င်းတို့ နှစ်ဦးဟာ သင်တန်းဆင်းပြီးနောက် ပုလောမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၈၅) တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့ရပြီး သိန်းခွန်းရွာ တိုက်ပွဲ စစ်မျက်နှာပြင်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။
၎င်းတို့ဟာ စစ်ကောင်စီက အတင်းအဓမ္မ တပ်သားသစ် စုဆောင်းရာမှာ ပါဝင်ခဲ့ကြရသူများဖြစ်ကြပြီး အလင်းဝင် တပ်သား ၂ ဦး အနက် တစ်ဦးက စစ်ကောင်စီကို ပြန်တိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ ကျောက်မဲ ပြည်သူ့ကာကွယ်ရေး အဖွဲ့က တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူနေ
မတ်လ ၁၁ ရက်၊
Radio NUG
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) က တပ်ဖွဲ့ဝင် အသစ်များကို ထပ်မံခေါ်ယူ နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် စိတ်ဆန္ဒ ပြင်းပြသူ၊ ပေးအပ်လာတဲ့ တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်သူ၊ အမိန့်နာခံမှု အားကောင်းသူ၊ အများနဲ့ လိုက်လျောညီထွေစွာ နေတက်သူ၊ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးကို ဦးစားပေး၍ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင်သစ်များ အနေနဲ့ တိုက်ခိုက်ရေး၊ ဆေးဝါးကုသရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ရုံးလုပ်ငန်းတို့မှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင် နိုင်ရမယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်ရေး ရဲဘော်များအနေဖြင့် မိမိကိုယ်ကို နှိမ့်ချ၍ အမိန့်နာခံမှု အားကောင်းသူ၊ စစ်မှုထမ်းရန် လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဆေးဝါးကုသရေး အနေဖြင့် ပညာအရည်အချင်း အလယ်တန်း အောင်မြင်ထားပြီး အင်္ဂလိပ်စာ အခြေခံ တက်မြောက်သူ၊ လူနာများနှင့် ဆက်ဆံရာမှာ နားလည်ပေးတက်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
ထောက်ပံ့ ပို့ဆောင်ရေးမှာတော့ ကိုယ်ကျိုးစီးပွားကို ပဓာနမထားပဲ ပြည်သူလူထု အကျိုးကို ရှေးရှုသူ၊ ယာဉ်ယန္တယားများ ကျွမ်းကျင်စွာ မောင်းနှင်နိုင်ပြီး စာရင်းအင်းများကို အချက်လက်ကျစွာ တင်ပြနိုင်သူ၊ စက်ပစ္စည်းကဏ္ဍတွင် ကျွမ်းကျင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
စေ့စပ်သေချာသူ၊ ဖော်ရွေပျူငှာသူ၊ အများနဲ့ သင့်တင်လျောက်ပတ်စွာ ဆက်ဆံနိုင်သူ တွေကိုတော့ ရုံး လုပ်ငန်းမှာ တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment