၂၀၂၅ မေလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "သယံဇာတကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝလက်ခံလို့ မရကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
📌 ၂။ စစ်ကိုင်းငလျင်ဘေးအပေါ် မင်းအောင်လှိုင်၏ ခရီးသွားမြှင့်တင်ရေးအစီအစဉ် ထုတ်ပြန်
📌 ၃။ ဟုမ္မလင်းမြို့အနီးနှင့် သာစည်မြို့အနီးတွင် ရစ်ခ်တာစကေး ၄.၃ အဆင့်နှင့် ရစ်ခ်တာစကေး ၅.၃ အဆင့် မြေငလျင်များ လှုပ်ခတ်
📌 ၄။ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ သတိပေးဆိုင်းဘုတ်များ တပ်ဆင်
📌 ၅။ Urban Operation Column ရဲ့ ဂန်း၅လက် ကမ်ပိန်းမိတ်ဆက်
========================
၂၀၂၅ ခုနှစ် မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KNU ထားဝယ်ခရိုင် ဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီး ဒေသအား အလုံးစုံ ပြန်လည်သိမ်းပိုက်၊ ဖားအံခရိုင် လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိ
🚩 ၂။ ဘုတ်ပြင်းမှာ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး (၃၅၈) တပ်ရင်းမှူး အပါအဝင် ၂၀ ခန့် ဒဏ်ရာရ
🚩 ၃။ ပုလောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် တစ်ဦးနဲ့ ရဲတပ်သား တစ်ဦး သေဆုံး
🚩 ၄။ မြောင်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို တိုက်ခိုက်မှု - စစ်ဗိုလ်အပါအဝင် ၄ ဦးသေဆုံး၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ
🚩 ၅။ ကနီမြို့နယ်မှာ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့
🚩 ၆။ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေ၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ၊ နေအိမ်(၁) လုံးထိခိုက်
🚩 ၇။ ရခိုင်တပ်တော် (AA) နှင့်အတူ အမ်းမြို့သိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်များအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "သယံဇာတကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝလက်ခံလို့ မရကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား
မေလ ၉ရက်
Radio NUG
"သယံဇာတကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝလက်ခံလို့ မရကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၅ /၂၀၂၅) အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
" မိမိတို့အနေနဲ့ ယခုအချိန်ဟာ တော်လှန်ရေးကာလအလွန် အကောင်အထည် ဖော်ဆောင်မည့် ဖက်ဒရယ်သယံဇာတ မူဝါဒလုပ်ငန်းစဉ်ကို အထောက်အကူပြုစေဖို့ ပြည်သူဗဟိုပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အထများ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်နေချိန်လည်း ဖြစ်၍ သယံဇာတကို တစ်ဦးတစ်ယောက်/ တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲတာမျိုး လုံးဝလက်ခံလို့ မရကြောင်း" ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် သယံဇာတသည် ပြည်သူအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်အမွေအနှစ်ဖြစ်သောကြောင့် အသွင်ကူးပြောင်းရေးကာလ ရောက်တဲ့အခါမှာ တော်လှန်ရေးကာလ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ တော်လှန်ရေးအစိုးရရဲ့ အသုံးစရိတ်တွေကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ချပြပြီး ရှင်းတမ်းနဲ့တကွ ရှင်းလင်းတင်ပြပေးရမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံ ဇာတ စီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းငလျင်ဘေးအပေါ် မင်းအောင်လှိုင်၏ ခရီးသွားမြှင့်တင်ရေးအစီအစဉ် ထုတ်ပြန်
မေလ ၉ရက်
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီးတွင် ငလျင်ဘေးဒဏ်ကြောင့် အိုးအိမ်များ ပြိုပျက်၊ အသက်ဆုံးရှုံးမှုများနှင့် ဒေသခံများ၏ ဘဝများ ထိခိုက်ပျက်စီးခဲ့ရသည့်အချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်က ထိခိုက်နစ်နာသူများအား ထိရောက်စွာ ကူညီထောက်ပံ့ရန် ပျက်ကွက်ရုံမျှမက၊ ထိုဘေးဒဏ်ကို အမြတ်ထုတ်ရန် ရှက်ဖွယ်ကောင်းသော အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်၏ ထုတ်ပြန်ချက်တွင် ငလျင်ဘေးသင့်ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားများကို ဖိတ်ခေါ်ကာ ပျက်စီးမှုများကို “လေ့လာကြည့်ရှု” ရန်နှင့် ထိုဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှတစ်ဆင့် ဝင်ငွေရရှိရန် အကြံပြုထားပါတယ်။
ဤအဆိုသည် လူသားချင်းစာနာမှုကင်းမဲ့ရုံသာမက၊ ဒေသခံများ၏ ဆုံးရှုံးမှုနှင့် ဝမ်းနည်းမှုကို အသုံးချကာ စီးပွားရေးအကျိုးအမြတ်ရှာဖွေရန် ရည်ရွယ်သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်တစ်ခုဖြစ်ပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် အိုးအိမ်မဲ့သူများ၊ အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများနှင့် ဒဏ်ရာရသူများသည် အရေးပေါ်အကူအညီ၊ ပြန်လည်ထူထောင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ လိုအပ်နေချိန်တွင်၊ စစ်တပ်က ထိုအစား သူတို့၏ ဝမ်းနည်းဖွယ်အခြေအနေကို “ခရီးသွားဆွဲဆောင်မှု” အဖြစ် အမည်တပ်ကာ စီးပွားရေးအခွင့်အလမ်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၃။ ဟုမ္မလင်းမြို့အနီးနှင့် သာစည်မြို့အနီးတွင် ရစ်ခ်တာစကေး ၄.၃ အဆင့်နှင့် ရစ်ခ်တာစကေး ၅.၃ အဆင့် မြေငလျင်များ လှုပ်ခတ်
မေလ ၉ရက်
Radio NUG
မေလ ၉ ရက်နေ့၊ ည ၈: ၀၈ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးမှ သတင်းထုတ်ပြန်ပါတယ်။
အလားတူ မေလ ၉ ရက်နေ့၊ နေ့လယ် ၃: ၀၇ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ သာစည်မြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၃ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးထားပါတယ်။
========================
📌📌 ၄။ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ သတိပေးဆိုင်းဘုတ်များ တပ်ဆင်
မေလ ၉ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့နယ်နှင့် နောင်ချိုမြို့နယ်တွင် PSLF/TNLA မြေယာနှင့် သစ်တောထိန်းသိမ်းကာကွယ်ရေးဌာနမှ သတိပေးဆိုင်းဘုတ်များ လိုက်လံတပ်ဆင်ပေးခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ထိုသတိပေးဆိုင်းဘုတ်များကို မေလ ၆ ရက်နေ့တွင် သီပေါမြို့နယ်အတွင်းရှိ သီပေါကြိုးဝိုင်းနှင့် ကွမ်းလုံကြိုးဝိုင်း၊ မေလ ၇ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားတွင် PSLF/TNLA သစ်တောထိန်းသိမ်းရေးဌာနမှ သတိပေးဆိုင်းဘုတ်များကို လိုက်လံတပ်ဆင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသတိပေးဆိုင်းဘုတ်တွင် သစ်ဝါးခုတ်ခြင်း၊ တောမီးရှို့ခြင်းစသည်တို့ကို မပြုလုပ်ရန်၊ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဟု ပါရှိပါတယ်။
ထိုသတိပေးဆိုင်းဘုတ်များကို ပြီးခဲ့သည့် ဧပြီလတွင်လည်း ကွတ်ခိုင်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် စုစုပေါင်း သတိပေးဆိုင်းဘုတ်(၅၂)ချပ် တပ်ဆင်ခဲ့ပြီး ဖေဖော်ဝါရီလတွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မြေယာနှင့် သစ်တောထိန်းသိမ်း ကာကွယ်ရေးဌာနမှ တပ်မဟာ (၃)နယ်မြေ၊ မိုးမိတ်မြို့နယ်အတွင်း ကန့်သတ်ကြိုးဝိုင်း (၅)ဝိုင်း သတ်မှတ်ပေးခဲ့ပါတယ်။
========================
📌📌 ၅။ Urban Operation Column ရဲ့ ဂန်း၅လက် ကမ်ပိန်းမိတ်ဆက်
မေလ ၉ရက်
Radio NUG
တော်လှန်ရေးအတွက် လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကိုဖြည့်ဖို့ Urban Operation Column ရဲ့ ဂန်း၅လက် ကမ်ပိန်းလေးကို ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။
Urban Operation Column ဆိုတာ မြို့ပြနှင့်မြေပြန့် စစ်ဆင်ရေးတွေကို မဟာဗျူဟာကျကျအလုပ်လုပ်နိုင်ဖို့ ပြင်ဆင်စုဖွဲ့ထားပြီး ယခင် South Side Ranger (SSRanger) ဆိုတဲ့ နာမည်ဖြင့် ရန်ကုန်မြို့ပြ UG Mission တွေ၊ တောင်ပိုင်းတိုင်း စခန်းသိမ်းတိုက်ပွဲတွေနဲ့ တိုက်ပွဲငယ်တွေ ၊ အညာဒေသစစ်ဆင်ရေးများနှင့် စစ်သင်တန်းပို့ချမှုတွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကြောင်းတစ်ကြောင်း ဖြစ်ပါတယ်။
ကမ်ပိန်းကို လုပ်ရခြင်းဟာ လက်ရှိ လက်နက်ခဲယမ်း မပြည့်စုံမှုများကြောင့် မဟာမိတ်များနှင့် ပူးတွဲပြီး စစ်ဆင်ရေးများတွင် အလှည့်ကျ လက်နက်များကို ငှားရမ်းသုံးစွဲနေရပြီး ကာကင်းများ တိုက်ပွဲများ ဖော်ဆောင်နေရကာ ပြုလုပ်မည့် ကမ်ပိန်း အောင်မြင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိ UOC အဖွဲ့ဟာ စစ်စည်းကမ်း ကောင်းမွန်တဲ့ စစ်အင်အားတစ်ရပ် ဖြစ်လာစေဖို့နှင့် မြေပြန်သို့ စစ်ဆင်ရေးများ ဝင်ရောက် ထိုးဖောက်နိုင်ရေးအတွက် ပြင်ဆင်မွန်းမံရင်း ၊ မဟာမိတ်တပ်ဖွဲ့များသို့ အရာရှိငယ်သင်တန်း ၊ ဖောက်ခွဲရေးသင်တန်း ၊ မြို့ပြစစ်ဆင်ရေး သင်တန်းများ ပို့ချလျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KNU ထားဝယ်ခရိုင် ဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီး ဒေသအား အလုံးစုံ ပြန်လည်သိမ်းပိုက်၊ ဖားအံခရိုင် လေးပနာဒီ (ခေါ်) တခေါ်ဘီခွီး တပ်စခန်းကိုလည်း သိမ်းပိုက်ရရှိ
မေလ ၉ ရက်နေ့၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ KNU မြိတ်−ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသအတွင်းက ထီးခီးဗျူဟာ စစ်ကောင်စီ တပ်စခန်းကို KNLA, KNDO ဦးဆောင်တဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
မေလ ၉ ရက်နေ့ မှာ ထီးခီး ဗျူဟာစခန်းကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကလည်း ထီးထာဗျူဟာ စခန်းကို သိမ်းပိုက်ထားနိုင်ခဲ့တာကြောင့် ထီးခီးဒေသ တစ်ခုလုံးကို ပြန်လည် သိမ်းပိုက် ရရှိခဲ့တာလို့ ဆိုပါတယ်။
အလားတူ KNU ဘားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံ (တာကရယ်) မြို့နယ်က ခလရ ၂၄ တပ် အထိုင်ချ တပ်စွဲထားတဲ့ လေးပနာဒီ (ခ) တခေါ်ဘီခွီး စစ်ကောင်စီ တပ်စခန်းကိုလည်း မေလ ၉ ရက်နေ့၊ မနက် ၉ နာရီခန့်မှာ KNLA နဲ့ KNDO ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် KNU တပ်မဟာ ၃၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက် ကျေးရွာက စစ်ကောင်စီရဲ့ ခမရ - ၅၉၈ တပ်ရင်းကို မေလ ၈ ရက်နေ့ ညပိုင်းမှာ KNLA, PDF ပူးပေါင်း တပ်တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၂။ ဘုတ်ပြင်းမှာ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး (၃၅၈) တပ်ရင်းမှူး အပါအဝင် ၂၀ ခန့် ဒဏ်ရာရ
မေလ ၉ ရက်နေ့၊
Radio NUG
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တပ်ကြပ် ၁ ဦး သေဆုံးပြီး (၃၅၈) တပ်ရင်းမှူး အပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က ထုတ်ပြန်ထားပါတယ်။
မေလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်မှာ ဘုတ်ပြင်းဘက်က VIGO ကား ၅ စီး၊ ကျောက်ကား ၂ စီး၊ အင်အား ၁၀၀ ခန့်ဖြင့် လေညာဘက်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဘိုးဒါး ကျေးရွာနဲ့ ဝါးချောင်း ကျေးရွာကြား၊ ကျောက်ဖြူတောင် ရေချိုချောင်း အနီးမှာ မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ အမြှောက်တပ်က တပ်ကြပ်တစ်ဦး သေဆုံးခဲ့ပြီး ဘုတ်ပြင်း (၃၅၈) တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် ၂၀ ဦးခန့် ဒဏ်ရာရခဲ့ကာ VIGO ကား တစ်စီးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၀၃) တပ်ခွဲ (၄) ၊ ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း တပ်ခွဲ (၂)၊ Flying Star Force ဘုတ်ပြင်းမြို့နယ် ပ.က.ဖ နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ပုလောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် တစ်ဦးနဲ့ ရဲတပ်သား တစ်ဦး သေဆုံး
မေလ ၉ ရက်နေ့၊
Radio NUG
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ ပုလောမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒု-ရဲအုပ် တစ်ဦးနဲ့ ရဲတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
မေလ ၉ ရက်နေ့ မနက် ၆ နာရီခွဲ ဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ဒု-ရဲအုပ်တစ်ဦးနဲ့ ရဲတပ်သား တစ်ဦးတို့ သေဆုံးခဲ့ကာ ၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် G3 ရိုင်ဖယ် တစ်လက်၊ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် ၂ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ ရာထူး တံဆိပ် တစ်စုံနဲ့ ဆားဗစ်ဘားတန်းတို့ကို သိမ်းဆည်း ရရှိခဲ့ကာ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ခလရ (၂၈၅) တပ်ရင်းကနေ စပူပြင် ကျေးရွာကို လက်နက်ကြီး ၁၅ ချက် ရမ်းသမ်း ပစ်ခတ်ခဲ့ကာ အောက်ပေါင်း ကျေးရွာမှ အရပ်သား ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မြောင်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို တိုက်ခိုက်မှု - စစ်ဗိုလ်အပါအဝင် ၄ ဦးသေဆုံး၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ
မေလ ၉ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြောင်မြို့မရဲစခန်းမှ ပြည်သူများထံမှ ဆက်ကြေးကောက်ခံကာ ငွေညှစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၄ ဦး သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သိရပါတယ်။
တိုက်ပွဲသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ကာ ကျည်ထိမှန်ခဲ့သည့် စစ်ဗိုလ် ၁ ဦးသည် စစ်စခန်းသို့ မရောက်မီ ဒဏ်ရာဖြင့် ထပ်မံသေဆုံးခဲ့ကာ ကျန်စစ်သား ၂ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရပါတယ်။
ဤစစ်ဆင်ရေးတွင် CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်း၊ MRF စားဖို (စစ်ကြောင်း)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ နယ်မြေခံ ပကဖနှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၅။ ကနီမြို့နယ်မှာ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၄ ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့
မေလ ၉ ရက်နေ့၊
Radio NUG
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို မိတ္ထီလာ ရှမ်းတဲလေတပ်တက် ဂျက်ဖိုက်တာ ၂ စီးဖြင့် (၄) ကြိမ်တိုင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေး - ကနီမြို့နယ်က ထုတ်ပြန်ထားပါတယ်။
မေလ ၉ ရက် နေ့လည် ၃ နာရီ ၄၈ မိနစ်၊ ၄၉ မိနစ်၊ ၅၈ မိနစ်၊ ၅၉ မိနစ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများကို ဦးတည်ကာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ်များ၊ ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၆။ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေ၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ၊ နေအိမ်(၁) လုံးထိခိုက်
မေလ ၉ ရက်
Radio NUG
ညောင်လေးပင်ခရိုင်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးနှင့် လေယာဉ်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင်(၂)ဦး သေဆုံးပြီး ၁၈နှစ်အောက် အမျိုးသမီး (၁)ဦးနှင့် (၃)နှစ်အရွယ် ကလေး(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် စစ်ကောင်စီမှ ဒရုန်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထု၏ နေအိမ် (၁)လုံး ထိခိုက်ပျက်စီးခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆောထိမြို့နယ်တွင် မေလ(၅)ရက်နေ့က သူရဲသမိန်ကျေးရွာတွင် အခြေချထားသော စစ်ကောင်စီတပ် ခမရ-၃၅၀မှ ကွင်းဆိပ်ကျေးရွာ သီတာရေဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ဒရုန်းဖြင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းအနီးရှိ ဦးဖိုးပျား၏ နေအိမ်ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မူးမြို့နယ်တွင် မေလ(၇)ရက်နေ့ကလည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ခေါင်းအင်း ကျေးရွာသို့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေါ်ရီမြင့်(၅၇)နှစ်၊ ဦးလှမြင့်(၆၇)နှစ် (၂)ဦး ကျည်စထိမှန် သေဆုံးခဲ့ပြီး မပိုးဒီ(၁၂)နှစ်နှင့် မောင်ငွေပေါ(၃)နှစ်အရွယ် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ကုန်းချောင်းဝမှ စစ်ကောင်စီတပ်များသည် ထွနီကုန်းကျေးရွာသို့ ဟောင်ဝစ်ဇာနှစ်ဆင့်ကွဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စောကော်လားသူး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ရခိုင်တပ်တော် (AA) နှင့်အတူ အမ်းမြို့သိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်များအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ
မေလ ၉ ရက်နေ့၊
Radio NUG
ရခိုင့်တပ်တော် (AA) နှင့်အတူ ရခိုင်ပြည်နယ်၊ နပခ စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့သိမ်း တိုက်ပွဲတွင် ပါဝင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပ.က.ဖ ရဲဘော်များကို ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အောင်ပွဲရ ရဲဘော်များကို စစ်ကိုင်းတိုင်း ပကဖ မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျဆုံးရဲဘော်များရဲ့ မိသားစုဝင်များကို ထောက်ပံ့ကြေး ပေးအပ်ကာ ရဲဘော်များက ဂုဏ်ပြုဦးညွှတ် အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။
အမ်းမြို့သိမ်း တိုက်ပွဲမှာ စစ်ကိုင်းတိုင်း ပကဖ မှ တပ်ရင်း တစ်ရင်းစာ ပါဝင်ကူညီ တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ကာ ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း တို့ကိုပါ အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment