၂၀၂၅ မတ်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထောက်ပို့ထီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ယာယီသမ္မတနဲ့ NUG ဝန်ကြီးများ တက်ရောက်မယ်
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
📌 ၃။ People's Healthcare Network (Kalay)ရဲ့ တိုက်နယ်ဆေးရုံတွင် ပြင်ပလူနာနှင့် အတွင်းလူနာ စုစုပေါင်း ၂၈၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့
📌 ၄။ မြန်မာနိုင်ငံထံ စစ်လက်နက်ရောင်းချမှုများကြောင့် Bharat Electronics Limited အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခြင်းကို Justice For Myanmar ကြိုဆို
📌 ၅။ သုံးလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၃၄) ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်
========================
၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပျဉ်းမနား စစ်ကြောင်းမှူး သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် အပါအဝင် အချက် ၅ ချက်ကို သဘောတူ
🚩 ၂။ မုံရွာ နမခမှ တပ်ပြောင်းတဲ့ MI-17 ကနီဘောလုံးကွင်းတွင် ဆင်းချိန် ဒရုန်းနဲ့ ဗုံချတိုက်ခိုက်
🚩 ၃။ ထားဝယ် နည်းပညာ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို ဈေးဝယ်ထွက်ချိန်မှာ စီးနင်းပစ်ခတ်ခဲ့
🚩 ၄။ ထီးလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရ
🚩 ၅။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရ
🚩 ၆။ မြောင်မြို့ပေါ်နှင့် ကျေးရွာနှစ်တွင် လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ပစ်ခတ်ဗုံးကြဲမှုကြောင့် ပြည်သူ ၄ဦး သေဆုံး
🚩 ၇။ MDY PDF ထိန်းချုပ် စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲနဲ့ လေကြောင်းရန် ကာကွယ်ရေး အသိပညာ မျှဝေပွဲများ ပြုလုပ်
🚩 ၈။ မိုးကုတ်မြို့နယ် ပကဖ ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်၊ ဒေသခံပြည်သူသွားလာနေတဲ့ စစ်ရှောင်လမ်းကို ရွှေဘိုပကဖ ပြုပြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ထောက်ပို့ထီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ယာယီသမ္မတနဲ့ NUG ဝန်ကြီးများ တက်ရောက်မယ်
မတ်လ ၂၀
Radio NUG
ထောက်ပို့ထီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ တက်ရောက်မယ်လို့ သတင်းရရှိပါတယ်။
ထောက်ပို့ထီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို မတ်လ၂၁ရက် ည ၈နာရီ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
ထောက်ပို့ထီဟာ တော်လှန်ပြည်သူတွေရဲ့ စုပေါင်းအင်အားနဲ့ အရှိန်အဟုန်ကောင်းကောင်း မောင်းနှင်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တစ်နှစ်တာ အတောအတွင်းမှာလည်း ကျပ်သိန်းပေါင်း (၉)သောင်းကျော် ထောက်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
မတ်လ ၂၀ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၅) ကိုမတ်လ၂၀ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၀/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ People's Healthcare Network (Kalay)ရဲ့ တိုက်နယ်ဆေးရုံတွင် ပြင်ပလူနာနှင့် အတွင်းလူနာ စုစုပေါင်း ၂၈၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့
မတ် ၂၀
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ People's Healthcare Network (Kalay) ရဲ့ တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနဲ့ အတွင်းလူနာ စုစုပေါင်း ၂၈၇ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း People's Healthcare Network (Kalay)မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်နယ်ဆေးရုံကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်သူလူထုနဲ့ ပြည်သူ့ရဲဘော်တွေအတွက် အရေးပေါ်နဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဆေးရုံမှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကနေ ပြင်ပလူနာ ၂၇၂ ဦး၊ အတွင်းလူနာ ၁၅ ဦး၊ ပြည်သူ့ရဲဘော် ၇၃ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦးနဲ့ ငါးနှစ်အောက်ကလေးငယ် ၁၄ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
People's Healthcare Network (Kalay) အနေနဲ့ ကျောင်းကျန်းမာရေးလုပ်ငန်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ၊ နယ်လှည့်ကွင်းဆင်းဆေးကုသမှုလုပ်ငန်းတွေကိုလည်း အမြဲမပြတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံထံ စစ်လက်နက်ရောင်းချမှုများကြောင့် Bharat Electronics Limited အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခြင်းကို Justice For Myanmar ကြိုဆို
မတ်လ၂၀ရက်
Radio NUG
မြန်မာနိုင်ငံထံ စစ်လက်နက်ရောင်းချမှုများကြောင့် Bharat Electronics Limited အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခြင်းကို Justice For Myanmar ကြိုဆိုလိုက်ပါတယ်။
Justice For Myanmarဟာ မြန်မာစစ်တပ်ထံ BEL ကုမ္ပဏီ၏ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာ ရောင်းချပေးအပ်မှုများကို ပြီးခဲ့သည့် လေးနှစ်အတွင်း အစီရင်ခံစာများစွာဖြင့် ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ၆ လအတွင်းပင် အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိသော စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုမည့် စက်ပစ္စည်းကိရိယာများလည်း ပါဝင်ပါတယ်။
၂၀၂၄ ခုနှစ်၊ မတ်လတွင် မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေး ရေဒါတစ်ခုအတွက် ထိန်းချုပ်ရေးကိရိယာတစ်စုံကို BEL က လွှဲပြောင်းရောင်းချပေးခဲ့ခြင်း အပါအဝင် လတ်တလောအချိန်အထိ လွှဲပြောင်းရောင်းချထားမှုများကို Justice For Myanmar က ရရှိခဲ့သည့် ကုန်တင်ပို့မှုမှတ်တမ်းများအရ သိရတယ်လို့ ဖော်ပြပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က" မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို ကျမတို့ ကြိုဆိုပါတယ်။ဒီဆုံးဖြတ်ချက်က မြန်မာစစ်တပ်နဲ့ လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက ဆိုးရွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်လို့ BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။ AP7 နဲ့ အခြားသော BEL ရင်းနှီးမြှုပ်နှံသူအားလုံးအနေနဲ့ ယခုလို လိုက်ပါလုပ်ဆောင်ပြီး၊ ချက်ချင်း ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းသင့်ပါတယ်"လို့ ပြောပါတယ်။
========================
📌📌 ၅။ သုံးလအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၃၄) ဦး သေဆုံးခဲ့ပြီး မကွေးတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်
မတ်လ ၂၀
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၃၁) ဦး စုစုပေါင်း (၃၄) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၁) ဦးနှင့် အသက် ၉၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အသက် ၆၀ နှစ်အထက် သေဆုံးသူ (၈) ဦး ပါဝင်ပါတယ်။
အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၁၄) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၆) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်သို့ ဆိုင်ကယ်မောင်းနှင်၍ ပစ္စည်းဝယ်ရန်ထွက်လာသည့် မြိတ်မြို့နယ်အတွင်း နေထိုင်သော ရမ်ဇာန်ခန်းနှင့် ၎င်း၏သားဖြစ်သူတို့က ရေဖြူကျေးရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းစဉ် စစ်အုပ်စုက ပစ်ခတ်သဖြင့် ဆိုင်ကယ်မောင်းနှင်သည့် သားဖြစ်သူမှာ ထိခိုက်ခြင်းမရှိသော်လည်း ဖခင်ဖြစ်သူ ရမ်ဇာန်ခန်း၏ လက်မောင်းနှင့်ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပါတယ်။
ထို့ကြောင့် ၎င်းကို မတ်လ ၁၂ ရက်နေ့တွင် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့၊ ည ၈ နာရီဝန်းကျင်တွင် ထိုဒဏ်ရာဖြင့် သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပျဉ်းမနား စစ်ကြောင်းမှူး သတ်ဖြတ်ခံရမှုမှာ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် အပါအဝင် အချက် ၅ ချက်ကို သဘောတူ
မတ်လ ၂၀ ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော် တာဝန်ရှိသူများဟာ နေပြည်တော် PDF က ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကယန်းပြည်သစ် တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မတ်လ ၁၈ ရက်နေ့မှာ မဟာမိတ် ညီနောင်အဖွဲ့အစည်းများရဲ့ ကြားဝင်စေ့စပ် ညှိနှိုင်းပေးမှုဖြင့် ကယန်း ပြည်သစ် တပ်မတော် ရုံးစိုက်ရာနယ်မြေကို သွားရောက်ဆွေးနွေးခဲ့တာဖြစ်ပြီး မဟာမိတ်များရဲ့ ရှေ့မှာ အောက်ပါ အချက် ၅ ချက်ကို သဘောတူခဲ့ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
ရဲဘော်ကိုစိုင်း ဖြစ်စဉ်မှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူ အားလုံးကို ဖော်ထုတ်အရေးယူပြီး နှစ်ဖက် အဖွဲ့အစည်းများ၊ မဟာမိတ် တပ်ပေါင်းစုများ ရှေ့မှာ ကယန်းပြည်သစ် တပ်မတော်မှ ပွင်းလင်မြင်သာစွာ ချပြရန်။
ကယန်းပြည်သစ် တပ်စုမှူးတစ်ဦး စစ်မြေပြင်မှာ နယ်မြေဝင်ရောက် ရှင်းလင်းရင်း မတော်တဆ မိုင်းနင်းမိကာ ကျဆုံးခဲ့ရသည်ကို အထူးဝမ်းနည်းရပါကြောင်းနဲ့ ရှေ့ဆက် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ရအောင် အောက်ခြေ တပ်မှူးများအထိ ခိုင်မာသော ယုံကြည်မှု ရှိစေရေး ဆောင်ရွက်သွားရန်။
နောင်ကာလများမှာ နှစ်ဖက်အဖွဲ့အစည်းများမှ လက်နက်အသုံးပြု ပဋိပက္ခ မဖြစ်စေရေးကို အပြည့်အဝ တာဝန်ယူ ကတိပြုရန်နဲ့ တော်လှန်ရေး အကျိုးစီးပွားကို ရှေးရှုပြီး အသေးဖွဲ ကိစ္စများမှအစ အလျှင်အမြန် ညှိနှိုင်းဆောင်ရွက်ကာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ ယုံကြည်မှု တည်ဆောက်သွားကြဖို့စတဲ့ အချက်တွေကို သဘောတူခဲ့ကြပါတယ်။
ကယန်းပြည်သစ် တပ်မတော်မှ နေပြည်တော်တိုင်း စစ်ဦးစီး အဖွဲ့ထံကို ရဲဘော် ကိုစိုင်းထံမှ သိမ်းဆည်းခဲ့တဲ့ 9 mm Pistol တစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံး နှင့် icom စကားပြောစက် တို့ကို ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
ပျဉ်းမနား စစ်ကြောင်းမှုး ရဲဘော်ကိုစိုင်း ဖြစ်စဉ်အတွက် တရားမျှတစွာ ထိထိရောက်ရောက် အပြစ်ပေး အရေးယူနိုင်ရေးနဲ့ အရေးယူမှု ပြီးဆုံးတဲ့အထိ ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နေပြည်တော်တိုင်း စစ်ဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မုံရွာ နမခမှ တပ်ပြောင်းတဲ့ MI-17 ကနီဘောလုံးကွင်းတွင် ဆင်းချိန် ဒရုန်းနဲ့ ဗုံချတိုက်ခိုက်
မတ် ၂၀
Radio NUG
မတ်လ ၁၉ရက်နေ့ ညနေ 5 နာရီအချိန်တွင် မုံရွာ နမခမှ တက်လာသော စစ်သားအင်အား (၂၀) ပါ MI-17 ကနီမြို့သို့ တပ်ချိန်းရန် ဘောလုံးကွင်းအတွင်း ဆင်းချိန်တွင် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့မှ Fixed Win ဒရုန်း ၂ စီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့မှ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် ကနီမြို့တွင်ရှိသော ဗိုလ်မှူးနှင့် ဒရုန်းဗိုလ်များကို ရဟတ်ယာဥ်ပေါ် မတင်ဆောင်နိုင်ဘဲ ပြန်တက်သွားတယ်လို့ ဖော်ပြထားပါတယ်။
ဒရုန်းဗုံးသီးများပေါက်ကွဲမှုကြောင့် လေကာကင်းစောင့်များ ထိခိုက်မှုရှိပြီး တပ်တွင်းသတင်းတစ်ခုအရ ကျောင်းသားဘဝက ကနီမြို့ အထကတွင် ပညာသင်ယူခဲ့ဖူးတဲ့ နမခတိုင်းမှူး မျိုးမင်းထွေး ထိုတိုက်ခိုက်ခံရမှုကို ဒေါပွနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ထားဝယ် နည်းပညာ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို ဈေးဝယ်ထွက်ချိန်မှာ စီးနင်းပစ်ခတ်ခဲ့
မတ်လ ၂၀ ရက်
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးက ထားဝယ် နည်းပညာ တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားများကို ဈေးဝယ်ထွက်ချိန်မှာ စီးနင်းပစ်ခတ်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၈ ရက် မနက် ၈ နာရီဝန်းကျင် စစ်ကောင်စီ တပ်သားများ ဈေးဝယ်ထွက်ချိန်တွင် လမ်းခုလတ် တနေရာမှာ တော်လှန်ရေး ပူးပေါင်းတပ်တို့က စီးနင်းပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကာ BA 63 (G3) ၂ လက်၊ BA 64 (G4) တစ်လက်နဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရက စစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ထီးလင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရ
မတ်လ ၂၀ ရက်
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်း ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပအဖက ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၀ ရက်နေ့ မနက် ၂ နာရီခန့်မှာ အလယ်ဘန်းရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ရော့ကတ် ၊ မီးလောင်ဗုံး၊ စက်လက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၈၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ၇၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ Grade 12 ကျောင်းသူ ၂ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ ထိခိုက် ဒဏ်ရာ ရရှိသူ ၂၇ ဦးထိ ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် နေအိမ် ၄ လုံး မီးလောင်ပြာကျခဲ့ကာ အိမ် ၁၂ လုံး အလုံးစုံ ပျက်စီးသွားခဲ့ပြီး အိမ်အလုံး ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နွား, ဝက် ၁၀ ကောင်ခန့် သေဆုံးသွားခဲ့ကာ ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် ထိခိုက်မှု အနည်းဆုံး ဖြစ်စေဖို့ နေအိမ်တိုင်းမှာ ခိုင်ခံ့တဲ့ ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ မဖြစ်မနေ တူးဖော်ကြဖို့နဲ့ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ လေကြောင်းသတင်းများကို ချိတ်ဆက်ရယူ သတိပေးခြင်းများ လုပ်ဆောင်ကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရ
မတ်လ ၂၀ ရက်
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ် အချိန်မှာနတ်သံကွင်းမှ စစ်ကောင်စီ တပ်ဖွဲ့က ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ ဖိုးတကျေးရွာနဲ့ ချောင်းဝ ကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဖိုးတ ကျေးရွာမှ ဒေါ်လှလှထွေး (၆၁) နှစ်နဲ့ မစိုးစိုးမာ (၃၂) နှစ်တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် တစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ချောင်းဝ ကျေးရွာမှ ဒေါ်ခင်မာထွေး၊ ဦးဇော်မျိုးလှနဲ့ ဦးချစ်ပုတို့ ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၃ လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ မြောင်မြို့ပေါ်နှင့် ကျေးရွာနှစ်တွင် လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ပစ်ခတ်ဗုံးကြဲမှုကြောင့် ပြည်သူ ၄ဦး သေဆုံး
မတ် ၂၀
Radio NUG
မတ်လ ၁၉ရက်နေ့ ညနေ ၄နာရီခန့်တွင် မြောင်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြောင်မြို့တောင်ဘက် လှေတင်ဦးရွာမှ အမျိုးသား တစ်ဦး၊ မြောင်မြို့ မြောက်ဘက် ကျည်ကုန်းရွာမှ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း Ko Nway Oo - Myaungမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် စက်တပ်လေထီးဖြင့် ထပ်မံဗုံးကြဲခဲ့တာကြောင့် မြို့ပေါ်မှ ပြည်သူ ၂ဦးသေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
မတ်လ ၂၀ ရက် မနက်ပိုင်းမှာလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စက်တပ်လေထီးလည်း ပတ်ဝဲနေကာ ဗုံးကြဲရန် ပစ်မှတ်ရှာနေတယ်လို့ သိရပါတယ်။
မြောင်မြို့အနီး ရွာများမှ ပြည်သူများ စက်တပ်လေထီးနှင့် လက်နက်ကြီးအန္တရာယ်မှ ကင်းဝေးဖို့အတွက် ရှောင်တိမ်းနေကြရန် တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ MDY PDF ထိန်းချုပ် စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲနဲ့ လေကြောင်းရန် ကာကွယ်ရေး အသိပညာ မျှဝေပွဲများ ပြုလုပ်
မတ်လ ၂၀ ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) (MDY-PDF) ထိန်းချုပ်စိုးမိုး နယ်မြေများအတွင်း လူထု တွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာ မျှဝေပွဲများ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၀ ရက်နေ့မှာ MDY-PDF နှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေး ကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး လေကြောင်းရန် ကာကွယ်ရေးနှင့် ပက်သက်တဲ့ သတင်းအချက်အလက်များကို ပြည်သူထံ ဝေမျှခြင်းနှင့် လက်တွေ့ သရုပ်ပြမှုများကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံအနှံ့အပြားမှာ ပြည်သူကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ မိုးကုတ်မြို့နယ် ပကဖ ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်၊ ဒေသခံပြည်သူသွားလာနေတဲ့ စစ်ရှောင်လမ်းကို ရွှေဘိုပကဖ ပြုပြင်
မတ် ၂၀
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲကို မတ်လအတွင်း ကျင်းပခဲ့ကြောင်း ပကဖအသံမှာ ဖော်ပြထားပါတယ်။
အဆိုပါ သင်တန်းကို စဉ့်ကူးမြို့နယ် မတ္တရာမြို့နယ် သပိတ်ကျင်းမြို့နယ် ပြင်ဦးလွင်မြို့နယ်တို့မှ သင်တန်းသားရာချီ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မိုးကုတ်မြို့နယ် ပကဖ တာဝန်ခံက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ကာ ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်းနဲ့ သွေးသစ္စာ သီချင်း သံပြိုင် သီဆိုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေသွားလာနေတဲ့ အရေးပေါ်စစ်ရှောင်လမ်း ၁မိုင် ကျော်ကို ရွှေဘိုပကဖ က ပြုပြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ရွှေဘိုပကဖ တိုက်နယ် ၅က ဦးဆောင်ကာ အကျယ် ပေ ၂၀၊ အရှည် ၁ မိုင်ကျော်ရှိ မြေသားလမ်းကို ဂျင်းကျောက်ခင်းလမ်းအဖြစ် ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ ပကဖ တွေဟာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရင်း ဒေသခံလူထုရဲ့ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment