၂၀၂၅ မေလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူး"လို့ယာယီသမ္မတဒူဝါလရှီးလပြောကြား
📌 ၂။ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တာဝန်ခံများအနေနဲ့ စီမံခန့်ခွဲမှုတွေကို စနစ်တကျဆောင်ရွက်ဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် ညွှန်ကြား
📌 ၃။ မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတွေကို လူ့အခွင့်အရေးအကြောင်းတွေကို ပြန်လည်ပညာပေးပို့ချနိုင်တဲ့ နည်းပြတွေအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့NUGလူ့အခွင့်ရေးဝန်ကြီးအသိပေးဆို
📌 ၄။ အပြစ်ကျူးလွန်သူ (၅၈) ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အရပ်ဘက် တရားစီရင်ရေး နှင့် စစ်ဘက် တရားစီရင်ရေး ဆောင်ရွက်မှုများထုတ်ပြန်
📌 ၅။ ပြည် ပညာရေးဒီဂရီကောလိပ်မှာ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း
========================
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူး"လို့ယာယီသမ္မတဒူဝါလရှီးလပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး ၁၃/၂၀၂၅မှာယာယီသမ္မတဒူဝါလရှီးလက ယခုလိုပြောပါတယ်။
"တရုတ်ရဲ့ မြန်မာ့အရေး ကြားဝင် ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မဖြစ်စေသင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း တရုတ်ရဲ့ ကြားဝင် ဖျန်ဖြေမှုတွေနဲ့ ပတ်သက်ပြီး၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မူတွေအပေါ်မှာ အခြေခံဖို့ ကျွန်တော်တို့အားလုံး တိုက်တွန်းနှိုးဆော် သင့်တယ်လို့ ယူဆပါတယ်။" လို့ ယာယီသမ္မတက ပြောပါတယ်။
ယာယီသမ္မတက တရုတ်နိုင်ငံဘက်က NUGအစိုးရအဖွဲ့အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့ ကိစ္စဖြစ်ကြောင်း ၊ တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသော ထင်ကြေးတွေနဲ့ ချဉ်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေနဲ့ ဒီအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း၊ NUGအစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်သူ မဟုတ်ဘူး ကြောင်း ၊ တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ကြောင်း ဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုအပ်ကြောင်း ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
အစိုးရအဖွဲ့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တာဝန်ခံများအနေနဲ့ စီမံခန့်ခွဲမှုတွေကို စနစ်တကျဆောင်ရွက်ဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် ညွှန်ကြား
မေလ ၂ရက်
မေလ ၁ ရက်နေ့ကလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလို လေးစားလိုက်နာ ဆောင်ရွက်ခြင်းဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအပေါ် ပြည်သူလူထုရဲ့ယုံကြည်မှုကို ထိန်းသိမ်းမြှင့်တင်ရာရောက်ပြီး ပြည်သူလူထုရဲ့ယုံကြည်မှုကို ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိကြုံတွေ့နေရတဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စိန်ခေါ်မှုတွေကြားက တိုင်ကြားလာတဲ့ကိစ္စရပ်တွေနဲ့ အမှုအခင်းတွေကို စုံစမ်းဖော်ထုတ်ရာမှာလည်း လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အရေးကြီးတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က သတိပေးပြောကြးခဲ့ပါတယ်။
ပြည်သူ့အကျိုးကိုရှေးရှုတဲ့ အစိုးရတရပ်အနေနဲ့ မိမိတို့ယန္တရားအတွင်း တရားမျှတမှုကို ထိန်းသိမ်းပြသနိုင်မှ ပြည်သူလူထု ကို စစ်မှန်တဲ့ အလုပ်အကျွေးပြုနိုင်မှာဖြစ်တယ်လို့လည်း အသိပေးခဲ့ပါတယ်။လက်ရှိကာလမှာ ကြုံနေရတဲ့အခက်အခဲတွေကို နားလည်ပေမယ့် တာဝန်ရှိသူတွေအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့လည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်း ပြောကြားခဲ့ ပါတယ်။
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်တွေကလည်း ၁၅/၂၀၂၅ မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ဆောင်ရွက်ပြီးစီးမှုအခြေအနေနဲ့ ဆောင်ရွက်ဖို့ကျန်နေတဲ့ လုပ်ငန်းစဉ် တွေကို ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာတဲ့
တာဝန်ရှိသူတွေက အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
ဒါအပြင် တိုင်ကြားလာသည့် ကိစ္စရပ်များနှင့် အမှုအခင်းများကို စုံစမ်းဖော်ထုတ်ရာတွင် ထိရောက်မှုရှိစေရန် အလေးထား ဆောင်ရွက်ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။
"လက်ရှိကြုံတွေ့နေရသော လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စိန်ခေါ်မှုများကြားမှပင် တိုင်ကြားလာသည့် ကိစ္စရပ်များနှင့် အမှုအခင်းများကို စုံစစ်ဖော်ထုတ်ရာတွင် ထိရောက်မှုရှိစေရန် အလေးထား ဆောင်ရွက်ပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အရေးကြီးပါကြောင်း၊ ပြည်သူ့အကျိုးကို ရှေးရှုသော အစိုးရတစ်ရပ်အနေဖြင့် မိမိတို့၏ ယန္တရားအတွင်း တရားမျှတမှုကို ထိန်းသိမ်းပြသနိုင်မှသာ ပြည်သူလူထုအား စစ်မှန်စွာ အလုပ်အကျွေးပြုနိုင်မည် ဖြစ်ပါကြောင်း နှင့် လက်ရှိကာလ၏ အခက်အခဲများကို အသိအမှတ်ပြု နားလည်သော်လည်း၊ တာဝန်ရှိသူ အားလုံးအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း"ဝန်ကြီးချုပ်ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ခံများ အနေဖြင့် စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်ရန်နှင့် အထက်အဆင့်ဆင့်၏ လမ်းညွှန်ချက်များကို လေးစားလိုက်နာ ဆောင်ရွက်သင့်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတွေကို လူ့အခွင့်အရေးအကြောင်းတွေကို ပြန်လည်ပညာပေးပို့ချနိုင်တဲ့ နည်းပြတွေအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့NUGလူ့အခွင့်ရေးဝန်ကြီးအသိပေးဆို
မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတွေကို လူ့အခွင့်အရေးအကြောင်းတွေကို ပြန်လည်ပညာပေးပို့ချနိုင်တဲ့ နည်းပြတွေအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။
"စစ်ကိုင်းနဲ့ မကွေးတိုင်းတို့က လူ့အခွင့်ရေးရာ တာဝန်ခံတွေအတွက် (၇) ရက်တာ လူ့အခွင့်အရေး နည်းပြသင်တန်းတခု အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။မြို့နယ်လူ့အခွင့်အရေးတာဝန်ခံတွေကို လူ့အခွင့်အရေးအကြောင်းတွေကို ပြန်လည်ပညာပေးပို့ချနိုင်တဲ့ နည်းပြတွေအဖြစ် လေ့ကျင့်ပေးနိုင်ခဲ့တယ်။ လမ်းညွှန်ပေးနိုင်ခဲ့တယ်။ ပို့ချဖို့ သင်တန်းအစီအစဥ်တွေကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။လူ့အခွင့်အရေးပညာပေးမှုဆိုတာ အချိန်တိုင်း၊ နေရာတိုင်းမှာ လိုအပ်နေတာပါ။ အခုလိုမျိုး တော်လှန်ရေးကာလအတွင်းမှာ အာဏာတွေ၊ ပါဝါတွေကြောင့်မို့လို့ ယုံကြည်ချက်၊ ခံယူချက်တွေ ပျောက်ပျက်မသွားအောင်၊ လူ့အခွင့်အရေးအပေါ်တာဝန်ရှိမှု တာဝန်သိမှုတွေ မေ့ပျောက်မသွားရလေအောင် အုပ်ချုပ်သူများရဲ့တာဝန်၊ ကျင့်ဝတ်တွေအကြောင်း အသိပညာပေးရပါမယ်။ ပညာပေးရပါလိမ့်မယ်"လို့ဆိုပါတယ်။
လူ့အခွင့်အရေး သင်တန်းတွေပေးဖို့ စိတ်ဆန္ဒရှိကြတဲ့ နည်းပြများအားလုံး အောင်မြင်၊ ဘေးကင်းလုံခြုံစွာနဲ့ လူ့အခွင့်အရေးပညာပေးမှုဆွေကို ဆက်လက်လုပ်ဆောင်နိုင်စေဖို့လည်းဝန်ကြီးကဆုမွန်ကောင်းတောင်းဆိုထားပါတယ်။
========================
📌📌 ၄။ အပြစ်ကျူးလွန်သူ (၅၈) ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အရပ်ဘက် တရားစီရင်ရေး နှင့် စစ်ဘက် တရားစီရင်ရေး ဆောင်ရွက်မှုများထုတ်ပြန်
အပြစ်ကျူးလွန်သူ (၅၈) ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အရပ်ဘက် တရားစီရင်ရေး နှင့် စစ်ဘက် တရားစီရင်ရေး ဆောင်ရွက်မှုများထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ၂၀၂၂ခုနှစ်၊ မေလ ၁၉ ရက်နေ့မှစ၍ မြို့နယ်တရားရုံး (၁၅)ရုံး စတင်ထူထောင်ပြီး အရပ်ဘက်တရားစီရင်ရေးအား စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။
၂၀၂၄ခုနှစ်ကုန်အထိ မြို့နယ်အဆင့်တရားရုံး(၃၁)ရုံး၊ ကြားကာလအယူခံတရားရုံး (၁) ရုံးတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။
စစ်ဘက် တရားစီရင်ရေးအရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အကျဉ်းစစ်တရားရုံး (၁၀)ရုံး၊ စစ် ခုံရုံး(၂)ရုံး ဖွဲ့စည်းလျက် စစ်ရေးဆိုင်ရာပြစ်မှု(၁၂)မှုကို စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စီမံခန့်ခွဲမှု နည်းလမ်းအရလည်း အပြစ်ကျူးလွန်သူ (၅၈) ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ ပြည် ပညာရေးဒီဂရီကောလိပ်မှာ ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်း
ပြည် ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ကို မနေ့ မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့ မှာ ပြန်လည်ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။
ပြည် ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့ကို ၂၀၁၉ ဒီဇင်ဘာလမှာ ပထမအကြိမ်၊ ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှာ ဒုတိယအကြိမ် ဖွဲစည်းခဲ့ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် တိုက်ပွဲဝင်ရင်း အဖွဲ့ဝင်အချို့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာနဲ့ အနားယူသွားသူတွေကြောင့် ပြန်လည်ဖွဲ့စည်းရတာလို့ ဆိုပါတယ်။
ပြည် ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂအနေနဲ့ စစ်သုံးစစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ် ပြည်သစ် ပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေး စတဲ့ မူ ၄ ရပ်နဲ့ တိုက်ပွဲဝင်သွား မယ်လို့ သိရပါတယ်။
ပြည်မြို့နယ်မှာရှိတဲ့ကျောင်းသားတွေက ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ပြည်မြို့နယ် အခြေခံပညာကျောင်းသား များသမဂ္ဂတို့ကို ဖွဲ့စည်းထားပြီး တိုက်ပွဲဝင်နေချိန်မှာ ပြည် ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂကို ထပ်မံ ဖွဲ့စည်းလိုက်တာကြောင့် ပြည်မြို့နယ်မှာ ကျောင်းသားသမဂ္ဂ ၃ ခု ရှိလာပြီပဲ ဖြစ်ပါတယ်။
အခုလို ပြည် ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်မြို့နယ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖားကန့်မြို့ဘက် ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၁၃ဦး သေပြီး တဦးအရှင်မိ
ကချင်ပြည်နယ် ဖားကန့်မြို့ဘက် ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်က ၁၃ ဦးသေပြီး တဦးအရှင်မိထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မေလ ၁ ရက်နေ့က တနိုင်းမြို့ကိုသွားတဲ့လမ်းမကြီး လဝါးကျေးရွာမှာရှိတဲ့ စစ်တပ်ကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၃ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ပြီး စစ်သားတွေ ဆုတောင်းတောင်ဘက် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
ဆုတောင်းတောင်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေ လိုက်လံတိုက်ခိုက်ရာ မှာ စစ်သားတဦးအရှင်ဖမ်းဆီးရမိကာ ဆုတောင်းတောင်ကိုလည်း မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထား တယ်လို့လည်း သိရပါတယ်။
ဒီနေ့ မေလ ၂ ရက်နေ့မနက်အစောပိုင်းမှာလည်း မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာဘက် စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်လို့ ဒေသတွင်းသတင်း တွေက ဆိုပါတယ်။
စစ်ကောင်စီဘက်က အင်အား ၆ဝဝ လောက်နဲ့ စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်လာတာကြောင့် KIA နဲ့ KPDF ပူးပေါင်းတပ် တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့ သိရပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မြစ်ကြီးနား- ဖားကန့်လမ်းတလျောက်မှာရှိတဲ့ ကျေးရွာ ၁ဝ ရွာထက်မနည်းက ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်ပြီး ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
မနေ့ မေလ ၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ နောင်ချိုမြိုနယ်ထဲက လုံခံကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ထို့အတူ စစ်ကောင်စီဟာ တောင်ခမ်းကျေးရွာမှာရှိတဲ့ ၃၅၄ တပ်စခန်းကနေပြီး တအာင်းအမျိုးသားလွတ်မြောက်တပ်မ တော်-TNLA တည်ရှိရာနေရာကို ဒရုန်းတွေနဲ့ ဗုံးကြဲပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီက ဧပြီလ ၃၀ ရက်နေ့ ညပိုင်းကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ မန္တလေးတိုင်း မိုးကုတ်မြို့နယ်ကို လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၃၀ ရက် ည ၈ နာရီခွဲအချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ မိုးကုတ်မြိုအနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ကျေးရွာ ကြားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ဧပြီလကုန်အထိ အပစ်ရပ်ထားမယ်လို့ ကြေညာထားပေမယ့် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်ကို ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ရာမှာ အဆိပ်ငွေ့ဗုံး ၃၇ လုံးနဲ့ ဗုံးသီး ၃၂ လုံးကြဲချခဲ့သလို လက်နက်ကြီး ၂၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းတာ ထိုးစစ်ဆင်တိုက်ခိုက်တာနဲ့ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေ ကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိ ရှိကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေကို လိုက်နာဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်တပ်က ခလယ်လွီထူခရိုင်ထဲက အရပ်သားပြည်သူတွေနေထိုင်ရာနေရာကို လေကြောင်းက တိုက်ခိုက်
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်မှုနယ်မြေ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်အတွင်းက အရပ်သား ပြည်သူတွေနေထိုင်ရာနေရာကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ Y-12 နဲ့ ဂျက်ဖိုင်တာတွေအပါအဝင် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအသုံးပြုပြီး ဧပြီလ ၂၉ ရက်နေ့မှာ နိုညာသူ၊ ပေါ်ဖောပလော၊ လော်မူသော၊ လော်မူပယ်၊ မောလေး စတဲ့ နေရာတွေကို လေကြောင်းကနေ အကြိမ်ကြိမ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ ညနေ ၅ နာရီ ၅၀ နဲ့ ၆ နာရီ ၁၀ မိနစ်အချိန်တို့မှာ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် လော်မူသော ကျေးရွာက စောစပ်လဲရဲ့ အိမ်၊ ဆိုင်
ကယ်၊ ဂိုဒေါင်နဲ့ တဲတွေထိမှန်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။
ခလယ်လွီထူခရိုင်အတွင်းမှာရှိတဲ့ လယ်ဒို၊ ဆောထိနဲ့ မူးမြို့နယ်တို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် - K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်နေရာ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်မှုများတာကြောင့် လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဥ်တွေသုံးပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထုနေထိုင်ရာနေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNU ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်ရွံမှုကြီးစွာနဲ့ နေထိုင်ကြရပြီး စစ်ဘေးရှောင်ဦးရေမှာလည်း နေ့စဉ်နဲ့အမျှ တိုးနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ လေကြောင်းအန္တရာယ်နဲ့ လေကြောင်းသတင်းတွေကို အဆက်မပြတ်သတိထားဖို့ သာယာဝတီခရိုင်အတွင်း နေထိုင်တဲ့ ပြည်သူလူထုကို PDF သတိပေး
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်မှာနေထိုင်ကြတဲ့ ပြည်သူလူထုအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ လေကြောင်း သတင်းတွေကို အဆက်မပြတ်သတိထားနေထိုင်ကြဖို့ သာယာဝတီခရိုင် အမှတ်(၃) တပ်ရင်း P2 3803 က သတိပေး ပြောကြားလိုက်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ၈ မြို့နယ်ထဲက ပြည်သူတွေ လိုက်နာရမယ့် မေတ္တာရပ်ခံ ပန်ကြားချက် ၇ ချက် ထုတ်ပြန်ရာမှာ အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။
သာယာဝတီခရိုင် ၈ မြို့နယ်ထဲက ပြည်သူလူထုအနေနဲ့ ဗုံးခိုကျင်းတွေ အခိုင်အမာတူးထားကြဖို့၊လေကြောင်းအန္တရာယ်နဲ့ လေကြောင်းသတင်းတွေကို အဆက်မပြတ်သတိထားဖို့၊ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်း ထားပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်နေရာတွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီက အငြှိုးထား တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်တွေပစ်ခတ်တဲ့ လက်နက်ကြီးနဲ့လက်လှမ်းမီရာ ပတ်ဝန်းကျင်ကရွာတွေမှာ နေထိုင် သွားလာတာတွေ ခေတ္တရှောင်ကြဉ်ကြဖို့လည်း အသိပေးထားပါတယ်။
သက်ဆိုင်ရာ ဒေသလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေက လိုအပ်ချက်အရ ထုတ်ပြန်ဆောင်ရွက်တာတွေမှာလည်း လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့ တော်လှန်ရေးလုပ်ငန်းတွေ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ တော်လှန်ရေး တပ်တွေရဲ့ တပ်ချီ တပ်လှုပ် သတင်းအရင်းအမြစ်တွေကို လုံခြုံစွာလျှို့ဝှက်ထားကြဖို့နဲ့ စိုးမိုးနယ်မြေ ခိုင်မာစွာမရှိသေးတဲ့ အချိန်ဖြစ်တာကြောင့် မိမိတို့ရပ်တည် ယုံကြည်ချက်ကို ယုံကြည်ရသူတွေကလွဲပြီး ဆွေးနွေးတိုင်ပင်တာမျိုး မပြုလုပ်ခြင်း ဖြင့် မိမိတို့လုံခြုံရေးကို ကာကွယ်ကြဖို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း P2 38 03 က မေတ္တာရပ်ခံပန်ကြားထားပါတယ်။
========================
🚩🚩 ၅။ စကစရဲ့ဗုံးကြဲသတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့နဲ့ အပြစ်မဲ့ပြည်သူ့အသက်တွေကို ကယ်တင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့Justice for Myanmarတိုက်တွန်းနှိုးဆော်
မေလ၂ရက်
စကစရဲ့ဗုံးကြဲသတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့နဲ့ အပြစ်မဲ့ပြည်သူ့အသက်တွေကို ကယ်တင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့Justice for Myanmarတိုက်တွန်းနှိုးဆော်ထားပါတယ်။
"ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး တစ်လကျော်ကြာလာတဲ့အထိ စစ်တပ်က ငလျင်ကြောင့်ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသတွေကို ပစ်မှတ်ထားပြီး လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ဗုံးကြဲသတ်ဖြတ်နေတာတွေ ရပ်တန့်ဖို့နဲ့ အပြစ်မဲ့ပြည်သူ့အသက်တွေကို ကယ်တင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်မှုတွေ အရေးတကြီး လိုအပ်နေပါတယ်"လို့ဆိုပါတယ်။
မတ်လ၂၈ရက်စစ်ကိုင်းမြို့ကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သောအင်အား၇.၇အဆင့်ရှိစစ်ကိုင်းငလျင်ကြောင့်သေဆုံးသူလူဦးရေသုံးထောင်ကျော်ရှိခဲ့ပါတယ်။
အဆိုပါစစ်ကိုင်းငလျင်လှုတ်ခတ်ချိန်ကစတင်ပြီးစကစဟာ လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများကိုအရပ်သားနေထိုင်ရာနေရာများသို့အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။
မတ်လ၂၈ရက်ငလျင်လှုပ်ခတ်ချိန်မှစတင်ကာဧပြီ၂၅ရက်အထိစကစရဲ့လေကြောင်းတိုက်ခိုက်မှု ၂၂၅ကြိမ်ရှိပြီးသေဆုံးသူ ၂၄၂ဦးရှိတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ လန်ဒန်မှာကျင်းပတဲ့"Testimonies From Beyond"ပြပွဲမှာ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ပစ္စည်းတွေ၊ မြန်မာပြည် အခြားနေရာတွေမှာ လေကြောင်း တိုက်ခိုက်ခံရတဲ့ သက်သေခံပစ္စည်းတွေပါ ခင်းကျင်းပြသ
လန်ဒန်မှာကျင်းပတဲ့"Testimonies From Beyond"ပြပွဲမှာ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ပစ္စည်းတွေ၊ မြန်မာပြည် အခြားနေရာတွေမှာ လေကြောင်း တိုက်ခိုက်ခံရတဲ့ သက်သေခံပစ္စည်းတွေပါ ခင်းကျင်းပြသမှာဖြစ်တယ်လို့သိရပါတယ်။
"Testimonies From Beyond" လို့အမည်ပေးထားတဲ့ ပြပွဲတစ်ခုကို လန်ဒန်မြို့မှာ မေလ၁ရက်နေ့မှာ မနက်၁၁နာရီကနေ ညနေ၅နာရီ၊အထိ မေလ၂ရက်နေ့ကနေ မေလ၆ရက်နေ့မှာ မနက်၁၁နာရီကနေ ည၈နာရီအထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ စစ်ရာဝတ်မှုတွေကို သက်သေခံမယ့် ဒီပြပွဲမှာ လူ၁၇၀ ကျော်သေဆုံးခဲ့တဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ပစ္စည်းတွေ၊ မြန်မာပြည် အခြားနေရာတွေမှာ လေကြောင်း တိုက်ခိုက်ခံရတဲ့ သက်သေခံပစ္စည်းတွေလဲ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ စစ်ကောင်စီတပ်သားတွေရဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်တာခံခဲ့ရသူတွေ နောက်ဆုံး အသုံးပြုခဲ့တဲ့ အသုံးဆောင် ပစ္စည်းတွေ၊ ဆန္ဒပြပွဲမှာ ပစ်သတ်ခံခဲ့ရတဲ့သူတွေ အသုံးပြုနေကျ ပစ္စည်းတွေပါ ထည့်သွင်း ပြသသွားမှာလည်းဖြစ်တယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment