၂၀၂၅ မေလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောကို ဂုဏ်ပြုဦးညွှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ထုတ်ပြန်
📌 ၂။ မြိုင်မြို့နယ် ကန်နီရွာ ပျူစောထီးခေါင်းဆောင်က မိန်းမပျိုလေးတွေကို လက်နက်ပြခြိမ်းခြောက်ပြီး သားမယား ပြုကျင့် နေတယ်လို့ အလင်းဝင်လာတဲ့ ပျူစောထီးမိသားစုတွေ ထုတ်ဖော်
📌 ၃။ မြိတ်-မောတောင်လမ်းပိုင်းက သိန်ခွန်းကျေးရွာတိုက်ပွဲမှာ စစ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်
========================
၂၀၂၅ ခုနှစ် မေလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်ထုနဲ့ ခမ်းပတ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်
🚩 ၂။ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်
🚩 ၃။ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ဒေသနေပြည်သူတွေ လုံခြုံရေးအာမခံချက်ရှိစေဖို့ ထီးခီးစစ်အခြေစိုက်စခန်းကို ပြန်လည်ထိန်းချုပ်ရတာလို့ KNU ဆို
🚩 ၄။ စစ်ကောင်စီလက်ကျန်မိုင်းနင်းမိတာကြောင့် သီပေါမြို့နယ်မှာ အမျိုးသားတဦး ခြေတဖက်ဆုံးရှုံး
🚩 ၅။ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ချေမှုန်းသွားမယ်လို့ ဖယ်ခုံ PDF ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောကို ဂုဏ်ပြုဦးညွှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ထုတ်ပြန်
မေလ ၁၀ရက်
တိုင်းပြည်နဲ့လူမျိုးအတွက် တသက်တာ ရပ်တည်လှုပ်ရှားဖြတ်သန်းခဲ့တဲ့ ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောကို ဂုဏ်ပြု ဦးညွှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရခိုင်မျိုးချစ်နိုင်ငံရေးသမားလည်းဖြစ် တော်လှန်ရေးသမားလည်းဖြစ်တဲ့ ဦးဦးလှစော မေလ ၅ ရက် တနင်္လာနေ့ ည ၁၁ နာရီ ၂၀ မိနစ်မှာ ကွယ်လွန်သွားတဲ့အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ရာမှာ အခုလို ဖော်ပြထားတာဖြစ်ပါတယ်။ဦးဦးလှစောဟာ လူချစ်လူခင်ပေါများပြီး သူနဲ့ ဆက်ဆံပေါင်းသင်းဖူးသူတိုင်း သူ့ကို လေးစားချစ်ခင်ပြီး ဂါရ၀ထားကြတယ် လို့ ဆိုပါတယ်။
ပညာရေးပိုင်းမှာ ထူးချွန်သလို နိုင်ငံရေးနယ်ပယ်မှာလည်း နိုင်ငံရေးဩဇာရှိသူတယောက်ဖြစ်ကာ စာရေးကောင်းသူ တဦးလို့ လည်း ULA က အသိပေးထားပါတယ်။
အာရက္ခဒေသက နိုင်ငံသားကောင်းတယောက်ဖြစ်ခဲ့ပြီး လူသားပီသခဲ့သူလည်းဖြစ်တဲ့ ဦးဦးလှစော ကွယ်လွန်သွားမှုအပေါ် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အနေနဲ့ မိသားစု ဆွေမျိုးများနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ရခိုင်နိုင်ငံရေးသမား၊ တော်လှန်ရေးသမား၊ စာပေအနုပညာသမား၊ အာရက္ခပြည်သားတဦးဖြစ်တဲ့ ဦးဦးလှစော ကွယ်လွန် သွားတဲ့အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာနဲ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ က မိတ်ဆွေအပေါင်းကိုလည်း အထူးကျေးဇူးတင်တယ်လို့လည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA က အသိပေး ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မြိုင်မြို့နယ် ကန်နီရွာ ပျူစောထီးခေါင်းဆောင်က မိန်းမပျိုလေးတွေကို လက်နက်ပြခြိမ်းခြောက်ပြီး သားမယား ပြုကျင့် နေတယ်လို့ အလင်းဝင်လာတဲ့ ပျူစောထီးမိသားစုတွေ ထုတ်ဖော်
မေလ ၁၀ရက်
မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးခေါင်းဆောင်ဟာ မိန်းမပျိုလေးတွေကို လက်နက်အားကိုးနဲ့ သားမယား အဖြစ် ပြုကျင့်နေတယ်လို့ အလင်းဝင်လာတဲ့ ပျူစောထီးမိသားစုက ထုတ်ဖော်ပြောဆိုထားတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ် ကန်နီပျူရွာက ထွက်ပြေးလာတဲ့ ပျူစောထီး မိသားစုတွေကို မေလ ၇ ရက်နေ့မှာ သွားရောက်ခေါ်ယူခဲ့ပြီး စောင့် ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ ရဲ့ အကြောင်းကြားချက်အရ သွားရောက်ခေါ်ယူခဲ့တဲ့ ပျူစောထီးတွေကို စစ်ဆေးမေးမြန်းရာမှာ ကန်နီရွာ ပျူစောထီးခေါင်းဆောင်က ကျေးရွာနေမိန်းမပျိုတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ပြီး သားမယား အဖြစ် ပြုကျင့်နေတာကို ဝန်ခံထွက်ဆိုခဲ့တာလို့ အသိပေးပါတယ်။
အလင်းဝင်သူတွေဟာ အမျိုးသားပျူစောထီး ၂ ဦးနဲ့ အမျိုးသမီး ပျူစောထီးတဦးဖြစ်ပြီး ကလေး ၃ ယောက် ပါတယ်လို့ သိရပါတယ်။
ကန်နီပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်နေတာနဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေရဲ့ ညှင်းပန်းနှိပ်စက်တာတွေကို မခံနိုင်တော့တဲ့ ရွာသူရွာသားတွေ မကြာခဏ ထွက်ပြေးလာကြတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။
========================
📌📌 ၃။ မြိတ်-မောတောင်လမ်းပိုင်းက သိန်ခွန်းကျေးရွာတိုက်ပွဲမှာ စစ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်
မေလ ၁၀ရက်
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မြိတ်-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းက သိန်ခွန်းကျေးရွာ တိုက်ပွဲမှာ စစ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းက ဒီနေ့ မေလ ၁ဝ ရက်မှာ ထုတ်ပြန်ပါတယ်။
၄ လကျော်ကြာဖြစ်ပွားနေတဲ့ သိန်ခွန်းကျေးရွာတိုက်ပွဲ အတွင်းမှာ ဘုတ်ပြင်းအခြေစိုက် ခမရ - ၂၂၄ တပ်ရင်း က စစ်ကောင်စီဖွဲ့ဝင် တပ်ကြပ်တဦးနဲ့ တပ်သားတဦးအလင်းဝင်လာတာလို့ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ MA 1 ၂ လက်၊ ကျည်ဘောက် ၉ ခု၊ ၅ ပွိုင့် ၅၆ကျည် ၃၂၈ တောင့်အပါအဝင် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းကို အလင်း၀င်လာခဲ့တာလို့ သိရပါတယ်။
အခုလို ထပ်မံအလင်း၀င်လာသူ ၂ ဦးကို KNLA တပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန် အထူး စစ်ကြောင်းတာ၀န်ခံက နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြုငွေတွေလည်း ထပ်မံချီးမြင့်သွားမယ်လို့ ခွပ်ဒေါင်း တမန်အထူးစစ်ကြောင်းက အသိပေးကြေညာထားပါတယ်။
တနင်္သာရီမြို့နယ်အခြေစိုက် တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၁ စိုးမိုးထိန်းချုပ်ထားတဲ့ သိန်ခွန်း - မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ မနှစ် ဒီဇင်ဘာ ၂၈ကနေ အခုနှစ် မေလ ၆ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ နေ့စဥ်နီးပါး တိုက်ပွဲပေါင်း ၁ဝဝ ထက်မနည်းဖြစ်ခဲ့ရာ စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၁၂ ဦး KNLA မဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းထံ လက်နက်နဲ့တကွ ခိုလုံလာခဲ့တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်ထုနဲ့ ခမ်းပတ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်
မေလ ၁၀ရက်
မကွေးတိုင်း ကျောက်ထုတိုက်နယ်နဲ့ စစ်ကိုင်းတိုင်း တမူးခရိုင်က ခမ်းပတ်မြို့အနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
တံတားဦးလေဆိပ်ကတက်လာတဲ့ Y12 လေယာဉ်တစင်းဟာ မနေ့ မေလ ၉ ရက်နေ့ မနက် ၆ နာရီ ၂၀ မိနစ်ကနေ မနက် ၆ နာရီခွဲအတွင်း ကျောက်ထုတိုက်နယ်ကို တကြိမ်မှာ ဗုံး ၃ လုံးနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဗုံး ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ယောအလင်းတန်းက အသိပေးပါတယ်။
အင်တာနက်လိုင်းတွေနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်တဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးဘူးလို့လည်း ယောအလင်းတန်းက ပြောပါတယ်။
ထို့အတူ တမူးခရိုင် ခမ်းပတ်မြို့အနီးကို စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တစင်းက မနေ့က ညနေ ၆ နာရီခန့်မှာ ဗုံး ၂လုံး ကြဲချခဲ့တယ်လို့ ကနဦးသတင်းရထားတယ်လို့ ကလေးဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။
မေလ ၈ ရက်နေ့ကလည်း ကလေးမြို့နယ်ထဲက လက်ပံချောင်းရွာအနီးကိုလည်း အကြမ်းဖက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု တကြိမ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကလေးမြို့နယ်မြောက်ပိုင်းနဲ့ တမူးမြို့နယ်တောင်ပိုင်းမှာ ဧပြီလက လေကြောင်းဗုံးကြဲမှု မရှိသလောက်ဖြစ်ခဲ့ပေမယ့် မေလထဲမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က ပြန်လုပ်လာတာလို့လည်း ဒေသနေပြည်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိသလို စစ်ရေးလှုပ်ရှားမှုတွေမရှိတဲ့ဒေသတွေက အရပ်သားပြည်သူ နေထိုင် ရာ ကျေးရွာတွေကို ဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာပေးကြဖို့တဲ့ အိမ်တိုင်း ဗုံးခိုကျင်းတွေတူးထားကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေ က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်
မေလ ၁၀ရက်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်ကောင်စီတပ်က လေကြောင်း အပါအဝင် ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာနက ပြောပါတယ်။
နောင်ချိုမြို့နယ်ထဲက တအာင်းတပ်မတော် PSLF/TNLA ရှိရာ သရက်ချိုရွာအနီးတဝိုက်ကို ထိုးစစ်ဆင်လာတာကြောင့် စစ်ကောင်စီတပ်နဲ့ မေလ ၉ ရက် မနက် ၆ နာရီကျော်အချိန်ကစပြီး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီရဲ့ အမှတ် ၉၀၂ အမြောက် တပ်က နေ့လည် ၁၂ နာရီကျော်အချိန်မှာ ဒရုန်းနဲ့ ဗုံး ၅ လုံးနဲ့ လက်နက်ကြီးနဲ့ ၁၀ ကြိမ် တိုက်ပွဲဖြစ်ရာ သရက်ချိုရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်တို့ နေလည် ၃ နာရီ ကျော်အချိန်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်က နေ့လည် ၁၂ နာရီကျော်ကစလို့ ဒရုန်းနဲ့ ဗုံး ၈ လုံး လက်နက်ကြီးနဲ့ ၇ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
စစ်ကောင်စီရဲ့ အမှတ် ၉၀၂ အမြောက်တပ်ဟာ မနေ့မနက်ပိုင်းမှာပဲ နောင်ချိုမြို့နယ်က ယာပြင်ကျေးရွာကို ဒရုန်းနဲ့ ဗုံး ၂ လုံး အဆိပ်ငွေ့ဗုံး ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို နေ့လည် ၁ နာရီခန့်မှာ အုမ္မတီးရွာကို ဒရုန်းနဲ့ ဗုံး ၉ လုံး အဆိပ်ငွေ့ဗုံး ၄ လုံး ကြဲချခဲ့ကာ တောင်လှရွာကို လက်နက်ကြီးနဲ့ ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ ၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက် လုပ် နိုင်ဖို့ တိုက်ပွဲဖြစ်နေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ မေလ ၁ ရက်နေ့မှာ တဖက်သတ် အပစ်ရပ်ကာလ နောက်ထပ် တလ သက်တမ်းထပ်တိုးထားချိန်မှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မေလ ၆ ရက်နေ့က အပစ်ရပ်သက်တမ်း တလ တိုးမယ်လို့ကြေညာခဲ့ပေမယ့် မေလ ၇ ရက် နေ့ကစပြီး မေလ ၉ရက်နေ့အထိ နောင်ချိုမြို့နယ်က သရက်ချိုရွာ၊ယာပြင်ကျေးရွာ၊ အုမ္မတီးရွာနဲ့တောင်လှရွာတို့ကို ဆက်တိုက်ဆိုသလို နေ့စဉ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရန်ကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိကြဖို့ တအာင်းတပ်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ဒေသနေပြည်သူတွေ လုံခြုံရေးအာမခံချက်ရှိစေဖို့ ထီးခီးစစ်အခြေစိုက်စခန်းကို ပြန်လည်ထိန်းချုပ်ရတာလို့ KNU ဆို
မေလ ၁၀ရက်
မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ဒေသနေပြည်သူတွေ လုံခြုံရေးအာမခံချက်ရှိစေဖို့ မြိတ်-ထားဝယ်ခရိုင်ဒေသက ထီးခီး စစ်အခြေစိုက်စခန်းကို ပြန်လည်ထိန်းချုပ်ရတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU က အသိပေး ပြောဆိုလိုက်ပါတယ်။
ထီးခီးစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ မြန်မာ-ထိုင်း နယ်စပ်တလျောက်မှာနေထိုင်ကြတဲ့ ထိုင်ပြည်သူတွေကို အသိပေးတဲ့ ပန်ကြားချက်တစောင်ကို ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ရာမှာ အခုလို အသိပေး လိုက်တာဖြစ်ပါတယ်။
အဲဒီပန်ကြားချက်ကို ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်က မြန်မာ၊အင်္ဂလိပ် ထိုင်း ၃ ဘာသာနဲ့ ထုတ်ပြန် ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင်နယ်မြေကို မြန်မာစစ်တပ်က ၁၉၉၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့တာကြောင့် စစ်ရေးပဋိပက္ခတွေဖြစ်ခဲ့ပြီး ဒေသနေပြည်သူတွေ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ အနေနဲ့ နယ်စပ်တလျောက်မှာနေထိုင်ကြတဲ့ ဒေသနေ ပြည်သူတွေ လုံခြုံရေးအာမခံချက်ရှိစေဖို့ ထီးခီးစစ်အခြေစိုက်စခန်းကို မဖြစ်မနေ ပြန်လည်ထိန်းချုပ်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုအနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်စေဖို့ ဆိုရင် စစ်ကောင်စီအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်တာတွေလုပ်မှရမယ်လို့ ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၄ က ယုံကြည်ထားပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်နိုင်ခြေနဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို အလေးအနက်စဉ်းစားပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားစီမံ ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အရင်ကတည်းက ထိုင်းပြည်သူတွေနဲ့ သဟဇာတဖြစ်အောင် နေထိုင်ခဲ့ ကြ သလို နောင်မှာလည်း ခင်မင်လေးစားမှုနဲ့အတူ အိမ်နီးချင်းကောင်းပီသစွာနေထိုင်ဖို့ အသင့်ရှိတယ်လို့ ကတိပြုထားပါတယ်။
အကြမ်းဖက် အာဏာရှင် စစ်ကောင်စီက ရုရှားအကူအညီနဲ့ ၁၁ဝ မဂ္ဂါဝပ်ရှိတဲ့ အနုမြူဓာတ်အားပေးစက်ရုံတရုံကို ပဲခူးဒေသ အလယ်ပိုင်းနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ တည်ဆောက်ဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့လည်း မြန်မာပြည်သူတွေနဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေး အန္တရယ်ကင်းရှင်းရေး၊ ကောင်းမွန်နဲ့ ဘဝနေထိုင်မှုတွေ ပျက်စီးသွားမှာကို စိုးရိမ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီလက်ကျန်မိုင်းနင်းမိတာကြောင့် သီပေါမြို့နယ်မှာ အမျိုးသားတဦး ခြေတဖက်ဆုံးရှုံး
မေလ ၁၀ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ သီပေါမြို့နယ် ကွန်စံလိတ်ကျေးရွာက အမျိုးသားတဦး စစ်ကောင်စီ လက်ကျန်မိုင်း နင်းမိ၍ ညာဘက်ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
ကွန်စံလိတ်ကျေးရွာက အသက် ၃၁ နှစ်အရွယ်အမျိုးသားတဦး မေလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်မှာ စစ်ကောင်စီတပ် ခမရ - ၅၀၃ စခန်းဟောင်းအနီးမှာ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
မိုင်းနင်းမိတဲ့နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး လူနာကို ဆေးကုသနိုင်အောင် ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။
မေလ ၇ ရက်နေ့ကလည်း ကုန်းစုံကျေးရွာက အမျိုးသားတဦး ထင်းခွေသွားရာကနေ ခလရ - ၂၃ တပ်စခန်းဟောင်းအနီးမှာ စစ်တပ်က ထောင်ထားတဲ့ လက်ကျန်မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရခဲ့သလို ဧပြီလတုန်းကလည်း တုံစင့်ရွာက အမျိုးသားတဦးလည်း ခလရ ၂၃ တပ်စခန်းဟောင်းနေရာမှာ မိုင်းနင်းမိပြီး ခြေတဖက်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ချေမှုန်းသွားမယ်လို့ ဖယ်ခုံ PDF ပြော
မေလ ၁၀ရက်
စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ချေမှုန်းသွားမယ်လို့ ဖယ်ခုံ PDF P31002 တပ်ရင်းက ကတိပေး ပြောဆိုလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ ဖယ်ခုံ PDF P31002 တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားကို မေလ ၇ ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာမှာ တပ်ရင်း တာဝန်ရှိသူက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီအခမ်းအနားမှာ ရှမ်းတောင် ဗျူဟာ ၁ ဗျူဟာမှူး ဗိုလ်နေကောင်း တက်ရောက်အားပေးစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေး ၄ နှစ်တာကာလအတွင်းမှာ ဖယ်ခုံ PDF 1002 က ရဲဘော် ၁၆ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ ရပြီး ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရပေမယ့် ကျန်တဲ့ ရဲဘော်တွေနဲ့ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ ဆက်လက် ချေမှုန်းသွားမယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment