၂၀၂၅ မေလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်း ထုတ်ပြန်ကြေညာ
📌 ၂။ KIA နှင့် TNLA မဟာမိတ်စာချုပ်များအရ ပူးပေါင်းဆောင်ရွက်ရေး မကြာမီ ဆွေးနွေးမည်ဟု ဆို
📌 ၃။ ချင်းပြည်တွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ ပါတီထောင်ရွေးကောက်ပွဲဝင်ရေး စိတ်ကူးမယဉ်ရန် ICNCC သဘာပတိ သတိပေး
📌 ၄။ NUG ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ်အတွင်း သက်မွေးပညာသင်တန်း ၅၃ခု ဖွင့်လှစ်ခဲ့
📌 ၅။ ၂၀၂၅ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိခင်ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား ကိုထိန်လင်း (Kim Aris)မှ လက်ခံရယူမည်
========================
၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လားရှိုးကို စစ်ကောင်စီထံ ပြန်ပေးရသည့်ဒဏ် ပြည်သူများရင်ဆိုင်နေရပြီး သိမ်းထားသည့် မြို့များပြန်ပေးရန်မရှိဟု အသိပေး၊ အတူတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်များနှင့် ဒေသခံပြည်သူများ အသံ အလေးထားရမည်ဟု ဆို
🚩 ၂။ ကွမ်းဆိပ် ရဲစခန်းကို စစ်ကူသွားတဲ့ စစ်ကောင်စီ လှေတစ်စီး တိမ်းမှောက်၊ ပုတ်ပွနေတဲ့ စစ်ကောင်စီ အရာရှိ တစ်ဦး ရုပ်အလောင်း စစ်တောင်းမြစ်အတိုင်း မျောပါလာ
🚩 ၃။ ရေစကြို မြို့ပေါ်ကို ခဲယမ်းပို့ပြီး ပြန်လာတဲ့ ခလရ (၂၅၈) က စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ကယန်းအမျိုးသား တပ်မတော်နဲ့ ကရင်နီပြည် ဝံပုလွေ စစ်ကြောင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့
🚩 ၅။ နောင်ချိုနဲ့ မိုးကုတ်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲခဲ့ရာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရ
🚩 ၆။ စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှနှင့် ထုံးကြီးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
🚩 ၇။ ခမရ (၇၀၃) မှ စစ်ကောင်စီ တပ်သား ၂ ဦး MDY PDF ထံ လက်နက်နှင့်တကွ အလင်းဝင်
🚩 ၈။ အမ်း တိုက်ပွဲပြန် စလင်း ပကဖ ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းဖြင့် ကြိုဆိုခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်း ထုတ်ပြန်ကြေညာ
မေလ ၄ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းကို မေလ ၄ရက်နေ့တွင် ထုတ်ပြန်ကြေညာပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) အခန်း (၂) နှင့် အစိတ်အပိုင်း (၂) အခန်း (၃) အပိုဒ် ၁၅ အရ ဖွဲ့စည်းခဲ့ပြီး
(က)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ
(ခ) နိုင်ငံရေးပါတီများ
(ဂ) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်းများအပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ
(ဃ) တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ
(င) ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုအဖွဲ့အစည်း/ ကောင်စီများ စတဲ့ အစုအဖွဲ့ ၅ခုနှင့် ဖွဲ့စည်းထားပါတယ်။
========================
📌📌 ၂။ KIA နှင့် TNLA မဟာမိတ်စာချုပ်များအရ ပူးပေါင်းဆောင်ရွက်ရေး မကြာမီ ဆွေးနွေးမည်ဟု ဆို
မေလ ၄ရက်
Radio NUG
တအာင်းတပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းပြီး ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုခိုင်မာစေရန် မကြာမီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက မေလ ၄ ရက်မှာ ကျင်းပသည့် PSLF/TNLA ၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
PSLF နှင့် KIO တို့သည် ၁၉၇၆ ခုနှစ်မှ စတင်ကာ ထာဝရမဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်ခဲ့ပြီး ၂၀၁၃ နှင့် ၂၀၂၃ ခုနှစ်များတွင် မဟာမိတ်စာချုပ်များ ထပ်မံချုပ်ဆိုခဲ့ကာ ညီညွတ်စွာ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်။ နှစ်စဉ်အနည်းဆုံး တစ်ကြိမ် ဗဟိုကော်မတီအဆင့် တွေ့ဆုံရန် စီစဉ်ထားသော်လည်း စစ်ရေးအခြေအနေ ပြင်းထန်မှုကြောင့် လျာထားချက်အတိုင်း မလုပ်ဆောင်နိုင်ခဲ့ဟု ဗိုလ်မှူးကြီး တားပန်လက ဆိုသည်။
" ဟိုတုန်းက စာချုပ်သုံးခုနဲ့ ကျွန်တော်တို့ သဘောတူညီမှုတွေ ရှိထားသလို တစ်နှစ်တစ်ကြိမ်တွေ့ဆုံဖို့ အစည်းအဝေးတွေလည်း မကြာမီ ဖြစ်ပွားဖို့ရှိပါတယ်။"ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် တွေ့ဆုံရန် ကြိုတင်ပြင်ဆင်မှုများ ပြီးစီးနေပြီး နေရာသတ်မှတ်ရေးကိုသာ ညှိနှိုင်းလျက်ရှိကြောင်း၊ မကြာမီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း TNLA က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ ချင်းပြည်တွင် စစ်ကောင်စီနှင့်ပူးပေါင်း၍ ပါတီထောင်ရွေးကောက်ပွဲဝင်ရေး စိတ်ကူးမယဉ်ရန် ICNCC သဘာပတိ သတိပေး
မေလ ၄ရက်
Radio NUG
ချင်းပြည်အတွင်း ပြည်သူလူထုကို သတ်ဖြတ်ပြီး ကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်း၍ ပါတီထောင်ကာ ရွေးကောက်ပွဲဝင်ရေး စိတ်ကူးမယဉ်ရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်က မေလ ၄ ရက်မှာ ကျင်းပခဲ့သည့် ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း Live Session အဖွင့်မိန့်ခွန်းတွင် သတိပေး ပြောကြားခဲ့ပါတယ်။
၎င်းက အားလုံးကို ဓမ္မဘက်တွင် ပါဝင်ရပ်တည်ရန် ဖိတ်ခေါ်ခဲ့ပြီး၊ ထိုသို့လုပ်ရန် ခက်ခဲပါက ဓမ္မဘက်ရပ်တည်သူများကို မနှောင့်ယှက်ရန်လည်း တိုက်တွန်းထားပါတယ်။
" အနည်းဆုံးတော့ ရွာတွေကို မီးရှို့ ၊ လူတွေကို သတ်ဖြတ်၊ CDM တွေကို ရာဇဝတ်သားလို ဆက်ဆံပြီးတော့ တစ်နိုင်ငံလုံးပျက်စီးအောင် လုပ်တဲ့ SACနဲ့ ပူးပေါင်းပြီးတော့ ပါတီထောင်တာတွေ ရွေးကောက်ပွဲဝင်ဖို့၊ ပြင်ဆင်တာတွေတော့ လုံး၀ လုံး၀ မလုပ်ဖို့။ ကျွန်တော်တို့ ချင်းပြည်မှာ လုံး၀ မလာကြဖို့၊ စလည်းမစကြနဲ့ စိတ်ကူးလည်းမယဉ်ကြပါနဲ့။ လုပ်တဲ့သူတွေအတွက် အနာဂတ်မကောင်းဘူးဆိုပြီးတော့ စေတနာနဲ့ ကျွန်တော်တို့ ပြောလိုပါတယ်" လို့ ပြောကြားထားပါတယ်။
ဒေါက်တာကင်တန်က ဤသတိပေးချက်သည် ရန်သူအမြင်ဖြင့် ပြောဆိုခြင်းမဟုတ်ဘဲ၊ စစ်ကောင်စီ၏ မတရားနည်းလမ်းများဖြင့် အာဏာရယူရန် စိတ်ကူးယဉ်ခြင်းသည် မအောင်မြင်နိုင်သည့်အပြင် အနာဂတ်အတွက် ဆိုးကျိုးသာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း စေတနာဖြင့် သတိပေးခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၄။ NUG ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ်အတွင်း သက်မွေးပညာသင်တန်း ၅၃ခု ဖွင့်လှစ်ခဲ့
မေလ ၄ရက်
Radio NUG
NUG ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄ခုနှစ်အတွင်း သက်မွေးပညာ Online သင်တန်းအရေအတွက် ၂၄ ခုဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၁၀၆၅ ဦး တက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် မြေပြင်သက်မွေးသင်တန်းများကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ထိုင်း/မြန်မာနယ်စပ်တို့တွင် သင်တန်းအရေအတွက် ၂၉ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၇၀၄ ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Continuous Professional Development (CPD)၊ Income Generation (IG)၊ Online Knowledge Sharing (Online)၊ Training of Trainers ( TOT )နှင့် Life Survival Program (LSP) သင်တန်းအမျိုးအစား ၅ မျိုးကို ဖွင့်လှစ်သင်တန်းပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ၂၀၂၅ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိခင်ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား ကိုထိန်လင်း (Kim Aris)မှ လက်ခံရယူမည်
မေလ ၄ရက်
Radio NUG
(၁၆)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မတရားအကျဥ်းကျခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုထိန်လင်း (Kim Aris)က မိခင်ကိုယ်စား တက်ရောက်ကာ ဆုလက်ခံယူမည် ဖြစ်ကြောင်း ပြည်သူ့ဂုဏ်ရည်အသင်းမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါဂုဏ်ပြုပွဲကို ၂၀၂၅ခုနှစ် မေလ ၂၄ရက်နေ့ တွင် တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့၌ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ပြည်သူ့ဂုဏ်ရည်ဆုကို မေမေ့ကိုယ်စားလက်ခံပေးဖို့ မေလ၂၄ရက်နေ့ အခမ်းအနားကို တက်ရောက်ခွင့်ရလို့ ကြည်နူးဂုဏ်ယူမိပါတယ်။” ဟု ကိုထိန်လင်းမှ ပြောကြားခဲ့ပါသည်။ “ပြည်သူ့ဂုဏ်ရည်အသင်းနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ကျွန်တော်လေးစားတန်ဘိုးထားပါတယ်။ မြန်မာပြည်သူပြည်သားတွေကို အလုပ်အကျွေးပြုတဲ့သူတွေကို အသိအမှတ်ပြုတဲ့အသင်းရဲ့ ဦးတည်ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ မေမေက အကြံပေး၊ လမ်းညွှန်ခဲ့ဖူးတယ်လို့ ကျွန်တော်သိထားပါတယ်။ မေမေ့အနေနဲ့ အခုလို ဂုဏ်ပြုတာကို တစ်ယောက်တည်းရတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုအဖြစ် ရှုမြင်မှာမဟုတ်ဘဲ၊ မတရားမှုကို ဆက်လက်ဆန့်ကျင် ရပ်တည်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်နဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ဆုအဖြစ် မှတ်ယူမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ကိုထိန်လင်းမှ အဆိုပါဆုကို ဟူစတန်မြို့တွင် ကိုယ်တိုင် ကိုယ်ကျ လက်ခံရယူမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လားရှိုးကို စစ်ကောင်စီထံ ပြန်ပေးရသည့်ဒဏ် ပြည်သူများရင်ဆိုင်နေရပြီး သိမ်းထားသည့် မြို့များပြန်ပေးရန်မရှိဟု အသိပေး၊ အတူတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ်များနှင့် ဒေသခံပြည်သူများ အသံ အလေးထားရမည်ဟု ဆို
မေလ ၄ရက်
Radio NUG
တော်လှန်ရေးတိုက်ပွဲ မအောင်မြင်သရွေ့ လက်ရှိမျိုးဆက်များသာမက နောင်မျိုးဆက်များပါ စစ်ဘေးဒဏ်ခံစားရမည်ဖြစ်ကာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်ဟု မေလ ၄ ရက် ကျင်းပသည့် TNLA ၏ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တအာင်းတပ်မတော် (TNLA) တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးတားပန်လက ပြောကြားခဲ့ပါတယ်။
" ကျွန်တော်တို့က အခုကျွန်တော်တို့ သွားနေတဲ့ တော်လှန်ရေးတိုက်ပွဲ မအောင်မြင်သေးဘူးဆို သေချာတယ် သံသရာလည်နေမှာပေါ့။ စစ်ရေးသံသရာ ၊ ငြိမ်းချမ်းရေးသံသရာ အပစ်အခတ်ရပ်စဲရေးသံသရာ အဲဒီကနေ ဘယ်တော့မှ လွတ်မြောက်မှာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့က လွန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အဘိုးအဘွားတွေ အဖေအမေတွေက စစ်ဘေးဒဏ်ခံခဲ့ရပြီ။ ကျွန်တော်တို့ လက်ထက်မှာလည်း ဒါရင်ဆိုင်နေရတယ်။ ကျွန်တော်တို့က အပြီးသတ် အာဏာရှင် ချုပ်ငြိမ်းရေး မဆောင်ရွက်ဘူးဆိုရင်တော့ သေချာတယ် နောက်ထပ် ကျွန်တော်တို့ မျိုးဆက်တွေလည်း စစ်ဘေးစစ်ဒဏ်ပဲ ခံနေရမှာပါ" လို့ ဆိုထားပါတယ်။
TNLA သိမ်းပိုက်ထားသည့် မြို့များကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန်ရှိ/မရှိ မေးမြန်းမှုအပေါ်
"ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့ အသံလည်း ကျွန်တော်တို့ အလေးထားရမှာဖြစ်သလို ကျွန်တော်တို့ တိုက်ပွဲအောင်မြင်အောင် ဒီနယ်မြေကနေ စစ်အာဏာရှင်တွေ ထွက်ခွာသွားအောင် ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ လူထုတွေရဲ့ အသံလည်း ကျွန်တော်တို့ အလေးထားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဟိုဟာပေးနိုင်မလား ဒီဟာ ပေးနိုင်မလားဆိုတဲ့ဟာမျိုးတော့ လောလောဆယ် မရှိသေးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
MNDAAက တရုတ်အစိုးရ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ တတိယပတ်တွင် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးခဲ့ရတဲ့ ဖြစ်စဉ်ကြောင့် ဒေသခံ တအာင်းလူမျိုးများအပါအဝင် ပြည်သူများ အကြပ်အတည်းများစွာ ရင်ဆိုင်နေရသည်ဟု ဗိုလ်မှူးကြီးတားပန်လက ထောက်ပြခဲ့ပါတယ်။
========================
🚩🚩 ၂။ ကွမ်းဆိပ် ရဲစခန်းကို စစ်ကူသွားတဲ့ စစ်ကောင်စီ လှေတစ်စီး တိမ်းမှောက်၊ ပုတ်ပွနေတဲ့ စစ်ကောင်စီ အရာရှိ တစ်ဦး ရုပ်အလောင်း စစ်တောင်းမြစ်အတိုင်း မျောပါလာ
မေလ ၅ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်နယ်မြေ ရဲစခန်း တိုက်ခိုက်ခံရမှုအား စစ်ကူသွားတဲ့ စစ်ကောင်စီ လှေတစ်စီး တိမ်းမှောက်ပြီး ပုတ်ပွနေတဲ့ စစ်ကောင်စီ အရာရှိတစ်ဦးရဲ့ ရုပ်အလောင်း စစ်တောင်းမြစ်အတိုင်း မျောပါလာတယ်လို့ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။
ကွင်းဆိပ် ရဲစခန်းဟာ ဝေါမြို့နယ်၊ သူရဲသမိန် ကျေးရွာ တစ်ဖက်ခြမ်း၊ စစ်တောင်းမြစ်ဘေးမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဆိုပါ တိုက်ပွဲကို စစ်ကူလာတဲ့ သူရဲသမိန်ကျေးရွာဘက်ခြမ်းက စစ်ကောင်စီနဲ့ ပျူစောထီး ၃၀ ခန့်ပါ လှေတစ်စီး စစ်တောင်းမြစ်ကို ဖြတ်ကူးစဉ်မှာ စက်လှေတိမ်းမှောက်ကာ မြစ်အတွင်း မြောပါသွားခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပြပါတယ်။
ယင်းဖြစ်စဉ်မှ စစ်ကောင်စီ အရာရှိ တစ်ဦးနဲ့ ရုပ်အလောင်းဟာ စစ်တောင်းမြစ်အတွင်း မျောပါလာခဲ့ကာ မေလ ၄ ရက်နေ့ မနက် ၈ နာရီခွဲခန့်က ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာ အနီးမှာ ဒေသခံ ရေလုပ်သား တချို့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီ အရာရှိ ရုပ်အလောင်းမှာ သေနတ် အတိုတစ်လက်နဲ့ စကားပြောစက် တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသခံ တော်လှန်ရေး တပ်ဖွဲ့က သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ရေစကြို မြို့ပေါ်ကို ခဲယမ်းပို့ပြီး ပြန်လာတဲ့ ခလရ (၂၅၈) က စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်
မေလ ၅ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြို မြို့ပေါ်ကို ခဲယမ်းပို့ပြီး ပြန်လာတဲ့ ခလရ (၂၅၈) က စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ရေစကြို၊ စီမံ ရုံးပေါင်းစုံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ခဲယမ်း ပို့ပြီး ပြန်လာတဲ့ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မြို့အထွက် တစ်နေရာမှာ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရကြောင်း ဖော်ပြထားပါတယ်။
မိုင်းဆွဲခံရပြီးနောက် အဆိုပါ စစ်ကြောင်းဟာ ခလရ (၂၅၈) နဲ့ ခလရ (၂၅၆) အတွင်းကို ၂ ဖွဲ့ခွဲကာ ဝင်ရောက်သွားတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ ကယန်းအမျိုးသား တပ်မတော်နဲ့ ကရင်နီပြည် ဝံပုလွေ စစ်ကြောင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့
မေလ ၄ ရက်၊
Radio NUG
ကယန်းအမျိုးသား တပ်မတော် - KNA (2109) တပ်ရင်းနဲ့ ကရင်နီပြည် ဝံပုလွေ စစ်ကြောင်းတို့က ရဲဘော်နှစ်ဦး ကရင်နီ ဒေသတွင်းက တိုက်ပွဲများမှာ ကျဆုံးခဲ့ကြတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။
မေလ ၄ ရက်နေ့တွင် မိုးဗြဲတိုက်ပွဲမှာ ကယန်းအမျိုးသား တပ်မတော် (2109) တပ်ရင်းက ရဲဘော် ခွန်းဖိဒေးလစ်ဟာ စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် မေလ ၁ ရက်နေ့ကလည်း ဘော်လခဲ ရှေ့တန်းစစ်မြေပြင် တစ်နေရာမှာ ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှ ရဲဘော် ဦးဂိုရီ (ခ) ချာလီစိုးဟာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင် စနစ်အား တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားခဲ့ရတဲ့ ကျဆုံး အာဇာနည် သူရဲကောင်း ရဲဘော်များကို မှတ်တမ်းတင် ဦးညွှတ်အလေးပြုကြောင်းနဲ့ ကျန်ရစ်သူ မိသားစုများနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်း အသိပေး ထုတ်ပြန်ထားကြပါတယ်။
========================
🚩🚩 ၅။ နောင်ချိုနဲ့ မိုးကုတ်ကို စစ်ကောင်စီ ထပ်မံဗုံးကြဲခဲ့ရာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရ
မေလ ၅ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ PSLF/TNLA အုပ်ချုပ်နယ်မြေ၊ နောင်ချိုမြို့နယ်နဲ့ မိုးကုတ်မြို့နယ်က ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မေလ ၃ ရက်နေ့ ည ၈ နာရီအချိန်မှာ နောင်ချိုမြို့နယ်၊ ဝါးဘိုးကုန်း ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ထိုနေ့ ည ၉ နာရီ ၅၅ မိနစ် အချိန်မှာလည်း မိုးကုတ်မြို့ အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဘုန်းကြီးကျောင်း ၂ ကျောင်းနဲ့ ဓမ္မာရုံတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မေလ ၃ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်မှာလည်း မိုးကုတ်အနောက်ပိုင်း၊ ကသဲရပ်ကွက်က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲချခဲ့ရာ ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ နေအိမ် ၁၆ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် မေလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ကလည်း နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၃၀၀ ဗုံး တစ်လုံး လာရောက်ကြဲချခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှနှင့် ထုံးကြီးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
မေလ ၄ရက်
Radio NUG
စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနှင့် ထုံးကြီးကျေးရွာတို့တွင် မေလ ၃ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်တပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရပါတယ်။
မေလ ၃ ရက် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ရှိ မူလအောင်မြေဘုန်းကြီးကျောင်း အရှေ့မြောက်ဘက် လယ်ကွင်းအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ထိုနေ့ ည ၁၀ နာရီ ၄၈ မိနစ်၊ ၅၄ မိနစ်နှင့် ၅၅ မိနစ်ခန့်တွင် စစ်တပ်က လက်ပန်လှတံတားအနီးနှင့် ငြိမ်းချမ်းအောင်ရပ်ကွက်တို့ကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ည ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် ထုံးကြီးကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၇။ ခမရ (၇၀၃) မှ စစ်ကောင်စီ တပ်သား ၂ ဦး MDY PDF ထံ လက်နက်နှင့်တကွ အလင်းဝင်
မေလ ၅ ရက်၊
Radio NUG
မတ္တရာမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၇၀၃) တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့်တကွ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ထားပါတယ်။
မေလ ၂ ရက်နေ့က အဆိုပါ စစ်ကောင်စီ တပ်သား ၂ ဦးဟာ သေနတ် ၂ လက်၊ ကျည်ဘောက်၊ ကျည်၊ လက်ပစ်ဗုံးနဲ့ အီကွေ့မန့် အပြည့်အစုံဖြင့် ဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ကို စွန့်ခွာကာ အလင်းဝင်ရောက်လိုသူများကို လက်ခံကြိုဆိုနေပြီး အသက်အာမခံချက် အပြည့်အဝ ပေးသွားမယ့်အပြင် ဆုငွေများပါ ပေးအပ်ချီးမြှင့်သွားမယ်လို့ MDY PDF က အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၈။ အမ်း တိုက်ပွဲပြန် စလင်း ပကဖ ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းဖြင့် ကြိုဆိုခဲ့
မေလ ၄ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ အမ်းမြို့ မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ စလင်း ပ.က.ဖ ရဲဘော်များ မိခင်တပ်ဖွဲ့ကို ပြန်လာရာ ဒေသခံ ပြည်သူများက အောင်သပြေ ပန်းများဖြင့် ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နပခ) အပါအဝင် အမ်းမြို့နယ်က တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း အာရက္ခ တပ်တော်နှင့်အတူ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ စလင်း ပကဖ ရဲဘော်များကို ဒေသခံ ပြည်သူများက ကြိုဆိုဂုဏ်ပြု ခဲ့ကြတာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment