၂၀၂၅ ဧပြီလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ (၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်
📌 ၂။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်းအမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်စားသားငယ်ကင်မ်အဲရစ်ကဆုတောင်းမေတ္တာ ပို့သ
📌 ၃။ တအာင်းပညာရေးအကယ်ဒမီ-TEA အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲအောင်မြင်စွာကျင်းပပြီးစီး
📌 ၄။ ငလျင်ဘေးကြောင့် ခေတ္တခဏရပ်နားထားရတဲ့ နှစ်သစ်ပရိုဒက်ရှင်း ပရောဂျက် “သင်္ကြန်ရေနဲ့ ဝုန်း ကမ်ပိန်း“ ပြန်လည်စတင်
📌 ၅။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထောက်ပို့ရဲဘော်များစုဆောင်းခဲ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ”တိုင်းပြည် အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ ကအရေးကြီးတဲ့အချက်ဖြစ်တယ်"လို့ CRPH ဥက္ကဌပြော
🚩 ၂။ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်
🚩 ၃။ တောင်သာမြို့နယ်ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့
🚩 ၄။ လောင်းလုံးပကဖမှ စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား စားနပ်ရိက္ခာများထောက်ပံ့ပေးဝေ
🚩 ၅။ ဒီးမော့ဆို မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေပြော
🚩 ၆။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၆၅၂၀)ဦးရှိခဲ့ပြီ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ (၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်
ဧပြီလ ၂၂ရက်
(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင်ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း ဧပြီ၂၂ရက်မှာ ပြည်သူ့ဂုဏ်ရည်အသင်းက သတင်းထုတ်ပြန် ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် (၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင်ဖြစ်သော မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ကို ပြည်သူဂုဏ်ရည် ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများမှ ရိုသေလေးစားတန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း အသိပေးကြေညာအပ်ပါတယ်လို့ ဖော်ပြပါတယ်။ဂုဏ်ပြုပွဲအစီအမံအများကို ထပ်မံ၍ အသိပေး ကြေညာသွားမယ်လို့ဆိုပါတယ်။
၂၀၂၃ခု နှစ်က ပြည်သူ့ဂုဏ်ရည်ဆုအား သံအမတ်ကြီးဦးကျော်မိုးထွန်းကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်းအမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်စားသားငယ်ကင်မ်အဲရစ်ကဆုတောင်းမေတ္တာ ပို့သ
ဧပြီလ ၂၂ရက်
ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ်ကင်မ်အဲရစ်မှ ဆုတောင်းမေတ္တာ ပို့သအပ်တယ်လို့ဆိုထားပါတယ်။
"လေးလေးနက်နက်သော နှလုံးသားဖြင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်ခြင်းအတွက် ကျွန်ုပ်တို့ ဝမ်းနည်းကြေကွဲရသော ခေါင်းဆောင်တစ်ဦးနှင့် မြန်မာပြည်သူပြည်သားများအတွက် စစ်မှန်သော မိတ်ဆွေကောင်းတစ်ဦးဖြစ်ပါတယ်။ မေမေ (ဒေါ်အောင်ဆန်းစုကြည်)ကိုယ်စား ကင်မ်အဲရစ်က ဝမ်းနည်းကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"လို့ ဖော်ပြပါတယ်။
ဗာတီကန်ဟာ မြန်မာနိုင်ငံနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် သံတမန်ဆက်ဆံရေး အပြည့်အဝ ထူထောင်နိုင်စေခဲ့တယ်လို့ ကင်မ်အဲရစ်ကဆိုထားပါတယ်။
========================
📌📌 ၃။ တအာင်းပညာရေးအကယ်ဒမီ-TEA အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲအောင်မြင်စွာကျင်းပပြီးစီး
ဧပြီလ ၂၂ရက်
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် တအာင်းပညာရေးအကယ်ဒမီ (Ta’ang Education Academy-TEA) အပတ်စဉ် (၂)၏ ကျောင်းဆင်းပွဲအခမ်းအနားကို ဧပြီလ (၂ဝ)ရက် နံနက် (၉းဝဝ)နာရီအချိန်တွင် ကျင်းပခဲ့တယ်လို့TNLAကသတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် တအာင်းပြည်ပညာရေးကောင်စီ-TLECနှင့် တအာင်းပညာရေးအကယ်ဒမီ-TEAမှ တာဝန်ရှိသူများ၊ PSLF/TNLAမှ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပါင်လ၊ တအာင်းသမိုင်းသုတေသနအဖွဲ့မှ ဒေါက်တာအောင်မင်းဦးနှင့်အဖွဲ့တို့ ပါဝင်တက်ရောက်ကာ အားပေးခဲ့ကြပြီး ဂုဏ်ပြုစကားများ ပြောကြားပေးခြင်း၊ ထူးချွန်ကျောင်းသူ/သားများအား ဆုချီးမြင့်ပေးခြင်း၊ ကျောင်းဆင်းလက်မှတ်နှင့် တာဝန်ခန့်အပ်လွှာပေးအပ်ခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။
TEAကျောင်း အပတ်စဉ် (၂)တွင် ဆရာ/ဆရာမလောင်းများအဖြစ် ကျောင်းသူ (၁၂၈)ဦးနှင့် ကျောင်းသား (၂၇)ဦး စုစုပေါင်း (၁၅၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောင်းပြီးမြောက်သွားကြသည့်ကျောင်းသား/သူတို့ကို တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဖွင့်လှစ်ထားသည့် အခြေခံပညာစာသင်ကျောင်းများတွင် ဆရာ/မများအဖြစ် တာဝန်ထမ်းဆောင်သွားကြရမှာဖြစ်ပါတယ်။
========================
📌📌 ၄။ ငလျင်ဘေးကြောင့် ခေတ္တခဏရပ်နားထားရတဲ့ နှစ်သစ်ပရိုဒက်ရှင်း ပရောဂျက် “သင်္ကြန်ရေနဲ့ ဝုန်း ကမ်ပိန်း“ ပြန်လည်စတင်
ဧပြီလ ၂၂ရက်
ငလျင်ဘေးကြောင့် ခေတ္တခဏရပ်နားထားရတဲ့ နှစ်သစ်ပရိုဒက်ရှင်း ပရောဂျက် “သင်္ကြန်ရေနဲ့ ဝုန်း ကမ်ပိန်း“ ပြန်လည်စတင်မယ်လို့ ဧပြီ၂၂ရက်မှာ SpringMyanmarSocietyက ဖော်ပြပါတယ်။
ငလျင်ဘေးကြောင့် ခေတ္တခဏရပ်နားထားရတဲ့ နှစ်သစ်ပရိုဒက်ရှင်း ပရောဂျက် “သင်္ကြန်ရေနဲ့ ဝုန်း ကမ်ပိန်း“ ကို ဒီနေ့ကနေစပြီး လကုန်ထိ ၁၀ ရက်တာ ပြန်လည် စတင််မှာ ဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။
သင်္ကြန်ရေ နဲ့ ဝုန်း ကမ်ပိန်းဟာ မူလပထမ တားကတ်ဖြစ်တဲ့ဒေါ်လာ ၅သောင်းကို ပြည့်မီကျော်လွန်ခဲ့ပြီးလက်ရှိမှာ ဒေါ်လာ ၆၃၀၀၀ ခန့် ရရှိနေပါတယ်။ဆက်လက်ပြီး ဒုတိယတားကတ်ဖြစ်တဲ့ ဒေါ်လာ ၇၅၀၀၀ ကို ယခု ဧပြီလ မကုန်ခင်မှာ အရောက် ဆက်လက်ချီတက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီကမ်ပိန်းဟာ မြေပြန့်ဒေသကိုဦးတည်မယ့် တတိယလှိုင်းအတွက်ရည်ရွယ်တာဖြစ်တာမို့နှစ်သစ်မှာ ပရိုဒက်ရှင်း အသစ်တွေနဲ့ထုတ်လုပ်ရေးလုပ်ငန်း အလန်းစားတွေထွက်ပေါ်လာနိုင်ဖို့အတွက် နှစ်သစ်ပရိုဒက်ရှင်း ကမ်ပိန်းမှာ ဆက်လက်ပြီး ပါဝင်ပေးကြဖို့ SpringMyanmarSocietyကတိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထောက်ပို့ရဲဘော်များစုဆောင်းခဲ့
ဧပြီလ ၂၂ရက်
MFDMC စည်းရုံးရေးတာဝန်ခံများမှ ဧပြီလ ၂၁ရက်နေ့တွင် ဆိုးလ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသို့ သွားရောက်၍ ထောက်ပို့ရဲဘော်များစုဆောင်းခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလူမျိုးများမှ ဖိတ်ခေါ်၍ MFDMC ၏ထောက်ပို့ကဏ္ဍနှင့် ထောက်ပို့ရဲဘော်ခံယူခြင်းတို့အား ရှင်းပြခဲ့တယ်လို့ ဖော်ပြပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ မြန်မာများမှ ထောက်ပို့ရဲဘော်အဖြစ်ခံယူခဲ့ကြပြီး MFDMC ၏ထောက်ပို့တပ်သားကတ်၊ကိုရိီးယားနိုင်ငံတွင်းနေထိုင်ချိန်သိထားသင့်သော လိုအပ်သည့်အကြောင်းအရာများမျှဝေခြင်း၊ MFDMC နှင့်ပက်သက်သည့်အကြောင်းအရာများအား ဖြေကြားခြင်း၊လူထုလှုပ်ရှားမှု ဆန္ဒပြပွဲများအရေးပါပုံနှင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။
ကိုရီးယား၊ထိုင်း၊စင်္ကာပူ၊ဂျပန်ရှိ မြန်မာများအနေဖြင့်နွေဦးတော်လှန်ရေးအတွက် အရေးကြီးသည့် ထောက်ပို့ရဲဘော်အဖြစ် ခံယူလိုလျှင် MFDMC pageမှာလည်း ဆက်သွယ်နိုင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ”တိုင်းပြည် အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ ကအရေးကြီးတဲ့အချက်ဖြစ်တယ်"လို့ CRPH ဥက္ကဌပြော
ဧပြီလ ၂၂ရက်
"တိုင်းပြည် အေးချမ်းသာယာပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့ ကအရေးကြီးတဲ့အချက်ဖြစ်တယ်"လို့ CRPHဥက္ကဌ ဦးအောင်ကြည်ညွန့်ကပြောကြားလိုက်ပါတယ်။
"အာဏာရူးတဲ့ စစ်အာဏာရှင်တွေကို ဖြုတ်ချနိုင်ဖို့ အရေးကြီးတာကြောင့် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း မလျှော့လိုက်ကြဖို့၊ ဆက်လက်အားထည့်ကြိုးပမ်းသွားကြဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။တိုင်းပြည် အေးချမ်းသာယာပြီး ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံအတွက် ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ဆိုတာ စစ်အာဏာရှင်စနစ်ကို ဒီတိုင်းပြည်ကနေ အမြစ်ဖြတ်နိုင်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်"လို့ ပြောပါတယ်။
ဒါ့အပြင် ဘုံရန်သူကို ဦးတည်ဖြိုချနေချိန်မှာ တော်လှန်ရေးအင်အားစုများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှု၊ တန်ဖိုးထားအသိအမှတ်ပြုမှုတွေနဲ့အတူ သတိကြီးကြီး၊ အမျှော်အမြင်ကြီးကြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ဆက်လက်ဆောင်ရွက်ကြရမှာလည်း ဖြစ်တယ်လို့ CRPHဥက္ကဌက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်
ဧပြီလ ၂၂ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကိုအပြစ်ပေး အရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်မယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ အောင်မြင့်မိုရ်ဆိုင်ကယ်အရောင်းဆိုင်နှင့် ဆွေမျိုးစက်မှုလက်မှုတွင်ခုံအနီးတဝိုက်သို့ အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် (၂) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါ ဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာများအပါအဝင် ကျား - ၈ ဦး၊ မ- ၃ ဦး နှင့် ကလေး- ၁ ဦး စုစုပေါင်း ပြည်သူ - ၁၂ ဦးသေဆုံးကာ အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ တောင်သာမြို့နယ်ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့
ဧပြီလ ၂၂ရက်
တောင်သာမြို့နယ်ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဧပြီ၂၁ရက်ည ၁၁နာရီ၁၀မိနစ်အချိန် ခြုံကြီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးသီးချ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အထိခိုက်စုံစမ်းဆဲဖြစ်တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာကအတည်ပြုဆိုထားပါတယ်။
ယမန်နေ့ နံနက် ၅နာရီဝန်းကျင်ကလည်း မလှိုင်မှ စကစအင်အား ၃၀ ခန့် ရုံးစည်ကြီးသို့ ဝင်ရောက်ခဲ့ပြီး ထနောင်းကုန်း ပျူရွာသို့လည်းတောင်သာမြို့ပေါ်မှ စကစအင်အား ၂၀ခန့် ထပ်မံ အင်အားဖြည့်ထားတယ်လို့သိရပါတယ်
========================
🚩🚩 ၄။ လောင်းလုံးပကဖမှ စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား စားနပ်ရိက္ခာများထောက်ပံ့ပေးဝေ
ဧပြီလ ၂၂ရက်
လောင်းလုံးပကဖမှ စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား စားနပ်ရိက္ခာများ ထောက်ပံ့ပေးဝေခဲ့ပါတယ်။
သင်္ကြန်ကာလ နှစ်ကူးအလှူဖြင့် လောင်းလုံးမြို့နယ်တွင်းရှိ တိုက်ပွဲနောက်ဆက်တွဲ စစ်ဘေးသင့်ပြည်သူများသို့ ပြည်သူများထောက်ပံ့ပေးထားသော ထောက်ပံ့မှုများမှ (ထိုင်းနိုင်ငံ KOH TAO MYANMAR COMMUNITY (ကာလတန်ဖိုး ၄၅ သိန်းကျပ် အပါအဝင်) သိန်း(၁၀၀)ကျော်ကို စစ်ဘေးရှောင်ဦးရေ (၅၀၀)ခန့်အား မိမိတို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)စစ်ဘေးရှောင်ကူညီရေးမှ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်(၁၀၀)အိတ်နှင့် ကုန်ခြောက်များဖြင့်သည့် ဆီ၊ ခေါက်ဆွဲ၊ ကြက်သွန်နီ/ဖြူ ၊ မာဆလာ ၊ ငရုတ်ခြောက် ၊ ငါးသေတ္တ၊ ချို့မှုန့် ၊ သကြားနှင့်ညဘက်အသုံးပြုရန် ဆိုလာမီးသီး အပါအဝင် ရိက္ခာခြောက်တို့ကို ဝယ်ယူထောက်ပံ့ပေးခဲ့ပြီး၊ ကလေးများကို ဆံပင်ညှပ်ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။
========================
🚩🚩 ၅။ ဒီးမော့ဆို မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေပြော
ဧပြီလ ၂၂ရက်
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မြို့ပေါ် ရပ်ကွက်၊ မြို့မစျေးအတွင်းက စျေးဆိုင်ခန်းတွေရဲ့ ခေါင်မိုးတွေ ဖြုတ်ယူခံနေရတယ်လို့ မြို့ခံတွေက ပြောဆိုထားကြောင်းကန္တာရဝတီတိုင်း(မ်)မှာ ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၂၀)ရက်နေ့မှာ ဒီးမောဆို မြို့ပေါ် ရပ်ကွက်က ဒေသခံတွေနဲ့ ယာယီ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့ပေါ် ရပ်ကွက် ကြားကာလအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေက မြို့ကို ကွင်းဆင်း ကြည့်ရှုရာ မြို့မဈေးထဲက ပြည်သူ့ပိုင် စျေးဆိုင် ခေါင်မိုးတွေ ခိုးယူခံနေရတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
" ကျနော်တို့ လှည့်ပတ်ကြည့်တဲ့အခါမှာ ဈေးဖက်ကိုလဲ သွားကြည့်ဖြစ်တယ်ပေါ့။ ဈေးဖက်သွားကြည့်တဲ့အချိန်မှာ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့ရတယ်ပေါ့။ တချို့က အမိုးရှိတယ်။ တချို့က အမိုးမရှိတော့ဘူး။ ပြည်သူအိမ်တချို့လဲ အမိုးတွေ ပျောက်နေတာရှိတယ်။ ဈေးကလဲ အရင်ကတချို့ နည်းနည်းပဲ ပျောက်သေးတယ်ပေါ့ ခုက ပိုပြီးများလာတယ်ပေါ့ အဲ့လိုမြင်ရတယ်" လို့ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ရဲ့ ဥက္ကဌက ပြောပါတယ်။ဒီးမော့ဆိုမြို့ပေါ်က ပြည်သူပိုင်ပစ္စည်းတွေ ထပ်မံ ခိုးယူခံရမှုတွေ မဖြစ်ပွားစေဖို့အတွက် ယာယီအုပ်ချုပ်ရေးကောင်စီက လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်က ဒေသခံတွေဟာ စစ်အာဏာသိမ်းမှုအပြီး ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ မေလကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီးမော့ဆို မြို့ပေါ်ရပ်ကွက် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုတော့ မြို့မကျေးရွာအုပ်စု၊ ဒီကျေး/ ကျေးရွာ အုပ်စု၊နဲ့ ငွေတောင်ကျေးရွာအုပ်စုက ဒေသခံ နဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၆၅၂၀)ဦးရှိခဲ့ပြီ
ဧပြီလ ၂၂ရက်
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်၊ မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ (၆၅၂၀) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ အေအေပီပီ စာရင်းတွေအရ သိရပါတယ်။
အဲဒါအပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၀၄၄) ဦးရှိပြီးအဲဒီအထဲက (၂၂၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၅၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တာကြောင့် အရပ်သားပြည်သူ ၉၁ ဦး သေဆုံးခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ကို အကြမ်းဖက် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကပြောပါတယ်။
အဲဒီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ (၂၁) ဦးသေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး၊ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၇၀) ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းရရှိထားတယ်လို့ အေအေပီပီကဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား/ အကျဉ်းသူ (၄၈၉၃) ဦးကို ထောင်မှလွှတ်ပေးခဲ့တဲ့အထဲမှ နိုင်ငံရေးအကျဉ်းသားပါဝင်မှုကို ဧပြီ ၂၁ ရက်ညနေ ၄ နာရီအထိ အေအေပီပီက ကောက်ယူခဲ့ရာ အကျဉ်းထောင် (၂၁) ထောင်က နိုင်ငံရေးအကျဉ်းသား (၃၈၀) ဝန်းကျင် လွတ်မြောက်လာတယ်လို့ အသိပေးထားပါတယ်။
အဆိုပါ လွတ်မြောက်လာတဲ့ အရေအတွက်ထဲမှ (၃၈) ဦးကို အမည်နဲ့တကွလအတည်ပြုနိုင်ခဲ့တယ်လို့လည်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment