၂၀၂၅ မတ်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ငလျင်ဘေးသင့်ပြည်သူလူထုဆီ အကူအညီများ ရာနှုန်းပြည့်ရောက်ရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ နိုင်ငံတကာက အကူအညီတွေ ထိခိုက်သွားတဲ့ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိဖို့ အရေးကြီးပြီး ဆက်သွယ်ရေးကိစ္စကို စွမ်းနိုင်သမျှဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြော
📌 ၃။ ”မြေငလျင် သဘာဝဘေး ၊ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်း၏ ရရှိထောက်ပံ့ငွေများထဲမှ ပထမအကြိမ်အဖြစ် ကျပ်သိန်း ၂၀၀၀ ကိုလွှဲပြောင်းပြီးစီး
📌 ၄။ အိုးဘို အကျဉ်းးထောင်နဲ့ ရမည်းသင်း အကျဉ်းထောင်တို့မှာ အဆောက်အုံ ပြိုကျပျက်စီးမှုရှိခဲ့
📌 ၅။ Phyu Phyu in London အဖွဲ့သားများနဲ့ UK က ပွဲကြည့်ပရိသတ်များကမြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သိန်းတထောင်ကူညီ
📌 ၆။ မြန်မာ ငလျင် ဘေးသင့်ပြည်သူများအတွက် တောင်ကိုရီးယားအစိုးရက ပထမအကြိမ်အဖြစ်ဒေါ်လာ၂သန်းကူညီမည်
📌 ၇။ တတိယမြောက် ချားလ်စ်ဘုရင်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်း မြေငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထုတ်ပြန်
========================
၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကိုနှစ်ပတ်ကြာရပ်နားထားမည်ဖြစ်ကြောင်းNUGကြေညာ
🚩 ၂။ စစ်ကိုင်းတိုင်းကNUGစိုးမိုးအုပ်ချုပ်နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် အရပ်သားလေးဆယ်ကျော်သေဆုံးပြီးပျောက်ဆုံးနေသူများလည်းရှိနေ
🚩 ၃။ ငလျင်ဘေးသင့် ဒေသများမှာ PDF, ပကဖ၊ ပအဖ နဲ့ ပလဖ အဖွဲ့များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်
🚩 ၄။ အင်းလေးက ကေလာရွာမှာအိမ်ခြေတထောင်ကျော်ရှိရာငလျင်ကြောင့်အိမ်ခြေရှစ်ရာကျော်ပြိုကျပျက်စီးပြီးလူလေးဆယ်ကျော်သေဆုံး
🚩 ၅။ သိန်ခွန်း တိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ပို့ဆောင်တဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ငလျင်ဘေးသင့်ပြည်သူလူထုဆီ အကူအညီများ ရာနှုန်းပြည့်ရောက်ရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးက ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ ယာယီသမ္မတပြောကြား
မတ်လ၂၉ရက်
မတ်လ၂၉ရက်တွင် “ငလျင်ဘေးဒဏ်သင့် လူထုအတွက် စိတ်ထိခိုက် ဝမ်းနည်းကြောင်းနှင့် ဝိုင်းဝန်းကူညီရေး တိုက်တွန်းနှိုးဆော်ချက်” အဖြစ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်ပါတယ်။
"အခုဆိုရင် ကျနော်တို့ရဲ့ တိုင်းရင်သားလက်နက်ကိုင်မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေနဲ့လည်း လိုအပ်နေတဲ့လူထုအတွက် ကူညီလုပ်ဆောင်ပေးကြဖို့ ကျနော့်အနေနဲ့အနူးအညွတ်ပန်ကြားလိုပါတယ်။ ကျနော်တို့အားလုံးကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသမျှ ကျနော်တို့လူထုကိုဝိုင်းဝန်းကူညီရအောင်ပါ။နိုင်ငံတကာမိတ်ဆွေများ ၊ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းများအနေနဲ့လည်း အခုချက်ခြင်းကိုပဲ ကျနော်တို့ပြည်သူလူထုကိုကူညီကြဖို့အလေးအနက်တိုက်တွန်းပါတယ်။ဒါ့အပြင် ပေးလိုက်တဲ့အကူအညီတွေကိုလည်း လူကြားကောင်းရုံ၊လူမြင်ကောင်းရုံ၊နိုင်ငံရေးအရ အသုံးချခံရုံ သက်သက်ဖြစ်မသွားစေပဲ အမှန်တကာ်လိုအပ်နေသူတွေဆီ ရာနှုန်းပြည့်ရောက်ရှိသွားအောင် လုပ်ဆောင်ဖို့ အရေးကြီးလှတယ်လို့ သတိပေးလိုပါတယ်။ဒီလို လိုအပ်နေသူတွေဆီ ရာနှုန်းပြည့်ရောက်ရှိနိုင်ရေး ကျနော်တိူ့အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးကပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်ဆိုတာလည်း အသေအချာအသိပေးလိုပါတယ်။အချိန်မရွေးလာပါ။ကျနော်တို့အမြဲတံခါးဖွင့်ထားပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် မြေငလျင်ဒဏ်ကြားကပြည်သူလူထုကိုလေကြောင်းတိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်အုပ်စုအနေနဲ့လည်း ဘေးဒုက္ခရောက်နေတဲ့ပြည်သူအပေါ် မရပ်နားဘူးလားလို့ ယာယီသမ္မတကမေးခွန်းထုတ်ပြောကြားထားပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာက အကူအညီတွေ ထိခိုက်သွားတဲ့ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိဖို့ အရေးကြီးပြီး ဆက်သွယ်ရေးကိစ္စကို စွမ်းနိုင်သမျှဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြော
မတ်လ၂၉ရက်
နိုင်ငံတကာက အကူအညီတွေ ထိခိုက်သွားတဲ့ပြည်သူတွေဆီတိုက်ရိုက်ရောက်ရှိဖို့ အရေးကြီးပြီး ဆက်သွယ်ရေးကိစ္စကို စွမ်းနိုင်သမျှဆောင်ရွက်ပေးမယ်လို့ မတ်လ၂၉ရက်မှာ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်က ပြောကြားလိုက်ပါတယ်။
"မြန်မာပြည်ရဲ့ ငလျင်ဒါဏ်အတွက် နိုင်ငံတကာက အကူအညီတွေပေးမယ်ဆိုတော့ ထိခိုက်သွားတဲ့ပြည်သူတွေဆီတိုက်ရိုက်ရောက်ရှိဖို့ သိပ်ကိုအရေးကြီးပါတယ်။ နာဂစ်တုန်းကလို စစ်အုပ်စုဆီကတဆင့်ဖြတ်သွားတဲ့အခါ တကယ်ထိခိုက်နစ်နာသူတွေကိုပေးရမယ့်အစား စျေးကွက်ထဲ ချရောင်းနေတာတွေ တွေ့ခဲ့ရတယ်။ ခုတခါမှာတော့ တပူပေါ် နှစ်ပူဆင့် ဖြစ်နေရတဲ့ပြည်သူတွေအတွက် ထိရောက်တဲ့ကူညီမှုတွေဖြစ်လာစေချင်တယ်။ အဲဒီလိုဖြစ်နိုင်ဖို့ မြေပြင်ကလှုပ်ရှားသူတွေဆီကိုဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးကိစ္စကို စွမ်းနိုင်သမျှဆောင်ရွက်ပေးပါမယ်လို့ပြောချင်သလို Internet Service Provider တွေအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ဖိတ်ခေါ်လိုပါတယ်"လို့ဝန်ကြီးကပြောပါတယ်။
လက်ရှိမှာ မြန်မာပြည်ရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ နိုင်ငံတကာနဲ့UNအဖွဲ့အစည်းကအကူအညီများစတင်ပေးဖို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။
========================
📌📌 ၃။ ”မြေငလျင် သဘာဝဘေး ၊ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်း၏ ရရှိထောက်ပံ့ငွေများထဲမှ ပထမအကြိမ်အဖြစ် ကျပ်သိန်း ၂၀၀၀ ကိုလွှဲပြောင်းပြီးစီး
မတ်လ၂၉ရက်
"မြေငလျင် သဘာဝဘေး ၊ထောက်ပံ့စာနာ ကူညီပေး " ကမ်ပိန်း၏ ရရှိထောက်ပံ့ငွေများထဲမှ ပထမအကြိမ်အဖြစ် ကျပ်သိန်း ၂၀၀၀ ကိုလွှဲပြောင်းပြီးစီးခဲ့ပြီလို့ သတင်းရရှိပါတယ်။
"မြေငလျင် သဘာဝဘေး ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ လျင်မြန်စွာ ပြုလုပ်နိုင်ရန်အတွက် အောင်မြင်စွာလွှဲပြောင်းပေးလိုက်နိုင်ပြီဖြစ်တယ်"လို့ အသိပေးဖော်ပြပါတယ်။
ရရှိသမျှထောက်ပံ့ကူညီငွေများအားလုံးကို ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Ministry of Humanitarian Affairs and Disaster Management - NUG မှစီမံခန့်ခွဲကာ နှောင့်နှေးခြင်းမရှိပဲ ကူညီပေးသွားမှာဖြစ်တာကြောင့် Spring CrowdFund - နွေဦးလူထုရန်ပုံငွေ ( SCF ) မှာ ဧပြီလ ၁၁ ရက်နေ့အထိ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ ဆက်လက်လှူဒါန်းနိုင်တယ်လို့ ဆိုထားပါတယ်။
တဆက်တည်းမှာပဲ လူသားစာနာဝန်ကြီးဌာနအနေနဲ့ မတ်လ၂၉ ရက်နေ့ ညနေပိုင်းမှစတင်၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ မီးသတ်တာဝန်ခံမျာ၊ ပအဖများ၊ ပကဖများ၊ BSI စစ်ကိုင်းနှင့်ရပ်ရွာလူထုတို့ ပူးပေါင်း၍ ငလျင်ဒဏ်သင့် ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ ဝေငှပေးလျက် ရှိကြောင်းသတင်းထုတ်ပြန်ပါတယ်။
လူသားချင်း စာနာထောက်တားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်းအတွင်းရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်၊ သေဆုံးပြည်သူများနှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး အကူညီများကို မြေပြင်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူသားစာနာတာဝန်ခံများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ဆက်လက်ထောက်ပံ့လျက်ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။
ဆက်လက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေ ကနဦး အစီရင်ခံစာနှင့် အရေးပေါ် သတိပေးချက်များကိုလဲ ဆက်လက် အစီရင်ခံတင်ပြသွားမယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ အိုးဘို အကျဉ်းးထောင်နဲ့ ရမည်းသင်း အကျဉ်းထောင်တို့မှာ အဆောက်အုံ ပြိုကျပျက်စီးမှုရှိခဲ့
မတ်လ ၂၉၊ Radio NUG
ငလျင် ဗဟိုပြု လှုပ်ရှားခဲ့တဲ့ မန္တလေးတိုင်း၊ အိုးဘို အကျဉ်းထောင်နဲ့ ရမည်းသင်း အကျဉ်းထောင် တို့မှာ အဆောက်အဦး ပြိုကျပျက်စီးမှု ရှိခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မန္တလေးတိုင်း အတွင်းက အကျဉ်းထောင် တွေမှာ အဆောက်အုံ ပြိုကျ ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီက သတင်းအမှောင် ချထားတာကြောင့် ထိခိုက်သေဆုံးမှု သတင်းအတိအကျ ရနိုင်ဖို့ ခက်ခဲနေတယ်လို့ PPNM က ဆိုပါတယ်။
ဒိုက်ဦးထောင်၊ ညောင်ဦးထောင်၊ ပုသိမ်ထောင်၊ မိတ္ထီလာထောင်၊ သာယာဝတီထောင်၊ အင်းစိန်ထောင်၊ သရက်ထောင်၊ မအူပင်ထောင်၊ တောင်ငူထောင် နဲ့ ကလေးထောင် တို့မှာတော့ နိုင်ငံရေး အကျဉ်းသား/ သူ တွေ အပါအဝင် အကျဉ်းသား အားလုံး ထိခိုက်မှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
အကျဉ်းထောင်များ ထိခိုက်ပျက်စီးမှု အခြေအနေနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှု အသေးစိတ် အခြေအနေများ ကို စုံစမ်းလျက်ရှိပြီး အချိန်နှင့် တပြေးညီ ထုတ်ပြန်သွားမယ်လို့ PPNM က အသိပေးထားပါတယ်။
========================
📌📌 ၅။ Phyu Phyu in London အဖွဲ့သားများနဲ့ UK က ပွဲကြည့်ပရိသတ်များကမြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သိန်းတထောင်ကူညီ
မတ်လ၂၉ရက်
Phyu Phyu in London အဖွဲ့သားများနဲ့ UK က ပွဲကြည့်ပရိသတ်များကမြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက် ကျပ်သိန်းတထောင်ကူညီခဲ့ပါတယ်။ဆက်လက်ပြီး Phyu Phyu in Korea နဲ့ Phyu Phyu in Australia အဖွဲ့သားများနဲ့ ပွဲကြည့်ပရိသတ်တွေကလည်း ကူဖို့ စီစဉ်ပြင်ဆင်နေကြတယ်လို့ အသိပေးထားပါတယ်။Phyu Phyu in London အဖွဲ့သားများနဲ့ UK က ပွဲကြည့်ပရိသတ်များရဲ့ တတ်အားသမျှပါဝင်ထားတာလေးပါ။ "Disaster ဖြစ်မှရယ် မဟုတ်၊ လိုအပ်တဲ့နေရာတွေ ကတော့အများကြီးပါ။ သိန်းတစ်ထောင်ဆိုတာလည်း လိုအပ်နေတာနဲ့ယှဉ်ရင် နည်းနည်းလေးပါ။နိုင်ငံတကာအကူအညီတွေ တရားဝင်မရနိုင်ရှာတဲ့ နေရာတွေကိုပဲ အဓိကထားပြီး ကူပါရစေနော်။Phyu Phyu in Korea နဲ့ Phyu Phyu in Australia အဖွဲ့သားများနဲ့ ပွဲကြည့်ပရိသတ်တွေကလည်း ကူဖို့ စီစဉ်ပြင်ဆင်နေကြပါတယ်။ကမ္ဘာအရပ်ရပ်က သွေးချင်းတွေ အတူရှိနေကြတယ်ဆိုတာ သိစေချင်ပါတယ်။ အားမငယ်ကြနဲ့နော်"လို့အဆိုတော်ဖြူဖြူကျော်သိန်းကလည်းအသိပေးဆိုထားပါတယ်။
အလားတူ သရုပ်ဆောင် ပိုင်ဖြိုးသု၏ "အကယ်ဒမီရုပ်" ကမ်ပိန်းရရှိထားတဲ့ရန်ပုံငွေများထဲမှ ကျပ် သိန်း ၅၀၀ ကိုလည်း အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည့် ငလျင်ဒဏ်သင့်ဒေသများသို့ ပေးပို့ ကူညီရန်စီစဉ်လျက်ရှိတယ်လို့ မတ်လ၂၉ရက်မှာ Artists' Shelter မှ အသိပေးဖော်ပြထားပါတယ်။ရရှိထားတဲ့ရန်ပုံငွေများအနက်မှ မြန်မာငွေ ကျပ် သိန်း ၅၀၀ ကိုလည်း အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည့် ငလျင်ဒဏ်သင့်ဒေသများသို့ ပေးပို့ ကူညီရန်စီစဉ်လျက်ရှိကြောင်းကိုလည်း သတင်းစကားပါးလိုက်ပါတယ်"လို့ဖော်ပြပါတယ်။
ဘေးအန္တရာယ်ပေါင်းစုံမှ လုံခြုံကင်းဝေးပါစေကြောင်း ဆုတောင်းရင်း ဖြစ်ပေါ်လာတဲ့ အခြေအနေများကိုလည်း Artists' Shelter မှ တတ်စွမ်းသည့်ဘက်ပေါင်းစုံမှ အတူတကွ ပါဝင်သွားမယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၆။ မြန်မာ ငလျင် ဘေးသင့်ပြည်သူများအတွက် တောင်ကိုရီးယားအစိုးရက ပထမအကြိမ်အဖြစ်ဒေါ်လာ၂သန်းကူညီမည်
မတ်လ၂၉ရက်
မြန်မာ ငလျင် ဘေးသင့်ပြည်သူများအတွက် တောင်ကိုရီးယားအစိုးရက ပထမအကြိမ်အဖြစ်ဒေါ်လာ၂သန်းကူညီမည်ဖြစ်ကြောင်း မတ်လ၂၉ရက်မှာ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အသိပေးဆိုထားပါတယ်။"မြန်မာ ငလျင် ဘေးသင့်ပြည်သူများအတွက် တောင်ကိုရီးယားအစိုးရက ပထမအကြိမ်အဖြစ်ဒေါ်လာ၂သန်းကူညီမယ်"လို့ဆိုထားပါတယ်။
မြန်မာနိုင်ငံပြည်သူ့အစိုးရလက်ထက်တွင်လည်း ကိုရီးယားနိုင်ငံဟာရင်းနှီးသော ဆက်ဆံရေးကောင်းများရှိခဲ့ပါတယ်။
========================
📌📌 ၇။ တတိယမြောက် ချားလ်စ်ဘုရင်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်း မြေငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထုတ်ပြန်
မတ်လ၂၉ရက်
တတိယမြောက် ချားလ်စ်ဘုရင်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်း မြေငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထုတ်ပြန်လိုက်ပါတယ်။
"မြန်မာပြည်သူပြည်သားများခင်ဗျာ။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အင်အားပြင်း မြေငလျင်ကြောင့် အသက်ပေါင်းများစွာ ကြေကွဲဖွယ်ဆုံးရှုံးနေရပြီး အိမ်များ၊ အဆောက်အအုံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အထွတ်အမြတ်ထားရာ ဘုရားပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများနဲ့ အခြားသောဝတ်ပြုကိုးကွယ်ရာနေရာများ ဆုံးရှုံးရတာကို ကြားသိရတဲ့အတွက် ကျွန်တော်တို့ဇနီးမောင်နှံအနေနဲ့ အလွန်အမင်း တုန်လှုပ် စိတ်မကောင်းဖြစ်မိပါတယ်။"လို့ဖော်ပြပါတယ်။
မြန်မာပြည်သူပြည်သားများအနေနဲ့ ဆင်းရဲဒုက္ခတွေ၊ ကြေကွဲဝမ်းနည်းစရာတွေကို ဆက်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရတာကို နားလည်ပြီးတော့ မြန်မာပြည်သူပြည်သားများရဲ့ အလွန်ထူးခြားတဲ့ ကြံ့ကြံ့ခံနိုင်ရည်စွမ်းနဲ့ စိတ်ဓာတ်ကိုလည်း ရှေးမဆွကတည်းကပင် လေးစားရင်းစွဲရှိခဲ့တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်ယခုလို အခက်ခဲဆုံး၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံးအချိန်မျိုးမှာ မိမိတို့ ချစ်မြတ်နိုးရသူများ၊ အိုးအိမ်များ၊ မြတ်နိုးတန်ဖိုးထားရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးလိုက်ရတဲ့ အဖြစ်ဆိုးကြီးအား ကြုံတွေ့နေရသူများအားလုံးကို ကျွန်တော်တို့ဇနီးမောင်နှံက အလေးနက်ဆုံးသော ကိုယ်ချင်းစာမှုဖြင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ပြောကြားလိုတယ်လို့တတိယမြောက် ချားလ်စ်ဘုရင်ကဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်နှင့် မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကိုနှစ်ပတ်ကြာရပ်နားထားမည်ဖြစ်ကြောင်းNUGကြေညာ
မတ်လ၂၉ရက်
မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို နှစ်ပတ်ကြာရပ်နားထားမည်ဖြစ်ကြောင်းNUGကကြေညာပါတယ်။
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိုးစစ်ခေတ္တရပ်စဲရေးနှင့် အရေးပေါ်ကူညီရေးအစီအစဉ် ကြေညာချက်တွင် ဖော်ပြပါရှိပါတယ်။
၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် မွန်လွဲ ၁၂ နာရီ ၅၀မိနစ် ဝန်းကျင်တွင် မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန် အင်အားပြင်းသော ငလျင်(ငလျင် အတန်းအစားအရ-ငလျင်ကြီး Major Earthquake) နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးသင့်သည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ရက်နေ့မှ စတင်ကာ နှစ်ပတ်ကြာ ရပ်နားထားမယ်လို့ဖော်ပြပါတယ်။
ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းအပ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ် ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူ ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ (၁)သန်း လျာထားသုံးစွဲ ဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၂။ စစ်ကိုင်းတိုင်းကNUGစိုးမိုးအုပ်ချုပ်နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် အရပ်သားလေးဆယ်ကျော်သေဆုံးပြီးပျောက်ဆုံးနေသူများလည်းရှိနေ
မတ်လ၂၉ရက်
စစ်ကိုင်းတိုင်းကNUGစိုးမိုးအုပ်ချုပ်နယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် အရပ်သားလေးဆယ်ကျော် သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အသိပေးဆိုထားပါတယ်။
မတ်လ၂၉ရက်မှာ ကာကွယ်ရေးဝန်ကြီးက အချက်အလက်များကို အသိပေးဖော်ပြပါတယ်။"အခုအချိန်အထိ ရရှိတဲ့ သတင်အချက်အလက်တွေအရ စစ်ကိုင်းမြို့နယ်(မြို့ပေါ်မပါ) မှာ ၁၈ဦး၊ ရွှေဘိုမြို့နယ်မှာ ၄ဦး၊ ဝက်လက်မြို့နယ်မှာ ၅ဦး၊ စဥ့်ကူးမြို့နယ်မှာ ၂၁ဦး၊ ယင်းမာပင်မြို့နယ်မှာ ၁ဦးငလျင်ဒဏ်ကြောင့် အသက်သေဆုံးခဲ့ကြောင်း သိရပါတယ်။"လို့ဖော်ပြပါတယ်။ ဒါ့အပြင် ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရသူ၊ ပျောက်ဆုံးနေသူများလည်း ရှိနေတယ်လို့ ဝန်ကြီးကဆိုပါတယ်။
မတ်လ၂၈ရက် မွန်းလွဲပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြု၍အင်အား၇.၇အဆင့်ရှိ မြေငလျင်လှုပ်မှုကြောင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ရှမ်းပြည်နယ်အောင်ပန်းမြို့နဲ့စတဲ့နေရာဒေသများမှာ ထိခိုက်ပျက်စီးပြီးလူအသေအပျောက်များပြားခဲ့ရပါတယ်။
========================
🚩🚩 ၃။ ငလျင်ဘေးသင့် ဒေသများမှာ PDF, ပကဖ၊ ပအဖ နဲ့ ပလဖ အဖွဲ့များ ကူညီကယ်ဆယ်ရေး ဆောင်ရွက်
မတ်လ ၂၉၊ Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကွပ်ကဲမှုအောက်က PDF, ပကဖ၊ ပအဖ နဲ့ ပလဖ အဖွဲ့များက ငလျင်ဘေးသင့် ဒေသများမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၉ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF), ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ) တို့ဟာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ငလျင်ဘေး ကြုံတွေ့ရတဲ့ နယ်မြေများမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ညွန်ကြားချက် (၁/၂ဝ၂၅) ကို ထုတ်ပြန်ခဲ့တာပါ။
ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူများရဲ့ အခက်အခဲများကို PDF နဲ့ ပကဖ အဖွဲ့များ အနေဖြင့် နယ်မြေအတွင်းရှိ တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ပေါင်းစပ်ညှိနှိုင်းကာ တက်စွမ်းသမျှ ကူညီဆောင်ရွက်ပေးကြဖို့၊ လိုအပ်ချက်များ၊ ဆောင်ရွက်ထားရှိမှု အခြေအနေမှတ်တမ်း များကို သက်ဆိုင်ရာ ကွပ်ကဲမှု အဆင့်ဆင့်မှ တင်ပြဆောင်ရွက်ကြဖို့ ညွန်ကြားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ အင်းလေးက ကေလာရွာမှာအိမ်ခြေတထောင်ကျော်ရှိရာငလျင်ကြောင့်အိမ်ခြေရှစ်ရာကျော်ပြိုကျပျက်စီးပြီးလူလေးဆယ်ကျော်သေဆုံး
မတ်လ၂၉ရက်
အင်းလေးက ကေလာရွာမှာအိမ်ခြေတထောင်ကျော်ရှိရာငလျင်ကြောင့်အိမ်ခြေရှစ်ရာကျော်ပြိုကျပျက်စီးပြီးလူလေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မတ်လ၂၈ရက်နေ့မွန်းလွဲပိုင်းလှုပ်ခတ်တဲ့ငလျင်ကြောင့် အင်းလေးက ကေလာရွာ အိမ်ခြေ ၁၀၅၇ မှာ ၈၁၈ အိမ်ပြိုကျပျက်စီးသွားကာလက်ရှိအချိန်အထိသေဆုံးသူ ၄၁ ဦးစာရင်းရှိတယ်လို့သိရပါတယ်။
တစ်ချို့ အလောင်းတွေ ဆယ်လို့ မရသေးဘဲ အကူအညီများစွာ လိုအပ်နေတယ်လို့လည်းဒေသသတင်းအရင်းအမြစ်တွေကဆိုပါတယ်။
========================
🚩🚩 ၅။ သိန်ခွန်း တိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ပို့ဆောင်တဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
မတ်လ ၂၉၊
Radio NUG
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်းရွာ အနီး ရက်ရှည်ဖြစ်ပွားနေတဲ့ တိုက်ပွဲမှ ဒဏ်ရာရထားတဲ့ စစ်ကောင်စီ တပ်သားများကို ပြန်လည်ပို့ဆောင်တဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ Dawei Watch သတင်းဌာနက ဖော်ပြထားပါတယ်။
မတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ကား ၇ စီးပါ စစ်ကောင်စီ ယာဉ်တန်းဟာ အမှတ် ၃၀၆ အမြောက်တပ်မှ မြိတ်မြို့ဘက်ကို မောင်းလာချိန်မှာ ရမ်းဖိုရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ ယာဉ်တန်းကို ဗိုလ်ခရင်း တပ်ဖွဲ့၊ တောကြီးမြွေဟောက် တပ်ဖွဲ့၊ မြိတ် ပကဖ အဖွဲ့ နှင့် ပကဖ ဇုန် (၃) တို့က မိုင်းဆွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တနာရီခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကားတစီး မောင်းမရအောင် ပျက်စီးသွားခဲ့ပြီး တပ်သားတွေ ထိခိုက်မှု ရှိနိုင်ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
နယ်စပ် ကုန်သွယ်ရေး လမ်းဖြစ်တဲ့ တနင်္သာရီ-မောတောင် လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီက သိန်းခွန်းရွာ အနီးဝန်းကျင်ကို စစ်ကြောင်းထိုးနေတာ ၃ လကျော် ရှိနေပြီး အနီးဝန်းကျင် ကျေးရွာများမှာ တိုက်ပွဲများ ပြင်းထန်နေတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနှင့် မင်းသီဟန်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment