၂၀၂၅ မတ်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကို စတင်
📌 ၂။ မြေငလျင်လှုပ်ခတ်မှုပြည်သူတွေနဲ့ထပ်တူ အလွန်စိတ်မကောင်းဖြစ်မိပြီး လူသားစာနာ အကူအညီတွေ၊ပြည်သူကိုကာကွယ်စောင့်ရှောက်တဲ့အကူအညီတွေအတွက်စတင်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအသိပေးပြော
📌 ၃။ ငလျင်ဒဏ်ကြောင့်ပြိုကျတဲ့တောင်ငူ ကန်တော်ဗလီတွင် သေဆုံးသူ ၁၄ဦးရှိ
📌 ၄။ ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးမှ ရန်ပုံငွေအစီအစဉ်ပြင်ဆင် ထားရှိပြီးငလျင်ဘေးဒဏ်အတွက် ပြည်သူမှ ပြည်သူသို့ အထူး အစီအစဥ်တွင်ပါဝင်နိုင်
📌 ၅။ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က မြန်မာနိုင်ငံအတွင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကို စတင်
မတ်လ၂၈ရက်
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကို စတင်နေပြီလို့ အသိပေးထုတ်ပြန်ပါတယ်။
အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်သည့် အရေးပေါ်ထုတ်ပြန်ကြေညာချက်ကိုမတ်လ၂၈ရက်အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင် (ငလျင် အတန်းအစားအရ - ငလျင်ကြီး Major Earthquake) လှုပ်ခတ်ခဲ့ပါတယ်။
အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာ တွင်ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ဇောက်တိမ် အမျိုးအစားငလျင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာ နှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများရှိခဲ့တယ်လို့ဖော်ပြပါတယ်။
အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် အနီးတဝိုက်မြို့များတွင် သာသနိက အဆောက်အဦ၊ အမွေအနှစ် အဆောက်အဦ များအပါအဝင် အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ မြေပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်လှုပ်ခတ်ပြီးပြီးချင်း အရေးပေါ် အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းစဉ်များကို စတင်သက်ဝင်စေပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လိုအပ်သော လုပ်ငန်းဆောင်တာများကို ဌာနအလိုက် အလျင်အမြန် လုပ်ဆောင်ကြရန် စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအချိန်တွင် ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ပျက်စီးဆုံးရှုံးမှုများ စာရင်းကို ကောက်ယူစုဆောင်းခြင်း၊ မိမိတို့၏ စိုးမိုးထိမ်းချုပ် နယ်မြေများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ဆောက်လက်စအဆောက်အဦ ပြိုကျပျက်စီးကာ မြန်မာအလုပ်သမားများအပါအဝင် ဆောက်လုပ်ရေးလုပ်သားများ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရကြသည်ဟု ကြားသိရ၍လည်း များစွာ စိတ်ထိခိုက်ရကြောင်းဖော်ပြပါတယ်။
========================
📌📌 ၂။ မြေငလျင်လှုပ်ခတ်မှုပြည်သူတွေနဲ့ထပ်တူ အလွန်စိတ်မကောင်းဖြစ်မိပြီး လူသားစာနာ အကူအညီတွေ၊ပြည်သူကိုကာကွယ်စောင့်ရှောက်တဲ့အကူအညီတွေအတွက်စတင်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအသိပေးပြော
မတ်လ၂၈ရက်
မြေငလျင်လှုပ်ခတ်မှုပြည်သူတွေနဲ့ထပ်တူ အလွန်စိတ်မကောင်းဖြစ်မိပြီး လူသားစာနာ အကူအညီတွေ၊ပြည်သူကိုကာကွယ်စောင့်ရှောက်တဲ့အကူအညီတွေအတွက်စတင်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအသိပေးပြောပါတယ်။
အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်တားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြည်သူသို့ပြောကြားရာမှာ ပြောပါတယ်။
"ကနဦး သတင်းအချက်အလက်တွေအရ မန္တလေး၊စစ်ကိုင်း၊နေပြည်တော်၊ပဲခူးနဲ့ရှမ်းပြည်တို့မှာ အဆောက်အဦတွေထိခိုက်တာတင်မကဘဲနဲ့ပြည်သူတွေ သေကြေပျက်စီးတာလည်းကြားသိရပါတယ်။ကျနော်တို့ပြည်သူတွေဟာလူ့ကြောင့်ဖြစ်ရတဲ့ဘေးကအမျိုးမျိုးခံစားနေရတဲ့အပြင်သဘာဝဘေး ကြီးကြီးမားမားခံစားရတဲ့အတွက်ကြောင့် ပြည်သူတွေနဲ့ထပ်တူ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ထပ်တူလည်းခံစားမိပါတယ်။ကျနော်တို့NUGအနေနဲ့ပြည်သူတွေအတွက် နံပါတ်တစ်အနေနဲ့မြေပြင်မှာလှုပ်ရှားဆောင်ရွက်ရတာဖြစ်ပါတယ်။လူသားစာနာ အကူအညီတွေ၊ပြည်သူကိုကာကွယ်စောင့်ရှောက်တဲ့အကူအညီတွေ ဆိုရင်တော့ကျနော်တို့မှာ မြေပြင်မှာလက်တွေ့ဖွဲ့စည်းထားပြီးတော့
ကွန်ရက်တွေနဲ့တည်ဆောက်ထားရတာဖြစ်ပါတယ်။အခုလိုမျိုးဘေးဒဏ်ကျရောက်တဲ့အခါမှာ ပြန်ပြီးတော့ချိတ်ဆက်တာတွေ၊တိုက်တွန်းတာတွေ၊လက်တွေ့အကောင်အထည်ဖော်တာတွေ၊ဒါတွေကိုဆောင်ရွက်ရပါတယ်။ နဂိုကရှိပြီးဖြစ်တဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့၊ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီဖြစ်တဲ့ဒီကော်မတီကို
ငလျင်ဖြစ်ပွားပြီး လေးနာရီအတွင်းမှာအကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့ပြည်သူတွေအတွက်ကို
ညှိနှိုင်းကြိုးစားဆောင်ရွက်ဖို့စီစဥ်နေပြီဆိုတာကိုအသိပေးလိုပါတယ်"လို့ပြောပါတယ်။
မြေပြင်တွင်ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုကိုအချက်အလက်ကောက်ယူနေပြီးနောက်ဆက်တွဲ ငလျင်နဲ့ပတ်သတ်၍အသိပညာပေးမှုများလည်းလုပ်ဆောင်နေတယ်လို့ဝန်ကြီးကပြောပါတယ်။
========================
📌📌 ၃။ ငလျင်ဒဏ်ကြောင့်ပြိုကျတဲ့တောင်ငူ ကန်တော်ဗလီတွင် သေဆုံးသူ ၁၄ဦးရှိ
မတ်လ၂၈ရက်
ငလျင်ဒဏ်ကြောင့်ပြိုကျတဲ့တောင်ငူ ကန်တော်ဗလီတွင် သေဆုံးသူ ၁၄ဦးရှိတယ်လို့သတင်းရရှိပါတယ်။
မတ်လ၂၈ရက်သောကြာနေ့မွန်းလွဲပိုင်းဗလီမှာ ဝတ်ပြုနေစဥ် ငလျင်လှုပ်ခတ်ချိန်နဲ့တိုက်ဆိုင်ကာသေဆုံးမှု ဖြစ်ပွားခဲ့တာလို့ဒေသ သတင်းအရင်းအမြစ်များကဆိုထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ဗဟိုပြု၍အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်းသော ငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင်း လူသေဆုံးမှုများရှိခဲ့ပါတယ်။
လတ်တလောမှာနေအိမ်အဆောက်အဦများပြိုကျ၍အရေးပေါ်ကယ်ဆယ်ရေးနဲ့ထောက်ပံ့ကူညီမှုများလိုအပ်လျက်ရှိပါတယ်။
========================
📌📌 ၄။ ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးမှ ရန်ပုံငွေအစီအစဉ်ပြင်ဆင် ထားရှိပြီးငလျင်ဘေးဒဏ်အတွက် ပြည်သူမှ ပြည်သူသို့ အထူး အစီအစဥ်တွင်ပါဝင်နိုင်
မတ်လ၂၈ရက်
ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးမှ ရန်ပုံငွေအစီအစဉ်ပြင်ဆင် ထားရှိပြီးငလျင်ဘေးဒဏ်အတွက် ပြည်သူမှ ပြည်သူသို့ အထူး အစီအစဥ်တွင်ပါဝင်နိုင်တယ်လို့မတ်လ၂၈ရက်ထုတ်ပြန်ပါတယ်။
ငလျင်ဘေးဒဏ်အတွက် အရေးပေါ်လိုအပ်သည့် ဒေသများထံ တတ်အားသရွေ့ကူညီပေးနိုင်ရန် အတွက် ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးမှ ရန်ပုံငွေအစီအစဉ်ပြင်ဆင် ထားရှိတယ်လို့ဖော်ပြပါတယ်။
ရပ်ဝေးရောက်မြန်မာနိုင်ငံသားများ၊ တော်လှန်ပြည်သူများ ဝိုင်းဝန်းကူညီပေးနိုင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပြီးရန်ပုံငွေအစီအစဉ်တွင် ပါဝင်နိုင်ရန် ကိုယ်စားလှယ်ရုံးကဖော်ပြထားတဲ့လင့်ခ်မှတဆင့် ပြည်သူမှ ပြည်သူသို့ စာနာသည့် စိတ်စေတနာတို့ဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၅။ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က မြန်မာနိုင်ငံအတွင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ
မတ်လ၂၈ရက်
စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာနိုင်ငံတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။
မတ်လ၂၈ရက် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanကအသိပေးဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၌ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အသက်ဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စင်ကာပူအစိုးရအနေဖြင့် အထူးဝမ်းနည်းကြေကွဲမိကြောင်းနှင့် ထိခိုက်နစ်နာခဲ့ရသူများအား ဝမ်းနည်းကြောင်းနှင့် စာနာစိတ်ဖြင့် ပြောကြားခဲ့တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်စင်္ကာပူအစိုးရသည် အကူအညီများ တိုးချဲ့ပေးရန် အသင့်ရှိနေပြီးစင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာနိုင်ငံတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန်၊ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလူသားချင်းစာနာမှုအကူအညီဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment