၂၀၂၅ ဧပြီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား အသိအမှတ်ပြုကြောင်း ဆုံးဖြတ်အတည်ပြု
📌 ၂။ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင်ဘေးသင့်မြို့နယ်များအတွက် ရန်ပုံငွေထောက်ပံ့ထားရှိမှုနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်မှု အခြေအနေများ သတင်းထုတ်ပြန်
📌 ၃။ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ဦး အပါအဝင် ပြည်သူ (၇၂) ဦး သေဆုံးကြောင်း NUG ထုတ်ပြန်
📌 ၄။ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်း (၅၅) တန် တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ် မြန်မာနိုင်ငံ ရောက်ရှိ
📌 ၅။ လယ်ဒိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ နေအိမ် (၄) လုံးနှင့် စပါးကျီ (၁) လုံး ထိခိုက်ပျက်စီးခဲ့ရ
📌 ၆။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို မသိရတာကြောင့် အင်မတန်စိုးရိမ်မိတယ်လို့ သားငယ် ကိုထိန်လင်း ပြော
📌 ၇။ နယူးယောက်မြို့ရှိ မြန်မာမိသားစုများနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပူးပေါင်း၍ ငလျင်ဘေးသင့်ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေပွဲမှာ အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်ရရှိ
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ငါးလကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဖလမ်းမြို့ကို ချင်းညီနောင် နဲ့ မဟာမိတ်တပ်တွေ အလုံးစုံ သိမ်းပိုက်ရရှိ
🚩 ၂။ KIA နဲ့ TNLA တို့ကြား ဆွေးနွေးမှု စတင်နေပြီး အပြုသဘောဆောင်တဲ့ အကြံပေး ထောက်ပြမှုများ တောင်းခံ
🚩 ၃။ သပိတ်ကျင်းမြို့နယ် (၇) မိုင်ရွာ တိုက်ပွဲတွင် လေယာဉ်ဗုံး ထိမှန်လို့ မိုးကုတ် ပကဖ ရဲဘော်နှစ်ဦးနှင့် မိုးဗြဲ တိုက်ပွဲမှာ KNDF တပ်ရင်း (၂၉) မှ ရဲဘော်နှစ်ဦး ကျဆုံး
🚩 ၄။ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ ဆေးရုံအနီးကို အကြမ်းဖက်စစ်တပ်က တစ်ရက်တည်း ၂ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး
🚩 ၅။ မိုးကုတ်ဗျူဟာမှ ဘာသာပေါင်းစုံ ရဲဘော်များက စစ်ကိုင်းငလျင်ဘေး ခံရသူများအတွက် ဆုတောင်းပွဲ ပြုလုပ်
🚩 ၆။ မုံရွာမြို့နယ်အတွင်း ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ရေကစားမဏ္ဍပ်များ ပြုလုပ်၍ အသံချဲ့စက်များ ကျယ်လောင်စွာ ဖွင့်ခြင်း၊ ကခုန်သီဆိုပျော်ပါးခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ရန် အသိပေးကြေညာ
🚩 ၇။ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်းနဲ့ KNLA တပ်မဟာ (၂) တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက် နှင့်တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား အသိအမှတ်ပြုကြောင်း ဆုံးဖြတ်အတည်ပြု
ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကင့်မြို့၌ ဧပြီလ (၉) ရက်နေ့တွင် ကျင်းပတဲ့ အကြိမ် (၁၅၀) မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့သတင်းရရှိပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၂) ကြိမ်မြောက် ညီလာခံမှစ၍ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ် နိုင်ငံတကာပါလီမန်များအစည်းအဝေးများတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ညီလာခံများနှင့် အစည်းအဝေးများတွင် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လတွင် ဘာရိမ်းနိုင်ငံ၊ မနားမားမြို့၌ ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံမှစ၍ လူကိုယ်တိုင် တက်ရောက်လျက်ရှိပါတယ်။
ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံပေါင်း (၁၈၀) ကျော်မှ နိုင်ငံတော်အဆင့်လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား ဆက်လက်အသိအမှတ်ပြုခြင်းသည် ဒီမိုကရေစီနည်းကျမဟုတ်သော အကြမ်းဖက်စစ်တပ်အား ယနေ့ထိတိုင် ဆန့်ကျင်တော်လှန်နေသည့် မြန်မာပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီကိုလိုလားသော ပြင်းပြသောဆန္ဒကို လေးစားတန်ဖိုးထားခြင်းကြောင့်သာဖြစ်ကြောင်း အစီရင်ခံတင်ပြအပ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင်ဘေးသင့်မြို့နယ်များအတွက် ရန်ပုံငွေထောက်ပံ့ထားရှိမှုနှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်မှု အခြေအနေများ သတင်းထုတ်ပြန်
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဧပြီလ (၈) ရက်နေ့အထိ ငလျင်ဘေးသင့် မြို့နယ်ပေါင်း (၃၁) မြို့နယ်အား ရန်ပုံငွေထောက်ပံ့ထားရှိမှု ကျပ် (၁,၆၅၆,၇၈၃,၀၀၀) အား ထောက်ပံထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့်မြို့နယ်များအား ရန်ပုံငွေထောက်ပံ့ထားရှိမှု အခြေအနေတွင် မန္တလေးတိုင်းကို (၉၅၄,၀၈၃,၀၀၀) ကျပ်၊ ပဲခူးတိုင်းကို (၂၅၄,၃၀၀,၀၀၀) ကျပ်၊ နေပြည်တော်ကို (၁၉၂,၃၀၀,၀၀၀) ကျပ်၊ ရှမ်းပြည်နယ်တောင်ပိုင်းကို (၁၆၄,၄၀၀,၀၀၀) နှင့် စစ်ကိုင်းတိုင်းကို (၁၅၁,၁၀၀,၀၀၀) ကျပ် တို့ ထောက်ပံ့ထားရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ (၂၀၂၅) ခုနှစ်၊ မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၅၉.၉) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်းလည်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါ တော်လှန်ပြည်သူများ၏ ပြည်သူမှ ပြည်သူ အလှူငွေ ငွေကျပ် (၅၅၉.၉) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/ စစ်ဘေးရှောင်ပြည်သူ (၂၀၈,၇၅၆) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၄၉၆.၃) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၁၃၅) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၄၆၉) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၃၁.၉) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂.၅) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၂၅.၃) သန်း၊ ထိခိုက်လွယ် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (၁.၁) သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၂.၈) သန်း ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေး (၄) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိပါကြောင်းနှင့် ရှေ့ဆက်၍လည်း ယခုလို မလျော့သောဇွဲဖြင့် ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားကြပါစေကြောင်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ဦး အပါအဝင် ပြည်သူ (၇၂) ဦး သေဆုံးကြောင်း NUG ထုတ်ပြန်
၂၀၂၅ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း ဧပြီလ (၈) ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအထိ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြုရရှိထားသောအချက်အလက်များအရ တစ်ပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စုစုပေါင်း (၉၂) ကြိမ် ပြုလုပ်ခဲ့ရာ အသက် (၁၈) နှစ်အောက် ကလေးငယ် (၆) ဦး၊ အမျိုးသမီး အယောက် (၃၀) အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
ထိုသို့တိုက်ခိုက်မှုများတွင် ငလျင်ဘေးဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု (၁၈) ကြိမ်နှင့် မန္တလေးတိုင်းအတွင်း လည်း (၁၈) ကြိမ် ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ ဒေသ (၁၁) ခုကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၆၂) ပြုလုပ်ခဲ့ပြီး သေဆုံးသူ (၆၅) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၆၀) ဦး ရှိတယ်လို့ သိရပါတယ်။
အလားတူ အကြမ်းဖက်စစ်ကောင်စီမှ ဒေသ (၁၀) ခုကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု အကြိမ်ရေ (၃၀) ပြုလုပ်ခဲ့ပြီး သေဆုံးသူ (၇) ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၃၁) ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်း (၅၅) တန် တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ် မြန်မာနိုင်ငံ ရောက်ရှိ
ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်းများ (၅၅) တန်ကို တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်တယ်လို့ ဧပြီလ (၉) ရက် ဥရောသမဂ္ဂရုံး (ရန်ကုန်) က ဖော်ပြပါတယ်။
"မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုများကို ကူညီထောက်ပံ့ရန်၊ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်းများ (၅၅) တန်ကို တင်ဆောင်လာတဲ့ ဒုတိယမြောက်လေယာဉ်ဟာ ရန်ကုန်မြို့သို့ ရောက်ရှိလာပါပြီ" လို့ ဖော်ပြပါတယ်။
ဥရောပသမဂ္ဂမှ စီစဉ်ပေးသည့် ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွင် အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် လိုအပ်နေသူများကို ကူညီရန် အခြားအရေးကြီးပစ္စည်းများ ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အီတလီနိုင်ငံမှ လူသားချင်းစာနာမှုအဖွဲ့အစည်းဖြစ်သော Cesvi Onlus သည် လိုအပ်မှုအပေါ်အခြေခံ၍ ထိုအထောက်အပံ့များကို သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
ဤလေယာဉ်ဖြင့် ပေးပို့သောထောက်ပံ့မှုသည် ဥရောပသမဂ္ဂ Humanitarian Air Bridge ၏ ဒုတိယအကြိမ်မြောက်ပေးပို့မှုဖြစ်ပြီး၊ ပထမအကြိမ် တင်ဆောင်လာသည့် တန်ချိန် (၈၀) ခန့်ရှိသော ထောက်ပံ့ရေးပစ္စည်းများသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လိုအပ်သူများထံ ဖြန့်ဝေပေးနိုင်ရန် UNICEF ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ လယ်ဒိုမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ နေအိမ် (၄) လုံးနှင့် စပါးကျီ (၁) လုံး ထိခိုက်ပျက်စီးခဲ့ရ
ညောင်လေးပင်ခရိုင်၊ လယ်ဒို မြို့နယ်တွင်း ဧပြီလ (၇) ရက်နေ့ ညနေ (၃း၃၀) နာရီအချိန်တွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် ထိုက်ထူကျေးရွာ စာသင်ကျောင်း အမိုး လန်ထွက်ပျက်စီးခဲ့ရပြီး နေအိမ် (၄) လုံးနှင့် စပါးကျီ (၁) လုံး ထိခိုက်ပျက်စီးခဲ့ကာ စပါးအိတ် (၂၀) ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များမှ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများ၊ လေယာဉ်များဖြင့် နေ့စဉ် နေ့တိုင်း ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် ပြည်သူလူထုများအနေဖြင့် သဘာဝဘေးဒဏ်များကို ခံစားရလင့်ကစား စစ်ကောင်စီတပ်များ၏ နေ့စဉ်ရက်ဆက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံတွေ့ခံစားနေရသောကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် အဟန့်အတားများစွာ ဖြစ်ပေါ်ကြုံတွေ့နေကြရလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကို မသိရတာကြောင့် အင်မတန်စိုးရိမ်မိတယ်လို့ သားငယ် ကိုထိန်လင်း ပြော
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကိုမသိရတာကြောင့် အင်မတန်စိုးရိမ်မိတယ်လို့ သားငယ် ကိုထိန်လင်းက ဧပြီ (၉) ရက်က ဆိုရှယ်မီဒီယာမှာ ပြောကြားထားပါတယ်။
"မေမေ့ကို ပြင်ပလောကနှင့် ဆက်သွယ်ခွင့်မရှိဘဲ နေပြည်တော်အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းထားဆဲဖြစ်တဲ့အတွက် ကျွန်တော့် မေမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကိုလည်း စိုးရိမ်တဲ့အပြင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မေမေ့အခြေအနေကို မသိရတာကြောင့် အင်မတန်စိုးရိမ်မိပါတယ်" လို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။
မကြာမီ အသက် (၈၀) ပြည့်တော့မယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်အုပ်စုဟာ (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် အာဏာလုစဥ်ကတည်းက ဖမ်းဆီးထားခဲ့တာပဲ ဖြစ်ပါတယ်။
========================
📌📌 ၇။ နယူးယောက်မြို့ရှိ မြန်မာမိသားစုများနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပူးပေါင်း၍ ငလျင်ဘေးသင့်ပြည်သူများနှင့် စစ်ဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေပွဲမှာ အမေရိကန်ဒေါ်လာ ၁၇၀၀ ကျော်ရရှိ
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြန်မာမိသားစုများ၏ ရန်ပုံငွေပွဲတွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ပြီး ဌာန၏ စီမံကိန်းများမှ ထုတ်ကုန်များ ရောင်းချမှုတွင် အမေရိကန်ဒေါ်လာ (၁၇၈၀) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဝယ်ယူအားပေးကြပါသော တော်လှန်ရေးမိတ်ဆွေများအား အထူးကျေးဇူးတင်ရှိကာ ၄င်းအလှုငွေများအား စစ်ဘေးသင့်ဒေသများနှင့် ငလျင်ဒဏ်ခံစားရသူပြည်သူများအား ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ငါးလကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဖလမ်းမြို့ကို ချင်းညီနောင် နဲ့ မဟာမိတ်တပ်တွေ အလုံးစုံ သိမ်းပိုက်ရရှိ
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အနေဖြင့် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ချင်းညီနောင် - CB က ဧပြီလ (၉) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်က ဒုတိယမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ဖို့ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာ (၉) ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး (၂၀၂၅) ခုနှစ်၊ ဧပြီလ (၉) ရက်နေ့မှာ ဖလမ်းမြို့နယ် တခုလုံး စစ်ကောင်စီ ကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့ မကျစေရေးအတွက် ခလရ - ၂၆၈ တပ်ရင်းမှ အင်အားတွေအပြင် (၂၀၂၄) ဒီဇင်ဘာလမှာ ခလရ - ၈၉ မှ စစ်ကူ (၁၀၀) ဝန်းကျင်နဲ့ (၂၀၂၅) မတ်လမှာ တပ်မ - ၇၇ လက်အောက်ခံ ခလရ - ၃၉၁ မှ စစ်ကူ (၁၀၀) ဝန်းကျင်ကို ထပ်မံ ဖြည့်တင်းခဲ့ကာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း (၁,၀၀၀) ကျော် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ချင်းညီနောင် (Chin Brotherhood CB) နှင့်အတူ 96 Soldiers PDF, Anti-Fascist Internationalist Front (AIF), Burma National Revolutionary Army (BNRA), Burmese Revolutionary Technical Front (BRTF), Generation Z Army (GZA), Giant Revolution Force (GRF), Harmonious Northern Brothers (HNB), Kalay Revolution Force (KRF), Kalay Urban Guerrilla (Kalay UG), Myingyan Black Tiger (MBT), National Liberation Army (NLA), Revolution Ambulance Wolf (RAW Medical Team), Sagaing Federal Troop (SFT - စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု), Yaw Defense Force (YDF), Zo Army (ZA), ကလေးခရိုင် ပကဖ နှင့် Drone အဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖလမ်းနယ် တခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မဟာမိတ် အင်အားစု များရဲ့ မဆုတ်မနစ်သော စိတ်ဓါတ်ဖြင့် ကြံကြံခံ ထိုးစစ်ဆင် တိုက်ခိုက်မှု၊ အာရက္ခတပ်တော်မှ လက်နက်ခဲယမ်းများအပြင် စစ်ဘက်ဆိုင်ရာ အကြံဉာဏ်များ ပံပိုးကူညီမှုနဲ့ မိဘပြည်သူများရဲ့ တက်ညီလက်ညီ တစိုက်မတ်မတ် ထောက်ပို့ပါဝင်မှုများကြောင့်သာ ဖြစ်တယ်လို့ မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။
ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်းမှာ အသက်ပေးသွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်များနဲ့ အောင်ပွဲရတဲ့အထိ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ခိုက်ခဲ့ကြတဲ့ တပ်မှူး၊ တပ်သားများရဲ့ ရဲစွမ်းသတ္တိနဲ့ ဇွဲလုံ့လရှိမှုကို လေးစားစွာ ဂုဏ်ပြုပါကြောင်းလည်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ KIA နဲ့ TNLA တို့ကြား ဆွေးနွေးမှု စတင်နေပြီး အပြုသဘောဆောင်တဲ့ အကြံပေး ထောက်ပြမှုများ တောင်းခံ
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PSLF/TNLA) တို့ကြား ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ ရှေ့ပြေး ညှိနှိုင်းမှုများ စတင်နေပြီလို့ KIO/KIA ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က လူမှုကွန်ယက် စာမျက်နှာကနေ အသိပေး ဖော်ပြလာပါတယ်။
သက်ဆိုင်ရာ ဒေသတွင်းရှိ ပြည်သူများအနေနဲ့ နားလည်ကူညီပေးကြဖို့၊ Online သုံးစွဲသူများ၊ Media များနဲ့ အကြံပေးထောက်ပြလိုသူများထံမှ အပြုသဘောဆောင်တဲ့ ကူညီပံပိုးမှုများကို မျော်လင့်ကြောင်း ဒု-ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆိုပါတယ်။
လက်တလော ရှမ်းပြည်နယ် မြောက်ပိုင်းမှာ KIA နဲ့ TNLA နှစ်ဖက် တပ်ဖွဲ့ဝင်တွေကြား အငြင်းပွားဖွယ် ပဋိပက္ခများ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာပါ။
အဆိုပါ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူထုဆန္ဒ သဘောထား ရယူကာ ဆုံးဖြတ်ချက်ချနိုင်ဖွယ် ရှိတယ်လို့ ပြီးခဲ့တဲ့ မတ်လ (၈) ရက်နေ့က ဒု-ဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
========================
🚩🚩 ၃။ သပိတ်ကျင်းမြို့နယ် (၇) မိုင်ရွာ တိုက်ပွဲတွင် လေယာဉ်ဗုံး ထိမှန်လို့ မိုးကုတ် ပကဖ ရဲဘော်နှစ်ဦးနှင့် မိုးဗြဲ တိုက်ပွဲမှာ KNDF တပ်ရင်း (၂၉) မှ ရဲဘော်နှစ်ဦး ကျဆုံး
ဧပြီလ (၃) ရက်တွင် သပိတ်ကျင်းမြိုနယ်၊ (၇) မိုင်ရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မိုးကုတ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲဘော်နှစ်ဦး ဗုံးထိမှန် ကျဆုံးခဲ့ကြောင်း မိုးကုတ်မြို့နယ် ပကဖထံမှ သတင်းရရှိပါတယ်။
တစ်နာရီခန့်ကြာတဲ့ တိုက်ပွဲအတွင်း ရဲဘော်ပိုင်ကြီး (ခ) ဖြိုးသက်ပိုင် (၃၁-နှစ်) နဲ့ ရဲဘော် စွယ်စုံ (ခ) အောင်ပြည့်စုံ (၂၈-နှစ်) တို့ ကျဆုံးခဲ့ရသည့်အပြင် ရဲဘော်နှစ်ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
(၇) မိုင်ရွာမှာ စစ်ကောင်စီ နဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ နေ့စဉ် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားများ ပြောပြချက်အရ စစ်ကောင်စီဘက်မှာ သေဆုံးတာတွေ များတယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့အပါအဝင် သပိတ်ကျင်းနယ်က စစ်စခန်းတွေကို ပြီးခဲ့တဲ့ (၂၀၂၄) နှစ်လယ်ပိုင်းမှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် (၇) မိုင်ရွာနဲ့ တွင်းငယ်ရွာအနီးက စခတ-၂ (စစ်အခြေခံ လေ့ကျင့်ရေးတပ်)၊ ကျောက်ကြီးနည်းပညာတပ်နဲ့ တတက - ၁၃ (စစ်တပ် တန်းမြင့် လေ့ကျင့်ရေးကျောင်း) တွေ ကျန်ရှိနေတာ ဖြစ်ပြီး စဉ့်ကူး၊ မိုးကုတ်နဲ့ သပိတ်ကျင်းနယ် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကနေ ထွက်ပြေးတဲ့ စစ်အုပ်စုနဲ့ ပျူတွေခုခံနေတာလို့ သိရပါတယ်။
အလားတူ ရှမ်းတောင်နဲ့ ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့က တိုက်ပွဲအတွင်းမှာလည်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၉) မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်း (၂၉) တပ်ခွဲ (၁) မှ အသက် (၂၄) နှစ်အရွယ်ရှိ ရဲဘော် ဟိန်းပြည့်စုံ (ခ) ပနား ဆိုသူဟာ ဧပြီလ (၅) ရက်နေ့က မိုးဗြဲရှေ့တန်း စစ်မြေပြင်မှာ ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
ဒါ့အပြင် အသက် (၂၁) နှစ် အရွယ် တပ်စိတ်မှူး ရဲဘော် ဆလိုင်းဧလိယ (ခ) ချက်ထိုင် ဆိုသူဟာလည်း ဧပြီလ (၅) ရက်နေ့က တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ကာ (၆) ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုလို အသက် ပေးလှူခဲ့တဲ့ ရဲဘော် (၂) ဦးအတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း (၂၉) မှ လွန်စွာ ဂုဏ်ယူဝမ်းနည်းမိကြောင်းနဲ့ ကျန်ရှိနေတဲ့ ရဲဘော်များက ပိုမိုကြိုးစားပြီး တော်လှန်ရေး ပန်းတိုင်ဆီကို အရောက်သွားပါမည်လို့ ကတိသစ္စာ အဓိဌာန်ပြုကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ ဆေးရုံအနီးကို အကြမ်းဖက်စစ်တပ်က တစ်ရက်တည်း ၂ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး
ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၃:၂၀ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ (ဂျိုးတောင် နမ်းခမ်း)ကို အကြမ်းဖက် စစ်တပ်က မိတ္ထီလာ ရှမ်းတဲလေတပ်တက် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Kawlin Info မှ သိရှိရပါတယ်။
နမ်းခမ်းရွာ ဆေးရုံအနီး၊ ကျောင်းဟောင်းနဲ့ ကျွန်းတော ဝိုင်ဖိုင်ဆိုင်ကို ဗုံး ၄လုံး ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
အလားတူ ညနေ ၆ နာရီခန့်တွင်လည်း နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မိုးကုတ်ဗျူဟာမှ ဘာသာပေါင်းစုံ ရဲဘော်များက စစ်ကိုင်းငလျင်ဘေး ခံရသူများအတွက် ဆုတောင်းပွဲ ပြုလုပ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာမှ ဘာသာပေါင်းစုံ PDF ရဲဘော်များက ငလျင်ဘေးသင့် ပြည်သူများအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုးကုတ်ဗျူဟာက PDF ရဲဘော်များအနေဖြင့် ငလျင်ဘေးသင့်ရာဒေသတွေမှာ ပြည်သူ့စစ်သားဆိုတဲ့ စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားဖြည့်ပါဝင်ကူညီချင်ပေမယ့် မစိုးမိုးနိုင်သေးတဲ့ ဒေသတွေက ပြည်သူတွေအတွက် အထူးဆုတောင်း ပေးလိုက်ရပါတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ရဲဘော်တွေအဖြစ် ခံယူထားတဲ့ နာမည်အောက်မှာ စစ်တိုက်ရုံ တခုပဲ အကျုံးဝင်တာ မဟုတ်ဘဲ အခုလို ခက်ခဲနေတဲ့ ကာလမှာ နိုင်ရာတာဝန်ကို ထမ်းပေးကြရမယ်လို့ ဖော်ပြထားပါတယ်။
ဘာသာပေါင်းစုံက ရဲဘော်တွေအနေနဲ့ မိမိတို့ကိုးကွယ်ရာ ဘာသာတရားအလိုက် ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ မုံရွာမြို့နယ်အတွင်း ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ရေကစားမဏ္ဍပ်များ ပြုလုပ်၍ အသံချဲ့စက်များ ကျယ်လောင်စွာ ဖွင့်ခြင်း၊ ကခုန်သီဆိုပျော်ပါးခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ရန် အသိပေးကြေညာ
ငလျင်ဒဏ်နှင့် စစ်အာဏာရှင် ၏ မတရားညှင်းပန်းနှိပ်စက်ဒဏ်ကို ခံစားနေရသော နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများနှင့် အတူတကွ ရပ်တည်ကြောင်း၊ ဆုံးရှုံးမှုများအတွက် စာနာကြောင်းကို ပြသသည့်အနေဖြင့် မုံရွာမြို့နယ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကာကွယ်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ နှင့် ပြည်သူလူထု အနေဖြင့် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်တွင် ရေကစားမဏ္ဍပ်များ ပြုလုပ်၍ အသံချဲ့စက်များ ကျယ်လောင်စွာဖွင့်ခြင်း၊ ကခုန်သီဆိုပျော်ပါးခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လုံးဝ (လုံးဝ) မပြုလုပ်ကြရန် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးဦးဆောင်အဖွဲ့မှ အသိပေးကြေညာထားပါတယ်။
ဒါ့အပြင် အသက်ဆုံးပါးသွားသည့် ပြည်သူများနှင့် ကျန်ရစ်သူ မိသားစုများအတွက် အောက်မေ့သတိရ ခွန်အားယူ ဆုတောင်းမှုများ ပြုလုပ်ခြင်း၊ ရေစက်ချ အမျှဝေခြင်း၊ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် ကုသိုလ်ကောင်းမှုများ ရည်စူးပြုလုပ်ခြင်း စသည့် လူသားချင်းစာနာမှုဖြင့် ကျော်ဖြတ်နိုင်ကြရန် မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လက်ရှိကာလ ပူဆွေးဝမ်းနည်းနေရမှုများအတွက် ပြည်သူ မှ ပြည်သူ သို့ အချင်းချင်း အားပေးနှစ်သိမ့်ရန် ဧပြီလ (၁၃) မှ (၂၀) ရက်နေ့အထိ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပါတယ်။
========================
🚩🚩 ၇။ ရွှေဘိုခရိုင် အမှတ် (၄) တပ်ရင်းနဲ့ KNLA တပ်မဟာ (၂) တို့မှာ စစ်ကောင်စီ တပ်သား ၂ ဦး လက်နက် နှင့်တကွ အလင်းဝင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူကျေးရွာမှ ပြည်သူ့စစ် တပ်ဖွဲ့ဝင် တဦး ဧပြီလ (၁) ရက်နေ့က ရွှေဘိုခရိုင်၊ အမှတ် (၄) တပ်ရင်းထံကို လက်နက်နှင့်တကွ ဆက်သွယ်အလင်းဝင် လာတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
၎င်း ပျူစောထီးဟာ G-3 သေနတ် တလက်၊ ကျည်ဘောက် (၃) ခု၊ ကျည် (၆၆) တောင့်၊ လက်ပစ်ဗုံး (၂) လုံး တို့ကို တပါတည်း ယူဆောင်လာခဲ့တာကြောင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ KNU / KNLA တပ်မဟာ (၂)၊ တပ်ရင်း (၅) ထံကိုလည်း ဧပြီလ (၈) ရက်နေ့က စစ်ကောင်စီရဲ့ ခမရ (၅၉၂) တပ်ရင်းမှ တပ်သား တဦး လက်နက်နဲ့ အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ Thawthikho က ထုတ်ပြန်ထားပါတယ်။
အလင်းဝင် တပ်သားဟာ MA-1 သေနတ် တလက်၊ ကျည် (၁၅၀) တောင့်၊ ကျည်ကာ တစုံ၊ ကျည်ဘောက် (၄) ဘောက် တို့ကိုပါ တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment