၂၀၂၅ မတ်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်၊ ဖားကန့်မြို့နယ်တို့ တွေ့ဆုံ၍ လက်တွေ့လုပ်ဆောင်မှုများဖြင့် အတူပူးပေါင်းချီတက်ကြရန်ဆွေးနွေး
📌 ၂။ Burma Academy ၏ တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားသို့ လူငယ်ရေးရာဌာနမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့
📌 ၃။ ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုများအား အဆုံးသတ်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများ အလျင်အမြန် ချမှတ်ရန် လိုအပ်နေ
📌 ၄။ ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးထိန်းသိမ်းထားသူများကို နေ့စဉ် ဘတ်၁.၆သန်း အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင်တော့ဘူးလို့ စောချစ်သူ ပြောဆို
📌 ၅။ စစ်ကောင်စီက စာပြန်ပွဲ အကြောင်းပြပြီး ညောင်ရွှေရောက် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်း
📌 ၆။ ရေနံကျင်းသစ် ထပ်မတူးကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေး ပြင်ဆင်ကြဖို့ မြိုင် ပကဖ အသိပေး
========================
၂၀၂၅ ခုနှစ် မတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ "နွေဦးတော်လှန်ရေးဟာ နိုင်ငံနဲ့ ပြည်သူတွေကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တော်လှန်ရေးဖြစ်ပြီး နိုင်ကိုနိုင်ရမယ့် တော်လှန်ရေးဖြစ်တယ်" လို့ NUG ကာကွယ်ရေး ဒုဝန်ကြီးဆို
🚩 ၂။ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို တိုက်ခိုက်ပြီး Faw ကားတစ်စီးကို မီးရှို့ဖျက်ဆီး
🚩 ၃။ စစ်တပ်အထိုင်ဂိတ် စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့
🚩 ၄။ မြိုင်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
🚩 ၅။ ဒီမောဆို မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
🚩 ၆။ နတ်ရေကန် ဗျူဟာကုန်း အောက်ဘက်ရှိ လင်းတဲကျေးရွာတွင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံး
🚩 ၇။ ၄နှစ်အတွင်း ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်ပြုလုပ်ခဲ့ပြီး လေယာဥ် ၄၀၀ ကျော်ဖြင့် စကစက ဗုံးအလုံးရေ ၉၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့
🚩 ၈။ ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီး စစ်မှုထမ်းခိုင်းထားတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်၊ ဖားကန့်မြို့နယ်တို့ တွေ့ဆုံ၍ လက်တွေ့လုပ်ဆောင်မှုများဖြင့် အတူပူးပေါင်းချီတက်ကြရန်ဆွေးနွေး
မတ်လ ၄
Radio NUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်မှ အဖွဲ့ဝင်များနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက် (အင်္ဂါနေ့)၊ ၁၂:၃၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲ၌ ရှေးဦးစွာ ပြည်သူ့ရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုလိုတွေ့ဆုံမှုများမှတဆင့် အချင်းချင်းအားယူပြီး လက်တွေ့လုပ်ဆောင်မှုများဖြင့် အတူပူးပေါင်းချီတက်ကြရန်နှင့် ဆွေးနွေးချက်များအပေါ်မူတည်၍ လွှတ်တော်ရေးရာကော်မတီအနေဖြင့် လိုအပ်မည့်နေရာများကို ဆက်လက်ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား၍ ပြည်သူ့ရေးရာကော်မတီ အတွင်းရေးမှူးက ပြည်သူ့ရေးရာကော်မတီ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းဆောင်ရွက်ချက်များဖြစ်သော CDM ထောက်ပံ့မှုနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရန်ပုံငွေရှာဖွေမှုများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် ဥက္ကဋ္ဌက ကွန်ရက်၏ ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စံတန်ဖိုး၊ မူဝါဒများ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ၊ ရန်ပုံငွေရှာဖွေခြင်းနှင့် ရန်ပုံငွေ သုံးစွဲခြင်းအခြေအနေများနှင့် ကွန်ရက်ကို လူထုကိုယ်စားလှယ်အစုအဖွဲ့ (၆) ခုဖြင့် ဖွဲ့စည်းထားရှိပြီး တော်လှန်ရေးကဏ္ဍအသီးသီး၏ လိုအပ်ချက်များအား တတ်စွမ်းသမျှ ပံ့ပိုးကူညီဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက မြေပြင်အခြေအနေအများနှင့်စပ်လျဉ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကဏ္ဍများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် နည်းလမ်းများအား အပြန်အလှန်ဆွေးနွေး ဖော်ဆောင်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက်၊ ဖားကန့်မြို့နယ်မှ ကွန်ရက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သပိတ်အဖွဲ့ဝင်များ၊ CDM ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ Burma Academy ၏ တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားသို့ လူငယ်ရေးရာဌာနမှ ဂုဏ်ပြုသဝဏ်လွှာပေးပို့
မတ်လ၄ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့သည် မြန်မာ့ နွေဦးတော်လှန်ရေးတွင် လူငယ်များအတွက် အဓိက ကျသော ကဏ္ဍမှ တာဝန်ထမ်းဆောင်နေသော Burma Academy သည် တည်ထောင်ခြင်း (၃) နှစ်ပြည့်ပြီဖြစ်ကြောင်း သိရှိရပါသဖြင့် အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာန ၏ လူငယ်ရေးရာဌာနမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့နှုတ်ခွန်းဆက်လိုက်ပါတယ်လို့ဖော်ပြပါရှိပါတယ်။
Burma Academy သည် ၂၀၂၂ ခုနှစ်တွင် တည်ထောင်လာခဲ့ပြီးနောက် အားကောင်းသော နိုင်ငံတကာ အဆင့်မီပညာရေးစနစ် တည်ဆောက်မှုတွင် အရေးပါသော တာဝန်ကို ထမ်းဆောင်နေသည်ကို သိမြင်နေရပြီး သင်ကြားရေးနယ်ပယ်တွင် ကျောင်းသားလူငယ်တိုင်း အခွင့်အလမ်းညီမျှရေးနှင့် ခေတ်ပညာလက်လှမ်း မီရရှိရေးကို ရှေးရှု၍ ဒေသအသီးသီးမှ လူငယ်များအား လက်လှမ်းမီသင်ယူရရှိစေပြီး လူငယ်ဖွံ့ဖြိုးရေးတွင် အဓိကကျသော ပညာရေးကဏ္ဍကို ဦးဆောင်ကြိုးပမ်းမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
Burma Academy ၏ ယနေ့ ကျရောက်သော တည်ထောင်ခြင်း (၃) နှစ်ပြည့်နေ့ရက်သည် နွေဦးတော်လှန်ရေးကာလများစွာသော ခက်ခဲသည့် ရုန်းကန်မှုများကို အောက်မေ့သတိရပြီး လက်ရှိရလာသော အောင်မြင်မှု အသီးအပွင့်အတွက် ပြည့်စုံသော မင်္ဂလာအချိန်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပြီး နိုင်ငံတော်အတွက် အရေးပါသော လူငယ်များအား ပညာရေးစွမ်းအင်ဖြည့်တင်းပေးသည့် တရားမျှတမှုရှိသည့် ပညာရေးစနစ်တည်ဆောက်ရာတွင် ယခုထက်မကသော အောင်မြင်မှုများ ရရှိရန် ဆက်လက်ကြိုးစားကြစေချင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုများအား အဆုံးသတ်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများ အလျင်အမြန် ချမှတ်ရန် လိုအပ်နေ
မတ် ၄
Radio NUG
ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုများအား အဆုံးသတ်ရန် နိုင်ငံတကာအနေနဲ့ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းဆောင်ရွက်ပြီး အလျင်အမြန် ချမှတ်ရန် လိုအပ်နေကြောင်း Justice For Myanmar မှ ဖော်ပြထားပါတယ်။
စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ဟာ စီးပွားရေးနဲ့ လုံခြုံရေး အပါအဝင် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ သူ့လုပ်ဖော်ကိုင်ဖက် ရာဇဝတ်ကောင်တွေနဲ့ တွေ့ဆုံနေပါတယ်။
ရုရှားနိုင်ငံဟာ မြန်မာစစ်အုပ်စုအတွက် အဓိကလက်နက် တင်သွင်းသူအဖြစ်နဲ့ မြန်မာပြည်သူလူထုအပေါ် စစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်စာမီးထိုးပေးနေတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးထိန်းသိမ်းထားသူများကို နေ့စဉ် ဘတ်၁.၆သန်း အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင်တော့ဘူးလို့ စောချစ်သူ ပြောဆို
မတ် ၄
Radio NUG
ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နေ့စဉ် ဘတ်၁.၆သန်း အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ထားဖို့ မတတ်နိုင်တော့ဘူးလို့ စောချစ်သူနေထိုင်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်က သီးသန့်အိမ်ယာမှာ ပြုလုပ်ခဲ့တဲ့ The Nation သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ကြောင်း သိရှိရပါတယ်။
လူကုန်ကူးခံရတဲ့ ငွေလိမ်အလုပ်သမားတွေနဲ့ လည်ပတ်ပြီး ကမ္ဘာအနှံ့က လူတွေဆီကနေ ဒေါ်လာဘီလီယံချီ လိမ်လည်နေတဲ့ ငွေလိမ်လုပ်ငန်းတွေ နောက်ကွယ်က အဓိကကျတဲ့သူအဖြစ် စွပ်စွဲခံနေရတာကို တုံ့ပြန်ဖြေရှင်းဖို့ စောချစ်သူက အင်တာဗျူးလက်ခံခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
"အခုအချိန်မှာ လူတိုင်းက ကျွန်တော်တစ်ယောက်တည်းကိုပဲ အပြစ်တင်နေကြတယ်။ ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျ ဘယ်သူမှ တာဝန်ယူပြီး မဖြေရှင်းနေဘူး။ ကျွန်တော် ဘာပဲလုပ်လုပ်၊ ဘယ်အချိန်ပဲလုပ်လုပ် ဝေဖန်ပြစ်တင်ခံနေရတယ်။ ထိုင်း၊ မြန်မာနဲ့ တရုတ် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနေတာတောင် လူမြင်ကောင်းရုံသက်သက် လုပ်နေတယ်လို့ လူတွေက ထင်နေမြင်နေတုန်းပဲ” လို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောဆိုပါတယ်။
နေရပ်ပြန်ပို့ရေး စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ရဲ့ မိခင်နိုင်ငံတွေအနေနဲ့လည်း သူတို့ရဲ့ နိုင်ငံသားတွေကို တာဝန်ယူပေးဖို့ သူက တောင်းဆိုထားပါသေးတယ်။
========================
📌📌 ၅။ စစ်ကောင်စီက စာပြန်ပွဲ အကြောင်းပြပြီး ညောင်ရွှေရောက် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်း
မတ် ၄
Radio NUG
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ထွေအုပ်ရဲ့ ညွှန်ကြားချက်အရ တောင်ခြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဟန်က ကျေးရွာအသီးသီးရှိ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို မတ်လအတွင်း အခြေခံပညာစာသင်ကျောင်း စာမေးပွဲတွေ ပြီးဆုံးပြီးတဲ့အချိန်မှာ ဖိအားပေး နေရပ်ပြန်ခိုင်းနေကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ညောင်ရွှေမြို့မှာ စာပြန်ပွဲ လုပ်ချင်တဲ့ မြို့ခံလူတစ်စုက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တွေရှိနေတာကြောင့် စစ်ကောင်စီခန့် ပြည်နယ် ဝန်ကြီးချုပ်ကို အကူအညီတောင်းပြီး နှင်ထုတ်ခိုင်းထားတာလို့ သိရပါတယ်။
ညောင်ရွှေမြို့နယ်နဲ့ ထိစပ်နေတဲ့ ဖယ်ခုံမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့နယ်တွင်းက ကျေးရွာတွေမှာ စစ်မှုထမ်းခေါ်ယူနေတာကြောင့် ပြန်ဖို့အတွက် စိုးရိမ်မှုရှိတယ်လို့ စစ်ဘေးရှောင်တစ်ဦးမှ ပြောဆိုပါတယ်။
========================
📌📌 ၆။ ရေနံကျင်းသစ် ထပ်မတူးကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေး ပြင်ဆင်ကြဖို့ မြိုင် ပကဖ အသိပေး
မတ်လ ၄ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ထိစပ်မြို့နယ်များ ဖြစ်ကြတဲ့ မြိုင်/ပေါက် ရေနံမှော်နယ်မြေအတွင်းမှာ ရေနံကျင်းသစ်များ တူးဖော်ခြင်း မပြုရန်နဲ့ လေကြောင်းရန် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ကြဖို့ မြိုင် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက အပြစ်မဲ့ပြည်သူလူထုနဲ့ လူစုလူဝေးများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေတာကြောင့် ပြည်သူ ၁၄ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများကို အတိုင်းတာတစ်ခုထိ ကာကွယ်နိုင်ရန် မှော်ပိုင်ရှင်၊ ကျင်းပိုင်ရှင်၊ စက်ပိုင်ရှင်များအနေနဲ့ ကျင်းအသစ်များ ထပ်မံတူးဖော်ခြင်း မပြုကြဖို့နဲ့ မိမိတို့ လုပ်ကွက်အတွင်းက ရေနံလုပ်သား အရေအတွက်နဲ့ ကိုယ်ရေးအချက်အလက်များ၊ ဝင်ထွက်သွားလာမှုများကို မတ်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီ နောက်ဆုံးထား ပေးပို့ကြဖို့ အသိပေးထားပါတယ်။
ထို့အပြင် မြို့နယ်အတွင်း နေထိုင်တည်းခိုသူများကို မှတ်ပုံတင်နဲ့တကွ ထောက်ခံမှုရယူပြီး စိတ်ချမှုရှိတဲ့ လူများကိုသာ လက်ခံရန် စတားလင့် ဆိုင်များကို စီစစ်ပြီး ယာယီပိတ်ပင်ထားရန်နဲ့ သက်ဆိုင်ရာ တပ်ဖွဲ့ တာဝန်ရှိသူများနဲ့ ရဲဘော်များကိုလည်း စနစ်တကျ စိစစ်အသုံးပြုဖို့ ကြပ်မတ်ဆောင်ရွက်သွားရန် မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
တိုက်နယ် ကျေးရွာများအတွင်းရှိ အိမ်ထောင်စု တစ်ခုစီတိုင်း တစ်လအတွင်း ဗုံးခိုကျင်းများကို စနစ်တကျ တူးစေပြီး ဆောင်ရွက်မှု ရှိ/မရှိ ကို ရပ်ကျေး တာဝန်ခံများက ကိုယ်တိုင် လိုက်လံစစ်ဆေးပြီး လိုက်နာမှု မရှိတဲ့ အိမ်ထောင်စုအား ဒဏ်ငွေချမှတ် အရေးယူသွားဖို့ကိုလည်း ညွန်ကြားထားပါတယ်။
ထို့အပြင် မြိုင်ပကဖ တာဝန်ယူထားတဲ့ ဇုန်၊ တိုက်နယ်၊ ရပ်ကျေး အတွင်း အလှူ၊ မင်္လာဆောင်၊ သာရေး၊ နာရေး ပွဲများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး၊ တိုက်နယ်နဲ့ ဇုန် တာဝန်ခံများကို အဆင့်ဆင့် ကြိုတင် အကြောင်းကြားမှု ပြုလုပ်ပြီး ခွင့်ပြုချက် ရမှသာ ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ "နွေဦးတော်လှန်ရေးဟာ နိုင်ငံနဲ့ ပြည်သူတွေကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တော်လှန်ရေးဖြစ်ပြီး နိုင်ကိုနိုင်ရမယ့် တော်လှန်ရေးဖြစ်တယ်" လို့ NUG ကာကွယ်ရေး ဒုဝန်ကြီးဆို
မတ်လ၄ရက်
Radio NUG
"နွေဦးတော်လှန်ရေးသည် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူတွေ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တော်လှန်ရေးဖြစ်တယ်။ ဒီတော်လှန်ရေးဟာ နိုင်ကိုနိုင်ရမယ့် တော်လှန်ရေးဖြစ်တယ်" လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က MFDMC ထောက်ပို့ရဲဘော်များသို့ ဂုဏ်ပြုအားပေး အမှာစကားပြောကြားရာမှာ ထည့်သွင်းဆိုပါတယ်။
" တော်လှန်ရေးရဲ့ အသက်ဖြစ်တဲ့ ပြည်သူထောက်ခံမှု၊ ပြည်သူ့ထောက်ပို့တို့ဟာ ပန်းတိုင်ရောက်သည့်အထိ ဆက်လက် လိုအပ်မြဲ လိုအပ်မှာ ဖြစ်ပါတယ်" လို့ ဒုဝန်ကြီးက ဆိုပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို တိုက်ခိုက်ပြီး Faw ကားတစ်စီးကို မီးရှို့ဖျက်ဆီး
မတ် ၄
Radio NUG
မတ် ၃ ရက် မနက် ၆ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်(ကစရ) မှ ဇီးကုန်း-မလယ်လမ်းအတိုင်း အရှေ့ကို ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ FAWကား (၁)စီးနဲ့ ဆယ်ပေတို ကား(ကင်ဒါ) ၁ စီးကို တိုက်ခိုက်ခဲ့ကြောင်း ကန်ဘလူခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
နတ်တောင်ရွာရဲ့ အရှေ့ဘက်အရောက်မှာ ကန့်ဘလူခရိုင် အမှတ်(၄)တပ်ရင်းနဲ့ ပကဖအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ရန်သူ့ FAW ကား (၁)စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်တပ်အထိုင်ဂိတ် စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့
မတ်လ ၄ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ စစ်တပ်အထိုင် စစ်ဆေးရေး ဂိတ်စခန်းက ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Six Senses Guerrilla Force က ထုတ်ပြန်ထားပါတယ်။
မတ်လ ၄ ရက်နေ့မှာ အဆိုပါ စစ်ကောင်စီ တပ်သားများကို မီတာ (၅၀) ခန့် အကွာအဝေးမှ အနီးကပ် ပစ်ခတ်နိုင်ခဲ့တာ ဖြစ်ပြီး မိနစ် ၅၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အရပ်သား ကုန်ကား ၁ စီး ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Six Senses Guerrilla Force ၊ Earthquake People's Defence Force ၊ Thurain TR ၊ Hunter (Pakokku) ၊ Justice Revolution Force နှင့် မြိုင်ပကဖ (ကိုနှင်းဂွေး) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ရေးအရှိန် မြင့်လာတာနှင့်အမျှ စစ်ကောင်စီတပ်၊ ဂိတ်စခန်းများနဲ့ ဝေးရာမှာ နေထိုင်သွားလာကြဖို့ကိုလည်း အသိပေး တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ မြိုင်မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
မတ်လ ၄ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။
မတ်လ ၄ ရက် မနက် ၉ နာရီ ၃၅ မိနစ်ခန့်မှာ မြိုင်မြို့နယ် အနောက်ပိုင်း ကိုင်းရိုးရွာ အရှေ့ဘက်တောထဲ တစ်ကြိမ်နဲ့ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို တစ်ကြိမ် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းမှာရှိနေတဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးမှာ ဆေးကုသမှု ခံယူနေရင်း အသက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ဒီမောဆို မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ ဒရုန်းများဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
မတ်လ ၄ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံး ထက်မနည်း ကြဲချခဲ့သလို ကာမီကာဇဲ ဒရုန်းဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ Karenni People's Voice သတင်းဌာနက ဖော်ပြထားပါတယ်။
မတ်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ ဒီမောဆို အနောက်ခြမ်း ဈေးအနီးကို ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံး ၆ လုံးထက်မနည်း ကြဲချခဲ့ပြီး
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၆၃ နှစ်အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဈေးအနီးက KTV အဆောက်အဦး နှစ်ခုလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ထို့အပြင် မပေါက်ကွဲသေးတဲ့ ပေါင် ၂၀၀ ခန့်ရှိ ဗုံးသီးတစ်လုံးလည်း ကျန်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ဒီမောဆို အနောက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုအနီးကို စစ်ကောင်စီက ကာမီကာဇေ ဒရုန်း ၂ စင်းဖြင့် ညနေ ၃ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဒရုန်း ၂ စင်းဟာ လူဦးရေ ၁၀၀ ကျော်ခန့်ရှိ စစ်ရှောင်စခန်း အနီးနဲ့ တာဝါတိုင်ကုန်း တစ်ခုပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး တာဝါတိုင် ကုန်းပေါ်မှာ ညနေ ၅ နာရီ ခွဲကျော်အထိ မီးစွဲလောင်နေခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီက ဒီမောဆို အနောက်ခြမ်းကို လက်နက်ကြီး ၃ လုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ နတ်ရေကန် ဗျူဟာကုန်း အောက်ဘက်ရှိ လင်းတဲကျေးရွာတွင် စစ်ကောင်စီတပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံး
မတ် ၄
Radio NUG
မတ်လ ၃ ရက်နေ့ မနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဂျက်ဖိုက်တာတို့ဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နတ်ရေကန် ဗျူဟာကုန်း အောက်ဘက်ရှိ လင်းတဲကျေးရွာမှာ ကျရောက်ပေါက်ကွဲလို့ အသက် ၂၇ နှစ်အရွယ် ချင်းအမျိုးသား ဆလိုင်းသိန်းဝင်းမောင် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များမှ သိရပါတယ်။
ရွာထဲမှာ ဗုံးသီး ငါးလုံးခန့် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၄လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်း ကားလမ်းပေါ်က အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ရဲ့ နတ်ရေကန် ဗျူဟာကုန်း ထိုးစစ်ဆင်တိုက်ခိုက်မှုဟာ တဖြည်းဖြည်းနဲ့ နတ်ရေကန်ဗျူဟာကုန်းကို နီးကပ်လာပြီး ကာကင်းစခန်းတွေမှာ တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီတပ်က လက်နက်ကြီးကျည်တွေ၊ လေကြောင်း၊ ဒရုန်းတို့နဲ့ပါ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ၄နှစ်အတွင်း ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်ပြုလုပ်ခဲ့ပြီး လေယာဥ် ၄၀၀ ကျော်ဖြင့် စကစက ဗုံးအလုံးရေ ၉၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့
မတ်လ ၄ရက်
Radio NUG
စစ်ကောင်စီမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်အထိ ၄နှစ်တာ ကာလအတွင်း ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၈၀ ကျော်ပြုလုပ်ခဲ့ပြီး ရဟတ်ယာဥ်အစီး ၃၀ကျော်၊ တိုက်လေယာဥ်နှင့် အခြားစစ်တပ်သုံးယာဥ် ၃၃၀ကျော် စုစုပေါင်း လေယာဥ် ၄၀၀ ကျော်ဖြင့် ဗုံးအလုံးရေ ၉၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Institute of Chin Affairs က ဖော်ပြအသိပေးပါတယ်။
ထိုသို့တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်အတွင်းရှိ လူနေအိမ် ၄၀၆ကျော်၊ ဘာသာရေးအဆောက်အဦး (ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်း) ၂၃လုံးနှင့် အစိုးရအဆောက်အဦး ၃၀ ကျော်ပျက်စီးခဲ့ရပြီး ချင်းလူမျိုးအရပ်သားပြည်သူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ချင်းအမျိုးသား တော်လှန်ရေးအဖွဲ့ ၅၆ဦး ထက်မနည်းသေဆုံးခဲ့ရပါတယ်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နိုင်ငံလုံးအနေဖြင့် ချင်းလူမျိုး ထိခိုက်ဒဏ်ရာရရှိသူ ၂၅၀ဦး ကျော်ရှိခဲ့ပြီး စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ချင်းလူမျိုး ၉၈၃ဦးကျော် သေဆုံးမှုအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ ၂၈၀ ကျော်ရှိကာ ချင်းလူမျိုးများ၏ လူနေအိမ် အဆောက်အဦး ၁,၃၈၄ ကျော်၊ ဘာသာရေးအဆောက်အဦး ၃၉လုံး၊ အစိုးရအဆောက်အဦး ၄၀ ကျော် ပျက်စီးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူမှာ ၄၅၀ ကျော်ရှိသည်ကို တွေ့ရရှိတယ်လို့ ဖော်ပြပါတယ်။
========================
🚩🚩 ၈။ ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီး စစ်မှုထမ်းခိုင်းထားတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေးလာ
မတ်လ ၄ ရက်၊
Radio NUG
ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီး စစ်မှုထမ်းခိုင်းထားတဲ့ ဘုန်းကြီးကျောင်းသား စစ်သင်တန်းကနေ ထွက်ပြေး လွတ်မြောက်လာပြီး ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်ထံ ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာတဲ့ အဆိုပါ အဓမ္မစစ်မှုထမ်း စုဆောင်းခံထားရသူဟာ ဦးလေးဖြစ်သူ ရဲတပ်ဖွဲ့ဝင်က တိုင်ကြားထားတာတွေ ရှိတယ်ဆိုပြီး အုပ်ချုပ်ရေးမှူး အိမ်ကို လိမ်လည် ခေါ်ဆောင်ခဲ့ကာ စရဖရုံးကို တန်းပို့ခဲ့ပြီး အဓမ္မ စစ်မှုထမ်းခိုင်းခဲ့တာလို့ ဆိုပါတယ်။
စစ်မှုထမ်းခိုင်းဖို့ ခေါ်ဆောင်လာကြောင်း သိရချိန်မှာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် သေနတ်တွေနဲ့ ဝိုင်းချိန်ထားပြီး ခြိမ်းခြောက်ခေါ်ဆောင်ခဲ့တာကြောင့် လိုက်သွားခဲ့ရတယ်လို့ ၎င်းက ပြောပါတယ်။
အဲ့ဒီနောက်မှာ စစ်မှုထမ်းရမယ့် သူများကို ဝိုင်းဝန်းနှိပ်စက်ခဲ့ကြပြီး စစ်မှုထမ်းပါသူ (၄၀) ဦး နှင့်အတူ ဖျောက်ဆိပ်ပင် စစ်အင်ဂျင်နီယာ တပ်ထံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့ကို စစ်သင်တန်း ပေးနေချိန်မှာ ၈ ဦး ထွက်ပြေးလာခဲ့ကြတာဖြစ်ပြီး ၂ ဦးကို ပြန်ဖမ်းမိကာ ၆ ဦး လွတ်မြောက်လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းတို့ကို ဓနုပြည်နယ် အမျိုးသားကာကွယ်ရေး တပ်တော်က သွားရောက်ကူညီ ခေါ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ၅ ဦးနဲ့လည်း လူချင်းကွဲသွားခဲ့တာကြောင့် ၎င်းတပ်သား တစ်ဦးတည်းကိုပဲ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment