၂၀၂၅ မေလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာ မြန်မာစစ်ဘေးရှောင်တွေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် မြန်မာအစားအစာတွေ ရောင်းချတဲ့ ရန်ပုံငွေစျေးရောင်းပွဲ ကျင်းပ
📌 ၂။ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းကို လက်နက်နဲ့အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဆုငွေ ချီးမြင့်
📌 ၃။ ကျောက်ကြီး လယ်ဝိုင်းကြီးကျွန်းကုန်းရွာက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ဗိုလ်အပါ ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
========================
၂၀၂၅ ခုနှစ် မေလ ၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများကို စစ်တပ်နဲ့ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ ပျူခေါင်းဆောင် ထွက်ဆို
🚩 ၂။ ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေတဲ့ AA တပ်ဖွဲ့ဝင်များအား ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဗီဒီယိုကောလ်ဖြင့် အားပေးစကားပြောကြား
🚩 ၃။ မြင်းမူမြို့က ရွှေဆိုင် ဓါးပြတိုက်ခဲ့တဲ့ အဖွဲ့ကို နယ်မြေခံ ပကဖများ ပူးပေါင်းဖမ်းဆီး
🚩 ၄။ ပင်လောင်းမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၅။ ကော့ကရိတ်နဲ့ ကျုံဒိုးအနီးက တိုက်ပွဲအတွင်း MLA ရဲဘော် ၅ ဦး ကျဆုံးခဲ့
🚩 ၆။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာ မြန်မာစစ်ဘေးရှောင်တွေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် မြန်မာအစားအစာတွေ ရောင်းချတဲ့ ရန်ပုံငွေစျေးရောင်းပွဲ ကျင်းပ
မေလ ၄ရက်
မြန်မာစစ်ဘေးရှောင်တွေနဲ့ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ မြန်မာအစားအစာတွေ ရောင်းချ တဲ့ ရန်ပုံငွေစျေးရောင်းပွဲကို တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့မှာ ဒီနေ့ မေလ ၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
ဂင်မဲမြို့ကိုရောက်ရှိနေတဲ့ မြန်မာလူငယ်တွေ၊ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့နဲ့ ဂင်မဲမြို့ခံတွေဖြစ်တဲ့ ကိုရီးယားအဖွဲ့အစည်း တွေစုပေါင်းပြီး မြန်မာ့ယဉ်ကျေးမှု အစားအစာပွဲတော်ကျင်းပခဲ့တာလို့ သိရပါတယ်။
ဒီပွဲတော်ကနေ ရောင်းချရရှိတဲ့ ရန်ပုံငွေအားလုံးကို မြန်မာပြည်က စစ်ဘေးရှောင်တွေနဲ့ ငလျင်ဘေး ကြုံတွေ့နေရတဲ့ ပြည်သူ တွေကို ကူညီထောက်ပံ့သွားမှာလို့ ပွဲကျင်းပရေးတာဝန်ရှိသူတွေက အသိပေးပါတယ်။
အဲဒီစျေးရောင်းပွဲတော်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားနဲ့ တော်လှန်ရေး အားပေးစကား ပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း ထုတ်ပြန်ထားပါတယ်။
ဒီနေ့ကျင်းပတဲ့ မြန်မာအစားအစာ စျေးရောင်းပွဲတော်ကို တောင်ကိုရီးယားနိုင်ငံသားတွေအပါအဝင် ဂင်မဲမြို့အနီးတဝိုက် မှာရှိတဲ့ မြို့တွေကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ လာရောက်အားပေးခဲ့ာကတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းကို လက်နက်နဲ့အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဆုငွေ ချီးမြင့်
မေလ ၄ရက်
မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းကို လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို ဆုငွေ ချီးမြင့်ခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ပါတယ်။စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ ခမရ-၄၁၇ တပ်ရင်းက တပ်သား ၃ ဦး လက်နက်တွေနဲ့အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံ အလင်းဝင်လာတာနဲ့ပတ်သက်လို့ ဒီနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားသစ် ၃ ဦးကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းအနေနဲ့ လက်ခံကြိုဆိုနေမှာဖြစ်ပြီး လူ့အခွင့်အရေး အပြည့်အဝရရှိစေရမယ်လို့ အာမခံထားတဲ့အပြင် လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေ ချီးမြင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၃။ ကျောက်ကြီး လယ်ဝိုင်းကြီးကျွန်းကုန်းရွာက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ဗိုလ်အပါ ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
မေလ ၄ရက်
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက လယ်ဝိုင်းကြီးကျွန်းကုန်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရာမှာ စစ်ဗိုလ်အပါ ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်း P2-3702 တပ်ရင်းက မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီတပ်စခန်းကို ဧပြီလ ၂၈ ရက် မနက် ၁ နာရီမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်အတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။တိုက်ပွဲဖြစ်ချိန် ဧပြီ ၂၈ မှာ စစ်ကောင်စီဘက်က Y12 လေယာဥ်နဲ့ ၂ ကြိမ် ဗုံး ၆၇ လုံးကြဲချခဲ့ပြီး ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့သလို ဧပြီ ၂၉ ရက်နေ့မှာလည်း Y12 လေယာဉ်နဲ့ ၁ ကြိမ် ဗုံး ၂၄ လုံးကြဲချကာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ်၊ Mi 35 ရဟတ်ယာဉ်နဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန်အတွင်းနဲ့ တိုက်ပွဲပြီးဆုံးတဲ့နေ့တွေမှာ နတ်သံကွင်းမြို့နဲ့ ကျောက်တံခါးမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ရန်သူ့အလောင်း ၅ လောင်း မျက်မြင်တွေ့ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။လယ်ဝိုင်းကြီးကျွန်းကုန်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ၃၇၀၂ တပ်ရင်း၊ ဗျူဟာ ၂၅ ဒရုန်းအဖွဲ့နဲ့ တပ်ရင်း ၉ KNLA ပူးပေါင်းတပ်တို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်း P2-3702 တပ်ရင်းက ရဲဘော်တဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့ အသိပေးပါတယ်။
တိုက်ပွဲအတွင်း MA1 တလက်၊ MA3 တလက်၊ MA11 ၃ လက်၊ G3 ၃ လက်၊ MA2 တလက်၊ MA5 တလက်၊ MA4 တလက် ကျည်ဘောက် ၆ ခု အဝိုင်းဘောက် ၂ခု၊ G3 ကျည်ဘောက် ၄ ခု၊ 5 ပွိုင့် 56 ကျည် ၃၀၀ တောင့်၊ 7ပွိုင့် 62 ကျည် ၅၀၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများကို စစ်တပ်နဲ့ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ ပျူခေါင်းဆောင် ထွက်ဆို
မေလ ၃ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ ညောင်လေးပင် ပျူခေါင်းဆောင် လှိုင်မင်းက ထွက်ဆိုထားပါတယ်။
ပျူ ခေါင်းဆောင်ရဲ့ ထွက်ဆိုချက် ဗီဒီယိုကို တောင်ပိုင်း စစ်ဒေသ၊ အမှတ် (၂၇) စစ်ဗျူဟာ၊ အမှတ် (၂) စစ်ဒေသခွဲက မေလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
၂၀၂၃ ခုနှစ် မှ ၂၀၂၅ ဖေဖော်ဝါရီ လအတွင်း ခမရ (၂၀)၊ ခလရ (၅၁)၊ ခမရ (၅၈၄) တပ်ရင်းအပြင် ခမရ (၃၄၉)၊ ခလရ (၃၅၀)၊ ခလရ (၄၄၀)၊ ခမရ (၈) တပ်ရင်းတို့ကလည်း ညောင်လေးပင် မြို့နယ်အတွင်းက ဒေသခံများကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ထို့အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ခမရ (၂၀) တပ်ရင်းမှ ဗိုလ်မှူး နေလင်း၊ ဗိုလ်ကြီး ကျော်စွာလင်း၊ ဗိုလ်ကြီး ဇော်မျိုးထွဋ် အပြင် ခလရ (၅၉) တပ်ရင်းမှ ဗိုလ်ကြီး ချစ်ကိုဝင်းတို့က အဓိက ကျူးလွန်ခဲ့ကာ ခလရ (၅၁) တပ်ရင်းက ဗိုလ်ကြီး တစ်ဦးနဲ့ ခမရ (၅၈၄) တပ်ရင်းက ဒု-တပ်ရင်းမှူး တစ်ဦးတို့ကလည်း ပြည်သူများကို သတ်ဖြတ်ရန်နဲ့ အလောင်းဖျောက်ဖျက်ရန် ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ တစ်ကြိမ်လျှင် ပြည်သူ ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး သေနတ်ဖြင့် ပစ်သတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခြင်း၊ လည်လှီး သတ်ဖြတ်ခြင်းများပါ ကျူးလွန်ခဲ့တယ်လို့ ၎င်းက ထွက်ဆိုထားပါတယ်။
ထို့အပြင် ညောင်လေးပင် မြို့နယ်အတွင်း ၎င်းတို့ ရောက်ရှိခဲ့တဲ့ နေရာတိုင်းမှာ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေကို ဖမ်းဆီး ငွေညှစ်တာတွေ လုပ်ဆောင်ခဲ့ကာ၊ အမျိုးသမီးများကို ငွေပေးပျော်ပါးခဲ့ကြပြီး စစ်မှုထမ်းအတွက် ပေါ်တာ ၈ ကြိမ် ဆွဲပေးခဲ့ပြီး အမျိုးသား ၃၈ ဦးထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
"ပြည်သူတွေအပေါ် ကျွန်တော် အပြစ်တွေ အများကြီး ကျူးလွန်ခဲ့ပါတယ်။ အဲဒီအတွက်ကို ကျွန်တော် အခု အချိန်မှာ နောင်တ ရမိပါတယ်။ နောင်တရမိတဲ့အတွက်လည်း ပြည်သူတွေက ပေးတဲ့ ပြစ်ဒဏ်ကို ရဲရဲဝံ့ဝံ့ ခံယူပါမယ်" လို့ ပျူခေါင်းဆောင် လှိုင်မင်းက ဝန်ခံပြောဆို ခဲ့ပါတယ်။
ပျူခေါင်းဆောင် လှိုင်မင်းနဲ့ ပျူအဖွဲ့ဝင်များ ဖြစ်ကြတဲ့ မဲကြီး၊ မင်းမော်ဦး၊ ကျော်ကျော်ဦး၊ သိန်းဌေးနဲ့ လှိုင်မင်းရဲ့ ဇနီးဖြစ်သူ မယမင်း တို့ကို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ၊ ကျိုက်ထီးရိုး တောင်ခြေရှိ ကဒက်ချောင်းရေတံခွန်မှာ ရေကစားနေစဉ် PDF တပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ဗန်းမော်တိုက်ပွဲတွင် ပါဝင်နေတဲ့ AA တပ်ဖွဲ့ဝင်များအား ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ဗီဒီယိုကောလ်ဖြင့် အားပေးစကားပြောကြား
မေလ ၃ရက်
Radio NUG
လာမည့်ရက်ပိုင်းအတွင်း အောင်ပန်းဆင်တော့မည့် ဗန်းမော်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များအား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗီဒီယိုကောလ်မှတစ်ဆင့် ရဲဝံ့စွာ အားပေးစကားများ ပြောကြားခဲ့ကြောင်း Kachin Official Page မှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏တပ်ဖွဲ့ဝင်များအား ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရန်နှင့် ရန်သူအား မညှာမတာဖြင့် ရင်ဆိုင်ရန် တိုက်တွန်းခဲ့ပါတယ်။
“ဗန်းမော်မြို့ကြီးကို သိမ်းပိုက်ပြီး ကချင်ပြည်သူများအတွက် လက်ဆောင်အဖြစ် ပေးအပ်ရန် စစ်သည်တော်များ အစွမ်းကုန် ကြိုးစားကြပါ” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
ထို့ပြင် ကချင်ပြည်သူများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့သည် ရခိုင်နှင့် AAအတွက် ထာဝရအကောင်းဆုံး မဟာမိတ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
“ကချင်ပြည်သူများထံ ကျေးဇူးဆပ်ရန် ယခုအချိန်သည် အကောင်းဆုံးအခွင့်အရေးဖြစ်သည်” လို့ ဆိုထားပါတယ်။
========================
🚩🚩 ၃။ မြင်းမူမြို့က ရွှေဆိုင် ဓါးပြတိုက်ခဲ့တဲ့ အဖွဲ့ကို နယ်မြေခံ ပကဖများ ပူးပေါင်းဖမ်းဆီး
မေလ ၃ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့က ရွှေဆိုင်ကို ဓားပြတိုက်ပြီး ပြန်လာတဲ့ ဓားပြအဖွဲ့ကို နယ်မြေခံ ပ.က.ဖတွေက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ဗျူဟာ အမှတ် (၆၄) စစ်ဒေသ (၁) က ထုတ်ပြန်ထားပါတယ်။
မေလ ၁ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ရွှေဆိုင်ကို ဓါးပြတိုက်ပြီး ဧရာဝတီ မြစ်ကြောင်းအတိုင်း ပြန်လာတဲ့ ဓားပြအဖွဲ့ကို ပြည်သူတစ်ဦး သတင်းပေးမှုကြောင့် မြင်းမူမြို့ နယ်မြေ (၁) ပကဖ နဲ့ ငါန်းဇွန်မြို့ ပကဖတို့က ပူးပေါင်းဖမ်းဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။
၎င်း ဓားပြအဖွဲ့ နှင့်အတူ တိုက်ရာပါ ရွှေထည်ပစ္စည်းများ (ကာလတန်ကြေး ကျပ်ငွေ သိန်း ၂၆,၀၀၀ ခန့်) ကို သိမ်းဆည်းရမိခဲ့ရာ ရွှေဆိုင်ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့ပြီး တရားခံများကို မြင်းမူမြို့နယ် ပလဖ အဖွဲ့ထံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ တရားခံများမှာ ယုန်လေး (ခ) ပြည့်ဖြိုး (၁၉ နှစ်) ၊ လင်းယုန် (ခ) အောင်စိုးမိုး (၂၀ နှစ်) ၊ ဂန္တာရ (ခ) သဲမောင် (၂၀ နှစ်) နဲ့ မိုးကြိုး (ခ) အောင်စိုးမိုး (၂၉ နှစ်) တို့ ဖြစ်ကြတယ်လို့ ဗျူဟာ (၆၄) က အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ပင်လောင်းမြို့နယ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
မေလ ၃ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘီလူးချောင်း အရှေ့ဘက်ခြမ်း ကျေးရွာတွေကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေလ ၂ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်အထိ နမ့်တုတ် ကျေးရွာကို လက်နက်ကြီး ၂ လုံး၊ ကုန်းသာ (ခ) မဆုန့်ခွမ် ကျေးရွာကို လက်နက်ကြီး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း နမ့်တုတ်ကျေးရွာ ခန်းမဆောင်နဲ့ ကုန်းသာရွာက ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နဲ့ ၆ ရက်ကလည်း ညောင်ရွှေမြို့နယ်၊ ဘုရားတောင် ကျေးရွာအတွင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNA/PNO ပြည်သူ့စစ်အဖွဲ့က ဒရုန်းများဖြင့် ဆက်တိုက်လာရောက် ဗုံးချတိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့ရပါသေးတယ်။
========================
🚩🚩 ၅။ ကော့ကရိတ်နဲ့ ကျုံဒိုးအနီးက တိုက်ပွဲအတွင်း MLA ရဲဘော် ၅ ဦး ကျဆုံးခဲ့
မေလ ၃ ရက်၊
Radio NUG
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နဲ့ ကော့ကရိတ်မြို့ အနီးက တိုက်ပွဲတွေမှာ ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA) ထံက သိရပါတယ်။
ဧပြီလ ၂၅ ရက်မှာ အသက် ၂၈ နှစ်အရွယ် ရဲဘော် အောင်မျိုးဦး၊ ၂၁ နှစ်အရွယ် ရဲဘော် မျိုးဝင်းအောင်နဲ့ ၂၇ နှစ်အရွယ် ရဲဘော် ငြိမ်းသန့်တို့ သုံးဦးဟာ စစ်ကောင်စီနဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ဧပြီလ ၁၆ ရက်မှာ တပ်ခွဲမှူး ထွန်းထွန်းဝင်းနဲ့ ဧပြီလ ၃၀ ရက်နေ့မှာ ရဲဘော် သူရအောင်တို့ ၂ ဦး ထပ်မံ ကျဆုံးခဲ့ရပြီး ဒဏ်ရာရခဲ့သူ တချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးရဲဘော်တွေရဲ့ ဈာပန အခမ်းအနားကို ရှေ့တန်း စစ်မြေပြင် တနေရာမှာ ဘာသာရေး ထုံးတမ်း စဉ်လာများအရ သက်ပျောက်ဆွမ်း ကပ်လှူခြင်း၊ ရေစက်ချအမျှဝေခြင်း၊ အမိန့်ပြန်တမ်း ထုတ်ပြန်ခြင်း၊ သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က စတင်ကာ KNLA ပူးပေါင်း တပ်တွေက ကျုံဒိုး၊ ကော့ဝါလဲ၊ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ရင်ကွဲတောင်ရှိ စစ်ကောင်စီ နဲ့ DKBA တပ် စခန်းတွေကို တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကာ ဒီနေ့အထိ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မတ္တရာမြို့နယ်မှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံး
မေလ ၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်ခြမ်း၊ ရွာတန်းရှည်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရပါတယ်။
မေလ ၃ ရက်နေ့ ညနေ ၃ နာရီ ၁၉ မိနစ်အချိန်မှာ ရွာတန်းရှည် စာသင်ကျောင်းအတွင်းကို တံတားဦးလေတပ်မှ တက်လာတဲ့ K8 W ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နွား ၃ ကောင် သေဆုံးခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment