၂၀၂၅ ဧပြီလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အိုးဘိုအကျဉ်းထောင်တွင်း၌ အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြားပြီး နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများအပါအဝင် အကျဉ်းသား(၃၀)ကျော် သေဆုံးခဲ့ရမှုအခြေအနေနှင့် ပက်သက်၍ အဖွဲ့အစည်း(၇)ဖွဲ့ ပူးတွဲသဘောထားထုတ်ပြန်
📌 ၂။ MLA က ကျင်းပတဲ့ အဆင့်မြင့် ဆက်သွယ်ရေး သင်တန်းမှာ CDM ဗိုလ်ကြီးက သင်ကြားပို့ချပေး
📌 ၃။ မေလ ၂၅ရက် ဘော်စတွန်မြို့တွင် ရောင်နီ တော်လှန်ဂီတပွဲကို ပြုလုပ်မယ်
📌 ၄။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က "Project Buffalo"သိန်း(၅၀၀)"ကား" ကမ်ပိန်း ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထိုင်း-မြန်မာ နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ဖားသူးတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ အများအပြားရရှိကာ စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေး
🚩 ၂။ ထီးထာ ဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်များကို မှတ်တမ်းတင် ချီးကျူးဂုဏ်ပြု
🚩 ၃။ မြိုင်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
🚩 ၄။ လူငယ်တွေကို ပေါ်တာဆွဲရန် ရောက်နေတဲ့ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်း
🚩 ၅။ ပုဇွန်မြောင်း ကျေးရွာကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူတို့ဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုး
🚩 ၆။ ရွှေဘို ကွန်ဆိပ်ရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲ၊ ကိုယ်ဝန်ဆောင် အပါအဝင် ၂ဦး သေဆုံး၊ ဗိုက်ထဲက ကလေးအား ခွဲစိတ်ကယ်တင်သော်လည်း သေဆုံး
🚩 ၇။ သရက်ချောင်း၊ ရငဲရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်၊ အသက် ၇ အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး
🚩 ၈။ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး Loikaw Local PDF ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အိုးဘိုအကျဉ်းထောင်တွင်း၌ အဆောက်အအုံ ထိခိုက်ပျက်စီးမှု များပြားပြီး နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများအပါအဝင် အကျဉ်းသား(၃၀)ကျော် သေဆုံးခဲ့ရမှုအခြေအနေနှင့် ပက်သက်၍ အဖွဲ့အစည်း(၇)ဖွဲ့ ပူးတွဲသဘောထားထုတ်ပြန်
ဧပြီလ ၂၀ရက်
Radio NUG
အိုမင်းဟောင်းနွမ်း၍ စစ်ကိုင်းငလျင်ကြီးကြောင့် ပြုပြင်မွမ်းမံခြင်းမရှိတဲ့ အိုးဘိုအကျဉ်းထောင် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး ထောင်တွင်းသတင်းအချက်အလက်များအရ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀)ဦးကျော်ရှိကာ နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀)ဦး အပါအဝင် အကျဉ်းသူ/သားစုစုပေါင်း (၃၀) ဦးထက်မနည်း သေဆုံးခဲ့ရမှုအပေါ် PPNM အပါအဝင် အဖွဲ့အစည်း(၇)ဖွဲ့ မှ ပူးတွဲသဘောထားထုတ်ပြန်ပါတယ်။
ပျက်စီးဆုံးရှုံးမှုမှာ မြေပြင်တွင် ပိုမိုများပြားနိုင်ပြီး အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ/သားများသည် ငလျင်ကပ်ဘေးကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ကြရသော်လည်း ယခုချိန်အထိ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီမရရှိကြသည့်အပြင် သတင်းအမှောင်ချခံထားရသည့် အခြေအနေတွင် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုသည် အကျဉ်းထောင်တွင်း ငလျင်ကြောင့် ထိခိုက်သေဆုံးမှုအခြေအနေများကို ယနေ့အချိန်အထိ ရည်ရွယ်ချက်ရှိရှိ သတင်းဖုံးကွယ်ထားသည့်အပြင် ငလျင်ဒဏ်ခံစားထားရသည့် နိုင်ငံရေးအကျဉ်းသူ/သားများကို ထောင်ပြောင်းရွှေ့မည်ဟု ခြိမ်းခြောက်ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေကြောင်း၊ ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားထားရသည့် နိုင်ငံရေးအကျဉ်းသူ/သားများသည် ထောင်တွင်းဆေးကုသမှု လုံလုံလောက်လောက် မရရှိကြရသည့်အပြင် အကျဉ်းထောင်ဝန်ထမ်းများ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကိုပါ ခံနေရကြောင်း၊ ငလျင်ကြောင့် ပျက်စီးယိုယွင်းနေသော အကျဉ်းထောင်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်နေထိုင်ရန် အတင်းအကြပ်စေခိုင်းမှုများ ရှိနေပြီး ၎င်းတို့၏ စေခိုင်းမှုကို မနာခံသော နိုင်ငံရေးအကျဉ်းသူ/သားများကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ရန် ခြိမ်းခြောက်စီစဉ်လျက်ရှိကြောင်း၊ ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံရေးအကျဉ်းသူ/သားများ၏ အကျဉ်းထောင်တွင်းနေထိုင်ရမှုမှာ အချိန်မရွေး သေဆုံးနိုင်ချေရှိသည့် အသက်အန္တရာယ် စိုးရိမ်ရမှုများ၊ အာဏာပိုင်များ၏ ခြိမ်းခြောက်ခံရမှုများကြားတွင် နေ့စဉ်နေထိုင်နေကြရကြောင်း အသိပေးထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲမှ နိုင်ငံရေးအကျဉ်းသားများအား အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန် အထူးတိုက်တွန်း တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ MLA က ကျင်းပတဲ့ အဆင့်မြင့် ဆက်သွယ်ရေး သင်တန်းမှာ CDM ဗိုလ်ကြီးက သင်ကြားပို့ချပေး
ဧပြီလ ၂၀ ရက်၊
Radio NUG
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဦးစီးကျင်းပခဲ့တဲ့ အဆင့်မြင့် ဆက်သွယ်ရေး အပတ်စဉ် (၁) သင်တန်းမှာ CDM ဗိုလ်ကြီးက သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်မှ CDM ပြုလုပ်လာခဲ့တဲ့ ဗိုလ်ကြီး ဘုဏ်းသိုက်မှ တော်လှန်ရေးကို ရှေးရှုပြီး သင်ကြားပို့ချ ပေးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အဆင့်မြင့် ဆက်သွယ်ရေး သင်တန်း အပတ်စဉ် (၁) ကို မွန်ပြည် လွတ်မြောက်ရေး တပ်တော်၊ ပျံလွှား စစ်ကြောင်းနဲ့ Lion Battalion စစ်ကြောင်းတို့က ရဲဘော်များ တက်ရောက်ခဲ့ကြပါတယ်။
Frequency Spectrum စတဲ့ ဆက်သွယ်ရေး လုံခြုံမှုဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးခဲ့တဲ့ CDM ဗိုလ်ကြီး ဘုဏ်းသိုက်အား ရဲဘော်များ ကိုယ်စား မွန်ပြည်လွတ်မြောက်ရေး တပ်တော်က အထူး ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၃။ မေလ ၂၅ရက် ဘော်စတွန်မြို့တွင် ရောင်နီ တော်လှန်ဂီတပွဲကို ပြုလုပ်မယ်
ဧပြီလ ၂၀ရက်
Radio NUG
မေ ၂၅ ရက် အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ တော်လှန်အနုပညာရှင် လင်းလင်းနှင့် ချစ်သုဝေတို့ရဲ့ ရောင်နီ ရန်ပုံငွေ ဂီတပွဲတော်ကို ထပ်မံကျင်းပ ပြုလုပ်သွားမယ်လို့ သတင်းရရှိပါတယ်။
ရောင်နီ ရန်ပုံငွေ ဂီတပွဲတော်အတွက် လက်မှတ်တွေကို စတင်ရောင်းချနေပြီး ရရှိလာမယ့် ရန်ပုံငွေများကို တော်လှန်ရေးမိသားစုဝင်များရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်များ၊ CDM မိသားစုများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့ မိသားစုဝင်များ၊ နိုင်ငံရေးအကျဥ်းကျ မိသားစုဝင်များကို ဦးစားပေးထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီ ၁၂ ရက်က မယ်ရီလန်းပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရောင်နီ ဂီတပွဲတော်ဟာ ရန်ပုံငွေ US ဒေါ်လာ ၁၄၅၇၆၅ ကျော်ရရှိခဲ့ပြီး အဆိုပါ ပွဲမတိုင်ခင် ကြိုတင်လက်မှတ်ရောင်းချရာမှ ရရှိတဲ့ မြန်မာကျပ်ငွေ သိန်း ၁၂၀၀ ကို ငလျင်ဘေးသင့်ဒေသတွေအတွက် အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဂီတရန်ပုံငွေအတွက် ပွဲလက်မှတ်ဝယ်ယူသူ ပြည်သူတစ်ဦးချင်းဟာ အလှူရှင်တွေ ဖြစ်ပြီး ပြည်ပရောက် ရောင်နီအဖွဲ့က ပြည်တွင်းက လူထုနဲ့တစ်သားတည်းရှိနေမှာလို့ ကတိပြုထားပါတယ်။
========================
📌📌 ၄။ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က "Project Buffalo"သိန်း(၅၀၀)"ကား" ကမ်ပိန်း ပြုလုပ်
ဧပြီလ ၂၀ ရက်၊
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က “Project Buffalo"သိန်း(၅၀၀)"ကား" ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
ယခုအချိန်မှာ စစ်ရေးတောက်လျောက် ပြင်းထန်နေတဲ့အတွက် လက်နက်ခဲယမ်းနဲ့ တခြားလိုအပ်ချက်များစွာ ရှိနေပေမယ့် ရဲဘော်များအတွက် စစ်ဆင်ရေးများမှာ လျင်မြန်စွာ လက်ဦးမှုရယူနိုင်ဖို့ သတ်မှတ် ပွိုင့်များကို အချိန်မှီ ရောက်ရှိနိုင်ရန်၊ စစ်ရိက္ခာများ သယ်ယူရန်၊ ကင်းချိန်းတဲ့ ရဲဘော်များ၊ အသက်လုနေရတဲ့ ထိခိုက်ရဲဘော်များကို အချိန်မှီ ဆေးရုံပို့ဆောင်နိုင်ရန် အရေးကြီးတဲ့အတွက် “ကား ကမ်ပိန်း” ကို ပြုလုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ်ပိန်း Target မှာ ကျပ်သိန်း ‘၅၀၀’ ဖြစ်ပြီး ကားတစ်စီး ရယူနိုင်ဖို့နဲ့ လိုအပ်တဲ့ စက်သုံးဆီများ ဝယ်ယူနိုင်ဖို့ ရည်ရွယ်ကာ ကမ်ပိန်း သတ်မှတ်ကာလမှာ ၂၀၂၅ ဧပြီလ ၂၀ ရက်နေ့ ကနေ မေလ ၂၀ ရက်နေ့ ထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်း/ပြည်ပက ထောက်ပို့ပြည်သူများ အနေဖြင့် "Project Buffalo" ကမ်ပိန်းမှာ ပါဝင်ပြီး မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အတွက် အရေးတကြီး လိုအပ်နေတဲ့ ကားတစ်စီးကို ဖြည့်ဆည်းပေးခြင်းဖြင့် မိမိတို့ရဲ့ ချွေးနည်းစာများထဲမှ ထိုက်ထိုက်တန်တန် ပါဝင်အားဖြည့်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထိုင်း-မြန်မာ နယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ဖားသူးတပ်စခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ အများအပြားရရှိကာ စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေး
ဧပြီလ ၂၀ရက်
Radio NUG
ဧပြီလ ၁၉ ရက်ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်းက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ အများအပြားရရှိကာ စစ်ကောင်စီတပ်ဖွဲ့များ ထွက်ပြေးသွားကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။
မြဝတီမြို့နယ်မှာ ရှိတဲ့ မော်ဖားသူး စခန်းကို ဧပြီလ ၁၈ ရက်ညနေပိုင်းကစတင် တိုက်ခိုက်တာဖြစ်ပြီး တစ်ရက်အကြာမှာပဲ စခန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာဘက်ခြမ်းက ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံများကို ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းသတင်းများက ဖော်ပြထားပါတယ်။
တိုက်ပွဲငြိမ်သက်လာတာနဲ့အမျှ ထွက်ပြေးတိမ်းရှောင်နေသူ ၁၀၀ကျော်ကို ထိုင်းဘက်မှ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ထီးထာ ဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မဟာမိတ်များကို မှတ်တမ်းတင် ချီးကျူးဂုဏ်ပြု
ဧပြီလ ၂၀ ရက်၊
Radio NUG
ထီးထာဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း KNU၊ KNLA တပ်မဟာ (၄) နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်း တိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုများကို KNU မြိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ (၄) က ဂုဏ်ပြုမှတ်တမ်းတင်လွှာ ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၂ ရက်နေ့ ကနေ ၁၉ ရက်နေ့ အတွင်း ထီးထာဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ KNLA တပ်မဟာ ၄ ဌာနချုပ်တပ်ဖွဲ့များ၊ KNLA တပ်ရင်း ၁၀၊ KNLA တပ်ရင်း ၁၁၊ KNLA တပ်ရင်း ၂၀၃၊ KNDO တပ်ရင်း ၇ ၊ KNU - မြိတ် - ထားဝယ်ခရိုင် သစ်တောဌာန၊ NUG - ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ FFD - ဖက်ဒရယ် ဒီမိုကရေစီအတွက် အင်အားစု ၊ KDSF - Karen Drone အထူးတပ်ဖွဲ့ ၊ Dragon Square UAV ၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့ ၊ KNPF - ကရင်အမျိုးသား ရဲတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် -TPLF ၊ Sky Ghost Drone တပ်ဖွဲ့၊ KWO ၊ KYO ၊ ကဆယ်ဒိုမြို့နယ် ခေါင်းဆောင်နှင့် အဖွဲ့သားများ၊ ကျေးရွာလုံခြုံရေး အဖွဲ့များ၊ ဒေသခံများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုထားပါတယ်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ကာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ပြန်တည်ဆောက်လိုတဲ့ လူငယ် ရဲဘော် ရဲဖက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာ မှတ်တမ်းတင်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မြိုင်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
ဧပြီလ ၂၀ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ မြောက်ဘက်မှာ လုံခြုံရေး စောင့်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၀ ရက်နေ့ မနက် ၆ နာရီခွဲ အချိန်ခန့်မှာ လုံခြုံရေး စောင့်ကြပ်နေတဲ့ စစ်သား၊ ရဲ နဲ့ ပျူစောထီးများကို စားသောက်ရေးနှင့် အခြားအရာများနဲ့ ခြေရှုပ်နေချိန်မှာ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးခန့် သေဆုံးခဲ့ပြီး MA-1 တစ်လက်၊ ကာဘိုင် တစ်လက်၊ ကျည် ၂၃ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကို မြိုင် ပကဖ၊ အညာတပ်ပေါင်းစု၊ ပွိုင့်တစ်ထောင်ဗိုလ်ပြောင် အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ လူငယ်တွေကို ပေါ်တာဆွဲရန် ရောက်နေတဲ့ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်း
ဧပြီလ ၂၀ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာနေ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၀ ရက်နေ့ မနက် ၆ နာရီ ၁၀ မိနစ်တွင် ငရှည့်ရိုးရွာက အလှူမှာ လူငယ်တွေကို ပေါ်တာဆွဲရန် ရောက်နေတဲ့ ငရှည့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဦး ဆိုသူကို ဦးခေါင်းတည့်တည့် အနီးကပ် ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျား တပ်ဖွဲ့ - အုတ်ဖိုက ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ပစ်ဗုံး ၂ လုံး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀,၀၀၀ ကျပ်နဲ့ မှတ်ပုံတင် တစ်ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး နိုင်ဦးဟာ စစ်ကောင်စီ ထုတ်ပေးထားတဲ့ သေနတ်နဲ့ လက်ပစ်ဗုံးပြပြီး ပြည်သူများထံမှ စစ်မှုထမ်းကြေး ဆိုကာ ငွေကြေးခြိမ်းခြောက် ကောက်ခံခြင်း၊ လူငယ်များ သာမက အသက် ၆၀ ကျော် အမျိုးသားများကိုပါ ပေါ်တာဆွဲ ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်ခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များနဲ့ ပြည်သူများကို ဆဲဆိုစိန်ခေါ်ခြင်းများကို လုပ်ဆောင်နေတာကြောင့် အခုလိုအရေးယူခဲ့တာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။
========================
🚩🚩 ၅။ ပုဇွန်မြောင်း ကျေးရွာကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူတို့ဖြင့် စစ်ကောင်စီ စစ်ကြောင်းထိုး
ဧပြီလ ၂၀ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူများ အသုံးပြုကာ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ Fire Dragon (မီးနဂါး စစ်ကြောင်း) က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၀ ရက်နေ့ မနက် ၅ နာရီ မိနစ် ၂၀ ခန့်မှာ စစ်ကောင်စီ တပ်အင်အား ၆၀ ကျော်ဖြင့် ပုဇွန်မြောင်း ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာရာ P2 - 3703 Fire Dragon နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က အရာရှိ အပါအဝင် ၃ ဦး သေဆုံးသွားခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြန်ဆုတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးတွေအပြင် MI-35 ချေမှုန်းရေး ရဟတ်ယာဉ်ပစ်ကူထိပါ ယူခဲ့ပြီး စစ်ကြောင်းပြန်ထိုးနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ရှေ့မတက်လာနိုင်သေးဘဲ ထိပ်တိုက်ရင်ဆိုင်ထားဆဲ ဖြစ်တယ်လို့ မီးနဂါး စစ်ကြောင်းက ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ရွှေဘို ကွန်ဆိပ်ရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲ၊ ကိုယ်ဝန်ဆောင် အပါအဝင် ၂ဦး သေဆုံး၊ ဗိုက်ထဲက ကလေးအား ခွဲစိတ်ကယ်တင်သော်လည်း သေဆုံး
ဧပြီလ ၂၀ရက်
Radio NUG
ဧပြီလ ၂၀ရက်နေ့ ညနေ ၃နာရီ ၁၅မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ စာသင်ကျောင်းကို JetFighter တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။
လေကြောင်း ဗုံးကြဲမှုအတွင်း မီးဖွားကာနီး ကိုယ်ဝန်သည် အပါအဝင် အမျိုးသမီး နှစ်ဦး ပွဲချင်းပြီး သေဆုံးကာ ကိုးဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
သေဆုံးသူ ကိုယ်ဝန်သည် အမျိုးသမီးကို အရေးပေါ် ခွဲစိတ်ကာ ဗိုက်ထဲက ကလေးကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကလေးပါ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ သရက်ချောင်း၊ ရငဲရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်၊ အသက် ၇ အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး
ဧပြီလ ၂၀ရက်
Radio NUG
ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၅၀ ကျော် အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး Loikaw Local PDF ထံ အလင်းဝင်
ဧပြီလ ၂၀ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပွန်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၅၁၇) ခြေမြန် တပ်ရင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သား ၂ ဦး အလင်းဝင်လာခဲ့တယ်လို့ Loikaw Local PDF က သတင်းထုတ်ပြန် ထားပါတယ်။
ဧပြီလ ၁၉ ရက်နေ့မှ ခမရ - ၅၁၇ တပ်ရင်းမှ တပ်သား မောင်သန်းစိုးဦးနဲ့ အခြားတပ်သား တစ်ဦးတို့ဟာ လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံ လက်နက်မဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတပ်သား နှစ်ဦးဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၅ နဲ့ ၆ သင်တန်းဆင်းတွေ ဖြစ်ပြီး ရှောင်တခင် ဖမ်းဆီးခံရကာ အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်ရောက် ခိုလှုံလာတဲ့ တပ်သားများအား နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လုံခြုံတဲ့နေရာမှာ ထားရှိကာ ၎င်းတို့ရဲ့ ဆန္ဒအလျောက် လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အလေးထားသွားမယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment