၂၀၂၅ မတ်လ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်နိုင်ခြေရှိ
📌 ၂။ အမေရိကန်ခြေစိုက် VOA နဲ့ RFA သတင်းဌာနတွေ ကန့်သတ်ပိတ်ပင်တဲ့ အမိန့်သစ် သမ္မတထရမ့် လက်မှတ်ရေးထိုး
📌 ၃။ ၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကလေး ၁၀၁၇ဦး၊ လူငယ် ၂၂၈၈ဦးနှင့် အမျိုးသမီး ၁၉၁၀ ဦး သေဆုံး
📌 ၄။ နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းက ခရိုင် ၁၀ ခုမှာ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၆၅၉ ကြိမ် ရှိ
📌 ၅။ ပခုက္ကူနယ်က ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူ ၁၅၀၀ နီးပါး သောက်သုံးရေးအခက်အခဲ ကြုံနေရ
========================
၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာ ကာကင်းစခန်းအများစုကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဟု ဦးခိုင်သုခ အတည်ပြု
🚩 ၂။ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်
🚩 ၃။ ဆားလင်းကြီး မြို့ပေါ်က ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့
🚩 ၄။ မြေတော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ကျေးရွာအတွင်း ခေါင်းဖြတ် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း တစ်လောင်း ထပ်မံတွေ့ရှိ
🚩 ၅။ မိုးဗြဲ မြို့နယ်အတွင်း စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူ့နေအိမ် အဆောက်အဦးများကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေ
🚩 ၆။ KNU သထုံခရိုင်အတွင်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
🚩 ၇။ နောင်ချိုမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ ဦးဇင်း ၁ ပါးနဲ့ ကိုရင် ၈ ပါး အပါအဝင် ၁၄ ဦး သေဆုံး
🚩 ၈။ အုပ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် ကန့်သတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်နိုင်ခြေရှိ
မတ် ၁၅
Radio NUG
အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
နိုင်ငံ ၄၁ နိုင်ငံကို သီးခြားအုပ်စု သုံးစုခွဲပြီး စာရင်းပြုစုထားပြီး ပထမအုပ်စုအဖြစ် အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနဲ့ မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ ခု ဟာ အမေရိကန်ပြည်ဝင်ခွင့် အပြည့်အဝ ပိတ်ပင်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ဒုတိယအုပ်စုထဲမှာတော့ မြန်မာအပါအဝင် အီရီထရီးယား၊ ဟေတီ၊ လာအိုနဲ့ တောင်ဆူဒန် စတဲ့ ၅ နိုင်ငံကတော့ ခရီးသွားဗီဇာ၊ ကျောင်းသားဗီဇာနဲ့ အခြားသော ရွှေ့ပြောင်းဗီဇာတချို့ကို ခြွင်းချက် တစိတ်တပိုင်း ပိတ်ပင်ခံရတယ်လို့ သိရပါတယ်။
ဘီလာရုစ်၊ ပါကစ္စတန်နနဲ့ တာ့ခ်မင်နစ္စတန်စသဖြင့် နိုင်ငံပေါင်း ၂၆ နိုင်ငံပါဝင်တဲ့ တတိယအုပ်စုကတော့ ၎င်းတို့ရဲ့ အစိုးရတွေအနေနဲ့ ချို့ယွင်းချက်တွေကို ရက် ၆၀ အတွင်း ဖြေရှင်းဖို့ မလုပ်ရင် ဗီဇာထုတ်ပေးမှုကို တစိတ်တပိုင်း ဆိုင်းငံ့ဖို့ စဉ်းစားမှာဖြစ်ကြောင်း ဆိုထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio အပါအဝင် အုပ်ချုပ်ရေးပိုင်းက ဒီစာရင်းကို အတည်မပြုရသေးကြောင်း၊ အပြောင်းအလဲတွေ ရှိနိုင်သေးကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက ပြောဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ထောက်လှမ်းဖို့အတွက် အမေရိကန်ကို ဝင်ရောက်လိုသူ နိုင်ငံခြားသားတွေကို လုံခြုံရေးတင်းကြပ်ဖို့ သမ္မတထရမ့်က ဇန်နဝါရီလ ၂၀ ရက်က အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်အရ “နောက်ကြောင်းနဲ့ အချက်အလက် စစ်ဆေးဖို့ မပြည့်ဝတာကြောင့်” ခရီးသွားခွင့် တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ဆိုင်းငံ့ထားသင့်တဲ့ နိုင်ငံတွေစာရင်းကို မတ်လ ၂၁ ရက် နောက်ဆုံးထား တင်သွင်းဖို့ အစိုးရအဖွဲ့ဝင်အချို့ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ အမေရိကန်ခြေစိုက် VOA နဲ့ RFA သတင်းဌာနတွေ ကန့်သတ်ပိတ်ပင်တဲ့ အမိန့်သစ် သမ္မတထရမ့် လက်မှတ်ရေးထိုး
မတ်လ ၁၆
Radio NUG
မြန်မာဘာသာ အစီအစဥ်အပါအဝင် ဘာသာစကားအမျိုးမျိုးနဲ့ တင်ဆက်နေတဲ့ အမေရိကန်အခြေစိုက် အမေရိကန်အသံ VOA နဲ့ လွတ်လပ်တဲ့အာရှအသံ RFA သတင်းဌာနက သတင်းထုတ်လွှင့်မှုတွေကို ကန့်သတ်ပိတ်ပင်တဲ့ အမိန့်သစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်တယ်လို့ ဥရောပကလာတဲ့သတင်းတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ VOA မြန်မာပိုင်းမှာ အချိန်ပြည့် အစိုးရဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူတွေကို အလုပ်ကနေ ခွင့်ပေးပြီး ရုံးကိုလာစရာ မလိုဘူးဆိုတဲ့ ညွှန်ကြားချက် အီးမေးလ်တွေ ဝင်နေတဲ့အတွက် အီးမေးလ်ရတဲ့သူတွေ ရုံးကနေ ထွက်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။
ခမ်းနားခဲ့ရတဲ့ VOA ရဲ့သမိုင်းဟာ ပထမဆုံးအကြိမ် နှုတ်ပိတ်ခံလိုက်ရပြီဖြစ်တဲ့အတွက် အလွန်ကို ဝမ်းနည်းမိပါတယ်လို့ VOA အကြီးအကဲ Michael Abramowitz က ထုတ်ဖော်ပြောဆိုထားပါတယ်။
သမ္မတ ထရမ့်ရဲ့အမိန့်သစ်တရပ်ကြောင့် အမေရိကန် အခြေစိုက် အမေရိကန်အသံ VOA က သတင်းထောက်၊ ထုတ်လုပ်ရေးမှူးနဲ့ အထောက်အကူပြုဝန်ထမ်းပေါင်း စုစုပေါင်း ၁,၃၀၀ နီးပါး လစာနဲ့ ခွင့်ပေးခံလိုက်ရတယ်လို့ ဘီဘီစီသတင်းဌာနက မတ်လ ၁၆ ရက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရထောက်ပံ့ငွေ ရပ်စဲခံရပြီးတဲ့နောက် RFA သတင်းလုပ်ငန်း ရပ်တန့်သွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အမေရိကန်အစိုးရက RFA နဲ့ မိတ်ဖက်သတင်းဌာနတွေအတွက် နှစ်စဉ်ပေးအပ်နေတဲ့ ထောက်ပံ့ငွေတွေကို မတ်လ ၁၅ ရက် စနေနေ့မနက်ပိုင်းမှာ ရပ်ဆိုင်းလိုက်ပြီဆိုတဲ့အကြောင်းကြားစာ လက်ခံရရှိထားတယ်လို့ လွတ်လပ်တဲ့အာရှအသံ RFA က အသိပေးထားပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ သမ္မတအမိန့်ပြန်တမ်းမှာ USAGM အပါအဝင် ပြတိုက်တွေ၊ အိုးမဲ့အိမ်မဲ့အကူအညီပေးရေး၊ တိုင်းရင်းသားလူနည်းစုပိုင် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး စတဲ့အဖွဲ့အစည်း ၆ ခုကို ဥပဒေအရခွင့်ပြုနိုင်တဲ့ အမြင့်ဆုံးအတိုင်းအတာအထိ လုပ်ငန်းတွေရပ်စဲဖို့ ညွှန်ကြားထားတယ်လိုလည်း သိရပါတယ်။
RFA ဟာ အမေရိကန်ဗဟိုအစိုးရထောက်ပံ့ငွေတခုတည်းနဲ့ လုပ်ငန်းလည်ပတ် ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်
သတင်းလုပ်ငန်းတွေ ဘယ်အချိန်၊ ဘယ်လိုရပ်ဆိုင်းမလဲဆိုတာကိုတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် RFA အနေနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ RFA ဥက္ကဋ္ဌ Bay Fang က ပြောပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ VOA နဲ့ RFA တိုရဲ့ မြန်မာပိုင်း အသံလွှင့် အစီအစဉ်တွေ အပါအဝင် အင်တာနက်သတင်း စာမျက်နှာတွေပါ ကွယ်ပျောက်သွားတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်ပဲဖြစ်ပါတယ်။
========================
📌📌 ၃။ ၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကလေး ၁၀၁၇ဦး၊ လူငယ် ၂၂၈၈ဦးနှင့် အမျိုးသမီး ၁၉၁၀ ဦး သေဆုံး
မတ် ၁၆
Radio NUG
၂၀၂၁ ဖေဖော်ဝါရီလမှ၊ ၂၀၂၅ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ ၈၈၆၇ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ကလေးစုစုပေါင်း ၁၀၁၇ဦး၊ ယောက်ျားလေး ၅၆.၃%၊ မိန်းကလေး ၃၂.၇%နှင့် ကျား/မ မဖော်ပြနိုင်သူ ၁၀.၉% သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းမှာ အများဆုံး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် လူငယ်အမျိုးသား ၇၈.၉%၊ လူငယ်အမျိုးသမီး ၂၀.၇%နှင့် LGBTQ ကျား/မ မဖော်ပြနိုင်သူ ၀.၄% စုစုပေါင်း ၂၂၈၈ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁၉၁၀ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနှင့် မကွေးတိုင်းက ခရိုင် ၁၀ ခုမှာ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၆၅၉ ကြိမ် ရှိ
မတ် ၁၆
Radio NUG
နေပြည်တော်၊ ရန်ကုန်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ ခရိုင် ၁၀ ခရိုင်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာကနေ ၂၀၂၅ ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ၆ လတာကာလအတွင်း စစ်ရာဇ၀တ်မှု၊ လူအခွင့်အရေးချိုးဖောက်မှု၊ ရာဇ၀တ်မှုဖြစ်စဉ်ပေါင်း ၆၅၉ကြိမ် ဖြစ်ပွားမှတ်တမ်းတင်နိုင်ခဲ့ကြောင်း ပဉ္စမမဏ္ဍိုင်-PMCSG အဖွဲ့ထံမှ သိရပါတယ်။
နေပြည်တော်က လယ်ဝေး၊ ပျဉ်းမနား၊ ဇေယျာသီရိ၊ ဥတ္တရသီရိခရိုင်၊ ရန်ကုန်တိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ ယင်းမာပင်၊ ကလေး၊ တမူးခရိုင်နဲ့ မကွေးတိုင်းအတွင်းက ဂန့်ဂေါ ခရိုင်တို့က ၆ လတာ သုတေသနစစ်တမ်းကောက်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အခုမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေက တိကျသေချာတဲ့ ဖြစ်စဉ်တွေ ဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုများနိုင်ကာ တချို့ဖြစ်စဉ်တွေ အချက်အလက်ပိုင်း မသေချာတာကြောင့် ချန်ထားခဲ့ရတယ်လို့ သိရပါတယ်။
မြေပြင်အချက်အလက် စစ်တမ်းကောက်ယူရာမှာ ကျူးလွန်သူ အမျိုးအစား ၃ မျိုးကောက်ယူခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ကျူးလွန်မှု၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုနဲ့ အခြားအတည်မပြုနိုင်တဲ့အဖွဲ့ တွေရဲ့ ကျူးလွန်မှုတွေကို ခွဲခြားကောက်ယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
PMCSG ရဲ့ သုတေသန စစ်တမ်းတွေ့ရှိချက်တွေအရ ဖြစ်စဉ်ပေါင်း ၆၅၉ကြိမ်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ ပါ၀င်ပတ်သက်မှု ၄၈၇ ကြိမ်၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပါ၀င်ပတ်သက်မှု ၁၀၃ ကြိမ်နဲ့ အခြားအမည်မသိအဖွဲ့တွေရဲ့ ပါ၀င်ပတ်သက်မှု ၈၇ ကြိမ် တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ လက် အောက်ခံအဖွဲ့တွေရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြိမ်ရေ ၂၅၂ကြိမ်အထိရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ပါ၀င်ပတ်သက်တဲ့ ဖြစ်စဉ် ၁၀၃ကြိမ်မှာ အရပ်သားပစ်မှတ် ၆ ကြိမ်ပါ၀င်ခဲ့ကာ အမည်မသိအဖွဲ့တွေရဲ့ ပါ၀င်ပတ်သက်မှု ၈၇ကြိမ်မှာတော့ ၇၃ ကြိမ်က အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ပေါင်း ၆၅၉ ကြိမ်အတွင်း သေဆုံးခဲ့ရသူပေါင်း ၄၄၃ဦးရှိခဲ့ပြီး နေအိမ်၊ အဆောက်အဦးထိခိုက်ပျက်စီးမှု ၈၇၄ လုံး ရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ပခုက္ကူနယ်က ကျေးရွာတစ်ရွာမှာ စစ်ရှောင်ပြည်သူ ၁၅၀၀ နီးပါး သောက်သုံးရေးအခက်အခဲ ကြုံနေရ
မတ် ၁၆
Radio NUG
ပခုက္ကူနယ်က ကျေးရွာတစ်ရွာတွင် ၂၀၂၃ ခုနှစ် ၉ လပိုင်းမှစတင်ကာ စစ်ကောင်စီစစ်သားများက အနောက်ဘုန်းကြီးကျောင်းမှာ တပ်စွဲတာကြောင့် ကျေးရွာ မြောက်ဘက် တောထဲမှာ စစ်ရှောင်နေထိုင်နေစဉ်အတွင်း အိမ်ထောင်စု ၃၅၀ခန့် စစ်ရှောင်ပြည်သူ ၁၅၀၀ နီးပါး သောက်သုံးရေးအခက်အခဲ ကြုံနေရကြောင်း Pakokku Youth Development Council မှ ထုတ်ပြန်ထားပါတယ်။
မူလ ကျေးရွာ သောက်သုံးရေချိုတွင်း တောထဲမှာ ရှိသော်လည်း နိုင်ငံရေးကာလမှာ ရေစက် ဒိုင်နမို စပင်နယ်ပုံး ဖြုတ်ခိုးခံရတာကြောင့် ရေတွင်း သုံးမရသည်မှာ ၄နှစ်ကျော်ရှိပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မိုးတွင်းမှာ တောကန်များမှ သောက်သုံးရေ အဆင်ပြေသော်လည်း နွေရာသီမှာ ရေခမ်းတာကြောင့် အခုလက်ရှိ ခက်ခဲနေကြကာ ရေစက် ဒိုင်နမို စပန်နယ်ပုံး ပိုက်များ တပ်ဆင်ပေးနိုင်ရေး ဝိုင်းကူပေးကြရန် တောင်းဆိုထားပါတယ် ။
လိုအပ်တဲ့ စက်ပစ္စည်း အစုံကို သိန်း (၁၀၀) ဝန်းကျင် ကုန်ကျမှာ ဖြစ်တာကြောင့် အဖွဲ့အနေနဲ့ အားလုံး မနိုင်တာကြောင့် ဝိုင်းကူပေးရန်နှင့် မှတ်တမ်းပြန်လည်ပေးအပ်မယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာ ကာကင်းစခန်းအများစုကို AA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဟု ဦးခိုင်သုခ အတည်ပြု
မတ် ၁၆
Radio NUG
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဆက်စပ်လျက်ရှိသော ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးကျေးရွာ တပ်စခန်းကို AA ဦးဆောင်သော ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ လက်ရှိတွင် ကာကင်းစခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆက်လက်၍ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက အတည်ပြုပြောဆိုထားပါတယ်။
ညောင်ကျိုးကျေးရွာတိုက်ပွဲမှ စစ်ကောင်စီတပ်များမှာ ကစဉ့်ကလျားဖြင့် ဆုတ်ခွာထွက်ပြေးနေကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေဆဲ ဖြစ်သော်လည်း အခြေအနေ ရှုပ်ထွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်
မတ်လ ၁၆ ရက်
Radio NUG
ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်း တစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၅ ရက် မနက်အစောပိုင်းမှာ ရန်ကုန်-နေပြည်တော် အမြန်လမ်း (၁၀၁) မိုင်အနီးက ဆင်ဇလုပ် ဂိတ်စခန်းကို အမှတ် (၂၂) ဗျုဟာ ၃၇၀၁ (ဒုတပ်ရင်း အထူးစစ်ဆင်ရေးအဖွဲ့) နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ တပ်ခွဲ (၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဘက်က အထိခိုက်မရှိခဲ့ဘဲ သတ်မှတ်နေရာကို ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဆားလင်းကြီး မြို့ပေါ်က ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့
မတ်လ ၁၆ ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းမှ အင်အား ၃၀ ခန့်ဖြင့် ကင်းပတ် ထွက်လာတဲ့ စစ်ကောင်စီတပ်သားများကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Solo Aung Gyi အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၅ ရက်နေ့ မနက်၁၀ နာရီ ၂၀ မိနစ်အချိန်မှာ အဆိုပါ စစ်ကောင်စီ ပတ်ကင်းကို တကိုယ်တော် အောင်ကြီး ပြောက်ကျားအဖွဲ့ (Salingy) က စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားတစ်ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မြေတော်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ကျေးရွာအတွင်း ခေါင်းဖြတ် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း တစ်လောင်း ထပ်မံတွေ့ရှိ
မတ်လ ၁၆ ရက်
Radio NUG
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရွာကို စစ်ကောင်စီတပ်က မီးရှိဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်း မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ Yesagyo Township Info Committee က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ မြေထော်ရွာကို စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ကျေးရွာအတွင်းမှာ စစ်ကောင်စီ တပ်သားများက ခေါင်းဖြတ်မီးရှို့ သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း တစ်ခုကို ထပ်မံတွေ့ရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ မင်းရွာမှ ပျူ ပူးပေါင်းအဖွဲ့ဟာ မြေတော်ရွာမှ ပြည်သူများရဲ့ ရွှေ၊ ငွေ ပစ္စည်းဥစ္စာများကို ခိုးယူလုယက်သွားတဲ့အပြင် ဘုန်းကြီးကျောင်းမှ အလှူငွေများကိုလည်း ယူဆောင်သွားခဲ့ပြီး မတ်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့်မှ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ ဆည်သစ်မြင်ရွာ၊ မြေစွန်းရွာ၊ ညောင်မွှေးပင်ရွာ၊ ဘိစပ်ကုန်းရွာတို့ကိုလည်း ည ၁၁ နာရီ ဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ပစ်ခတ်ဝင်ရောက် စီးနင်းကာ ပစ္စည်းများကို ခိုးယူ လုယက် ယူဆောင်ပြီး မင်းရွာ (ပျူရွာ) အတွင်းကို ထော်လာဂျီများဖြင့် သယ်ယူသွားခဲ့ပါတယ်။
လက်ရှိမှာ ဆည်သစ်မြင်၊ မြေစွန်း၊ ညောင်မွှေးပင်၊ ဘိစပ်ကုန်း ရွာများနဲ့ အနီးဝန်းကျင် ရွာများမှ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မိုးဗြဲ မြို့နယ်အတွင်း စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပြည်သူ့နေအိမ် အဆောက်အဦးများကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေ
မတ်လ ၁၆ ရက်
Radio NUG
ကရင်နီပြည်၊ မိုးဗြဲမြို့နယ်အတွင်းမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူ့နေအိမ် အဆောက်အဦးများကို စစ်ကောင်စီက လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ KNDF - Karenni Nationalities Defence Force က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စစ်ကောင်စီရဲ့ တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် မိုးဗြဲမြို့နယ်မှာ ပြည်သူ့နေအိမ် ၁၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်စစ်ဆိုင်ထားတဲ့ တိုက်ပွဲဧရိယာ မဟုတ်တဲ့ မိုးဗြဲမြို့အတွင်းရှိ ရပ်ကွက်များထဲကို စစ်ကောင်စီက နေ့စဉ် ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများ ပြုလုပ်ကာ ပြည်သူများရဲ့ အိုးအိမ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
၂၀၂၄ ဒီဇင်ဘာလမှ စတင်ပြီး စစ်ကောင်စီ စစ်ကြောင်းများဟာ မိုးဗြဲမြို့ အတွင်းကို ဝင်ရောက်နိုင်ရေး ထိုးစစ်ဆင်မှုများ ပြုလုပ်နေရာ ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်နေတာကြောင့် အရပ်သား ပြည်သူများအနေဖြင့် သတိပြု သွားလာကြဖို့ KNDFက အသိပေးထားပါတယ်။
========================
🚩🚩 ၆။ KNU သထုံခရိုင်အတွင်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့
မတ်လ ၁၆ ရက်
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင်၊ ဘားအံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ ကမမောင်း တပ်စခန်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဘားအံမြို့နယ်၊ ဟာတရယ် အုပ်စု၊ ဖလာတောင် ကျေးရွာအတွင်း၊ ရွာအနီးနဲ့ ကျုံစိန်ကျေးရွာ အနီး လယ်ယာမြေထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများရဲ့ လယ်ယာမြေနဲ့ အိမ် အမိုး၊ အကာ၊ အခင်း၊ လှေကား၊ တံခါး၊ ပြတင်းပေါက်နဲ့ ဘုရားစင်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ နောင်ချိုမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခဲ့ရာ ဦးဇင်း ၁ ပါးနဲ့ ကိုရင် ၈ ပါး အပါအဝင် ၁၄ ဦး သေဆုံး
မတ်လ ၁၆ ရက်
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ TNLA တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ၊ စိန်ရတနာ ပရိယတ္ထိ စာသင်တိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးဇင်း ၁ ပါးနဲ့ ကိုရင် ၈ ပါး အပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံး ကြဲချခဲ့ကာာ စတ်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ကထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း ကိုရင် ၈ ပါးနဲ့ ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ကာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး လည်း သေဆုံးခဲ့ပြီး စာသင်တိုက်အတွင်းက ကိုရင် အများအပြား အပါအဝင် သံဃာတော်တွေနဲ့ လူအများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှု အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်သေဆုံး ဒဏ်ရာရရှိသူ အရေအတွက်ဟာ ဆက်တိုးလာနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်း နေဆဲဖြစ်ပါတယ်။
========================
🚩🚩 ၈။ အုပ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် ကန့်သတ်
မတ်လ ၁၆ ရက်
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုပ်ဖို့မြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းများ ရှိလာနေပြီး စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် ကန့်သတ်လိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုပ်ဖိုက ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၆ ရက်နေ့မှ စတင်ကာ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျား တပ်ဖွဲ့ - အုတ်ဖိုရဲ့ စစ်ဆင်ရေး နယ်မြေအတွင်းမှာ မော်တော်ယာဉ်၊ သုံးဘီး၊ ဆိုင်ကယ်၊ ကျွဲ၊ နွားများ သွားလာခွင့်ကို တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးများ အကြားတွင် ပြည်သူများ မထိခိုက်စေရန်နဲ့ သစ်တော သယံဇာတများအား တရားမဝင် ခိုးထုတ်နေမှုများကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ယခု တားမြစ်ချက်အား ထုတ်ပြန်ရတာဖြစ်ပြီး ပြည်သူများအနေနဲ့ လိုက်နာပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ အနေဖြင့် သစ်တော သယံဇာတများကို ကာကွယ်ထိန်းသိမ်းနေသလို စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေတဲ့ တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးအရေးယူနေပြီး ဂိတ်ကြေး(ဆက်ကြေး) ကောက်ခံခြင်း၊ သစ်ခိုးထုတ်ခြင်းများ လုံးဝ(လုံးဝ) လုပ်ဆောင်ခြင်း မရှိပါကြောင်းနဲ့ အခြား တော်လှန်ရေး အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းကိုလည်း လက်မခံကြောင်းကို အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment