၂၀၂၅ ဧပြီလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အလေးထားစဉ်းစားပြီး လေးလေးနက်နက် အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ဦးကျော်မိုးထွန်းပြော
📌 ၂။ မြစ်ကြီးနားမှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် Non-CDM ဝန်ထမ်း အိမ်ရာအတွင်း ကျရောက်ပေါက်ကွဲပြီး တဦးသေဆုံး
📌 ၃။ ဒီးမော့ဆို PDF ထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၆ ဦး ကို ကျပ် ၆၅ သိန်း ထောက်ပံ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကြောင်းမှူး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တနှစ်ပြည့်နဲ့ SOF က ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ အလေးပြုခြင်း အခမ်းအနားပြုလုပ်
🚩 ၂။ စလင်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်စစ်ကြောင်းမှူးအပါအဝင် ၉ဦး ထက်မနည်း သေဆုံး
🚩 ၃။ ဝက်လက်မြို့ပေါ်က စစ်တပ်တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ မီးသတ်ရုံးနဲ့ ကင်းစခန်းကို ဒရုန်းတွေနဲ့ တပြိုင်တည်းဗုံးကြဲ
🚩 ၄။ ဆင်ပေါင်ဝဲမြို့နယ်က စစ်ရှုံးကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ကံမမြို့နယ် ရေနံ့သာရဲကင်းကို တိုက်ခိုက်ရာမှာ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် စခန်းကို ရှင်းလင်းဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အလေးထားစဉ်းစားပြီး လေးလေးနက်နက် အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ဦးကျော်မိုးထွန်းပြော
ဧပြီလ၂၆ရက်
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကို အလေးထားစဉ်းစားပြီး လေးလေးနက်နက် အရေးယူဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ စီးပွားရေးနဲ့ လူမှုရေးကောင်စီအောက်က “Forced Displacement and Refugee Protection” ခေါင်းစဉ်နဲ့ အထူးအစည်းအဝေးတရပ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ရာမှာ ဦးကျော်မိုးထွန်းက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာအများစုဟာ နေရပ်စွန့်ခွာ နေထိုင်နေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အခြားနိုင်ငံတွေမှာပါ ဒုက္ခသည်တွေ အဖြစ် ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ မြန်မာနိုင်ငံတဝှမ်းလုံးကပြည်သူတွေအပေါ် ဆိုးရွားတဲ့သက်ရောက်မှုတွေ ကျရောက်နေတဲ့အပြင် နေရပ်စွန့်ခွာနေထိုင်ရတဲ့ ပမာဏလည်း ကြီးမားနေပြီလို့ အစည်းအဝေးတက်ရောက် လာသူတွေကို အသိပေးထားပါတယ်။
OCHA အနေနဲ့ နေရပ်စွန့်ခွာနေရထိုင်ရသူ ၃ဒသမ၅ သန်းရှိတယ်လို့ ခန့်မှန်းထားပေမယ့် ဒီထက်မြင့်မားနိုင် တယ်လို့လည်း ပြောခဲ့ပါတယ်။
၁၉ ဒသမ ၉ သန်းသော မြန်မာပြည်သူတွေဟာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေပြီး နေအိမ်နဲ့ဘာသာရေး အဆောက်အအုံ တသိန်းကျော် ဖျက်ဆီးခံရတယ်လို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို အသိပေးထားခဲ့ပါတယ်။
မြန်မာပြည်သူအများစုဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အခြားနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်တွေဟာ မြန်မာနိုင်ငံ အကျပ်အတည်းဒဏ်ကို ခါးစည်းခံနေရ ဒုက္ခ ဆင်းရဲတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရချိန်မှာ ၇ ဒသမ ၇ ပြင်းအားရှိတဲ့ ငလျင်ကြောင့် ဒုက္ခတွေ ဆင့်ကဲ တိုးပွားလာခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါ တယ်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကျပ်အတည်းဟာ ဒေသတွင်းနဲ့အခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိပါးစေတာ ကြောင့် နေရပ်စွန့်ခွာသူတွေနဲ့ ဒုက္ခသည်တွေကို သင့်တော်တဲ့အကာအကွယ်ပေးဖို့ အလွန် အရေးကြီးနေပြီလို့လည်း ပြောခဲ့ပါသေးတယ်။
အခုလိုဖြစ်နေရတာဟာ စစ်အာဏာရှင်စနစ်ကြောင့်ဆိုတာ အငြင်းပွားဖွယ်ရာမရှိတဲ့အတွက် မြန်မာပြည်သူတွေလိုလား နေတဲ့ စစ်အာဏာရှင်စနစ်နဲ့ မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်းနေမှုတွေမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပံ့ပိုးကူညီမှုက အလွန်အရေးပါတယ်လို့ ကုလဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီအခြေအနေတွေကို အလေးထားစဉ်းစားပြီး လေးလေးနက်နက် အရေးယူ ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ အစည်းအဝေးတက်ရောက်လာသူတွေကို တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ မြစ်ကြီးနားမှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် Non-CDM ဝန်ထမ်း အိမ်ရာအတွင်း ကျရောက်ပေါက်ကွဲပြီး တဦးသေဆုံး
ဧပြီလ၂၆ရက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် Non-CDM ဝန်ထမ်းတွေ နေထိုင်ရာ မလိခအိမ်ရာအတွင်းကျရောက်ပေါက်ကွဲတာကြောင့် လူငယ်တဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြစ်ကြီးနားမြို့မှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မနေ့ ဧပြီလ ၂၅ ရက် ည ၁၁ နာရီခွဲကျော်အချိန်မှာ လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် စစ်တပ်လက်အောက်ခံ Non-CDM ဝန်ထမ်းတွေနေထိုင်ရာ မလိခအိမ်ရာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ်တဦးသေဆုံးပြီး ဝန်ထမ်းအိမ်ရာအဆောက်အအုံတွေလည်း လက်နက်ကြီးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကျချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ မနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းကတည်းက လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရပြီး ဝိုင်းမော်ဘက်ကို ပစ်ခတ်တာလို့ ယူဆရတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဗန်းမော်မြို့က စစ်ကောင်စီ လက်ကျန်စခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲကို လက်စသတ်နေချိန်မှာ မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ခြားပြီး ၄ မိုင်ခန့်သာ ကွာဝေးတဲ့ ဝိုင်းမော်မြို့နယ်က KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိန်းချုပ်ရာနေရာတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာလို့ စစ်ရေးအခြေအနေလေ့လာနေသူတွေဆီက သိရပါတယ်။
========================
📌📌 ၃။ ဒီးမော့ဆို PDF ထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၆ ဦး ကို ကျပ် ၆၅ သိန်း ထောက်ပံ့
ဧပြီလ၂၆ရက်
ဒီးမော့ဆို PDF ထံ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၆ ဦးကို ကနီးထောက်ပံ့ငွေအဖြစ် ကျပ် ၆၅ သိန်း ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို DMO Local PDF က ပြောပါတယ်။
အဲဒီစစ်မှုထမ်း ပြည်သူစစ်တပ်ဖွဲ့ဝင် ၆ ဦးဟာ ဧပြီလ ၁၆ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ ဒီးမော့ဆို PDF ထံ အလင်းဝင်လာတာလို့ သိရပါတယ်။
သူတို့နဲ့အတူ MA 1 သေနတ် ၅ လက်၊ MA 1 ကျည် ၄၅၅ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ 14 မိုင်း ၃ လုံး၊ ကျည်ကာ ၄ ထည်၊ အိုင်ကွန်တလုံး၊ ဖုန်း ၇လုံးယူဆောင်လာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ အလင်းယင်လာသူတွေကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး မိသားစုတွေနဲ့ ဆက်သွယ်နိုင်ဖို့ အကြောင်းကြားပေးထားတယ်လို့ သိရပါတယ်။
အလင်းဝင်လာသူတွေရဲ့ထွက်ဆိုချက်အရ တပ်တွင်းမှာ WY မူးယစ်ဆေးဝါးတွေ စိတ်တိုင်းကျ ရောင်းဝယ်သုံးစွဲခွင့်ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အနိုင်ကျင့် ညှင်းပန်းနှိပ်စက်တာတွေ မကြာခဏခံရတယ်လို့ ဒီးမော့ဆို PDFက ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကြောင်းမှူး ရဲဘော်ဆရာကျောင်းကျဆုံးခြင်း တနှစ်ပြည့်နဲ့ SOF က ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ အလေးပြုခြင်း အခမ်းအနားပြုလုပ်
ဧပြီလ၂၆ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံး အထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့ စစ်ကြောင်း ၁ စစ်ကြောင်းမှူး ရဲဘော်ဆရာ ကျောင်း ကျဆုံးခြင်း တနှစ်ပြည့်နဲ့ ကျဆုံးရဲဘော်တွေကို အောက်မေ့သတိရ အလေးပြုခြင်းအခမ်းအနားကို မနေ့ ဧပြီ ၂၅ မှာ ကျင်းပခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ပြောပါတယ်။
ဒီအခမ်းအနားမှာ ပြည်သူ့ကွယ်ရေးတပ်မတော်အလံတော်ကို အလံတဝက်ချ အလေးပြုခြင်း၊ သစ္စာဓိဌာန်ရွတ်ဆိုခြင်း၊ ကျဆုံးရဲဘော်တဦးချင်းစီရဲ့ တော်လှန်ရေးဆောင်ရွက်ချက် မှတ်တမ်းတွေကို အောက်မေ့သတိရဖွယ်၊ ဂုဏ်ယူဖွယ် ပြန်လည်ဝေမျှခဲ့ပြီး ကျဆုံးရဲဘော်တွေကို အလေးပြုခြင်း စတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ဆရာကျောင်းဟာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF စစ်ကြောင်း ၁ စစ်ကြောင်းမှူးဖြစ်ပြီး တပ်ဖွဲ့ စစ်ဆင်ရေးမှူးလည်း ဖြစ်တယ်လို့ သိရပါတယ်။
ရဲဘော်ဆရာကျောင်းဟာ နွေဦးတော်လှန်ရေးစချိန်ကနေ မြို့ပြစစ်ဆင်ရေးတွေဖြစ်တဲ့ ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနဲ့ ကျေးလက်စခန်းသိမ်းတိုက်ပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှူးတဦးဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် ရဲဘော်ဆရာကျောင်းဟာ တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးထူးချွန်ဆု ချီးမြှင့်ခြင်းခံထားရသလို ကျဆုံးချိန်မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဦးညွတ်ဂုဏ်ပြုလွှာ ချီးမြှင့်ခံရသူလို့ သိရပါတယ်။
ရဲဘော်ဆရာကျောင်းနဲ့အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲမှာ ရန်သူစစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံတိုက်ခိုက် ချေမှုန်းရင်း ရန်သူ့စခန်းကုန်းပေါ်မှာ ကျဆုံးခဲ့တာလို့လည်း သိရပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရယူခဲ့ပြီး အမိန့်ပြန်ပေးခြင်းနဲ့ ဘာသာရေးအရ လိုအပ်တာတွေ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်
တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ရဲဘော် ၂၀ ဦးကျဆုံးခဲ့ပြီး တပ်ဖွဲ့က သက်စွန့်အာဇာနည်ဆုတံဆိပ် ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်များအဖြစ် အထူးပင်မှတ်တမ်းတင်ထားရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ စလင်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်စစ်ကြောင်းမှူးအပါအဝင် ၉ဦး ထက်မနည်း သေဆုံး
ဧပြီလ၂၆ရက်
မကွေးတိုင်း စလင်းမြို့နယ်မှာ သံချပ်ကာ ကား ၂စီးအပါအဝင် အင်အား ၂ဝဝ ကျော်နဲ့ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်း ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းမှူးအဆင့်ရှိသူအပါအဝင် ၉ ဦးထက်မနည်းသေဆုံးကာ ၁ဝ ဦးထက်မနည်း ဒဏ်ရာရသွာတယ်လို့ ဗမာ့တပ်တော်- Burma Army က ဒီနေ့ ဧပြီ ၂၆ မှာ ထုတ်ပြန်ပါတယ်။
စလင်းမြို့အနာက်ဘက် ဝမ်းပြည့်ကျေးရွာကနေ အောက်လှိုင်းကျးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကာင်စီ စစ်ကြာင်း ဗမာ့တပ်တော် အမှတ် - ၈၀၈ တပ်ရင်းနဲ့ မဟာမိတ်တပ်တွေ စိုးမိုးထားတဲ့နယ်မြထဲ ဝင်မလာနိုင်အောင် ဧပြီ ၂၄ နဲ့ ၂၅ မှာ ပိတ်ဆို့တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီ ၂၄ မှာ သံချပ်ကာကားတွေနဲ့ ပစ်ခတ်ဝင်ရာက်လာခဲ့တာဖြစ်ပြီး တော်လှန်ရေး မဟာမိတ်တပ် တွေနဲ့ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးမဟာမိတ်တပ်တွေဘက် လက်နက်ကြီးတွေ ၄၀ မမ ဗုံးသီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ် ဘက်က စစ်ကြောင်းမှူးအဆင့်ရှိသူအပါ ၉ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားတာလို့ အသိပေးပါတယ်။
ထိတွေ့တိုက်ပွဲဖြစ်ချိန်မှာ စစ်တပ်စစ်ကြောင်းက သံချပ်ကာကားတစီးဟာ ဝမ်းပြည့်ရွာ ရေမြောင်းထဲ ထိုးကျသွားတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖောကားတွေနဲ့ ပြန်လည်ဆွဲတင်နေချိန်မှာ တော်လှန်ရေးမဟာမိတ်တပ်တွေဘက် က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာလည်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး မနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးရဲဘော်တဦး ၄၀ ဗုံးသီးစထိမှန်တာ ကြောင့် ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ဗမာ့တပ်တော်- Burma Army က ဆိုပါတယ်။
သံချပ်ကာကားတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဗမာ့တပ်တော် အမှတ် ၈၀၈ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ ပေါက်တောင်ပိုင်း ကျန်းမာရးနှင့်သူနာပြုတပ်ဖွဲ့၊ ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့ - စလင်း၊ ဒေါင်းစစ်အာင် LPDF၊ ဒေါင်းညီနာင် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပါင်းတိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စလင်းမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေတွေထဲကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်နေတဲ့အတွက် မိဘပြည်သူများအနေနဲ့ လေယာဉ်အန္တရာယ်၊ လက်နက်ကြီး အန္တရာယ် မရှိစေဖို့ ဗုံးခိုကျင်းတွေတူးထားကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာဆောင်ရွက်ကြဖို့ ဗမာ့တပ်တော်- Burma Army က တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ ဝက်လက်မြို့ပေါ်က စစ်တပ်တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ မီးသတ်ရုံးနဲ့ ကင်းစခန်းကို ဒရုန်းတွေနဲ့ တပြိုင်တည်းဗုံးကြဲ
ဧပြီလ၂၆ရက်
စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့ပေါ်က အကြမ်းဖက် စစ်တပ် အထိုင်ချတပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ မီးသတ်ရုံးနဲ့ ကင်းစခန်း စတဲ့နေရာတွေကို ဒရုန်းတွေသုံးပြီး တပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People's Servant Revolution – Wetlet က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ လောက်နဲ့ အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ မီးသတ်ရုံးနဲ့ ကင်းစခန်းကို တော်လှန်ရေးတပ်တွေက မနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှု အကြမ်းဖက် စစ်တပ်လက်အောက်ခံတွေဖြစ်တဲ့ ထွေအုပ်ဝန်ထမ်းတွေအပါအဝင် ပျူစောထီးတွေ ထိခိုက် ဒဏ်ရာရတာ ရှိတယ်လို့သိရပေမယ့် အသေးစိတ်သိရအောင်ဆက်လက်စုံစမ်းနေဆဲလို့ တော်လှန်ရေးတပ်တွေက အသိပေးပါတယ်။
ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ပြန်လည်ပစ်ခတ်တာတွေ ရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ၊ လှတော တိုက်နယ် ပကဖ၊ N Sai Naw Drone တပ်ဖွဲ့၊ Phoenix Winds Drone တပ်ဖွဲ့၊ Sn-Warazein ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ R Gyi Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ ဆင်ပေါင်ဝဲမြို့နယ်က စစ်ရှုံးကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
ဧပြီလ၂၆ရက်
မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်မှာရှိတဲ့ စစ်ရှုံးကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၃ အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar- BWM အဖွဲ့က ပြောပါတယ်။
မနေ့ ဧပြီလ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်အချိန်မှာ ကပစ ၁၃ ကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံး ၁၀ လုံးစလုံး အရေးပါတဲ့ နေရာတွေကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက် ပျက်စီးမှုများတယ်လို့ ကနဦး စုံစမ်းသိရှိထားပေမယ့် သတင်းပိုမိုခိုင်မာ အောင် အတည်ပြုစုံစမ်းနေတယ်လို့ ဆိုပါတယ်။
စစ်ရှုံးကောင်စီရဲ့ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၃ ဟာ ပြည်သူလူထုကိုသတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ အသေးစားကျည်ဆန်ကနေ အကြီးစား လေယာဉ်ဗုံးသီးတွေအထိ ထုတ်လုပ်နိုင်တဲ့ ဒီတိုနေတာနဲ့ အစပျိုးယမ်းလို့ခေါ်တဲ့ ပရိုင်မာတွေ အဓိက ထုတ်လုပ်ပေးနေတဲ့ စက်ရုံလို့ သိရပါတယ်။
ကပစ ၁၃ စက်ရုံပျက်စီးသွားမယ်ဆိုရင် ဒီစက်ရုံကိုမှီခိုနေရတဲ့ ကပစ -၃ ၊ ကပစ ၅၊ ကပစ -၇ ၊ ကပစ- ၁၂၊ ကပစ -၂၅၊ ကပစ - ၁၇၊ ကပစ ၂၁ တို့မှာလည်း ထုတ်လုပ်မှု ထိခိုက်နိုင်တယ်လို့ တော်လှန်ရေးအင်အားစု တွေကဆိုပါတယ်။
ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီရဲ့အချက်အခြာကျရာနေရာတွေ ကိုဖြိုခွင်းနိုင်မှ နွေဦးတော်လှန်ရေး အောင်မြင်မှာဖြစ်တဲ့အတွက် မဟာမိတ်အဖွဲ့တွေကူးပေါင်းပြီး ကပစ ၁၃ စက်ရုံကို တိုက်ခိုက်ရတာလို့ Brave Warriors for Myanmar- BWM က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအတွက် ခဲယမ်းတွေထုတ်လုပ်ပေးနေတဲ့ ကပစ ၁၃ ကို Brave Warriors for Myanmar- BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Shadow - အညာ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး နယ်မြေခံတွေဖြစ်တဲ့ Upper Minhla P.D.F နဲ့ People independence army - PIO/PIA အဖွဲ့တို့က အားဖြည့်ကူညီခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကံမမြို့နယ် ရေနံ့သာရဲကင်းကို တိုက်ခိုက်ရာမှာ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတာကြောင့် စခန်းကို ရှင်းလင်းဖျက်ဆီး
ဧပြီလ၂၆ရက်
မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်ထဲက ရေနံ့သာရဲကင်းကို တိုက်ခိုက်ရာမှာ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်တွေ ထွက်ပြေး သွားတာကြောင့် စခန်းကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းက ဒီနေ့ ဧပြီ ၂၆ မှာ ထုတ်ပြန်ပါတယ်။
သရက် - ကံမ - ပြည် ကားလမ်းဘေး ကပစ ၁၂ နဲ့ ၁၃ မိုင်အကွာမှာရှိတဲ့ ရေနံ့သာကျေးရွာက စခန်းမှူး မြတ်သွင်အောင် ဦးဆောင်တဲ့ ရေနံ့သာရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေတပ်မတော် သရက်ခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် - ၄ တပ်ရင်း တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ တို့ ပူးပေါင်းပြီး မနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသိပေး ထုတ်ပြန်တာဖြစ်ပါတယ်။
အဒြီရစြခန်းကို မနက် ၅ နာရီခန့်အချိန်မှာ စတင် တိုက်ခိုက်ခဲ့ရာမှာ ရန်သူ့ဘက်က အနည်းငယ်သာ ပြန်လည်ပစ်ခတ်နိုင်ပြီး လက်နက်ချအညံ့ခံမယ်လို့ပြောလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အပစ်ရပ်ပေးချိန်မှာ စခန်းမှူးအပါ အဝင် ရဲတွေအားလုံး လက်နက်တွေယူဆောင်ပြီး ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ရဲစခန်းထဲဝင်ရောက်ရှင်းလင်းချိန်မှာ ရဲတပ်ကြပ်တဦးကို သုံးပန်းအဖြစ်ဖမ်းစီးရမိခဲ့ပြီး G3 တလက်၊ G3 ကျည်ဘောက် ၃ ခု ၊ ကျည်မျိုးစုံ ၁ထောင်ကျော်၊ ကား ၂ စီး၊ ဆိုင်ကယ် ၄ စီးနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းနိုင်ခဲ့ကာ ရဲစခန်းကို မီးရှို့ပြာချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ပါပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment