၂၀၂၅ ဧပြီလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နေရာဆက်ခံမည့်သူသည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးဖြစ်ဖို့ NUG ယာယီသမ္မတ လေးနက်စွာမျှော်လင့်
📌 ၂။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စွာ လုပ်လာပြီး ရန်သူက ရန်သူပီသတာထက်ကို ပိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော
📌 ၃။ ပြည်ထောင်စုဝန်ကြီးချုပ်၏ (၇၃) နှစ်ပြည့်မွေးနေ့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအဖွဲ့က တော်လှန်မွေးနေ့ဆုမွန်ကောင်းတောင်း
📌 ၄။ "Mobye Rescue Team" ကို တော်လှန်ရေးမိတ်ဆွေများအားလုံး ဆက်လက်ပြီး အားဖေးကူကြဖို့ ဒုဝန်ကြီး ခွန်စောဖူး တိုက်တွန်း
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံး ပြည်သူတွေအပေါ်ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ နိုင်ငံရေးဦးဆောင်မှုများအပေါ် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ကျေးဇူးတင်စကားဆို
📌 ၆။ ငလျင်ဘေးသင့် မြန်မာပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော်ခန့်ကို ပေးပို့လှူဒါန်းခဲ့
📌 ၇။ ညောင်လေးပင်မြို့နယ်အတွင်းက စစ်ဘေးရှောင် ပြည်သူများကို အခြေခံ စားသောက်ကုန် ရိက္ခာများ ပဲခူး GZ ထောက်ပို့အဖွဲ့ ထောက်ပံလှူဒါန်းခဲ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဒီပဲယင်းမှာ စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ကလေးတဦး အပါအဝင် (၅) ဦးသေဆုံး၊ ကျုံဒိုးမြို့ ကမ်းနီရွာရှိ ဗလီကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲ
🚩 ၂။ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စု ဝင်ရောက်တိုက်ခိုက်ခံရပြီး (၈) ဦး သေဆုံး
🚩 ၃။ အရာတော် (၅၀၀၄) တင့်ကားတပ်ကိုသွားတဲ့ တပ်ကြပ်တဦးကို စောင့်ကြိုတိုက်ခိုက်
🚩 ၄။ မင်းလှမြို့နယ်အတွင်း Non Cdm များနှင့် ပရဟိတဟန်ပြကာ လုပ်စားနေကြသော ကျူရှင် ဆရာ/ဆရာမများကို သတိပေး
🚩 ၅။ ဧပြီလအတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၅၅) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၇) ဦး ပါဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နေရာဆက်ခံမည့်သူသည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးဖြစ်ဖို့ NUG ယာယီသမ္မတ လေးနက်စွာမျှော်လင့်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့နေရာကို ဆက်ခံမယ့်သူဟာ မြန်မာနိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးဖြစ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက လေးနက်စွာ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
"ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှုနဲ့ပက်သက်ပြီး တကမ္ဘာလုံး ရိုမန်ကက်သလစ်တွေနဲ့ ခရစ်ယာန်ဘာသာဝင် အားလုံးလည်း ဝမ်းနည်းပူဆွေးနေကြရတယ်လို့ ခံစားမိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းချမ်းရေးရဖို့ အမြဲ စိတ်အားထက်သန်စွာ ထုတ်ဖော် ဆုတောင်းတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်သာသနာ နှစ်ပေါင်း (၅၀၀) ကျော်အတွင်းမှာ မြန်မာနိုင်ငံကို ပထမဆုံး ကြွရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ဆက်ခံမယ့် ပုပ်ရဟန်း မင်းကြီးတစ်ပါးအနေနဲ့လည်း ကျွန်တော်တို့ နိုင်ငံလို မငြိမ်းချမ်းတဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်အားထက်သန်မှုရှိတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ဖို့ လေးနက်စွာ မျှော်လင့်ကြောင်း ပြောကြားလိုပါတယ်" လို့ ယာယီသမ္မတက ဆိုပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအပေါ် CRPH နဲ့ NUG တို့ကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုပြင်းထန်စွာ လုပ်လာပြီး ရန်သူက ရန်သူပီသတာထက်ကို ပိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော
ပြည်သူတွေကို ဦးတည်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ဆိုပါတယ်။
"အင်အားပြင်းငလျင်ဖြစ်ပေါ်ခဲ့မှုကြောင့် ကျွန်တော်တို့အနေနဲ့ ငလျင်ဒဏ်ခံရတဲ့ နေရာဒေသတွေမှာ ထိုးစစ်တွေရပ်ဖို့ ကြေညာခဲ့ပေမယ့် တစ်ဘက်က အကြမ်းဖက် စစ်အုပ်စုကတော့ ဒီရက်ပိုင်းတွေမှာ ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှု တွေကို ပိုမိုပြင်းထန်စွာ လုပ်လာတာကို စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ရန်သူကတော့ ရန်သူပီသတာထက်ကို ပိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုတွေကို လစ်ဟင်းခြင်းမရှိပဲ အကန့်အသတ်ဖြစ်လာတဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း စီမံကြဖို့ လိုအပ်ပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့ နံနက် (၉း၅၅) နာရီခန့်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ အောင်မြင့်မိုရ်ဆိုင်ကယ်အရောင်းဆိုင်နှင့် ဆွေမျိုး စက်မှုလက်မှု တွင်ခုံအနီးတဝိုက်သို့ အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် (၂) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာများအပါအဝင် ကျား - ၈ ဦး၊ မ- ၃ ဦး နှင့် ကလေး- ၁ ဦး စုစုပေါင်း ပြည်သူ - ၁၂ ဦးသေဆုံးကာ အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီးချုပ်၏ (၇၃) နှစ်ပြည့်မွေးနေ့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအဖွဲ့က တော်လှန်မွေးနေ့ဆုမွန်ကောင်းတောင်း
ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ (၇၃)နှစ်ပြည့်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပါစေကြောင်း နှင့် တိုင်းပြည်နှင့် လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆက်လက်၍ ဦးလည်မသုန် ထမ်းရွက်နိုင်ပါစေကြောင်း ချစ်ခင်လေးစားစွာဖြင့် မေတ္တာဆုမွန်ကောင်းတောင်းအပ်တယ် လို့ ဖော်ပြထားပါတယ်။
ယာယီသမ္မတနဲ့ပြည်ထောင်စုဝန်ကြီးချုပ်တို့အပါအဝင် NUG အစိုးရအဖွဲ့ဝင်များဟာ ပြည်တွင်းမှနေ၍ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ရန်ကြိုးပမ်းလျက် ရှိနေကြပါတယ်။
========================
📌📌 ၄။ "Mobye Rescue Team" ကို တော်လှန်ရေးမိတ်ဆွေများအားလုံး ဆက်လက်ပြီး အားဖေးကူကြဖို့ ဒုဝန်ကြီး ခွန်စောဖူး တိုက်တွန်း
"Mobye Rescue Team"ကိုတော်လှန်ရေးမိတ်ဆွေများအားလုံး ဆက်လက်ပြီး အားဖေးကူကြဖို့ သယံဇာတနဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်စောဖူးက တိုက်တွန်းဆိုထားပါတယ်။
"Mobye Rescue Team သို့မဟုတ် ကျွန်တော်ရဲ့ဒုတိယမိသားစု၊ လာမယ့် ဧပြီလ (၂၃) ရက် နေ့ဆို Team က ၄ နှစ် သက်တမ်းပြည့်ပြီ။ သီးခြားတာဝန်ရှိလေတော့ အဖွဲ့ဦးဆောင်သူတာဝန်ကနေ ရပ်နားလိုက်ပါပြီ။ ခေါင်းဆောင်မှုပုံစံ၊ ငွေစာရင်းစနစ်၊ လုပ်အားစီမံခန့်ခွဲခြင်းပုံစံ၊ အဖွဲ့အတွက် ရေရှည် ဝင်ငွေ ရရှိနိုင်မည့်လုပ်ငန်းတွေကို တည်ဆောက်ပေးခဲ့ပြီးဖြစ်တယ်။ တော်လှန်ရေးမိတ်ဆွေများအားလုံး အဖွဲ့ကို ဆက်လက်ပြီး ငွေအား၊ ဉာဏ်အား ဖေးကူကြဖို့လည်း တိုက်တွန်းပါတယ်" လို့ ဆိုပါတယ်။
"Mobye Rescue Team အဖွဲ့ဟာ ကရင်နီပြည်အတွင်း ရှေ့တန်းမှ ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိပါက ကယ်ဆယ်ကုသရေးကို အဓိက ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံး ပြည်သူတွေအပေါ်ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ နိုင်ငံရေးဦးဆောင်မှုများအပေါ် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ကျေးဇူးတင်စကားဆို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝတလျှောက်လုံး ပြည်သူတွေအပေါ်ထားရှိတဲ့ အနစ်နာခံမှု၊မေတ္တာတရားနဲ့ နိုင်ငံရေးဦးဆောင်မှုများအပေါ် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ကျေးဇူးတင်စကားဆိုတာလည်း ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းဦးဆောင်သူတဦးဖြစ်တဲ့ လော့စ်အိန်ဂျလိစ်မှ ဦးကျော်ဝဏ္ဏက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဆု ပေးအပ်ရတဲ့အကြောင်းနှင့် ပတ်သက်လို့ Radio NUG ကို အခုလိုပြောပြပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းက
>>> Audio Insert <<<
၂၀၂၅ ခုနှစ် (၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင်ဖြစ်သော မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ကို ပြည်သူဂုဏ်ရည် ဌာနခွဲအသီးသီးရှိ အဖွဲ့သားများမှ ရိုသေ လေးစား တန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုကြောင်း ဧပြီလအတွင်း အသိပေးကြေညာခဲ့ပါတယ်။
စစ်အုပ်စုအာဏာလုတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ကစလို့ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း အသက် (၈၀) ပြည့်တော့မှာလည်း ဖြစ်ပါတယ်။
========================
📌📌 ၆။ ငလျင်ဘေးသင့် မြန်မာပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀၀ ကျော်ခန့်ကို ပေးပို့လှူဒါန်းခဲ့
မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီး နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ဘေးသင့်ခဲ့ရသော ဒေသခံ မြန်မာပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘာကျော် Crypto Exchange တခုဖြစ်တဲ့ Bybit မှ မြန်မာကျပ်ငွေ သိန်းပေါင်း (၆၀၀၀) ကျော် ခန့် (USD 140,000 တိတိ) ကို ပေးပို့ လှူဒါန်းခဲ့တယ်လို့ Spring Development Bank က ထုတ်ပြန်ဖော်ပြပါတယ်။
ယခုလို နိုင်ငံတကာမှ ထိရောက်သော ပံ့ပိုးမှုအဖြစ် ခွန်အားဖြည့်ပေးခဲ့တဲ့ Bybit အား အထူးပင် ကျေးဇူးတင်ရှိလျက် Spring Development Bank, Myan Crypto နှင့် KoeCrypto Studios တို့၏ ယုံကြည်စိတ်ချရတဲ့ ကွန်ယက်များမှ တဆင့် လွှဲပြောင်းကူညီပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၇။ ညောင်လေးပင်မြို့နယ်အတွင်းက စစ်ဘေးရှောင် ပြည်သူများကို အခြေခံ စားသောက်ကုန် ရိက္ခာများ ပဲခူး GZ ထောက်ပို့အဖွဲ့ ထောက်ပံလှူဒါန်းခဲ့
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများအတွက် အခြေခံ စားသောက်ကုန် ရိက္ခာများကို နှစ်သစ်ကူးအလှူအဖြစ် ပဲခူး GZ ထောက်ပို့အဖွဲ့ ‘လမင်းထဲက ယုန်ကလေး’ မှတဆင့် တော်ဝင်ဒေါင်းက ဦးဆောင်ကာ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ တော်ဝင်ဒေါင်း စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၈) ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှု တကြိမ်နဲ့ လက်နက်ကြီး ပစ်ခတ်မှု (၇) ကြိမ်အတွင်း သေဆုံးသွားခဲ့တဲ့ အသက် (၄၂) နှစ်အရွယ် ရွာသားတဦးရဲ့ မိသားစုအား ထောက်ပံငွေ (၁၀) သိန်းကျပ်ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဒီပဲယင်းမှာ စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ကလေးတဦး အပါအဝင် (၅) ဦးသေဆုံး၊ ကျုံဒိုးမြို့ ကမ်းနီရွာရှိ ဗလီကျောင်းကို လေယာဉ်ဖြင့် ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင် ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် (၅) ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဧပြီလ (၂၃) ရက်နေ့ မနက် (၁၀း၄၁) နာရီခန့်မှာ လက်လှုပ်တောင်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများရဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၃) နှစ်အရွယ် မဂျယ်ဦးနဲ့ အသက် (၈၀) ကျော်အရွယ် ဒေါ်ဆောင်းတို့ အပါအဝင် ပြည်သူ (၅) ဦး သေဆုံးခဲ့ကာ (၇) ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ (၁၂) ရက်ကလည်း ဒီပဲယင်းမြို့နယ်၊ ကြခက်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် (၃) ပါး အပါအဝင် (၅) ဦး ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။
အလားတူ ဧပြီလ (၂၂) ရက်နေ့ မနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီရွာဗလီကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။
လေယာဉ်ဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ချိန်အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဗလီကျောင်းအဆောက်အဦများ ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စု ဝင်ရောက်တိုက်ခိုက်ခံရပြီး (၈) ဦး သေဆုံး
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် - ပြည်လမ်းပိုင်း အရှေ့ဘက်ကျေးရွာတွေကို ပေါ်တာဆွဲဖမ်းဆီးရန် စစ်ကောင်စီတပ်ဖွဲ့ လာရောက်မယ်ဆိုတဲ့ သတင်းကြောင့် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၈) ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း - ၃၈၀၂၊ တပ်ခွဲ (၂) က ထုတ်ပြန်ထားပါတယ်။
ဧပြီလ (၂၂) ရက်နေ့ မနက် (၁၀) နာရီခွဲ ခန့်မှာ အင်ကြင်းကုန်းအုပ်စု၊ အညာတန်းကြီးရွာ၊ ကားလမ်းဘေးက "53" မြန်မာထမင်းဆိုင်မှာ ထမင်းစားနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၂၀) ခန့်ကို ရှောင်တခင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတာကြောင့် ဖရိုဖရဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးများကို လိုက်လံပစ်ခတ် ရှင်းလင်းခဲ့ရာ (၈) ဦး သေဆုံးပြီး (၄) ဦး ဒဏ်ရာရသွားတယ်လို့ ဖော်ပြထားပါတယ်။
အထိနာသွားတဲ့ စစ်ကောင်စီတပ်က မွန်းလွဲ (၂း၁၅) နာရီခန့်မှာ Mi-35 ရဟတ်ယာဉ်ဖြင့် ရိုးမအစပ်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်လာနိုင်တာကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်နဲ့ နီးနီးကပ်ကပ် သွားလာနေထိုင်မှု မလုပ်ကြဖို့နဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်တာကြောင့် အထူးသတိထား နေထိုင်ကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၃။ အရာတော် (၅၀၀၄) တင့်ကားတပ်ကိုသွားတဲ့ တပ်ကြပ်တဦးကို စောင့်ကြိုတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အမှတ် (၅၀၀၄) တင့်ကားတပ်ရင်းကို သွားတဲ့ တပ်ကြပ်တဦးအား စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ Danger Force - မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဧပြီလ (၂၂) ရက်နေ့ မနက် (၁၀း၄၄) နာရီအချိန်မှာ တပ်ကြပ်ဝင်းတင် ဆိုသူအား အရာတော်မြို့ကနေ တင့်ကားတပ်ရင်းကိုသွားတဲ့ လမ်းခုလတ် တနေရာမှာ အသင့်စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတာကြောင့် တပ်ကြပ် ဝင်းတင်ရဲ့ ညာဘက်ပခုံး ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ တပ်တွင်းဖရဲသီးထံမှ သိရကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် မနက် (၁၁း၂၀) နာရီခန့်မှာလည်း အရာတော် စက်မှုလယ်ယာဂိတ်အတွင်းကို M-79 ဖြင့် 40 mm တလုံးပစ်ခတ်ခဲ့ရာ စစ်ကောင်စီဂိတ်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို Danger Force - မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မင်းလှမြို့နယ်အတွင်း Non Cdm များနှင့် ပရဟိတဟန်ပြကာ လုပ်စားနေကြသော ကျူရှင် ဆရာ/ဆရာမများကို သတိပေး
မင်းလှမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုများအတွင်း Non Cdm ဆရာ/ဆရာမများအား အကြမ်းဖက်စစ်ကောင်စီနှင့် မပူးပေါင်းရန် အကြိမ်ပေါင်းများစွာထုတ်ပြန်ထားသော်လည်း ပြည်သူများ၏ မျက်နှာကို မငဲ့ကွက်ပဲ အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေကြောင်း မင်းလှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တာဝန်ကျနေသော ပညာရေးဌာနမှ Nom Cdm ဆရာ/ဆရာမများသည် မင်းလှမြို့တွင် တိမ်းရှောင်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းနေတယ်လို့ ဖော်ပြထားပါတယ်။
မင်းလှမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုအလိုက် စေတနာဟန်ပြပြီး ကျူရှင်ပြစားနေသော ဆရာ/ဆရာမများသည် Non Cdm များနှင့် ပူးပေါင်းပြီး ၂၀၂၁ ခုနစ် အကြမ်းဖက်အာဏာသိမ်းကာလ ၅ နှစ်တိုင်တိုင် ကျောင်းသား/သူ မိဘများအပေါ် လစဥ် KG တန်းမှစ၍ အလယ်တန်းပညာရေးအဆင့်ထိ ငွေကြေးကောက်ခံပြီး ခိုးကြောင်ခိုးဝှက်သင်ကြားနေတယ်လို့ သိရပါတယ်။
သို့ဖြစ်ပါ၍ Non Cdmများနှင့် ဆက်လက်ပူးပေါင်းကာ ခိုးကြောင်ခိုးဝှက် သင်ကြားပေးနေသော ကျူရှင်ဆရာ ဆရာမများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ မင်းလှမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန် မေတ္တာရှေ့ထားပြီး အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ဧပြီလအတွင်း နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် အမျိုးသားစုစုပေါင်း (၅၅) ဦး သေဆုံးခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၇) ဦး ပါဝင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၅) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၂) ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၅၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၇) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။
ထိုအရေအတွက်တွင် စစ်ကိုင်းတိုင်းမှာ (၂၁) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့သိရပါတယ်။
ဧပြီလ (၂၀) ရက်နေ့၊ ညနေ (၆) နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ “ဒေါ်မူချို” အမည်ရသည့် ကုန်စုံဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံ မမိသေး၊ ကိုမင်းမင်း၊ ကိုဖိုးမော့၊ ဒေါ်ခင်မာနှင်း၊ ဒေါ်စောနှင့် ဦးကျော်မင်းကြီးတို့ မိသားစုဝင် ခြောက်ဦးကို ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ကြရတယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment