၂၀၂၅ မတ်လ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
📌 ၂။ ထောင်နှင့်ချီတဲ့ CDMဆရာဝန်များ အားလုံးကို ဘွဲ့လက်မှတ်ထုတ်ပေးပြီးဖြစ်ကာ ဘွဲ့လွန်သင်တန်းတွေ ကမ္ဘာအနှံ့မှာ တက်နေပြီလို့ ဆို
📌 ၃။ တောင်ကိုရီးယား တိုက်လေယာဉ် နေရာမှား ဗုံးကြဲမိ၍ မြန်မာ ၁ ဦးအပါအဝင် ၁၅ ဦး ဒဏ်ရာရ
📌 ၄။ ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခဲ့သူ ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်မြောက်
📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် ၆၅ရက်အတွင်း အမျိုးသမီး (၁၁၈) သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၇) ဦး ပါဝင်
========================
၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ ကားတန်း တိုက်ခိုက်ခံရပြီး ဒုဗိုလ်တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံး၊ စစ်ကောင်စီက ပါရာမိုတာတစ်စီးဖြင့် ဗုံးကြဲချခဲ့ရာ ခရီးသွား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၂။ မြင်းခြံမှာ ၄ ရက်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို (၃) ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံး
🚩 ၃။ စစ်ကောင်စီ တပ်နဲ့ ၈ ရက်တာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့၊ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး
🚩 ၄။ ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ်အထိုင် စစ်ဆေးရေးဂိတ်ရှိ ဂိတ်ထွက်စစ်သော စကစ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့
🚩 ၅။ ဂန့်ဂေါမြို့နယ်၊ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ် အများအပြား ပျက်စီးခဲ့
🚩 ၆။ ဖာပွန်တွင် ကျောက်ကွင်းဘုန်းတော်ကြီးကျောင်းပေါ် ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
🚩 ၇။ စစ်ကောင်စီက အဓမ္မ တပ်သားသစ် စုဆောင်းထားတဲ့ တပ်သားသစ် တစ်ဦးကို သွားရောက်ကယ်ထုတ်ခဲ့
🚩 ၈။ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၉၁ မှ တပ်သား(၂)ဦး ဒေါနတပ်ရင်းထံသို့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ
မတ် လ ၆
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၉/၂၀၂၅) ကို မတ်လ ၆ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၈/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်။
========================
📌📌 ၂။ ထောင်နှင့်ချီတဲ့ CDMဆရာဝန်များ အားလုံးကို ဘွဲ့လက်မှတ်ထုတ်ပေးပြီးဖြစ်ကာ ဘွဲ့လွန်သင်တန်းတွေ ကမ္ဘာအနှံ့မှာ တက်နေပြီလို့ ဆို
မတ်လ ၆
Radio NUG
ထောင်နှင့်ချီတဲ့ CDMဆရာဝန်များအားလုံးကို ဘွဲ့လက်မှတ်ထုတ်ပေးပြီးဖြစ်ကာ ဘွဲ့လွန်သင်တန်းတွေ ကမ္ဘာအနှံ့မှာ တက်နေပြီလို့ ဖက်ဒရယ်ဆေးပညာရှင်များကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်လွင်က မတ်လ ၆ရက် ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။
"ကျွန်တော်အနေနဲ့ ပြောပြရမယ်ဆိုရင်တော့ အကုန်လုံးနီးပါးကို ဘွဲ့လက်မှတ်တွေလည်း ထုတ်ပေးပြီးပါပြီ။ Federal Sama တွေလည်း ထုတ်ပေးထားပြီးပါပြီ။ တော်တော်များများလည်း နိုင်ငံတော်တော်များများကို ရောက်နေကြပြီး အလုပ်အကိုင်တွေ အဆင်ပြေနေကြပါပြီ။ဘွဲ့လွန်သင်တန်းတွေလည်း ကမ္ဘာအနှံ့မှာ တက်နေကြပါပြီ"လို့ ဆိုထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်အာဏာလုယူမှုကို ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ထမ်းဆောင်သူများဟာ CDM ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ CDM လေးသိန်းကျော် ရှိနေသေးတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ တောင်ကိုရီးယား တိုက်လေယာဉ် နေရာမှား ဗုံးကြဲမိ၍ မြန်မာ ၁ ဦးအပါအဝင် ၁၅ ဦး ဒဏ်ရာရ
မတ် ၆
Radio NUG
မတ်လ ၆ ရက်နေ့ မနက်ပိုင်းက မြောက်ကိုရီးယား နယ်စပ်ကနေ ၂၅ ကီလိုမီတာအကွာ၊ ပိုချွန်မြို့မှာ ပြုလုပ်တဲ့ အမေရိကန်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည့် လေ့ကျင့်မှုတစ်ခုအတွင်း တောင်ကိုရီးယားလေတပ်မှ KF-16 တိုက်လေယာဉ်နှစ်စင်းသည် မြောက်ကိုရီးယားနယ်စပ်အနီး အရပ်ဘက်ဒေသတစ်ခုသို့ မတော်တဆ ဗုံးကြဲချမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ပေါင် ၅၀၀ အလေးချိန်ရှိ MK-82 ဗုံး ၈ လုံးကို ပျံသန်းမှုပြင်ဆင်နေစဉ်အတွင်း လေယာဉ်မှူးတစ်ဦးမှ ထည့်သွင်းထားသော သြဒိနိတ် မှားယွင်းမှုကြောင့် မှားယွင်းကြဲချခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူများထဲတွင် အရပ်သား၊ စစ်သား၊ မြန်မာလူမျိုး ၁ဦးနှင့် ထိုင်းလူမျိုးလည်း ပါဝင်ပြီး အရပ်သား နှစ်ဦးမှာ ဒဏ်ရာ ပြင်းထန်သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရဘဲ စစ်ဘက်ဆိုင်ရာ ဘုရားကျောင်း၊ အိမ်များ၊ ဂိုဒေါင်များ အပါအဝင် အဆောက်အဦအများအပြား ပျက်စီးခဲ့ကာ ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်ရေးကို ဆိုင်းငံ့ထားသော်လည်း Freedom Shield စစ်ရေးလေ့ကျင့်မှုကို မတ်လ ၁၀ ရက်၌ စတင်ရန် စီစဉ်ထားပြီး သတ်မှတ်ထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အမှားအယွင်းဖြစ်ပြီး ဗုံးတွေ ကြဲမိလို့ အရပ်သားတွေ ဒဏ်ရာရခဲ့တဲ့အပေါ် အထူး စိတ်မကောင်း ဖြစ်ရကြောင်း၊ အားလုံး အမြန်ဆုံး သက်သာ ပျောက်ကင်းဖို့ ဆန္ဒပြုပါကြောင်း ဖြစ်စဉ်ကို တုံ့ပြန် ဖြေရှင်း ကိုင်တွယ်ဖို့အတွက် ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ထိခိုက်မှုတွေအတွက် နစ်နာကြေးပေးတာ အပါအဝင် လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားလေတပ်က ပြောဆိုထားပါတယ်။
========================
📌📌 ၄။ ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခဲ့သူ ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်မြောက်
မတ် ၆
Radio NUG
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်ခဲ့သည့် အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခု ရှိခဲ့ပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Rangoon Scout Network မှ သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလအတွင်း ကနဦးဖမ်းဆီးခံလိုက်ရသူ စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ ပြန်မလွှတ်ပေးတော့ကြောင်း၊ ၁၇၁ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ နောက်ဆက်တွဲကို မသိရှိရကြောင်း ဖော်ပြထားပါတယ်။
လမ်းမပေါ် တွေ့ရာ လိုက်ဆွဲ၍ ပါသွားသူ ဦးရေမှာ ၁၀၆ ဦး ရှိကာ ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၆၃ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးနှင့် ဖမ်းဆီးသည့်ပုံစံ မသိရပဲ ချုပ်နှောင်ခံထားရသူ ၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ရေးလှုပ်ရှားသူများ၊ သပိတ်လှုပ်ရှားသူများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ လူငယ် ၃ ဦး ရှိခဲ့ပြီး အဆိုတော် လင်းလင်း၏ ရောင်နီသီချင်းအား လမ်းဘေးတွင် တီးခတ်နေခြင်းကို အားပေးအားမြောက်လုပ်သည်ဟုဆိုကာ ၅ ဦး ဖမ်းဆီးခံရကာ စစ်မှုထမ်းအတွက် သန်လျင် ရေတပ်သင်္ဘောပေါ် ဖမ်းဆီးထားရာမှ ၂ ဦး ခုန်ချထွက်ပြေးခဲ့သော်လည်း ပြန်လည်ဖမ်းမိသွားသည့်ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၀ စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားသူ လူ ၅၀၀ ကျော်ကို တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့တယ်လို့ သိရှိပါတယ်။
========================
📌📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကြောင့် ၆၅ရက်အတွင်း အမျိုးသမီး (၁၁၈) သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၇) ဦး ပါဝင်
မတ်လ ၆
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁၈) သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၁၇) ဦး ပါဝင်တယ်လို့ သိရပါတယ်။
၎င်းသေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၆) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၄) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ (၁၁၈) ဦးတွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၉၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး (၂၁) ဦးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ ကားတန်း တိုက်ခိုက်ခံရပြီး ဒုဗိုလ်တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံး၊ စစ်ကောင်စီက ပါရာမိုတာတစ်စီးဖြင့် ဗုံးကြဲချခဲ့ရာ ခရီးသွား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
မတ်လ ၆ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်းပိုင်း တနေရာမှာ စစ်ကောင်စီ သံပြားကာ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဒုဗိုလ်တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့တယ်လို့ Chaung U PDF က ထုတ်ပြန်ထားပါတယ်။
မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်ခန့်မှာ မြင်းမူဘက်ကို ဦးတည်ထွက်လာတဲ့ အဆိုပါ စစ်ကောင်စီ ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ ဒုဗိုလ်တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ထံမှ သံပြားကာ ကား ၂ စီး၊ MA 1 ၄ လက်၊ MA 3 ၁ လက်၊ MA 11 ၃ လက်၊ G 3 တလက်၊ G 1 တလက်၊ 60 mm စိန်ပြောင်း ၁ လက်၊ Lala ၁ လက်၊ ကျည်ဘောက် မျိုးစုံ ၂၂ ဘောက်ကို သိမ်းဆည်းရရှိခဲ့ပြီး ကား ၂ စီးမှာ မောင်းမရတော့တာကြောင့် မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း ချောင်းဦး မြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းဖြစ်တဲ့ စိုက်ကွင်းရုံးနဲ့ မြပုလဲ အထိုင်စခန်းတို့မှ ၁၂၀ မမ လက်နက်ကြီး ၁၀၆ ကြိမ် ပစ်ကူပေးခဲ့သလို (နမခ) မှလည်း အင်ဂျင်တပ် လေထီးဖြင့် ၂ ကြိမ်တိုင် လေကြောင်းပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့က ကောင်းကင်ယံ ခရီးသည်တင် ယာဉ်တစ်စီးကို တားပြီး စစ်ကူ လိုက်ပါလာခဲ့သလို တိုက်ပွဲအတွင်း ဖြတ်မောင်း ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အင်ဂျင်တပ် လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အဆိုပါ ခရီးသည်တင်ယာဉ်မှ သားအမိ ၂ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ချောင်းဦး PDF တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း ၊ ရတနာပုံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်) ၊ Three Brothers Force (ကနီ) ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် SRC (Spring Revolution Cilinic) မှ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးခဲ့သလို ရင်းမြစ် လေကြောင်းအထိုင်မှ လေကြောင်း ကင်းထောက်မှု ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မြင်းခြံမှာ ၄ ရက်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို (၃) ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်း သေဆုံး
မတ်လ ၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင် လမ်းပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မြင်းခြံမြို့နယ်၊ တူရွင်းဘိုရွာကို ဝင်စီးမီးရှို့နေတဲ့ စစ်ကောင်စီတပ်တို့ကို ၄ ရက်အတွင်း (၃) ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မိုက်ခဲက ထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တို့တွင် လယ်သစ်ကျေးရွာမှ မြင်းခြံ - နဘူးအိုင် လမ်းမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ နှစ်ရက်တာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သံချပ်ကာ ကား ၂ စီးနဲ့ မှန်လုံကား တစ်စီး ပျက်စီးခဲ့ပြီး ၁၅ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တာကြောင့် လေကြောင်းပစ်ကူ ပေးရတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကြယ်တပွင့် (ဗိုလ်မိုက်ခဲ)အဖွဲ့၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊ Anyar Federal Task force ၊ MGN Danger Dynamite ၊ မြင်းခြံမြို့နယ် ပ.က.ဖ တို့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ထို့အပြင် မတ်လ ၄ ရက်နေ့မှာ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာကို မီးရှို့ဝင်စီးနေတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့၊ MGN Danger Dynamites, Mandalay Regional Battalion နဲ့ မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီ တပ်နဲ့ ၈ ရက်တာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး Myingyan Black Tiger တပ်ဖွဲ့ ဌာနချုပ်တပ်စခန်း ဆုံးရှုံးခဲ့၊ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး
မတ်လ ၆
Radio NUG
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ၈ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး Myingyan Black Tiger - MBT တပ်ဖွဲ့ရဲ့ ဌာနချုပ် တပ်စခန်း ဆုံးရှုံးခဲ့ရတယ်လို့ MBT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ချင်းတွင်းမြစ် အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီ တပ်ဖွဲ့ကို MBT နဲ့ မဟာမိတ် တပ်ဖွဲ့များက တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် စစ်ကောင်စီက ရေစကြိုမြို့နဲ့ ပခုက္ကူမြို့ပေါ်မှ အင်းအားအလုံးအရင်း ပြန်ဖြည့်တင်းကာ မင်္ဂလာခြံရွာ၊ မြေစွန်းတော်ရွာနဲ့ ရွာသစ်ရွာတို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရေလယ်ကျွန်း ဒေသမှာ ၈ ရက်တာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မတ်လ ၅ ရက် မနက် ၅ နာရီခွဲ ခန့်မှာ ဇရပ်နီးကျေးရွာ မြောက်ဘက်က MBT ဌာနချုပ် တပ်စခန်းကို ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်းကို သုတ်သင်ရှင်းလင်း နိုင်ခဲ့တယ်လို့ MBT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ်အထိုင် စစ်ဆေးရေးဂိတ်ရှိ ဂိတ်ထွက်စစ်သော စကစ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့
မတ် ၆
Radio NUG
မတ်လ ၆ ရက်နေ့၊ မနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပေါ်ရှိ ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ်အထိုင် စစ်ဆေးရေးဂိတ်ရှိ ဂိတ်ထွက်စစ်သော စကစ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Earthquake People's Defense Force မှ သတင်းထုတ်ပြန်ပါတယ်။
ထိုပစ်ခတ်မှုတွင် ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသော အမျိုးသား ၁ ဦးနှင့် အမျိုသမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Earthquake People's Defence Force၊ Thurain TR၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force၊ Black Cheater နှင့် မြိုင် ပကဖ (ကိုနှင်းဂွေး) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ဂန့်ဂေါမြို့နယ်၊ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၂ ဦး သေဆုံးကာ နေအိမ် အများအပြား ပျက်စီးခဲ့
မတ်လ ၆ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ ကန်ကျေးရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၂ ဦး သေဆုံးခဲ့ကာ နေအိမ်များ ပျက်စီးခဲ့ရတယ်လို့ “ယောအလင်းတန်း” က ဖော်ပြထားပါတယ်။
မတ်လ ၅ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်ခန့်မှာ မိတ္တီလာ လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဖြင့် မီးလောင် ဗုံး ကြဲချခဲ့တာဖြစ်ပြီး ဦးအောင်ကိုရဲ့ ဆိုင်ကယ်ပြင်ဆိုင် အပါအဝင် နေအိမ် ၄ လုံး မီးလောင်ခဲ့ကာ အနီးနားက နေအိမ် ၆ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အသက် ၄၀ ခန့်ရှိ ဒေါ်ထားမြင့်ဆိုသူ ပွဲချင်းပြီး သေဆုံးခဲ့ကာ ခင်ပွန်းဖြစ်သူ အသက် ၅၀ ခန့်ရှိ ဦးအောင်ဖြိုး ဆိုသူလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ကာ ဆေးကုသမှု ခံယူနေရင်း ထိုနေ့ညမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့လည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြကာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှု ခံရတဲ့နေရာဟာ တော်လှန်ရေး တပ်ဖွဲ့တွေ ရှိနေတဲ့နေရာမျိုး မဟုတ်ဘဲ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
========================
🚩🚩 ၆။ ဖာပွန်တွင် ကျောက်ကွင်းဘုန်းတော်ကြီးကျောင်းပေါ် ဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
မတ် ၆
Radio NUG
မတ်လ ၅ ရက် ညနေ ၄ နာရီခန့်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲအပိုင် ကျောက်ကွင်းဘုန်းတော်ကြီးကျောင်းကို တိုက်လေယာဥ်ဖြင့် လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူသွားခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ကျောက်ကွင်းဘုန်းတော်ကြီးကျောင်းပေါ် တည့်တည့်ကျရောက်ပြီး အသက် ၆၂ နှစ် ဝါတော် ၄၁ ဝါရှိ ကျောင်းထိုင်ဆရာတော် အန္နန္တဝိသုန္ဒ၏ လက်တစ်ဖက် ပြတ်သွားပြီး ရင်ဘတ်နှင့် ခြေထောက်တွေပါ ဗုံးစထိမှန်ကာ ပွဲခြင်းပြီး ပျံလွန်သွားတယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲခံရမှုကြောင့် ဦးပဉ္ဇင်း တစ်ပါးလည်း လက်ပြတ်ခဲ့သလို ကိုရင် တစ်ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ကျောင်းတိုက်တစ်ခုလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ စစ်ကောင်စီက အဓမ္မ တပ်သားသစ် စုဆောင်းထားတဲ့ တပ်သားသစ် တစ်ဦးကို သွားရောက်ကယ်ထုတ်ခဲ့
မတ်လ ၆
Radio NUG
မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ (၁၀၁) ဌာနချုပ်မှာ စစ်မှုထမ်းအဖြစ် ရောက်ရှိနေတဲ့ အဓမ္မ တပ်သား စုဆောင်းခံထားရသူတစ်ဦးကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မတ်လ ၂ ရက်နေ့မှာ မိတ္ထီလာမြို့ဘက်ကနေ ပခုက္ကူ တပ်မ (၁၀၁) ကို ပို့ဆောင်ခံရတဲ့ တပ်သား မျိုးမင်းအောင်ဆိုသူက ဆက်သွယ်လာတာကြောင့် မတ်လ ၆ ရက်နေ့ မနက် ၉ နာရီခွဲ အချိန်ခန့်မှာ သွားရောက် ကယ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
"ကျနော်ဇာတိက ချောင်းဦးမြို့နယ်၊ ဇီးကုန်းကျေးရွာကပါ၊ ကျနော်က ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ၊ ရန်ကုန်ကနေ ပြန်လာတာ အမြန်လမ်းပေါ်မှာ အဖမ်းခံရတာ ခရီးသည်တင် EXPRESS ကားပေါ်ကနေ ဆွဲချပြီး ပေါ်တာဆွဲ ဖမ်းဆီးခံရတာပါ" လို့ စစ်မှုထမ်း တပ်သားသစ် မျိုးမင်းအောင်က ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နေရာအနှံ့ ပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ အသွားလာ အနေအထိုင် ဂရုစိုက်ကြဖို့နဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရရင် နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံကို ဆက်သွယ်အလင်းဝင်ရောက်ကြဖို့ အသိပေးထားပါတယ်။
အလားတူ စစ်ကောင်စီ တပ်သားများနဲ့ ပျူစောထီးများ အနေနဲ့လည်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဘက်မှာ အသက်သေမခံဘဲ တော်လှန်ရေး တပ်ဖွဲ့များမှာ အလင်းဝင်ရောက် ခိုလှုံကြဖို့ကို တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၉၁ မှ တပ်သား(၂)ဦး ဒေါနတပ်ရင်းထံသို့ အလင်းဝင်
မတ်လ ၆
Radio NUG
ခမရ ၅၀၉ တွင် တာဝန်ထမ်းဆောင်နေသော တပ်သား(၂) ဦးသည် ဖေဖော်ဝါရီလ (၂၇)ရက်၊ ၂၀၂၅ ခုနှစ်တွင် ဒေါနတပ်ရင်း သို့ အလင်းဝင်ရောက်လာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်ရောက်လာသည့် တပ်သားအားလုံးဟာ စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ကြရသူများဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ခမရ ၅၀၉မှ တပ်သား(၂)ဦးသည် လမ်းကင်းချိန်တွင် နယ်မြေခံများကို မေးမြန်း၍ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး တပ်သား(၂)ဦးမှ (၁)ဦးကတော့ တပ်ရင်းနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါနတပ်ရင်းအနေနှင့် CDM အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ လက်ခံထားရှိလျက်ရှိပြီး ယခုလက်ရှိတပ်ရင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေနှင့် တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ဘက်တော်သား (၂၃)ဦး ရှိတယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment