၂၀၂၅ မတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနဲ့ NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေး
📌 ၂။ “အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုများကို တွန်းလှန်တိုက်ဖျက်ရင်း အနာဂတ်သစ်ဆီသို့” သတင်းစာရှင်းလင်းပွဲ အလုပ်သမားဝန်ကြီးဌာနက ကျင်းပမည်
📌 ၃။ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)နှင့် ဧရာဝတီတိုင်းအတွင်း CDM အင်အားစုများ တွေ့ဆုံဆွေးနွေး
📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အဆင့်ဆင့်သော ပါတီအလုပ်အမှုဆောင်အဖွဲ့များမှ တာဝန်ရှိသူတို့ တွေ့ဆုံ
📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ ဖိအားပေးခြင်မျိုး လိုအပ်နေကြောင်း မြန်မာအင်အားစုများ ဗြိတိန် ပါလီမန်တွင် ဆွေးနွေး
📌 ၆။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသိူ့ ဖိတ်ခေါ်ဧည့်ခံခြင်းမျိုး မပြုလုပ်သင့်
📌 ၇။ မြန်မာနိုင်ငံတွင် လူတစ်သိန်းတွင် တီဘီဖြစ်ပွားလျက်ရှိသော လူနာပေါင်း ၅၅၈ ယောက်ရှိနေပြီး စစ်အာဏာရှင်တွေက ရောဂါကုသရေးတွင် ဘဏ္ဍာငွေကြေးမသုံးစွဲ
========================
၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းကွန်းဒေသ ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်သား ၇ဦးခန့် သေဆုံးကာ တပ်မ ၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး၏ ဖုန်းကို သိမ်းဆည်းရရှိပြီး လူမှုရေးဖောက်ပြန်မှု အချက်အလက်များ ရရှိထား
🚩 ၂။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်မှုအတွင်း အရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးဟုဆို
🚩 ၃။ ထားဝယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝတွင် ခရီးသွားပြည်သူများထံမှ စစ်ကြေးကောက်ခံနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး
🚩 ၄။ တော်လှန်ရေးတပ်ကနေ ရံပုံငွေများနဲ့ လက်နက်ယူကာ ထွက်ပြေးပြီး ပျူစောထီးလုပ်နေသူတစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး
🚩 ၅။ ပုဂံ-ညောင်ဦး လမ်းပိုင်းတနေရာမှာ ရှောင်တခင် စစ်ဆေးနေရင်း ပျူစောထီး ၂ ဦးကို ဖမ်းဆီရမိ
🚩 ၆။ မိုးဗြဲတိုက်ပွဲအတွင်း နေပြည်တော် PDF မှ ဒုတပ်ခွဲမှူး တစ်ဦး ကျဆုံး
🚩 ၇။ အုတ်တွင်း မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး နှင့်အထက် ဒဏ်ရာရ
🚩 ၈။ အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေးစရိတ်နှင့် လစာများ မပေးဘဲ ဗန်းမော်တိုက်ပွဲတွင် စစ်တိုက်ခိုင်းကြောင်း အလင်းဝင်လာသော စစ်သား ၃ ဦး ပြောဆို
🚩 ၉။ မိုးဗြဲ ခမရ (၅၀၈) တပ်မှ တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနဲ့ NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေး
မတ်လ ၂၅ရက်
Radio NUG
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနဲ့ NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မတ်လ ၂၅ရက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုထားပါတယ်။
"အနေအေးပြီး အမေ့ကို အရမ်းချစ်တဲ့ သားတစ်ယောက်နဲ့ ရိုးရှင်းတဲ့ စကားတွေ ပြောဖြစ်ပါတယ်။ "ကျွန်တော့်အမေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကြိုးပမ်းပေးကြပါ၊ တောင်းဆိုပေးကြပါ" တဲ့၊ အသက် (၈၀) အရွယ်ရှိတဲ့ အမေတစ်ယောက်ရဲ့ ကျန်းမာရေး၊ အမေတစ်ယောက်ရဲ့ လွတ်လပ်မှုကို သားတစ်ယောက်က ရိုးရိုးရှင်းရှင်းပဲ တောင်းဆိုတဲ့အသံပါ။ မိဘနဲ့ သားသမီးတွေ ဘယ်လောက်ထိ ခွဲခွာနေကြရဦးမှာလဲ၊ ဘယ်လောက်ထိ စိုးရိမ်မှုတွေနဲ့ ဝေးကွာနေကြရဦးမှာလဲ။ ဘာကြောင့် ရေနဲ့ပတ်သက်တဲ့အကူအညီတွေ လုပ်နေတာလဲဆိုတော့ "ရှင်းရှင်းလေးပါပဲတဲ့၊ လူဆိုတာ ရေမရှိရင် ကြာကြာအသက်မရှင်နိုင်ဘူး၊ လူတွေလိုအပ်တဲ့ ရေကိုပံ့ပိုးပေးရင်း ရေအကျိုး (၁၀)ပါး ပြည့်စေချင်လို့ပါ" တဲ့။ စကားအပိုမပြောဘူး၊ သွယ်ဝိုက်လည်း မပြောတတ်ဘူး၊ မြန်မာပြည်သူတွေအတွက် လုပ်ပေးနိုင်တာ လုပ်ပေးဖို့ ဆန္ဒရှိတဲ့ အမေကို ချစ်တဲ့ သားတစ်ယောက်ပါပဲ" လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။
========================
📌📌 ၂။ “အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုများကို တွန်းလှန်တိုက်ဖျက်ရင်း အနာဂတ်သစ်ဆီသို့” သတင်းစာရှင်းလင်းပွဲ အလုပ်သမားဝန်ကြီးဌာနက ကျင်းပမည်
မတ်လ ၂၅ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ်(SCPRU)တို့မှ ပူးပေါင်းစီစဉ်၍ “အခြေခံအခွင့်အရေး ချိုးဖောက်ခံရမှုများကို တွန်းလှန်တိုက်ဖျက်ရင်း အနာဂတ်သစ်ဆီသို့” ခေါင်းစဉ်ဖြင့် အလုပ်သမားဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပသွားမယ်လို့သိရပါတယ်။
သတင်းစာရှင်းလင်းပွဲတွင် ILO ကိစ္စရပ်များအပါအဝင် အလုပ်သမားဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို သတင်းမီဒီယာများမှတဆင့် အများပြည်သူထံ ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
ရှင်းလင်းပွဲကို မတ်လ၂၈ရက်မွန်းလွဲပိုင်းတွင် Radio NUGနဲ့အွန်လိုင်းမီဒီယာများတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၃။ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRAH)နှင့် ဧရာဝတီတိုင်းအတွင်း CDM အင်အားစုများ တွေ့ဆုံဆွေးနွေး
မတ်လ(၂၅)ရက်
Radio NUG
ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ(CRAH)နှင့် ဧရာဝတီတိုင်းအတွင်း CDMအင်အားစုများသည် မတ်လ(၂၅)ရက်နေ့ ညနေ (၄:၀၀) နာရီအချိန်တွင် Zoom Platformမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် အစည်းအဝေးအား ညနေ(၆:၀၀)တွင်ရုတ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ အဆင့်ဆင့်သော ပါတီအလုပ်အမှုဆောင်အဖွဲ့များမှ တာဝန်ရှိသူတို့ တွေ့ဆုံ
မတ်လ ၂၅ရက်
Radio NUG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် အတွင်းရှိ အဆင့်ဆင့်သော ပါတီအလုပ်အမှုဆောင်အဖွဲ့များမှ တာဝန်ရှိသူတို့သည် မတ်လ၂၅ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲတွင် ပါတီရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ ဖိအားပေးခြင်မျိုး လိုအပ်နေကြောင်း မြန်မာအင်အားစုများ ဗြိတိန် ပါလီမန်တွင် ဆွေးနွေး
မတ်လ၂၅ရက်
Radio NUG
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ ဖိအားပေးခြင်မျိုး လိုအပ်နေကြောင်း မြန်မာအင်အားစုများ ဗြိတိန် ပါလီမန်တွင် ဆွေးနွေးခဲ့ပါတယ်။
"ကျွန်မတို့ SMFC အဖွဲ့က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဘယ်လိုချိုးဖောက်ခံနေရတဲ့ အကြောင်းကို မတ်လ၁၄ ရက်နေ့မှာ ပါလီမန်မှာ ထပ်မံဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီတခါတော့ Generation Z Activist မနေခြည်ထက်နဲ့ သူမ၏မိတ်ဆွေ Richard ၏ အကူအညီကြောင့် Lord Shaun Bailey က ကမကထပြုလုပ်ပီး ဆွေးနွေးခွင့်ရခဲ့တာပါ။ SMFC မှ Julie Khine အနေနဲ့ Myanmar Military က Air strike အသုံးပြုပြီး လူတွေကို တနေ့လျှင် သုံးကြိမ်အနည်းဆုံး တိုက်ခိုက်နေသည့်အကြောင်း၊ air strike ကြောင့် ပျှမ်းမျှခြောက်နာရီတွင်လူ့အသက်တစ်ချောင်း၊ ဘဝတခု စွန့်လွှတ်နေရကြောင်း၊ ထို့အပြင် စစ်အာဏာရှင်မှ ပြည်သူ၊ ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများအား ပစ်မှတ်ထားပြီး တိုက်ခိုက်နေမှုများသည် တရုတ်အစိုးရပိုင် AVIC company ၏ ထောက်ပံ့မှု၊ ရုရှား၏ထောက်ပံ့မှုများ ပါဝင်ကြောင်း"တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ ဖိအားပေးခြင်မျိုး လိုအပ်နေကြောင်း ပြောပြခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသိူ့ ဖိတ်ခေါ်ဧည့်ခံခြင်းမျိုး မပြုလုပ်သင့်
မတ်လ ၂၅ ရက်
Radio NUG
ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အား BIMSTEC အစည်းအဝေးသို့ ဖိတ်ခေါ်ဧည့်ခံခြင်းမျိုး မပြုလုပ်သင့်ကြောင်း Defend Myanmar Democracy အဖွဲ့မှဆိုပါတယ်။
Thai PBS ၏ ယုံကြည်ရသော အရင်းမြစ်ကို ကိုးကားထားသည့် သတင်းဖော်ပြချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလအတွင်း ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားဧည့်ခံရန် စီစဥ်နေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။
စစ်ရာဇ၀တ်ကောင်အား ကော်ဇောနီခင်း ဖိတ်ခေါ်ကြိုဆိုခဲ့ပါက ထိုင်းနိုင်ငံသည် သံခင်းတမန်ခင်း လုပ်ဆောင်ခြင်းမဟုတ်တော့ဘဲ၊ ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်သွားခြင်းသာ ဖြစ်လိမ့်မယ်လို့ဖော်ပြပါတယ်။
BIMSTEC နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာရာဇ၀တ် စစ်အုပ်စုအား အသိအမှတ် မပြုရန်၊ မင်းအောင်လှိုင်နှင့် ၄င်း၏ကိုယ်စားလှယ်များအား ထိပ်သီးအစည်းအဝေးမှ တားမြစ်ရန်တို့ကို Defend Myanmar Democracy အဖွဲ့မှ တိုက်တွန်းလိုက်တယ်လို့ ဆိုပါတယ်။
========================
📌📌 ၇။ မြန်မာနိုင်ငံတွင် လူတစ်သိန်းတွင် တီဘီဖြစ်ပွားလျက်ရှိသော လူနာပေါင်း ၅၅၈ ယောက်ရှိနေပြီး စစ်အာဏာရှင်တွေက ရောဂါကုသရေးတွင် ဘဏ္ဍာငွေကြေးမသုံးစွဲ
မတ်လ ၂၅ရက်
Radio NUG
မြန်မာနိုင်ငံတွင် တီဘီဖြစ်ပွားလျက်ရှိသော လူနာပေါင်းမှာ လူတစ်သိန်းတွင် ၅၅၈ ယောက်ရှိနေပြီး စစ်အာဏာရှင်တွေက ရောဂါကုသရေးတွင် ဘဏ္ဍာငွေကြေးမသုံးစွဲဘူးလို့ ဆိုပါတယ်။
ဘဏ္ဍာငွေများကို ရောဂါကာကွယ်ကုသရေးအတွက် မသုံးဘဲ ပြည်သူတွေကို သတ်ဖြတ်အနိုင်ကျင့်ရန်နှင့် တိုင်းပြည်ဖျက်ဆီးရေးအတွက်သာ သုံးနေသော စစ်အာဏာရှင် တစ်သိုက်ကို ချေမှုန်းရုံသာမက လူမဆန်သော အာဏာရှင်အယူအဆ၊ အတွေးအခေါ်၊ ခံယူချက်များကိုပါ တိုက်ဖျက်သွားနိုင်မှသာ လူ့အခွင့်အရေးနှင့်အညီ သာတူညီမျှမှုကို အခြေခံသော တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲက ဆိုထားပါတယ်။
မြန်မာနိုင်ငံတွင် တီဘီဖြစ်ပွားလျက်ရှိသော လူနာပေါင်းမှာ လူတစ်သိန်းတွင် ၅၅၈ ယောက်ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ကုသမှုပေးနိုင်သူဦးရေမှာ လူတစ်သိန်းတွင် ၂၃၉ ယောက်သာ ရှိသောကြောင့် ၄၃ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းကွန်းဒေသ ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်သား ၇ဦးခန့် သေဆုံးကာ တပ်မ ၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး၏ ဖုန်းကို သိမ်းဆည်းရရှိပြီး လူမှုရေးဖောက်ပြန်မှု အချက်အလက်များ ရရှိထား
မတ် ၂၄
Radio NUG
မင်းကွန်းဒေသ ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၇ ဦးခန့်သေဆုံးကာ တပ်မ ၃၃ (ဒုတပ်မမှူး) ဗိုလ်မှူးကြီး ဇင်မျိုးဦး အပါအဝင် အများအပြားဒဏ်ရာရရှိကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ မတ်လ ၂၄ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး ဇင်မျိုးဦး၏ ဖုန်းကို သိမ်းဆည်းရမိထားပြီး ၄င်း၏ တပ်အတွင်းမှ အခြားရာထူးအဆင့်ရှိသူ တစ်ဦး၏ ကျောင်းနေအရွယ် မိန်းကလေးတစ်ဦးနှင့် လူမှုရေးဖောက်ပြန်မှု အချက်အလက်များလည်း အတိအကျရရှိထားကာ အခြားအရေးကြီး အချက်အလက်များလည်း ရရှိထားတာကြောင့် လုံခြုံရေးအခြေအနေအရ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
မင်းကွန်းဒေသ တိုက်ပွဲဖော်ဆောင်မှုများကို ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့နှင့်အတူ ထွေလီကာလီ Attacking and Production၊ Acid LPDF (ဝက်လက်)၊ စစ်ကိုင်း PDF၊ မင်းကွန်း PDF၊ တောတွင်းတွတ်ပီ၊ People Servant Force၊ Phoenix Sgg၊ Royal Falcon Guerrilla Force၊ အင်းသားလေး လက်နက်ကြီး တပ်ဖွဲ့၊ Golden Triangle တို့ ပူးပေါင်း၍ ဆက်လက်ခုခံတိုက်ခိုက်နေဆဲဖြစ်ပြီး ပူးပေါင်းမဟာမိတ်အဖွဲ့များမှ လေးဦး မစိုးရိမ်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်မှုအတွင်း အရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးဟုဆို
မတ်လ ၂၄ ရက်၊
Radio NUG
မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ အဆင့် ၁ ဦး အပါအဝင် ၉ ဦးခန့် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က နောက်ဆက်တွဲ ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၃ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရုံးနဲ့ MI 17 ရဟတ်ယာဉ် ရပ်နားကွင်းတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း အုပ်ချုပ်မှုရုံး မီးလောင်ခဲ့ပြီး အရာရှိတစ်ဦးနဲ့ တပ်ကြပ်ကြီး စာရေးများ အပါအဝင် အခြားအဆင့် စစ်သည် ၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ စာရေး ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် ရဟတ်ယာဉ် ရပ်နားထားတဲ့ ဂိုဒေါင်မီးလောင်ခဲ့ပြီး လုံခြုံရေးယူရန် အသင့်စောင့်နေတဲ့ တပ်နယ် အသီးသီးက အရာရှိ/စစ်သည် အရံစစ်ကြောင်း (၁) မှ အရာရှိ ၁ ဦးနဲ့ အခြားအဆင့် ၆ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။
အလားတူ အမှတ် (၈၁) ဆက်သွယ်ရေး အလုပ်ရုံအတွင်းက ကြီးကြပ်ကန့်သတ် ပစ္စည်းများလည်း မီးလောင်သွားခဲ့သလို MI 17 စစ်ရဟတ်ယာဥ် ၁ စီးလည်း ထိခိုက်မှု ရှိနိုင်ပြီး ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ Freedom Revolution Force (FRF) ၊ Yan Gyi Aung (ဘုတလင်) ၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ထားဝယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝတွင် ခရီးသွားပြည်သူများထံမှ စစ်ကြေးကောက်ခံနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံး
မတ် ၂၄
Radio NUG
မတ်လ (၂၂) ရက်၊ နေ့လယ် (၃) နာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရားအဝင်မုဒ်ဝတွင် ယာယီတပ်စွဲနေထိုင်ကာ ခရီးသွားပြည်သူများထံမှ စစ်ကြေးကောက်ခံနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား (၂) ဦး သေဆုံးကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။
တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ တော်လှန်ရေးတပ်ကနေ ရံပုံငွေများနဲ့ လက်နက်ယူကာ ထွက်ပြေးပြီး ပျူစောထီးလုပ်နေသူတစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး
မတ် ၂၄
Radio NUG
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ တော်လှန်ရေးတပ်ကနေ လက်နက်နဲ့ထွက်ပြေးခဲ့ပြီး စစ်ကောင်စီလက်အောင်ခံ ပျူစောထီးအဖြစ် လုပ်ကိုင်နေတဲ့ ဇင်ကိုဦး (ခ) ကျော်ကြီးကို မတ်လ ၂၁ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ ကလေးမြို့၊ မင်္ဂလာဥယျာဉ် ဘုန်းကြီး ကျောင်းဝန်းအတွင်း ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ပါးစပ်ကနေ ကိုယ့်ကိုယ်ကို ပစ်သတ်တာမဟုတ်ဘဲ ဗိုက်မှာ သေနတ် ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးခဲ့ပြီး အခင်းဖြစ်ဖြစ်ချင်း တပ်က ဘုန်းကြီး ကျောင်းထဲကို ဘယ်သူ့ကိုမှ ပေးမဝင်ဘဲ အလောင်းကို မိသားစုထံ မပေးသလို ညတွင်းချင်း ကလေးမြို့ ပြင်သင်္ချိုင်းမှာ စစ်တပ်က သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
အချို့သတင်းများအရ ပျူစောထီးဝင်တွေ တပ်စွဲထားတဲ့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းဝိုင်းမှာ ပျူစောထီး တပ်ဖွဲ့ဝင်တစ်ဦးရဲ့ လုပ်ကြံတာကို ခံခဲ့ရတာဖြစ်တယ်လို့ ဆိုကြပါတယ်။
အသက် ၂၀ ကျော်ခန့်ရှိပြီဖြစ်တဲ့ ကျော်ကြီး (ခ)ကိုဇင်ကိုဦးဟာ ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ကာကွယ်ရေးတပ် (ကလေး)ရဲ့တော်လှန်ရေး ရံပုံငွေအပြင် သေနတ်တစ်လက်နဲ့အတူ စစ်ကောင်စီထံ ဘက်ပြောင်းခိုလှုံပြီး ပျူစောထီးအဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နေခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ပုဂံ-ညောင်ဦး လမ်းပိုင်းတနေရာမှာ ရှောင်တခင် စစ်ဆေးနေရင်း ပျူစောထီး ၂ ဦးကို ဖမ်းဆီရမိ
မတ်လ ၂၄ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လမ်းပိုင်းတနေရာမှာ မဟာမိတ် တော်လှန်ရေး တပ်များက ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် ပျူစောထီး ၂ ဦးကို သက်သေနှင့်တကွ ဖမ်းဆီးရမိခဲ့တယ်လို့ Bagan Bo Cho PDF က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၃ ရက်နေ့က မနက် ၁၀ နာရီခန့်က Bagan Bo Cho PDF နဲ့ မဟာမိတ်တပ်များ ရှောင်တခင် စစ်ဆေးနေစဉ်မှာ ထန်းတပင်ရွာ ပျူစောထီး ဇော်မြင့်နှင့် ဆူးပုဒ်ကုန်းရွာနေ ပျူစောထီး အောင်စိုးဝင်းတို့ကို သက်သေ စာရွက်စာတမ်းများနှင့် ဖမ်းဆီးရမိခဲ့တာပါ။
အဆိုပါ ပျူစောထီး ၂ ဦးကို စစ်ဆေးခဲ့ရာမှာ ၎င်းတို့နှစ်ဦးဟာ ကျော်မျိုးလင်းဆိုသူနဲ့ ကပစ - ၂၁ တပ်မှ ကျည် ၅၀,၀၀၀ ကို ပခုက္ကူ တပ်မ ၁၀၁ တပ်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ထွက်ဆိုကြောင်း သိရပါတယ်။
၎င်း ပျူနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားဖို့ ပြုလုပ်နေချိန်မှာ ပြန်လည်ခုခံပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ မိုးဗြဲတိုက်ပွဲအတွင်း နေပြည်တော် PDF မှ ဒုတပ်ခွဲမှူး တစ်ဦး ကျဆုံး
မတ်လ ၂၄ ရက်၊
Radio NUG
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် (၈၀၅) တပ်ရင်း၊ ထနောင်းစစ်ကြောင်း တပ်ခွဲ (၁) မှ ဒု-တပ်ခွဲမှူး တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၂ ရက်နေ့က မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီကို တိုက်ခိုက်ရင်း နေပြည်တော် PDF မှ ဒု-တပ်ခွဲမှူး ရဲဘော် ငတေဟာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ရဲဘော် ငတေဟာ အမှတ် (၈၀၅) တပ်ရင်း၊ အပတ်စဉ် (၂) အခြေခံ စစ်သင်တန်း ပြီးမြောက်ပြီးနောက် ၂ နှစ်ခွဲကျော် ကျရာတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းရွက်ခဲ့တဲ့ စံပြရဲဘော်ကောင်း တစ်ဦးဖြစ်ခဲ့ပြီး ရဲဘော် ငတေ ဂုဏ်ရောင် ထွန်းပြောင်စွာ ကျဆုံးသွားတဲ့အတွက် ကျန်ရစ်သူ မိသားစုနှင့်အတူ ဝမ်းနည်းဦးညွှတ် ဂုဏ်ယူပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ အုတ်တွင်း မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး နှင့်အထက် ဒဏ်ရာရ
မတ်လ ၂၄ ရက်၊
Radio NUG
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အတွင်းက ကျေးရွာတစ်ရွာမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦးနှင့်အထက် ဒဏ်ရာရခဲ့တယ်လို့ တောင်ငူခရိုင် အမှတ် (၂) တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၂ ရက် နဲ့ ၂၃ ရက်နေ့တို့မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းနဲ့ မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့သလို နေအိမ်များလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၇ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၈။ အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေးစရိတ်နှင့် လစာများ မပေးဘဲ ဗန်းမော်တိုက်ပွဲတွင် စစ်တိုက်ခိုင်းကြောင်း အလင်းဝင်လာသော စစ်သား ၃ ဦး ပြောဆို
မတ် ၂၄
Radio NUG
အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ်ဆင်ရေး စရိတ်နှင့် လစာများ မပေးဘဲ ဗန်းမော်တိုက်ပွဲတွင် စစ်တိုက်ခိုင်းကြောင်း ဗန်းမော်တိုက်ပွဲအတွင်း အလင်းဝင်လာတဲ့ အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ကြပ် ဇော်မင်းနိုင် ၊ တပ်ကြပ် အောင်အောင်နှင့် တပ်ကြပ် သန်းဇော်တို့၏ ပြောဆိုချက်များကို မတ်လ ၂၄ ရက်နေ့တွင် ဗမာ့တပ်တော်က ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်တပ်မှ ရှေ့တန်းထွက်တဲ့ တပ်သားများကို စစ်ဆင်ရေး နေ့တွက်စရိတ်အဖြစ် တစ်ရက်ကို ၁၂၀၀ ကျပ် ပေးပြီး ရှေ့တန်းစခန်းများတွင် နေထိုင်စဉ် ငွေကျပ် ၁၂၀၀၀၀ ပေးသော်လည်း တပ်ရင်းမှူးများက ကြားဖြတ် ယူဆောင်ထားတယ်လို့ ပြောဆိုထားပါတယ်။
တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြင့်ထွေးကို ရှေ့တန်း ရောက်နေသော တပ်သားများက မြင်ဖူးခြင်းမရှိကြောင်း၊ တပ်ခွဲမှူး ဗိုလ်မှူး ထိန်လင်းဦးသည်လည်း ကိုယ်ကျိုးရှာ အတ္တသမားဖြစ်ကြောင်း၊ အောက်ခြေ စစ်သည်များကို အထက်က ထောက်ပံ့သည်များကိုလည်း လာရောက်ပေးဆောင်ခြင်းမရှိဘဲ ကိုယ်ကျိုးအတွက်သာ အသုံးပြုကြောင်း ထုတ်ဖော်ထားပါတယ်။
========================
🚩🚩 ၉။ မိုးဗြဲ ခမရ (၅၀၈) တပ်မှ တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာ
မတ်လ ၂၄ ရက်၊
Radio NUG
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ မိုးဗြဲ အခြေစိုက် ခမရ (၅၀၈) တပ်ရင်းမှ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာတယ်လို့ အမှတ် (၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၃ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲ တိုက်ပွဲတွင် အဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း သင်တန်းဆင်း စစ်ကောင်စီ တပ်သားတစ်ဦးဟာ MA1 သေနတ် တစ်လက်၊ ကျည်ဘောက် ၅ ခု၊ အီနာဂါ ဗုံးသီး ၃ လုံး၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ကျည်ဆန်တချို့ ယူဆောင်လာခဲ့ပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲထံကို အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
မိုးဗြဲတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံး များပြားလျက်ရှိတယ်လို့ အဆိုပါ အလင်းဝင် တပ်သားက ပြောပါတယ်။
လက်နက်နှင့်တကွ အလင်းဝင်လာတဲ့ တပ်သားကို ဆုကြေးငွေများ ပေးအပ်ခဲ့ကာ ဘေးကင်းလုံခြုံတဲ့ ထိန်းသိမ်းရေးဌာနကို လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အလင်းဝင်ရောက်လိုတဲ့ စစ်ကောင်စီ တပ်သားများကို အစဉ်အမြဲ ကြိုဆိုလျက်ရှိပြီး တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲဒေသတွင် စစ်ရေးလိုအပ်ချက်များစွာရှိနေတာကြောင့် တော်လှန်ပြည်သူများအနေဖြင့် တပ်နိုင်သမျှ ထောက်ပို့ကူညီပေးကြဖို့ကို အမှတ် (၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က အကူအညီ တောင်းခံထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment