၂၀၂၅ မတ်လ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဘုံရန်သူစစ်ကောင်စီကိုတိုက်ခိုက်ဖို့ စလင်းမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၆ ခုပါတဲ့ တပ်ပေါင်းစုဖွဲ့စည်း
📌 ၂။ နောင်ချိုမြို့မှာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူတဦး ဖမ်းဆီးရမိ
📌 ၃။ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရ
========================
၂၀၂၅ ခုနှစ် မတ်လ ၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေတာရှည်နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ရဟန်းတပါး ဒဏ်ရာရ
🚩 ၂။ မြောင်နဲ့ရေစကြိုဘက်ကရွာတွေကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ မှာ စစ်သား ၅ ဦးသေပြီး ၆ ဦး အရှင်ဖမ်းမိ
🚩 ၃။ ရေလည်ကျွန်းဒေသဘက် အင်အား ၂ဝဝ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၉ ဦး သေဆုံး
🚩 ၄။ မုံရွာ နတ်လူထိပ်ပန်အနီးမှာ စစ်တပ်လုံခြုံရေးပါ ကြေးနီတင်ယာဉ်တန်းနဲ့ ကင်းပတ်နေတဲ့စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဘုံရန်သူစစ်ကောင်စီကိုတိုက်ခိုက်ဖို့ စလင်းမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၆ ခုပါတဲ့ တပ်ပေါင်းစုဖွဲ့စည်း
မတ်လ ၁ရက်
မကွေးတိုင်း စလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၆ဖွဲ့က ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက် ချေမှုန်းနိုင်ဖို့ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဒီအဖွဲ့မှာပါတဲ့ ဗမာ့တပ်တော်- Bamar Army က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး အချက် ၁၃ ချက်ပါတဲ့ မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်ကို စလင်းမြို့နယ်အခြေစိုက်တပ်ရင်းတွေနဲ့ Local PDF တွေ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတပ်ပေါင်းစုမှာ မင်းဘူးခရိုင် အမှတ်-၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် - ၅တပ်ရင်း၊ ဗမာ့တပ်တော် အမှတ် - ၇၀၇ တပ်ရင်း၊ SALIN – LPDF၊ ဒေါင်းစစ်အောင် - LPDF နဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ တို့ဝင်တယ်လို့ သိရပါတယ်။
သဘောတူညီချက်တွေထဲမှာ တော်လှန်အင်အားစု ပြိုကွဲစေသော၊ နှောင့်နှေးစေသော အပြုအမူ၊ အပြောအဆိုတွေ တဖွဲ့နဲ့တဖွဲ့ကြား လုံးဝမပြုလုပ်ကြဖို့နဲ့ တပ်ပေါင်းစုမှာပါတဲ့ အဖွဲ့အစည်းတိုင်းရဲ့ စစ်ရေး၊ နိုင်ငံရေးမူဝါဒတွေ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို အပြန်အလှန် လေးစားတန်ဖိုးထားပြီး ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်ရာမှာ တပ်ပေါင်းစုအသွင် တိုက်ခိုက်ချေမှုန်းရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တပ်ပေါင်းစုမှာပါတဲ့ တပ်ဖွဲ့ဝင်တိုင်းဟာ ရဲဘော်ရဲဘက်အချင်းချင်း ရိုသေလေးစားမှုရှိကြရမှာဖြစ်ပြီး ပြဿနာ တစုံတရာ ပေါ်လာရင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်ဖွဲ့ခေါင်းဆောင်တွေရဲ့ အပြစ်ပေးအရေးယူတာကို ခံယူဖို့၊ ဒီလို အပြစ်အရေးယူရာမှာ ဘက်လိုက်တာမျိုးမဖြစ်ရအောင် ကော်မတီတခုဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။
တပ်ပေါင်းစုကရဲဘော်တွေအနေနဲ့ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တာ မောက်မာရိုင်းစိုင်းစွာပြောဆိုတာ၊ တပ်ရင်း တပ်ဖွဲ့ အချင်းချင်း ခိုက်ရန်ဖြစ်တာ ရပ်ရွာအတွင်း မူးယစ်ရမ်းကားပြီး သေနတ်ပစ်ဖောက်တာတွေကို ထိရောက်စွာ အရေး ယူမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း မြေပြင်မဟာမိတ်ဘုံ သဘောတူညီချက်မှာ ပါဝင်ပါတယ်။
မဟာမိတ်တပ်ဖွဲ့ဝင်များအနေနဲ့ အချင်းချင်း နားလည်မှု၊ လွဲမှားမှုရှိလာရင် လက်နက်နဲ့ဖြေရှင်းတာမျိုး လုံးဝမလုပ်ဖို့ တားမြစ်ထားပြီး တိုက်ခိုက်ရေးအဖွဲ့တွေအနေနဲ့ မိမိတို့တာဝန်ယူထားတဲ့ နယ်မြေကလွဲပြီး အခြားအဖွဲ့အစည်းက တာဝန်ယူထားတဲ့နယ်မြေမှာ စစ်ရေးမစ်ရှင်ဖော်ဆောင်တာ ဒါမှမဟုတ် လုပ်ဆောင်ရမယ့်ကိစ္စတွေရှိလာရင် လက်ရှိ တာဝန်ယူထားတဲ့ နယ်မြေခံအဖွဲ့တွေကို အကြောင်းကြားရမယ်ဆိုတဲ့အချက်လည်း ပါရှိပါတယ်။
စလင်းမြို့နယ်မှာ အခြေစိုက် ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ ခလရ -၂၅၃၊ ၂၅၄ နဲ့ ၂၅၅ တပ်တို့ရှိနေတဲ့အပြင် ကာကွယ်ရေး ပစ္စည်းစက်ရုံတွေရှိတဲ့ ပွင့်ဖြူ ၊စေတုတ္တရာ၊ ဆိပ်ဖြူ စတဲ့မြို့နယ်တွေနဲ့ နယ်မြေချင်းထိစပ်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ နောင်ချိုမြို့မှာ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူတဦး ဖမ်းဆီးရမိ
မတ်လ ၁ရက်
တအာင်းပြည် တပ်မဟာ-၂ နယ်မြေဖြစ်တဲ့ ကျောက်မဲခရိုင် နောင်ချိုမြို့မှာ တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သူတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဟာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက်က မြို့အတွင်း ကင်းလှည့်နေချိန်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူကို စစ်ကောင်စီတပ်-၁၁၅ တပ်စခန်းအနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်သူဟာ အသက် ၃၁ နှစ်အရွယ် ဦးမျိုးမင်းအောင်ဆိုသူဖြစ်ပြီး ယာမလို့ခေါ်တဲ့ WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၄ ထုပ်၊ ဆေးပြား ၈၀၀ လုံး၊ ဖုန်းတလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ အသိပေးထားပါတယ်။
နောင်ချိုမြို့နယ် နယ်မြေ - ၁၀၊ တောင်ရပ်ကွက်မှာနေထိုင်ကာ မူးယစ်ဆေးဝါးရောင်းချနေတာ ၃ နှစ်ရှိနေပြီဖြစ်တဲ့ ဦးမျိုးမင်းအောင်ကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရ
မတ်လ ၁ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး တဦးသေဆုံးပြီး ကလေးငယ်နဲ့ သံဃာတွေအပါအဝင် အရပ်သားပြည်သူ ၁၄ ဦး ဒဏ်ရာရသွားတယ်လို့ KNU က ဒီနေ့ မတ်လ ၁ ရက်မှာထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်ကတက်လာတဲ့ Yak-130 ဂျက်ဖိုက်တာက ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် ခွန်နဝါကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးပြီး ၄ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဝင်းရေးမြို့နယ် ပန်းအောင်ကျေးရွာဘုန်းကြီးကျောင်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ရဟန်း ၃ ပါးနဲ့ ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က အသိပေးပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေက ကျေးရွာတွေကို ဖေဖော်ဝါရီ ၂၆ နဲ့ ၂၇ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်အိမ် ၂ လု့းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ ပြည်သူ့ဆေးရုံ ဆေးခန်းတွေနဲ့ စာသင်ကျောင်း တွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် သံဃာတော်တွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရရေနေပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ပြည်သူပိုင်အိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
KNU အုပ်ချုပ်တဲ့ နယ်မြေတွေကို စစ်ကောင်စီဘက်က လေကြောင်း ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသနေပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေတာရှည်နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တဲ့အတွက် ရဟန်းတပါး ဒဏ်ရာရ
မတ်လ ၁ရက်
ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့ပြီး ရဟန်းတပါးဒဏ်ရာရခဲ့တယ်လို့ တော်ဝင်လျှပ်စီး စစ်ကြောင်းက အသိပေးထုတ်ပြန်ပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ မြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းရွာကို တိုက်ပွဲဖြစ်တာ မရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို ညနေ ၅ နာရီ ၄ဝ မိနစ်ခန့်မှာလည်း ဂူကြီးကျေးရွာကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပိတောက်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ပြည်သူပိုင်အိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ပြီး လူထုထိခိုက်မှုမရှိဘူး လို့ တော်ဝင်လျှပ်စီးစစ်ကြောင်းက ပြောပါတယ်။
ဂူကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတော့ ကျေးရွာဘုန်းကြီးကျောင်း ၊ ဓမ္မာရုံံနဲ့ ပြည်သူပိုင်အိမ်တလုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရဟန်းတပါးဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ အသိပေးပါတယ်။
စစ်ကောင်စီဘက်က ပြည်သူလူထုအပေါ် အကြောင်းမဲ့ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတဲ့ အတွက် ပြည်သူလူထုအနေနဲ့ အစစအရာရာ ဂရုတစိုက်နေထိုင်သွားလာကြဖို့ တော်ဝင်လျှပ်စီးစစ်ကြောင်းက သတိပေးထားပါတယ်။
ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းဒေသကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပြီး အနောက်ဘက်ကမ်း ဒေသမှာတော့ စစ်ကောင်စီတပ်တွေ စိုးမိုးထားတဲ့အခြေအနေမှာ အနောက်ဘက်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီဘက်က အရှေ့ဘက်ကမ်းမှာရှိတဲ့ ပြည်သူလူတုနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ မြောင်နဲ့ရေစကြိုဘက်ကရွာတွေကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ မှာ စစ်သား ၅ ဦးသေပြီး ၆ ဦး အရှင်ဖမ်းမိ
မတ်လ ၁ရက်
စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအစပ်မှာရှိတဲ့ မြောင်နဲ့ရေစကြိုနယ်ဘက်ကရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ မြင်းမူမြို့ပြ တော်လှန်ရေးအဖွဲ့-MCRF က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်ကနေ အင်အား ၁၆၀ ခန့်နဲ့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ MCRF က မနေ့ ဖေဖော်ဝါရီ ၂၈ ရက်ညပိုင်းမှာ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၃ နာရီခန့်အချိန်မှာ ရေစကြိုမြို့ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့ကူးလာပြီး မြောင်နဲ့ ရေစကြိုနယ်အစပ်ကရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ကြောင်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက မနက် ၈ နာရီခွဲခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဟာ ၄ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က တိုက်လေယာဥ်တစင်း၊ Mi 35တစင်းနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အပြင် ရေစကြိုမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း ဟောင်ဝစ်ဇာအမြှောက်တွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ MCRF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပေမယ့် စစ်သား ၅ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၆၀ မမ စိန်ပြောင်းတလက်၊ RPG-7 တလက်၊ MA-3 တလက်၊ G-3 တလက်နဲ့ စစ်အသုံးအဆောင်ပစ္စည်း တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
၄ နာရီနီးပါးကြာတဲ့အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ဖမ်းဆီးခံရသူတွေရှိသလို တော်လှန်ရေးတပ် တွေဘက်က ရဲဘော် ၄ ဦးလည်း မစိုးရိမ်ရတဲ့ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
မြောင်နဲ့ရေစကြိုနယ်အစပ်ကရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့-MCRF၊ စစ်ကိုင်းခရိုင် ပ.လ.ဖ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ ကျေးရွာတပ်ပေါင်းစုတို့အပြင် စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ ၂၊ ၄၊ မြောင်တိုက်နယ် ၆ ပ.က.ဖ၊ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေး အဖွဲ့၊ Wolf Brother၊ ကျောက်ဆည်နဂါးနီ၊ Liberation Army of Central Region၊8 Stars၊ Taloke PDF၊ ဒေါင်းစစ်သည်၊ Myaung Union Army၊ ဝရဇိန်ထုတ်လုပ်ရေး၊ဒေါင်းညီနောင်နဲ့ မြင်းခြံမြို့နယ် ပ.က.ဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။
========================
🚩🚩 ၃။ ရေလည်ကျွန်းဒေသဘက် အင်အား ၂ဝဝ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၉ ဦး သေဆုံး
မတ်လ ၁ရက်
မကွေးတိုင်း ရေစကြိုမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ကျော် ပါ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၉ ဦးသေဆုံးကာ ၂ဝ ကျော်ဒဏ်ရာရသွားတယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက် မနက် ၈ နာရီခန့်အချိန်မှာ Myingyan Black Tiger – MBT တပ်ဖွဲ့နဲ့ ညီနောင်မဟာမိတ်တွေ ကြားဖြတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာနဲ့ပတ်သက်လို့ ဒီနေ့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီတိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး မြေပြင်မှာ အသာစီးရနေတဲ့ တော်လှန်ရေးတပ်တွေကို မနိုင်တော့တဲ့အတွက် တပ်ပြန်ဆုတ်မယ့် ရန်သူ စစ်တပ်စစ်ကြောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့တကြိမ်၊ Mi-35 နဲ့တကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီး တပ်ဆုတ်ထွတ်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
Myingyan Black Tiger-MBT တပ်ဖွဲ့က ရဲဘော်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ကရဲဘော်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရန်သူ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရန်သူ့အလောင်း ၉ လောင်းနဲ့ စစ်သုန်းပမ်း ၉ ဦး အရှင်ဖမ်းမိခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှာ MBT တပ်ဖွဲ့က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်တွေဘက်ကလည်း ထိခိုက်မှုအချို့ ရှိခဲ့ကာ စစ်ကောင်စီစစ်ကြောင်းထံကနေ ၆၀ မမ တလက်နဲ့ RPG- 7 တလက်အပါအဝင် လက်နက်ငယ်အချို့နဲ့ ခဲယမ်းတွေ ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပူးပေါင်းတိုက်ခိုက်မှုကို Myingyan Black Tiger-MBTတပ်ဖွဲ့အပါအဝင် မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force -RBDF ၊ သွေးသောက်တပ်ဖွဲ့၊ ရေစကြိုမြို့နယ်-ပလဖ၊ MSPDFနဲ့ အခြားညီနောင်မဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရန်သူ့ကြောင်း တပ်ဆုတ်ပြေးရတဲ့အထိ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ မဟာမိတ်တပ်တွေရဲ့ ဇွဲ၊လုံ့လနဲ့ သတ္တိကို MBT တပ်ဖွဲ့က လေးစားဂုဏ်ပြုထားပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု၊ စစ်သုဥ်ပန်းတွေ ဖမ်းဆီးရမိမှုနဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့မှုဟာ MBT တပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေတာဝန်ယူထားတဲ့ပွိုင့်ကဖြစ်ပြီး အခြားညီနောင်မဟာမိတ်တွေ တာဝန်ယူထားတဲ့ပွိုင့်မှာလည်း တိုက်ခိုက်ချေမှုန်းမှုတွေရှိတာကြောင့် ရန်သူ့စစ်ကြောင်းဘက်က ထိခိုက်သေဆုံးမှုနဲ့ဆုံးရှုံးမှုတွေရှိတယ်လို့ သိရပါတယ်။
ရေစကြိုဘက်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း မြောင်နဲ့ရေစကြိုအစပ်ကရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၆ဝ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်ခဲ့တာရှိပြီး စစ်သား ၅ ဦးသေဆုံးကာ ၆ ဦး အရှင်ဖမ်းမိ သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တာရှိတာကြောင့် Myingyan Black Tiger-MBT တပ်ဖွဲ့က အခုလို အသိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ မုံရွာ နတ်လူထိပ်ပန်အနီးမှာ စစ်တပ်လုံခြုံရေးပါ ကြေးနီတင်ယာဉ်တန်းနဲ့ ကင်းပတ်နေတဲ့စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံး
မတ်လ ၁ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္မစီကနေထွက်လာတဲ့ စစ်တပ်လုံခြုံရေးပါ ကြေးနီတင်ယာဉ်တန်းကို နတ်လူထိပ်ပန် အနီးမှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာနဲ့ ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦးသေဆုံးသွားတယ်လို့ Monywa Youth Attack Force – MYF တပ်ဖွဲ့က ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် မနက်ပိုင်းက မုံရွာမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့ ကြေးနီတင်ယာဉ် ၄၁ စီး၊ လုံခြုံရေး လိုက်ပါလာတဲ့ သံပြားကာ ကား ၆ စီးနဲ့ Jammer ကား ၉ စီး စုစုပေါင်း ၅၆ စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အခုလို အသင့်စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့တာကြောင့် ကြေးနီတင်ကားတွေက စစ်သား ၂ ဦး သေဆုံးသွားတယ်လို့ အသိပေးပါ တယ်။
ဒါ့အပြင် မုံရွာမြို့တွင်းမှာ အိမ်စီးကားနဲ့ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ တာကြောင့် စစ်သား ၂ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီစစ်ဆင်ရေးကို ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment ၊ Monywa Undergrown Force နဲ့ Monywa Youth Attack Force တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိဘူးလို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment