၂၀၂၅ ဧပြီလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားနိုင်ဖို့ လိုတယ်လို့ ယာယီသမ္မတအသိပေး
📌 ၂။ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးရင်း ခိုင်မာတဲ့ အစီအမံတွေ အမြန်ဆုံး ချမှတ်ကြရမယ့်အချိန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ (၁၁) ကြိမ်မြောက် ကယောအမျိုးသားနေ့ ကျင်းပ
📌 ၄။ ငလျင်လှုပ်ခတ်ပြီးနောက် ခိုလှုံစရာနေရာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေက ၁ သန်းကနေ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာနေတယ်လို့ UN OCHAထုတ်ပြန်
📌 ၅။ စစ်ကိုင်းငလျင်ဘေးကြီးအတွင်း ကွယ်လွန်သွားကြတဲ့ ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့မှ ရည်စူးကုသိုလ်များ ပြုလုပ်ပေးခဲ့
📌 ၆။ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဂျပန်နိုင်ငံရှိုးပွဲ လက်မှတ်များ စောင်ရေ ၆၀၀၀ ကျော် ရောင်းချရပြီး ဖြစ်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ အထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်ကြိုးပမ်းနေကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး
🚩 ၂။ မင်းလှ မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဟန့်တား တိုက်ခိုက်ခဲ့ရာ ၁၀ ဦး ထက်မနည်း သေဆုံး
🚩 ၃။ တပ်ရင်း တည်ထောင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ဖယ်ခုံ PDF ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
🚩 ၄။ မိုးကုတ်နဲ့ စဉ့်ကူးမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၀ဦး ဒဏ်ရာရ
🚩 ၅။ ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးနှင့် နေအိမ်များကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲရာ သုံးဘီးမောင်းသူ တစ်ဦး သေဆုံး
🚩 ၆။ မင်းတပ်မြို့ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်
🚩 ၇။ မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးတဲ့ နေရာများ ပြည်သူများကို အသိပေး
🚩 ၈။ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး PNLA ထံ ထွက်ပြေးခိုလှုံ
🚩 ၉။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအောင်မြင်ပြီးနောက် ချင်းတောင်မှ အညာမြေသို့ ပြန်လည်ရောက်ရှိလာသော 96 Soldiers-PDF ရဲဘော်များကို ဒေသခံမိဘပြည်သူများမှ ကြိုဆိုဂုဏ်ပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားနိုင်ဖို့ လိုတယ်လို့ ယာယီသမ္မတအသိပေး
ဧပြီလ ၁၇ရက်
Radio NUG
အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားနိုင်ဖို့ လိုတယ်လို့ ယာယီသမ္မတဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ အသိပေးဆိုပါတယ်။
"အခုဆိုရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင် ဆိုင်းပြင်းမှုတွေ ရှိလာတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နိုင်ငံရေးလှုပ်ရှားမှု သက်သက်လောက်နဲ့ တင်းတိမ်ရောင့်ရဲနေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ဒီ့ထက်ကျယ်ပြန့်တဲ့ နိုင်ငံရေးတုန့်ပြန်မှုတွေကို လုပ်နိုင်ဖို့ လိုပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အသွင်သဏ္ဍာန်အရ ဖော်ဆောင်နေတာဖြစ်ပေမယ့်၊ ကျွန်တော်တို့က လက်တွေ့ကျကျ လက်ဦးမှုရယူပြီး လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးအသွင်အပြင်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားဖို့ လိုပါတယ်။ အဲဒီ့အတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ အစိုးရသစ်တစ်ရပ်ကို ကြိုတင် ဖော်ဆောင်ထားနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်"လို့ ယာယီသမ္မတက ဆိုပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးရင်း ခိုင်မာတဲ့ အစီအမံတွေ အမြန်ဆုံး ချမှတ်ကြရမယ့်အချိန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဧပြီလ ၁၇ရက်
Radio NUG
တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးရင်း ခိုင်မာတဲ့ အစီအမံတွေ အမြန်ဆုံးချမှတ်ကြရမယ့်အချိန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၁/၂၀၂၅ တွင် ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့နိုင်ငံမှာ နောက်ခံအခြေအနေအမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေ အင်မတန်များပြားတာမို့ ဒီအင်အားစုတွေ၊ အစုအဖွဲ့တွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးရင်း ခိုင်မာတဲ့ အစီအမံတွေ အမြန်ဆုံးချမှတ်ကြရမယ့်အချိန် ဖြစ်ပါတယ်။ ဒါဟာ ဝန်ကြီး ဌာနတစ်ခု၊ ဝန်ကြီးတစ်ဦးတစ်ယောက်ရဲ့ တာဝန်မဟုတ်ပဲ ကျွန်တော်တို့အားလုံးရဲ့ တာဝန် ဖြစ်တာကြောင့် အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ရှေ့ထွက်အကောင်အထည်ဖော်သူတွေက ဖော်ရမှာဖြစ်သလို နောက်ကွယ်က ကောင်းမွန်တဲ့ အကြံဥာဏ်တွေပေးရင်း ကူညီထောက်ပံ့ ပေးရမယ့်သူတွေကလည်း ကူညီထောက်ပံ့ရင်း နိုင်ငံရေးအရ ဆွေးနွေးမှုတွေမှာ အမြန်ဆုံး ထိရောက်မှုရှိအောင်၊ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တိုက်တွန်းလိုပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် မယိမ်းမယိုင်တဲ့ စိတ်ဓာတ်နဲ့ တော်လှန်ရေးအောင်ပွဲ အဆုံးသတ်အထိ ကြိုးပမ်းအားထုတ်သွားမယ်လို့ ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။
========================
📌📌 ၃။ (၁၁) ကြိမ်မြောက် ကယောအမျိုးသားနေ့ ကျင်းပ
ဧပြီ ၁၇ရက်
Radio NUG
ဧပြီလ (၁၅)ရက်နေ့တွင် ကျရောက်ခဲ့တဲ့ (၅၇)နှစ်ပြည့်၊ (၁၁)ကြိမ်မြောက် ကယောအမျိုးသားနေ့ နေ့ထူးနေ့မြတ်ကို ကရင်နီပြည် မြေပြင်တစ်နေရာတွင် ကျင်းပခဲ့ကြောင်း Kayaw Youth Organization မှ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် ကရင်နီပြည်နယ်/ ပြင်ပတွင် နေထိုင်သော ကယောလူမျိုးစုအသီးသီးများမှ လာရောက် ဂုဏ်ပြုဆင်နွဲခဲ့ကြပြီး ကယောရိုးရာ အကပဒေသာဖြင့် ဂုဏ်ပြုဖျော်ဖြေခြင်း၊ ကယောရိုးရာဖားစည်ဖြင့် အခမ်းအနားဖွင့်လှစ်ခြင်း၊ အလံတော်လွှင့်တင်ခြင်း၊ မဟာမိတ်များမှ ပေးပို့လာသည့် ဂုဏ်ပြုလွှာများဖတ်ကြားခြင်းနှင့် ကယောရိုးရာဘုံအကဖြင့် ကပြဖျော်ဖြေခြင်းအပြင် အားကစားပြိုင်ပွဲများလည်း ကျင်းပခဲ့ကြကာ ကယောသမိုင်းအကျဉ်းချုပ်ကိုလည်း တင်သွင်းဖတ်ကြားခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ငလျင်လှုပ်ခတ်ပြီးနောက် ခိုလှုံစရာနေရာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေက ၁ သန်းကနေ ၅ ဒသမ ၂ သန်းအထိ မြင့်တက်လာနေတယ်လို့ UN OCHAထုတ်ပြန်
ဧပြီလ ၁၇ ရက်
Radio NUG
ငလျင်လှုပ်ခတ်ပြီးနောက် ခိုလှုံစရာနေရာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေက ၁ သန်းကနေ ၅ ဒဿမ ၂ သန်းအထိ မြင့်တက်လာနေတယ်လို့ UN OCHA ထုတ်ပြန်ဖော်ပြပါတယ်။
"မကြာသေးမီက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး ဆက်လက်ဖြစ်ပေါ်နေတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပြန်လည်တည်ဆောက်ဖို့ ဒါမှာမဟုတ် ပြန်လည်ထူထောင်ဖို့ ပိုမိုခက်ခဲလျက်ရှိပါတယ်။ ငလျင်ကြောင့် အိမ်ထဲပြန်ဝင်ရမှာ ကြောက်နေတဲ့ မိသားစုတွေဟာလည်း ဟင်းလင်းပြင်မှာ အိပ်စက်နေကြရဆဲပါ။ ခိုလှုံစရာနေရာနဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေတဲ့ လူဦးရေက ၁ သန်းကနေ ၅ ဒဿမ ၂ သန်းအထိ မြင့်တက်လာနေပါတယ်"လို့ဖော်ပြပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဟာ အရေးပေါ် ခိုလှုံစရာနေရာ/ အမိုးအကာ၊ အဓိကအိမ်သုံးပစ္စည်းနဲ့ အကူအပြောင်းကာလမှာ လိုအပ်တဲ့အကူအညီတွေကို လူဦးရေ ၇၅၃,၀၀၀ ဆီ ပေးအပ်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ဆိုပါတယ်။
မတ်လ၂၈ရက်မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇.၇အဆင့်ရှိ အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူလူဦးရေ၃၀၀၀ ကျော်ရှိခဲ့ပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းငလျင်ဘေးကြီးအတွင်း ကွယ်လွန်သွားကြတဲ့ ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့မှ ရည်စူးကုသိုလ်များ ပြုလုပ်ပေးခဲ့
ဧပြီ ၁၇ ရက်
Radio NUG
၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့တွင် စစ်ကိုင်းငလျင်ဘေးကြီးအတွင်း ကွယ်လွန်သွားကြတဲ့ ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ Yangon 4 Brothersမှ ရည်စူးကုသိုလ်များ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
သံဃာတော်မြတ် နေ့ဆွမ်းဆပ်ကပ်ခြင်း၊ သင်္ကန်းအလှူ လှူဒါန်းခြင်း၊ နဝကမ္မကုသိုလ်နှင့် ရေစက်သွန်းချ လှူမျှဝေခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဘုရားတွင် ပန်း၊ ရေချမ်းကပ်လှူခဲ့ပြီး ဇီဝဒါန ငှက်၊ ငါး လွှတ်ကာ ဘဝဆက်တိုင်း သက်ရှည် ကျန်းမာ အေးသုခနှင့် ပြည်စုံကြပါစေကြောင်း အခါခါဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ပြည်သူပြည်သား မိသားစုတိုင်း ဘဝအဆက်ဆက် ထိုကဲ့သို့ အဖြစ်ဆိုး ဘေးရန်အပေါင်း၊ ခေတ်ဆိုး၊ စနစ်ဆိုးနှင့် စစ်အာဏာရှင်တွေ လက်ကနေ လွတ်ကင်းကြပါစေကြောင်း၊ ပြုပြုသမျှ ကုသိုလ်အဖို့အစုအား ထပ်တူထပ်မျှ ရကြပါစေကြောင်း ဆုတောင်းအမျှပေးဝေခဲ့ပါတယ်။
========================
📌📌 ၆။ အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဂျပန်နိုင်ငံရှိုးပွဲ လက်မှတ်များ စောင်ရေ ၆၀၀၀ ကျော် ရောင်းချရပြီး ဖြစ်
ဧပြီလ ၁၇ရက်
Radio NUG
အဆိုတော် ဖြူဖြူကျော်သိန်းရဲ့ ဂျပန်နိုင်ငံရှိုးပွဲ လက်မှတ်များ စောင်ရေ ၆၀၀၀ ကျော် ရောင်းချရပြီးဖြစ်တယ်လို့ ဧပြီ ၁၇ရက် အဆိုတော်ဖြူဖြူကျော်သိန်းက အသိပေးဆိုထားပါတယ်။
"မင်္ဂလာနှစ်သစ်မှာ Phyu Phyu in Japan ရဲ့ အင်မတိအင်မတန် မင်္ဂလာရှိတဲ့ သတင်းကောင်းလေး မျှဝေပါရစေရှင်။ 25 May 2025 မှာ ကျင်းပမယ့် Phyu Phyu in Japan ပွဲကြီးဟာဆိုရင်ဖြင့် တစ်ပတ်အတွင်းမှာ လက်မှတ်အစောင် 6000 ကျော် (sold out)ဆို့အောက်ပြီး အရောင်းစံချိန်တင်လိုက်ပါပြီတဲ့။ Arena Hall ကြီးထဲမှာပြုလုပ်မယ့် ပထမဦးဆုံး Myanmar Concert လည်း ဖြစ်တဲ့အတွက် ဆူရှီမြေက ချစ်ပရိသတ်တွေ အားလုံးလည်း ရင်ခုန်နေကြပါပြီ"လို့ ဆိုထားပါတယ်။
ဂျပန်ရောက် သွေးချင်းအစုအဖွဲ့ပေါင်းများစွာ လက်တွဲပြီး စုပေါင်းညီညာ အောင်ကြောင်းဖြာကြမယ့်ပွဲပဲ ဖြစ်တယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်းက အသိပေးဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ အထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်ကြိုးပမ်းနေကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး
ဧပြီ ၁၇ ရက်
Radio NUG
မတ်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ) ၊ အမှတ် ၂၉ ဗျူဟာ (AYA PDF) ၊ အပတ်စဉ် ၅ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အွန်လိုင်းမှတဆင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း AYA PDFမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မိန့်ခွန်းတွင် “စစ်မဟာဗျူဟာအရ အဆင့် ၃ ဆင့်ကို ဖြတ်သန်းယူကြရတယ်။ ပထမအဆင့်အနေနဲ့ တစ်နိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ကြတယ်။ အခုဆိုရင် ဒေသတိုင်းမှာ တပ်တည်ဆောက်မှု၊ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်ခဲ့ပြီလို့ ပြောနိုင်တယ်။ ဧရာဝတီတိုင်းသားတွေရဲ့အိမ်ပြန်ခရီးကတော့ ငါတို့ရဲ့ ကွက်အပြည့်မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်။ ဒုတိယအဆင့်အနေနဲ့ မဟာဗျူဟာထိုးစစ်ဆင်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရတာပဲ။ အခု ရဲဘော်တို့ဟာ ဒီအဆင့်ကို ဖြတ်သန်းနေကြတာဖြစ်တယ်။ တတိယအဆင့်အနေနဲ့ တစ်နိုင်ငံလုံး အထွေ ထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲကြရဖို့ပဲ ဖြစ်လိမ့်မယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာ ဒီအထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင် ကြိုးပမ်းနေကြတယ်ဆိုတာ အသိပေးလိုတယ်။”လို့ ပြောကြားထားပါတယ်။
ယင်းထိုးစစ်ကြီးတွင် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသသည် အရေးကြီးသည့် စစ်မျက်နှာတစ်ခုအဖြစ် ပါဝင်မည်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်ဒေသသားများသည် အမိန့်နာခံမှု၊ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှု၊ တိုက်စွမ်းရည်ကောင်းမွန်မှုတို့ကို မဟာမိတ်တော်လှန်ရေးတပ်မှူးများက ချီးကျူးပြုထားကြတာကြောင့် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၏ စစ်မျက်နှာအတွက် တာဝန်ကျေပွန်စွာ ထမ်းရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း အသိပေးထားပါတယ်။
“အနှစ် ၇၀ ကျော်တည်ဆောက်ထားတဲ့ ဒီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့တယ်ဆိုတာက ရဲဘော်တို့ရဲ့ လက်ရုံးရည်၊ နှလုံးရည်ထူးချွန်ထက်မြက်မှုကို ဖော်ပြနေတယ်။” လို့ ဝန်ကြီး ဦးရည်မွန်က ချီးကျူးပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ မင်းလှ မြို့နယ်အတွင်း စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဟန့်တား တိုက်ခိုက်ခဲ့ရာ ၁၀ ဦး ထက်မနည်း သေဆုံး
ဧပြီလ ၁၇ ရက်၊
Radio NUG
မကွေးတိုင်း၊ သရက်ခရိုင်၊ (အထက်) မင်းလှမြို့နယ်အတွင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို အောင်မြင်စွာ ဟန့်တားတိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ Upper Minhla P.D.F က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၂ ရက်နေ့ (သင်္ကြန်ကာလ)မှာ စစ်ကောင်စီ တပ်က ကပစ (၁၃) မှ အင်အားများ စုဖွဲ့ပြီး မင်းလှ မြို့နယ်အတွင်းက ကျေးရွာများကို စတင်စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပြီး ၎င်းစစ်ကြောင်းကို ဧပြီလ ၁၄ ရက်နေ့မှာ တော်လှန်ရေး တပ်ဖွဲ့များက အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကာ ၃၀ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၎င်းစစ်ကြောင်းအား ဖြတ်တောက် တိုက်ခိုက်ပြီးနောက် မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီး တိုက်နယ် ရဲစခန်းကို သတိပေး ဟန့်တား တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ အထိခိုက် အကျအဆုံး မရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ (အထက်မင်းလှ)၊ အရှိုချင်း ကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ /ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIO/PIA) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ တပ်ရင်း တည်ထောင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ဖယ်ခုံ PDF ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
ဧပြီလ ၁၇ ရက်၊
Radio NUG
ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) တည်ထောင်ခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည် သူရဲကောင်း ၃၁ ဦးထိ ရှိခဲ့တယ်လို့ တပ်ရင်း ၃ နှစ်ပြည် ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) ကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြည်သူ့ ကာကွယ်ရေးတပ်အဖြစ် တရားဝင် အသိမှတ်ပြု တည်ထောင်ပေးခဲ့သည်မှာ ၂၀၂၅၊ ဧပြီလ ၁၇ ရက်နေ့ မှာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
၃ နှစ်တာ ကာလအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်း အာဇာနည် အရေအတွက်ဟာ ၃၁ ဦး တိတိ ရှိခဲ့ပြီး ရဲဘော် ၁၈ ဦးဟာလည်း ရဲ့ဝင့်စွာဖြင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
၁၀၀၆ တပ်ရင်း အနေနဲ့ အခြားသော တော်လှန်ရေး အင်အားစုများ နည်းတူ တော်လှန်ရေး လမ်းခရီးမှာ အခက်အခဲများ၊ ရုန်းကန်မှုများနဲ့ စွန့်လွှတ်မှုများစွာတို့ကို ယနေ့ထိတိုင် ကြံ့ကြံ့ခံ ရင်ဆိုင်ရပ်တည်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးလမ်းမှာ ရည်မှန်းချက် အောင်ပွဲရတဲ့အထိ ဆက်လက်လျှောက်လှမ်း နေဦးမှာဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့ စနစ်အား နောင်မျိုးဆက်များအတွက် မချန် အမြစ်ပြတ်တဲ့အထိ ချေမှုန်းတိုက်ထုတ်ရင်း တော်လှန်ရေးမှာ အပြောင်မြောက်ဆုံးသော သမိုင်းများကို ရေးထိုးသွားမယ်လို့ ကတိသစ္စာ ပြုထားပါတယ်။
========================
🚩🚩 ၄။ မိုးကုတ်နဲ့ စဉ့်ကူးမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၀ဦး ဒဏ်ရာရ
ဧပြီလ ၁၇ ရက်၊
Radio NUG
မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၇ ရက်နေ့ မနက် ၉ နာရီ ၄၈ မိနစ်မှာ မိုးကုတ်မြို့ အရှေ့ပိုင်း၊ ကဇုတ်ရွာကို စစ်ကောင်စီတပ်က SU - 30 ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် မိုးကုတ် အနောက်ပိုင်းက သစ်စိမ့်ကုန်း ရွာကိုလည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး တစ်လုံး ကြဲချသွားခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီ ၄ မိနစ် အချိန်ကလည်း စဉ့်ကူးမြို့နယ်၊ တရော်ပင်ရွာ မြောက်ဘက်က နဂါးမောက်တောင် မုဒ်ပေါက်အနီးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၈ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးနှင့် နေအိမ်များကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲရာ သုံးဘီးမောင်းသူ တစ်ဦး သေဆုံး
ဧပြီ ၁၇ ရက်
Radio NUG
နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ အကြမ်းဖက်စစ်တပ်က ကျုံဒိုးမြို့၊ တောင်ကြာအင်းဒေသအတွင်းရှိ ကျေးရွာများကို Y-12 ၊ ဂျက်ဖိုက်တာများဖြင့် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ကမ်းနီ၊ သရက်တော၊ သုံးဆက်သုံးဆူ၊ ကျိုက်သလိုက်၊ ဒေါက်ပလန် ၊ ဝင်းကရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးမှုရှိပြီး သရက်တောရွာသား သုံးဘီး မောင်းသူ ဦးရှဲ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျုံဒိုး တောင်ကြာအင်းလမ်းပိုင်း တစ်လျှောက်ကို KNLA မဟာမိတ်ပူးပေါင်းတပ်များ နေရာယူထားပြီး ကျုံဒိုး ခမရ ၅၄၅/ ၅၄၆ တပ်ရင်းအနီး စစ်ရေး တင်းမာနေကာ ဂျိုင်း/ကော့ကရိတ် (ဂျပန်) တံတားကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကူ အင်အား ၂၀၀ ခန့်ဖြင့် အခိုင်အမာ နေရာယူထားသလို ဖြတ်သန်းသွားလာခွင့်ကို တံတားပိတ်ချခံစစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မင်းတပ်မြို့ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်
ဧပြီလ ၁၇ ရက်၊
Radio NUG
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးဟု ယူဆရတဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမှ သတင်းထောက် တစ်ဦးဖြစ်တဲ့ Hkl Mindat က ဖော်ပြထားပါတယ်။
ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်မှာ နေပြည်တော်၊ အေလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဖြင့် မင်းတပ်မြို့ပေါ် တစ်နေရာကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ် ၇ လုံး ဝန်းကျင်ခန့် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီက မင်းတပ်နဲ့ ကန်ပက်လက် မြို့တို့ကို အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ခပ်စိတ်စိတ် ပြုလုပ်နေတာကြောင့် အထူး ဂရုစိုက်ကြဖို့နဲ့ လေကြောင်းသတင်း နားစွင့်ထားကြဖို့ကို ၎င်းက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၇။ မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးတဲ့ နေရာများ ပြည်သူများကို အသိပေး
ဧပြီ ၁၇ ရက်
RadioNUG
မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုအသိပေးကြေညာကာ ၊ထိုနေရာများသို့ လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊ မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါက ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း (၂,၀၀၀) ထက်မနည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သကဲ့သို့ မိုင်းရှင်းလင်းနိုင်ခြင်းမရှိသေးသည့် နေရာအချို့ ရှိနေကြောင်း၊ ထိုသို့သော အန္တရာယ်ရှိနေရာများတွင် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး၊ သတိပေးစာတန်းများ ရေးသားသတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ လက်ကျန်မိုင်းကြောင့် မတ်လအတွင်း မင်းတပ်မြို့ အနောက်ရပ်ကွက် တောလမ်းတစ်နေရာတွင် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး မိုင်းနင်းမိသောကြောင့် ခြေထောက်တွင် ပြင်းထန် ဒဏ်ရာရပြီး မင်းတပ်မြို့နယ် ကျေးရွာတစ်ရွာတွင်လည်း အသက် ၉ နှစ်အရွယ်ကလေးငယ် တစ်ဦး စစ်ကောင်စီလက်ကျန်မိုင်း ဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားပြီး လက်တွင် ပြင်းထန်သည့် ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး PNLA ထံ ထွက်ပြေးခိုလှုံ
ဧပြီလ ၁၇ ရက်၊
Radio NUG
စစ်ကောင်စီ လက်အောက်ခံ PNO/PNA (အသွင်ပြောင်းပြည်သူ့စစ်) တပ်ဖွဲ့ဝင်တစ်ဦး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA ထံကို ထွက်ပြေးခိုလှုံလာတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ PNO တပ်ဖွဲ့ဝင်ဟာ တောင်ကြီးမြို့တွင် အလုပ်လုပ်နေစဉ် ချစ်သူ မိန်းကလေးကို သွားတွေ့ပြီး ပြန်လာချိန်မှာ စစ်ဆေးရေး ဂိတ်က ဖမ်းဆီးခဲ့ကာ အဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းရဲ့ ထွက်ဆိုချက်အရ စစ်ကောင်စီက ရှေ့တန်း မထွက်ချင်တဲ့ PNO ပြည်သူ့စစ်များကို ပစ်သတ်တာ၊ အချို့ PNO တပ်ဖွဲ့ဝင်များကို အမိန့် မနာခံလို့ဆိုကာ ဓားဖြင့် လက်မောင်းကို လှီးခြင်း၊ လောက်စာလုံးဖြင့် ခေါင်းကိုပစ်ခြင်း၊ ဝါးဆစ်ပိတ်ဖြင့် ရိုက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများရဲ့ ပစ္စည်းဥစ္စာများကို ခိုးယူခြင်း၊ ဓားပြတိုက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့လည်း ၎င်းက ထွက်ဆိုထားပါတယ်။
စစ်ကောင်စီတပ်က နှိပ်စက်တာကို မခံနိုင်တာကြောင့် လက်နက်နှင့်တကွ ထွက်ပြေးလာသူကို PNLA က ဆုငွေများ ချီးမြှင့်ခဲ့ကာ သွားလိုတဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၉။ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအောင်မြင်ပြီးနောက် ချင်းတောင်မှ အညာမြေသို့ ပြန်လည်ရောက်ရှိလာသော 96 Soldiers-PDF ရဲဘော်များကို ဒေသခံမိဘပြည်သူများမှ ကြိုဆိုဂုဏ်ပြု
ဧပြီလ ၁၇ရက်
Radio NUG
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအောင်မြင်ပြီးနောက် ချင်းတောင်မှ အညာမြေသို့ ပြန်လည်ရောက်ရှိလာသော 96 Soldiers-PDF ရဲဘော်များကို ဒေသခံမိဘပြည်သူများမှ နှစ်သစ်ကြိုဆိုမှု ပုံရိပ်များဖြစ်ပါတယ်လို့ ဧပြီ ၁၇ရက် 96 Soldiers-PDFက တရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။
အဆိုပါဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် ကျွန်တော်တို့ 96 မှ တပ်ခွဲမှူး ရဲဘော် တစ်ဆယ်(နာမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရှိခဲ့ပြီး ၂ ဦးက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment