၂၀၂၅ မတ်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ
📌 ၂။ မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းသားကျောင်းသူများကို Admission Fees စတင်ကောက်ခံမည်
📌 ၃။ Professor Sean Turnell ရဲ့ Best Laid Plans မူရင်းစာအုပ်နဲ့ မြန်မာမှုပြုထားတဲ့ "ရွှေရောင်စီမံကိန်းများ" စာအုပ်ရောင်းရငွေများကို Suu 80th birthday campaign ကို လှူဒါန်းပေးသွားမယ်
📌 ၄။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၄၂) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၃၀) ဦး၊ စုစုပေါင်း (၇၂) ဦး ရှိခဲ့
========================
၂၀၂၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ညောင်ဦးတွင် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇၀ နီးပါး သေဆုံး
🚩 ၂။ မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူအဖွဲ့ကို ၃ ရက်ဆက် ဗုံးချတိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံး
🚩 ၃။ မြင်းခြံ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံး
🚩 ၄။ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ
🚩 ၅။ ပေါ်တာဆွဲခံရပြီး ရှေ့တန်းပို့ခံရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာပြီး ညောင်ကျိုးတိုက်ပွဲအတွင်း လေတပ်က ဗုံးမှားကြဲလို့ စကစတပ်သား အများအပြားသေဆုံးကြောင်း ပြောဆို
🚩 ၆။ တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်
🚩 ၇။ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
🚩 ၈။ ပြည်သူတစ်ဦးမှ ဟုမ္မလင်း ပကဖကို သိန်းတစ်ရာ လှူဒါန်း၊ နေပြည်တော် ပကဖအတွက် ဘက်တံဆိပ်များ ထောက်ပို့ကူညီခဲ့မှုအား လက်ခံရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ
မတ်လ၁၈ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်သည့်အဖွဲ့နှင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ တွေ့ဆုံပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများမှ သက်ဆိုင်ရာ နယ်မြေအလိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများကို မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ လက်တလော ကြုံတွေ့နေရသည့် ပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများအား Email နှင့် Social App တို့မှတစ်ဆင့်လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းသိရပါတယ်။
Email မှ တိုင်ကြားလိုပါကEmail address - complaint@molmyanmar.orgသို့ ပေးပို့နိုင်တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြန်မာ့နွေဦးတက္ကသိုလ် ကျောင်းသားကျောင်းသူများကို Admission Fees စတင်ကောက်ခံမည်
မတ် ၁၈
Radio NUG
မြန်မာ့နွေဦးတက္ကသိုလ် တက္ကသိုလ်ကောင်စီ၏ ၁၇-၀၃-၂၀၂၅ ရက်နေ့ ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့နွေဦးတက္ကသိုလ်သည် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံရာတွင် Admission Fees ကို ၁၈.၀၃.၂၀၂၅ ရက်နေ့မှ စတင်၍ ကောက်ခံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
လက်ရှိ ကျောင်းအပ်နေသော Sixth Batch (First Time) လည်း အကျူံးဝင်ပြီး လက်ရှိတက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ (First Batch, Second Batch, Third Batch, Uni Entrance (1st), Uni Entrance (2nd) ကျောင်းသား၊ ကျောင်းသူများအားလုံး semester တစ်ခုပြီးမြောက်၍ ဖြစ်စေ အတန်းတစ်တန်း အောင်မြင်၍ ဖြစ်စေ နောက်ထပ် ပညာသင်ကာလ (Next Semester) သို့ ကူးပြောင်းသည့်အခါ Admission Fees အဖြစ် ၁၀၀၀၀ ကျပ်ကို ပေးသွင်းကြရမယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ခေါ်ယူနေသော Six Batch အသုတ်တွင်လည်း လျှောက်ထားသည့် တက်လက်စ နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများက ပညာသင်ကာလ (Semester) တစ်ခုစာ Admission Fees - ၁၀၀၀၀ ကျပ်နှင့် အဝေးသင်ကျောင်းသား၊ ကျောင်းသူများက ပညာသင်ကာလ (Semester) နှစ်ခုစာ Admission Fees ၂၀၀၀၀ ကျပ် ပေးသွင်းကြရမှာဖြစ်ပြီး ပေးသွင်းရမည့် link ကိုလည်း ကြေညာသွားမယ်လို့ သိရပါတယ်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ (Student Certificate) ၊ အမှတ်စာရင်း (transcript)၊ ဘွဲ့လက်မှတ်များ ထုတ်ယူလိုပါကလည်း အမျိုးအစားတစ်ခုကို တစ်ကြိမ်လျှင် ၁၀၀၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပြီး ပေးသွင်းရာတွင် NUG pay နှင့် SDB (၂) မျိုးဖြင့်သာ လက်ခံမယ်လို့ ဖော်ပြထားပါတယ်။
တခြားသော ပညာသင်ကြားခ၊ ကျောင်းလခ (tuition fees) အစရှိသည်တို့သည် အခမဲ့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ Professor Sean Turnell ရဲ့ Best Laid Plans မူရင်းစာအုပ်နဲ့ မြန်မာမှုပြုထားတဲ့ "ရွှေရောင်စီမံကိန်းများ" စာအုပ်ရောင်းရငွေများကို Suu 80th birthday campaign ကို လှူဒါန်းပေးသွားမယ်
မတ်လ၁၈ရက်
Radio NUG
Professor Sean Turnell ရဲ့ Best Laid Plans မူရင်းစာအုပ်နဲ့ မြန်မာမှုပြုထားတဲ့ "ရွှေရောင်စီမံကိန်းများ" စာအုပ်ရောင်းရငွေများကို Suu 80th birthday campaign ကို လှူဒါန်းပေးသွားမယ်လို့သိရပါတယ်။
Professor Sean Turnell ရဲ့ Best Laid Plans မူရင်းစာအုပ်နဲ့ မြန်မာမှုပြုထားတဲ့ "ရွှေရောင်စီမံကိန်းများ" စာအုပ်များကို St. James Church, Queens, New York မှာ ကျင်းပခဲ့တဲ့ အမေစုသား Kim နဲ့ Prof Sean တို့ နယူးယောက်မြန်မာပြည်ဖွား ညီအကိုမောင်နှမများနဲ့တွေ့ဆုံပွဲမှာ Professor Sean ကိုယ်တိုင် သူ့ရဲ့စာအုပ်ဝယ်ယူသူအားလုံးကို အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
Prof Sean ရဲ့ original စာအုပ် ၈၀ နဲ့ မြန်မာ ဘာသာပြန်စာအုပ် ၂၅၀ စုစုပေါင်း အုပ် ၃၃၀ ကို တွေ့ဆုံပွဲလာသူများမှ တခဲနက်အားပေးခဲ့တယ်လို့ သိရပါတယ်။
စုစုပေါင်းရောင်းရငွေထဲမှ စာအုပ်ထုတ်လုပ်ခ ကုန်ကျစရိတ်နှုတ်ပြီး စုစုပေါင်း USD 2550 ကို H2B အဖွဲ့မှ Kim ရဲ့ @Suu 80th birthday campaign ကို လှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၄၂) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၃၀) ဦး၊ စုစုပေါင်း (၇၂) ဦး ရှိခဲ့
မတ်လ ၁၈
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၄၂) ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ (၃၀) ဦး၊ စုစုပေါင်း (၇၂) ဦး ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေးတိုင်းမှာ (၂၀) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲခဲ့ပြီးနောက် ပြည်သူခြောက်ဦးကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ ထိုခြောက်ဦးအနက်မှ ဦးချစ်မောင်၏ ဦးခေါင်းကို ပိုင်းဖြတ်၍ ခန္ဓာကိုယ်အား မီးရှို့ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ညောင်ဦးတွင် စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇၀ နီးပါး သေဆုံး
မတ်လ ၁၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက် မြို့နယ်ခွဲ အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ Bagan Ogre Force က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ညောင်ဦးမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်ဗျတ်ဝိ (ပုဂံပြည် ဘီလူးတပ်) နဲ့ ရဲဘော် ငတေ (BGF) တို့က ဦးဆောင်ပြီး ထောက်ဝရွာနဲ့ အိုရင်းရွာကြားတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနဲ့ ပျူ ၆၉ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဆေးရုံတက်နေရတဲ့ စစ်ကောင်စီ တပ်သားနဲ့ ပျူ ၅ ဦး မတ်လ ၁၆ ရက်နေ့မှာ ထပ်မံသေဆုံးသွားတယ်လို့ တပ်တွင်း ဖရဲသီး သတင်းပေးချက်အရ သိရကြောင်း ဖော်ပြထားပါတယ်။
၎င်း စစ်ဆင်ရေးကို ပုဂံပြည် ဘီးလူးတပ် (Bagan Ogre Force), BGF (မြန်မာ့ ပြောက်ကျားတပ်ဖွဲ့), တောင်သာမြို့နယ် ပကဖ (Scorpion People Defense Force), ညောင်ဦးခရိုင် တပ်ရင်း (၅), မြင်းခြံ ခရိုင်တပ်ရင်း (၃) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။
တိုက်ပွဲအတွင်း ပုဂံပြည် ဘီးလူးတပ်မှ ရဲဘော် 1 ဦး အသက်ပေးခဲ့ရပြီး BGF မှ ရဲဘော် 1 ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူအဖွဲ့ကို ၃ ရက်ဆက် ဗုံးချတိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံး
မတ်လ ၁၈ ရက်၊
Radio NUG
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူ ပူးပေါင်းအဖွဲ့ကို ၃ ရက်ဆက် ဒရုန်းဗုံးသီး မြောက်များစွာ ကြဲချ တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
မတ်လ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တို့တွင် မြိုင် ပကဖ၊ ဂန့်ဂေါမြို့နယ် တပ်ပေါင်းစု၊ ဂန့်ဂေါမြို့နယ် ပကဖ၊ ပေါက်/မြိုင်/ကမ္မ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းမှူး တစ်ဦး၊ စစ်ကောင်စီ တပ်သား ၁ ဦးနဲ့ ပျူစောထီး ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မတ်လ ၄ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ မြောက်ခရမ်း ပျူကျေးရွာကို မနက် ၉ နာရီ မိနစ် ၂၀ ခန့်မှာ အီနာဂါ ဗုံးသီးများဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ သိရပါတယ်။
ထို့အပြင် မြစ်သာဆည်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၂ ဦး မတ်လ ၁၆ ရက်နေ့မှာ ထွက်ပြေးလာခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ MA-11 သေနတ်တစ်လက်နဲ့ ကျည် အနည်းငယ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် မတ်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းမှာ ၎င်းဆည်အနီးက ကျေးရွာများကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မြင်းခြံ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံး
မတ်လ ၁၈ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့က တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၅) တပ်ရင်း စစ်ဆေးရေးဂိတ်ကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ ခန့်မှာ မဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရခဲ့သူ တချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) ၊ Anyar Federal Task Force (AFTF) နဲ့ ဝံပုလွေ ပျောက်ကြား အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂) ဦး သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ
မတ် ၁၈ရက်
Radio NUG
မတ်လ (၁၃) ရက်၊ နံနက် (၇) နာရီဝန်းကျင်ခန့်တွင် လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု (၆) နာရီခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား (၁၂) ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ မတ်လ ၁၈ရက်နေ့တွင် ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း MA 3 (၁) လက်၊ ကျည်ဘောက် (၉) ခု၊ လက်ပစ်ဗုံး (၃) လုံးနှင့် ဆက်စပ်ပစ္စည်း အများအပြားသိမ်းဆည်းရမိခဲ့ပြီး ထိုတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းဦးဆောင်မှု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ပေါ်တာဆွဲခံရပြီး ရှေ့တန်းပို့ခံရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာပြီး ညောင်ကျိုးတိုက်ပွဲအတွင်း လေတပ်က ဗုံးမှားကြဲလို့ စကစတပ်သား အများအပြားသေဆုံးကြောင်း ပြောဆို
မတ်လ ၁၈ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ငှက်ကြီးသိုက် အုပ်စု၊ ရေပြန်စိန်ရိုးကြီးရွာမှာ ပေါ်တာဆွဲခံရပြီး ရှေ့တန်း ပို့ခံခဲ့ရတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန် ထားပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ ၎င်းစစ်ကောင်စီ တပ်သားဟာ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်က ညောင်ကျိုး တိုက်ပွဲမှ ထွက်ပြေးလာခဲ့ပြီး သာယာဝတီခရိုင်၊ ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) ထံ လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ ကိုနန်းလင်းသူဟာ ၂၀၂၄၊ စက်တင်ဘာ၊ ၁၈ ရက်နေ့မှာ ပေါ်တာဆွဲ ခံခဲ့ရတာ ဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်က ဝဲကလိ အမှတ် (၄) တပ်မတော် တန်းမြှင့် သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်း (၃)လ တက်ခဲ့ရပြီးနောက် ရှေ့တန်းပို့ခံခဲ့ရတာလို့ သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ ညောင်ကျိုးတိုက်ပွဲမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကိုနန်းလင်းသူက တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၂၀ ကျော် သေဆုံးခဲ့ပြီး AA တိုက်လို့ သေတာထက် လေတပ်က ဗုံးမှားကြဲမိလို့ သေတာက ပိုများတယ်လို့ ပြောပြပါတယ်။
၎င်းဟာ သင်တန်းဆင်းပြီးထဲက ထွက်ပြေးဖို့ ၃ ကြိမ်တိုင် ကြိုးစားခဲ့ပြီးမှ ယခု တကြိမ်တွင် အလင်းဝင်နိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးအဖြစ် စစ်ကောင်စီကို ပြန်တိုက်သွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်
မတ် ၁၈
Radio NUG
မတ်လ ၁၈ ရက်နေ့ နံနက် အစောပိုင်းတွင် တောင်သာမြို့နယ်၊ မကျီးပင်တဲရွာ ဘုန်းကြီးကျောင်းကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၂ စီးဖြင့် ဗုံး ၈ လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း လူထုလှုပ်ရှားမှု ကော်မတီ တောင်သာမြို့နယ်မှ သိရပါတယ်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အဦးများနှင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
မတ်လ ၁၈ ရက်၊
Radio NUG
ပခုက္ကူခရိုင်၊ အမှတ် (၆) တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အားလုံးပါဝင်တဲ့ တပ်ရင်းစုဖွဲ့ လေ့ကျင့်မှု သင်တန်းဆင်းပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့တယ်လို့ Myaing Villages Revolution Front က ထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင်၊ ရေးထောက် တာဝန်ခံမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တပ်ရင်း တာဝန်ရှိသူများက သင်တန်းဆင်း ရဲဘော်များကို အားဖြည့်စကားများ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်းအနေဖြင့် ဒေသတွင်းက စစ်ကောင်စီ စစ်စခန်းများနဲ့ စစ်ကြောင်းများကို မဟာမိတ်များနှင့် ပူးတွဲတိုက်ခိုက်ခဲ့ရာ ဒီနေ့အချိန်ထိ စစ်ကောင်စီတပ်သား ၁၁၆ ဦး သေဆုံးခဲ့ပြီး အရှင် ဖမ်းမိသူ ၅ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီထံက G3 သေနတ် ၅ လက်၊ G4 ၁ လက်၊ MA4 ၃ လက်၊ MA1 ၇ လက်၊ MA5 ၁ လက်၊ ကာဘိုင် ၃ လက်၊ MA2 ၃ လက်၊ MA3 ၅ လက်၊ MA11 ၁ လက်၊ 79mm ၁ လက်၊ BA100 60mm ၁ လက်၊ ပြောင်းရှည် ၁ လက်၊ M16 ၂ လက်နဲ့ ခါးချိုး ၂ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ရိက္ခာကား ၂ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ၁၂ ဘီးကား ၂ စီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပြီး တပ်ရင်း ဆေးဌာန အနေဖြင့်လည်း လူနာပေါင်း ၇,၅၀၀ ခန့်ကို ဆေးကုသမှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်းမှ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော် ၁၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော် ၃၀ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပြီး မဟာမိတ် ERO များနဲ့လည်း တိုင်းစစ်ဌာနချုပ်သိမ်း တိုက်ပွဲများမှာ လက်တွဲတိုက်ပွဲဝင်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ပြည်သူတစ်ဦးမှ ဟုမ္မလင်း ပကဖကို သိန်းတစ်ရာ လှူဒါန်း၊ နေပြည်တော် ပကဖအတွက် ဘက်တံဆိပ်များ ထောက်ပို့ကူညီခဲ့မှုအား လက်ခံရရှိ
မတ် ၁၈
RadioNUG
ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် အာဏာရှင်မှန်သမျှ ပပျောက်ရေးအတွက် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်နယ် (6)အတွက် ထောက်ပို့ပြည်သူတစ်ဦးမှ ငွေကျပ်သိန်းတစ်ရာ လာရောက်လှူဒါန်းခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မတ်လ ၁၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါတယ်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် ပြည်သူ့ကာကွယ်ရေးထောက်ပို့အဖွဲ့ မြန်မာမှ ဘက်တံဆိပ်များ ထောက်ပို့ကူညီခဲ့ကြောင်း သိရပါတယ်။
ထိုသို့ ထောက်ပို့ကူညီခဲ့မှုအား အထူးကျေးဇူးတင်ရှိစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment