၂၀၂၅ မတ်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြေပြင်မှာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင်မရောက်နိုင်တဲ့အထိ စိုးမိုးနယ်မြေတွေ ကျယ်ဝန်းလာပြီး ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ တော်လှန်ရေးမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာ ဘော်ကြော့ဖြစ်လို့ မရသလို၊ ဝေ့ဝိုက်နေလို့လည်း မရကြောင်း ယာယီသမ္မတ ပြောကြား
📌 ၂။ "စစ်ကောင်စီ ကြိုးပမ်းနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ" စကားဝိုင်း ဆွေးနွေးမည်
📌 ၃။ မတ်လအတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့
📌 ၄။ ထောက်ပို့တော်လှန်သင်္ကြန်နှင့် ရန်ပုံငွေစျေးရောင်းပွဲတော် အမေရိကန်နယူးယောက်မှာ ကျင်းပမယ်
========================
၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ (၃၆) နှစ်ကြာ တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းအား K.N.L.A မှ သိမ်းပိုက်
🚩 ၂။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ
🚩 ၃။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် သံဃာ တပါး အပါအဝင် (၄) ဦး ဒဏ်ရာရ
🚩 ၄။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံး
🚩 ၅။ မြိုင်နှင့် ပေါက် မြို့နယ်အစပ်ရှိ နယ်သတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် ဗုံးကြဲ
🚩 ၆။ စလင်းမြို့နယ် ရွှေစံရာစေတီဝန်းအတွင်းရှိ ဓမ္မာရုံများကို စကစမှ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၍ ဓမ္မာရုံအတွင်း ဆွမ်းဘုဉ်းပေးနေသော သံဃာ တစ်ပါး ပျံလွန်တော်မူ
🚩 ၇။ နန်းမယ်ခုံမြို့နယ်အတွင်း အမျိုးသမီး (၁) ဦး မိုင်းနင်းမိရာ ခြေထောက် တစ်ဘက် ဆုံးရှုံး
🚩 ၈။ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံး
🚩 ၉။ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့်တိုက်ခိုက်
🚩 ၁၀။ ကနီမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ကို Fix wings ဒရုန်းများဖြင့် (၃) ရက်ဆက် တိုက်ခိုက်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြေပြင်မှာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင်မရောက်နိုင်တဲ့အထိ စိုးမိုးနယ်မြေတွေ ကျယ်ဝန်းလာပြီး ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ တော်လှန်ရေးမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာ ဘော်ကြော့ဖြစ်လို့ မရသလို၊ ဝေ့ဝိုက်နေလို့လည်း မရကြောင်း ယာယီသမ္မတ ပြောကြား
မတ်လ (၂၆) ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေရဲ့ လက်ရှိအချိန် မြေပြင်စိုးမိုးနိုင်မှုနှင့် ပတ်သက်၍ အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ကျွန်တော်တို့ စုဖွဲ့မှု အားကောင်းလာလေလေ ကျွန်တော်တို့ NUG အပေါ် အားတက်ယုံကြည်မှုတွေ ပိုမိုတိုးလာမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြေပြင်မှာ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားနိုင်မှုတွေဟာ သုံး၊ လေး၊ ငါးရက် ခရီးသွားရင်တောင် ကုန်အောင်မရောက်နိုင်တဲ့အထိ နယ်မြေတွေ ကျယ်ဝန်းလာပြီဖြစ်ပါတယ်။ လက်တွေ့မြေပြင်မှာလည်း ရန်သူက တိုးမပေါက်နိုင်လောက်အောင် ခုခံကာကွယ်နိုင်တဲ့အထိ အခြေအနေတွေ ကောင်းမွန်လာပြီ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ မူလအင်အားဟာ “ပြည်တွင်းမှာပဲ” ရှိတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်မှာ မြေပြင်ပေါ် လက်တွေ့ အင်အားတွေ တည်ဆောက်နိုင် ခြင်းဟာ အဓိက အခရာဆိုတာ မေ့ထားလို့ မရပါဘူး။ လူထုယုံကြည်မှုကို လက်တွေ့မြေပြင်မှာ အခြေခံခိုင်မာအောင် တည်ဆောက်ရေးဆိုတာ တော်လှန်ရေးမူ ဖြစ်ပါတယ်။" လို့ ပြောကြားခဲ့တာပါ။
အလားတူ ယာယီသမ္မတက "ပြည်သူလူထုရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ တော်လှန်ရေးမှာ ဦးဆောင်ဦးရွက်ပြုသူတွေဟာ ဘော်ကြော့ ဖြစ်လို့ မရသလို၊ ဝေ့ဝိုက်နေလို့လည်း မရဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ အပင်ပန်းခံရဲရမယ်၊ အဆင်းရဲခံနိုင်ရမယ်၊ ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာဟာ ကျဉ်းထဲကျပ်ထဲမှာ ထုသားပေသား ကျအောင်၊ မာကြောနေရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော်ကြာ အမြစ်တွယ် နေတဲ့ စစ်အာဏာရှင်စနစ်တစ်ခုလုံးကို ချေမှုန်းသုတ်သင်နိုင်ဖို့ ဆိုတာမှာ၊ တော်ရုံ ဇွဲသတ္တိနဲ့ မရသလို၊ တော်ရုံ အားထုတ်မှုမျိုးနဲ့လည်း မရနိုင်ကြောင်း လေးနက်စွာ ပြောကြားလိုတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးနဲ့ အခြားဝန်ကြီးတွေဟာ မြေပြင်မှာ နှစ်ကာလအားဖြင့် ကြာမြင့်စွာ နေထိုင်ပြီး လူထုနဲ့ တစ်သားတည်း ဦးဆောင်နေတာကိုတွေ့မြင်နေရပြီး အဲဒီအတွက် လေးစားဂုဏ်ယူတယ်လို့လည်း ယာယီသမ္မတက ထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ "စစ်ကောင်စီ ကြိုးပမ်းနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ" စကားဝိုင်း ဆွေးနွေးမည်
"စစ်ကောင်စီ ကြိုးပမ်းနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ" စကားဝိုင်းကို မတ်လ (၂၇)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆း၀၀) နာရီအချိန်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။
စစ်ကောင်စီက ကြိုးပမ်းနေသည့် တရားမဝင် ငြိမ်းချမ်းရေးစကားဝိုင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ၊ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများနှင့်အတူ အရှိန်အဟုန်မြှင့်တင်ကာ ဆန့်ကျင်တော်လှန်သွားမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးမည့် စကားသံများအား တိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် (အမျိုးသားညီညွတ်ရေးအစိုးရ၊ Joint Working Committee for Anti-Illegal Sham Election)၊ ဒေါ်ချောစုစံ - အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) JCC - Strategy, NUCC၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ, PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း (NUCC ကောင်စီဝင် Joint Working Committee for Anti-Illegal Sham Election)နှင့် Moderator အဖြစ် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သူ မခိုင်သဉ္ဇာအေး @ ဖောင်ရိုး (မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA) တို့က ပါဝင်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ မတ်လအတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ မတ်လ (၁) ရက်နေ့မှ (၂၆) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၁၇) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ သေဆုံးသူများအနက် မကွေးတိုင်းမှာ (၁၆) ဦးဖြင့် အများဆုံးသေဆုံးခဲ့ပြီး ပဲခူးတိုင်းမှာ (၅) ဦးဖြင့် ဒုတိယ အများဆုံး သေဆုံးခဲ့ပါတယ်။
မတ်လ (၂၂) ရက်နေ့၊ ညနေ (၄) နာရီဝန်းကျင်တွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကံကလေးကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဒရုန်းဖြင့် ထန်းကုန်းကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ ကွမ်းယာဆိုင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ငါးဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးခန်းသို့ ပို့ဆောင်၍ ဆေးဝါးကုသနေစဉ် ကိုစန်းလင်းအောင်မှာ ရရှိခဲ့သော ဒဏ်ရာပြင်းထန်သဖြင့် ထိုနေ့ ညနေ (၆) နာရီဝန်းကျင်အချိန်တွင် သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ထောက်ပို့တော်လှန်သင်္ကြန်နှင့် ရန်ပုံငွေစျေးရောင်းပွဲတော် အမေရိကန်နယူးယောက်မှာ ကျင်းပမယ်
ထောက်ပို့တော်လှန်သင်္ကြန်နှင့် ရန်ပုံငွေစျေးရောင်းပွဲတော် အမေရိကန်နယူးယောက်မှာ ကျင်းပမယ့်အကြောင်းနှင့် ပတ်သက်၍ NYCBC က အခုလို အသိပေးကြေညာပါတယ်။
"မြန်မာ့ရိုးရာအတာသင်္ကြန်ဆိုတာ မင်္ဂလာယူတဲ့အချိန်အခါတစ်ခုဆိုပေမဲ့ မြန်မာနိုင်ငံမှာတော့ မျက်ရည်တွေ၊ သွေး၊ ချွေးတွေနဲ့လွှမ်းနေတဲ့ အတာသင်္ကြန်ကို ဖြတ်သန်းနေရတာ (၄) နှစ် ရှိသွားပါပြီ။ ပြည်တွင်းက ပြည်သူတွေက ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသလို ပြည်ပက ညီအစ်ကိုမောင်နှမတွေကလည်း နိုင်ရာဝန်ကို ထမ်းရင်း ဒီခရီးရှည်ကို အတူတူ လျှောက်လှမ်းနေကြပါတယ်။ နယူးယောက်မှာလည်း အပျော်နွှဲတာမဟုတ်တဲ့ ထောက်ပို့တော်လှန်သင်္ကြန်နှင့် ရန်ပုံငွေစျေးရောင်းပွဲတော်ကို ဧပြီလ (၂၆) ရက်နေ့မှာ Elmhurst က St. James Church မှာ ကျင်းပဖို့ရှိပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်သင်္ကြန်ပွဲမှာ စျေးရောင်းပေးမယ့် vendor တွေ၊ ကူညီလုပ်အားပေးမယ့် စေတနာ့ဝန်ထမ်းတွေကိုလည်း ဖိတ်ခေါ်ထားပြီး ဒီပွဲမှာ မြန်မာ့ရိုးရာအစားအစာနဲ့ မုန့်တွေ၊ လက်ဝတ်ရတနာတွေ၊ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ၊ နွေဦးတော်လှန်ရေး တီရှပ်တွေ၊ အိတ်တွေကို ရောင်းချဖို့ ရှိတယ်လို့လည်း သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ (၃၆) နှစ်ကြာ တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းအား K.N.L.A မှ သိမ်းပိုက်
ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နှင့် တပ်ရင်း (၂၄) တို့မှ ပူးပေါင်းသိမ်းပိုက်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို မတ်လ (၂၂) ရက်နေ့မှ စတင်ကာ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှလည်း မတ်လ (၂၄) ရက်နေ့တွင် ဂျက်ဖိုက်တာ (၂) စင်းဖြင့် ပေါင် (၅၀၀) ဗုံး (၄) လုံး၊ Y-12 ဖြင့် ဗုံး (၃၆) လုံး ခန့် ပြန်လည်ကြဲချ တိုက်ခိုက်ခဲ့ကာ မတ်လ (၂၅) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းအတွင်းရှိ စစ်ကောင်စီ တပ်သားများမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများအား မီးရှို့ဖျက်ဆီးပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းသည် (၁၉၈၉) ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့တွင် ထိုင်း−မြန်မာ နယ်စပ်ဒေသထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့တဲ့ စခန်းတစ်ခုဖြစ်ကာ ၎င်းစခန်း စတင်တည်ဆောက်သည့် အချိန်မှစပြီး ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် အကန့်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူလူထုများ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု၏ လိုလားချက်နှင့်အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ခဲ့ပြီး ခလယ်ဒေးစခန်းအား ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သား (၂) ဦး၏ အလောင်းအား တွေ့ရှိခဲ့ရကာ စခန်းအတွင်းမှ ပွိုင့် (၅) တစ်လက်၊ ပွိုင့် (၅) ပြောင်း (၂) ချောင်း၊ (၆၀) မမ အရှည် (၁) လက်၊ (၆၀) မမ အတို (၁) လက်၊ RPG-7 (၁) လက်၊ MA-2 (၃) လက်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ (၁၆) နင်းမိုင်း (၂) လုံး၊ (၆၀) မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁၀) လုံး၊ (၈၁) မမ ကျည် (၂) လုံး၊ (၄၀) မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ (၇.၆၂) ကျည် (၂) သောင်း၊ (၅.၅၆) ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံးနှင့် ဆိုလာ (၄) ချပ် တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပင်လုံခန်းမကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ
မတ်လ (၂၆) ရက် မနက် (၅း၁) နာရီတွင် မြောက်ဒဂုံမြို့နယ် (၄၃) ရပ်ကွက် မင်းရဲကျော်စွာလမ်းမပေါ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပင်လုံခန်းမကို Dark Shadow တပ်ဖွဲ့မှ အဝေးထိန်းမိုင်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် စေလွှတ်ခံရပြီး လုပ်ငန်းခွင်သို့ ရောက်ရှိခြင်းမရှိဘဲ ဒုက္ခရောက်နေတဲ့ ထိုင်းနိုင်ငံရောက် MOU အလုပ်သမားပြည်သူများ၏ တိုင်ကြားမှုကြောင့် အခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အလုပ်သမားသင်တန်းကျောင်း ပင်လုံခန်းမသည် MOU စနစ်ကို ခုတုံးလုပ်ပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများထံမှ သင်တန်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ကို ဖိအားပေး၍ အလုပ်သမားများထံမှ ငွေကြေးတောင်းယူခိုင်းယူခြင်း၊ OWIC ကတ်ပြုလုပ်ပေးရာတွင် သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းယူခြင်း၊ MOEAA အသင်း (ထိုင်း) ခေါင်းဆောင် ဗိုလ်မှူးအောင်နိုင်သူမှ အကြောင်းအမျိုးမျိုးပြ၍ ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများထံမှ အတင်းအကြပ်ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်ကာ စစ်ကောင်စီများနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို မတရားသဖြင့် အနိုင်ကျင့်နေသည့် နေရာဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် သံဃာ တပါး အပါအဝင် (၄) ဦး ဒဏ်ရာရ
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် သံဃာ တပါး အပါအဝင် (၄) ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မတ်လ (၂၅) ရက်နေ့မှာ စစ်ကောင်စီတပ်များက စဉ့်အိုးလှကျေးရွာကနေ ဒရုန်းဖြင့် တလှိုင်းခင် ကျေးရွာ ထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နံဇကျေးရွာမှ စစ်ဘေးရှောင် လာရောက်နေထိုင်ကြတဲ့ အသက် (၉) နှစ် နဲ့ (၁) နှစ်အရွယ် ကလေးငယ် နှစ်ဦးနဲ့ အမျိုးသမီး တဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် မနက် (၉) နာရီ (၃၅) မိနစ် အချိန်မှာ ထီးညာပယ်ကလိုး ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် မီးလောင်ဗုံး (၃) လုံး ကျဲချခဲ့ရာ အိမ်နဲ့ ဈေးဆိုင်တန်းများ မီးလောင်ပျက်စီးခဲ့ရပြီး နေ့လည် (၁၂း၂၀) နာရီအချိန်မှာလည်း သောင်ပုကျေးရွာဘေးကို စစ်ကောင်စီက ဟော်လီဂန်းများနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မတ်လ (၂၄) ရက်နေ့ ညနေ (၃း၄၅) နာရီမှာလည်း အင်တိုင်းကုန်းနဲ့ လိန်ပင် ကျေးရွာကြားကို လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ သံဃာတော် တပါး ညာလက်ပြတ်ထွက် ဒဏ်ရာရခဲ့ပါတယ်။
ထို့အပြင် ညနေ (၃း၂၀) နာရီခန့်မှာ စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်ရင်းက အနောက်ကျောက်စရစ် ကျေးရွာထဲကို (၁၂၀) မမ (၁) လုံး ပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံး
ကရင့်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မတ်လ (၁၃) ရက်နေ့ နေ့လယ် (၁၂း၁၀) နာရီမှာ ဆောထိမြို့နယ်၊ အညာစုကျေးရွာကို ဆင်ရွာဂိတ်ရှိ ခလရ - ၃၅၀ စစ်ကောင်စီတပ်က (၈၁ - မမ) လက်နက်ကြီး (၂) လုံး ပစ်ခတ်ခဲ့ရာ အသက် (၄၅) နှစ်အရွယ်ရှိ အမျိုးသမီး တဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လယ်ဒိုမြို့နယ်၊ ကညင်ကျွန်း ကျေးရွာအတွင်းကိုလည်း မတ်လ (၁၉) ရက်နေ့ ည (၁၁း၄၀) နာရီတွင် စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မတ်လ (၂၄) ရက် နေ့လည် (၁၁) နာရီမှာလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ မိုင်းများကို နင်းမိခဲ့တာကြောင့် မူးမြို့နယ်၊ အုန်းသျှစ်ခင် ကျေးရွာက အသက် (၁၄) နှစ်နဲ့ (၉) နှစ် အရွယ်ရှိ ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မြိုင်နှင့် ပေါက် မြို့နယ်အစပ်ရှိ နယ်သတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် (၂) ကြိမ် ဗုံးကြဲ
မြိုင်နှင့် ပေါက်မြို့နယ် အစပ်ရှိ နယ်သတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် မတ်လ (၂၆) ရက်နေ့ နံနက် (၁၁း၃၅) နာရီခန့်တွင် တစ်ကြိမ်၊ (၁၁း၄၂) နာရီတွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်မှ သတင်းဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူများ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
မတ်လ (၂၄) ရက်ကလည်း နယ်သတ်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ပြည်သူ (၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၆။ စလင်းမြို့နယ် ရွှေစံရာစေတီဝန်းအတွင်းရှိ ဓမ္မာရုံများကို စကစမှ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်၍ ဓမ္မာရုံအတွင်း ဆွမ်းဘုဉ်းပေးနေသော သံဃာ တစ်ပါး ပျံလွန်တော်မူ
စလင်းမြို့နယ် ငါးသန်ခေါင်းကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာအနီးရှိ ရွှေစံရာ စေတီဝန်းအတွင်းရှိဓမ္မာရုံများကို စကစမှ မတ်လ (၂၄) ရက်နေ့ နံနက် (၁၀:၅၀) အချိန်တွင် မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ (၂) စီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စလင်း ပအဖက အတည်ပြုထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဓမ္မာရုံအတွင်း ဆွမ်းဘုဉ်းပေးနေသော ဦးဇင်းကြီး ထွန်းမောင် သက်တော် (၇၆) နှစ်သည် ပြင်းထန်သော ဒါဏ်ရာများရရှိ၍ ပျံလွန်တော်မူခဲ့ပြီး ဆွမ်းကွမ်းဝေယျာဝစ္စကူညီဆောင်ရွက်ပေးသူ လူငယ် (၂) ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၇။ နန်းမယ်ခုံမြို့နယ်အတွင်း အမျိုးသမီး (၁) ဦး မိုင်းနင်းမိရာ ခြေထောက် တစ်ဘက် ဆုံးရှုံး
မတ်လ (၂၆) ရက်နေ့ နံနက် (၉) နာရီအချိန်ခန့်တွင် ကရင်နီပြည်နယ် ၊ နန်းမယ်ခုံမြို့နယ် နန်းစံခမ်းကျေးရွာအနီးတွင် ဒေါပေါ်ကူး ကျေးရွာနေ အသက် (၄၀) ဝန်းကျင်အရွယ် ဒေါ်မူလုံးသည် မိသားစုစားဝတ်နေရေးအတွက် ကြက်သွန်လိုက်ကောက်ရာမှ မိုင်းနင်းမိ၍ ညာဘက်ခြေထောက် ဆုံးရှုံးသွားခဲ့ကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဆိုပါ အမျိုးသမီးသည် မုဆိုးမတစ်ဦးဖြစ်ပြီး ကလေးငယ် တစ်ဦးနှင့် မိသားစုစားဝတ်နေရေး ဦးဆောင်ဖြေရှင်းနေသူ ဖြစ်တာကြောင့် အရေးပေါ် အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံး
မတ်လ (၂၅) ရက် နံနက် (၉:၂၀) နာရီမှ (၁၂:၃၅) နာရီအထိ ရွှေဘိုမြို့နယ် ရွှေဘို-ရေဦးလမ်း၊ ကျွန်းခြံအတွင်းနှင့် ဥသျှစ်ကန်သုဿန်သို့ ရောက်ရှိလာတဲ့ ပန်းရံ၊ ခွန်တောင်းကြီး၊ ဇီးကုန်းလေးနှင့် ဇီးဖြူကုန်းရွာတို့မှ စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဗုံးသီးများ ချခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ထို့သို့ တိုက်ခိုက်မှုကြောင့် ဥသျှစ်ကန် သုဿန်အတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်လာပြီး မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်သား (၅) ဦး လမ်းပေါ်တွင် လဲကျသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် ရွှေဘိုမြို့ မေဂွန်ရွာ ပျူစောထီးများမှ ကား (၂) စီးဖြင့် ကျွန်းခြံသို့ အကူရောက်လာသလို ရွှေဘိုမြို့ ခလရ - ၄၂ တပ်၊ ရွှေဘိုမြို့ ကညနရုံး၊ ရွှေဘိုကန်တော်တို့မှ (၁၂၂) လက်နက်ကြီးများဖြင့်လည်း အဆက်မပျက် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အများပြား ထိခိုက်သေဆုံးခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းတစ်ချို့ကိုလည်း သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖတာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ကာ ရွှေဘိုမြို့နယ်ပကဖ Federal Tech Shwebo-Drone တပ်ဖွဲ့နှင့် တိုက်နယ် - ၅ (ပကဖ) အဖွဲ့၊ တိုက်နယ် - ၁ (ပကဖ) တိုက်နယ် - ၂ (ပကဖ) တို့ မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၉။ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့်တိုက်ခိုက်
ကရင်ပြည်နယ်မှာ အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကောင်စီတပ်သားများ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Justice Soldier PDF က ထုတ်ပြန်ထားပါတယ်။
မတ်လ (၂၅) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်သားများ နေရာယူတပ်စွဲထားတဲ့ သဲပုံစေတီ၊ တောနော်၊ ရွှေကြက်မင်း၊ နိုနိုပွိုင့် နဲ့ သီလရှင်ကျောင်း နေရာများကို ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်သား (၅) ဦး ထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနဲ့လည်း ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေတာကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းရာအရပ်တွင် ရွေ့ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၁၀။ ကနီမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ကို Fix wings ဒရုန်းများဖြင့် (၃) ရက်ဆက် တိုက်ခိုက်ခဲ့
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ကို Fix wings ဒရုန်းများဖြင့် (၃) ရက်ဆက် တိုက်ခိုက်ခဲ့ရာ (၁) ဦးသေ၊ (၅) ဦး ဒဏ်ရာရခဲ့တယ်လို့ KLG - PDF ကျောက်လုံးကြီးက ထုတ်ပြန်ထားပါတယ်။
မတ်လ (၂၃) ရက်နေ့ နေ့လည် (၁၂) နာရီမှာ ကနီမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဟာ နတ်ကြီးရွာရေဆိပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကောင်စီ တပ်ဖွဲ့ကို ဗျူဟာ (၄၅) KLG-PDF က Fixwings ဒရုန်း (၂) စီးဖြင့် ဗုံးသီး (၇) လုံး တန်ပြန် ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃) ဦး ဒဏ်ရာရခဲ့သလို Fixwings ဒရုန်းတစီးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ မတ်လ (၂၄) ရက် နေ့လည် (၁၂) နာရီမှာ ကနီမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာများကို Yellow CatA2 UAV Drone ဖြင့် ပတ်ဝဲ ကင်းထောက်မှုများ ဆောင်ရွက်ခဲ့ပါတယ်။
ထို့နောက် ဗျူဟာ (၄၅) KLG - PDF က ကနီမြို့ပေါ်ကို Fixwings ဒရုန်း (၂) စီး အသုံးပြုပြီး ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။
မတ်လ (၂၅) ရက် နေ့လည် (၁) နာရီ အချိန်မှာလည်း ကနီမြို့ အရှေ့တောင်ခြမ်းက ကျေးရွာများကို UAVs ဒရုန်းဖြင့် ပတ်ဝဲကင်းထောက်မှုများ လုပ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကနီမြို့ပေါ်ကို ဗျူဟာ (၄၅) KLG - PDF ဒရုန်းအဖွဲ့ နှင့်အတူ Chindwin Rocket Brothers - CRB ၊ချိုမိုင်မိုင် - ကနီနယ်၊ နယ်မြေခံ ပကဖများ ပူးပေါင်းပြီး Fix wings ဒရုန်းများ (၂) စီး ဗုံးသီး (၄) လုံး၊ Rocket (၇) လုံးဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုကြောင့် ဗိုလ်မှူး နေအိမ်၊ ရဲစခန်း ဝန်ထမ်းအိမ်ယာ၊ ထွေအုပ်ရုံး၊ စာရင်းစစ်ရုံးတို့ ပျက်စီးထိခိုက်မှုများရှိခဲ့ပြီး ရဲမေ နှစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီရဲ့ ကနီ မြို့စောင့်တပ်က မြို့မြောက်ဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မြို့ပေါ် ရပ်ကွက် (၂) က ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment