၂၀၂၅ ဇွန်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး နိုင်ကောင်းရွက်မှ PRF ထောက်ပို့တပ်သားများထံသို့ ဂုဏ်ပြုစကား ပြောကြား
📌 ၂။ ခင်ဦးမြို့နယ် လမ်းဘေးဝဲယာရှိ အပင်များတွင် MONREC မှ ချမှတ်ထားသော မူဝါဒ၊ ဆောင်ပုဒ် ဆိုင်းဘုတ်များ တပ်ဆင်
📌 ၃။ ၂၀၂၅ခုနှစ်အတွင်း မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၆၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ဦး ပါဝင်
📌 ၄။ နွားထိုးကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲဖျက်ဆီး
📌 ၅။ ထိုင်းမှ မြန်မာသို့ ပြန်လည်ပို့ခံရတဲ့ လူငယ် ၄ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းခံရပြီးနောက် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံ ခိုလှုံ လာ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အရာတော် မြို့နယ်က တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်က ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
🚩 ၂။ မြို့သာ အထိုင်ရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
🚩 ၃။ တနင်္သာရီ မြို့နယ်မှာ စစ်ကောင်စီနဲ့ တပတ်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိ
🚩 ၄။ ကန့်ဘလူမြို့နယ် သပြေသာနှင့် ကျောင်းကုန်းရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ၂ ရက်ဆက်တိုက် မီးရှို့ပြီး ပြည်သူတစ်ဦးအား ပစ်သတ်ကာ ၅ ဦးအား ဖမ်းဆီးထား
🚩 ၅။ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး နိုင်ကောင်းရွက်မှ PRF ထောက်ပို့တပ်သားများထံသို့ ဂုဏ်ပြုစကား ပြောကြား
ဇွန်လ ၂၄ ရက်
Radio NUG
"ငုံ့မခံဘူး၊ နောက်မဆုတ်ဘူး၊ ပျက်ကွက်မှုမရှိဘူး။" ဆိုတဲ့ စိတ်ဓာတ်နဲ့ တော်လှန်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်မှ ဂုဏ်ပြုစကားပြောထားတဲ့ ရုပ်သံဖိုင်ကို PRF မှ ဖော်ပြထားပါတယ်။
" ယနေ့အချိန်ဟာ စစ်ရေးအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာတွေ ဖွင့်ပြီး အရှိန်အဟုန်မြှင့်တင်ဖို့ ဖော်ဆောင်နေကြတဲ့ အရေးကြီးတဲ့ ကာလ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အခုလို အခြေအနေအထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်မြင်လာတာ တော်လှန်ပြည်သူများရဲ့ ထောက်ခံအားပေးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တိုက်ထုတ်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ PDF ရဲဘော်များအတွက် နောက်တန်းကနေ ကျောရိုးပမာ ရပ်တည်ထောက်ပံ့ပေးနေကြတဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRFမှ ထောက်ပို့တပ်သားတွေဟာ အင်မတန်မှ အရေးပါလှတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြသူတွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးတလျှောက်မှာ ဖိနှိပ်မှုတွေရှိလည်း ငုံ့မခံခဲ့ကြ၊ စိန်ခေါ်မှုတွေရှိလည်း နောက်မဆုတ်ခဲ့ကြ၊ တော်လှန်ရေးအတွက် ထောက်ပို့တာဝန်ထမ်းဆောင်မှုကို ပျက်ကွက်မှုမရှိခဲ့ကြတဲ့ ရဲဘော် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။" လို့ ဒုဝန်ကြီးမှ ပြောကြားထားပါတယ်။
ထို့အပြင် အခုလို ပျက်ကွက်မှုမရှိတဲ့ ထောက်ပို့တပ်သားတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ပြုလုပ်တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အစီအစဉ်မှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သွားမှာ ဖြစ်ပြီး ထောက်ပို့တပ်သားများအနေနဲ့လည်း တော်လှန်ရေးအောင်ပွဲ ရောက်သည်အထိ ပျက်ကွက်မှုမရှိဘဲ ပါဝင်ပေးကြဖို့ ဒုဝန်ကြီးက တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ခင်ဦးမြို့နယ် လမ်းဘေးဝဲယာရှိ အပင်များတွင် MONREC မှ ချမှတ်ထားသော မူဝါဒ၊ ဆောင်ပုဒ် ဆိုင်းဘုတ်များ တပ်ဆင်
ဇွန်လ ၂၄ ရက်
Radio NUG
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မြို့နယ်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၊ အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ် (TAB-NR) အဖွဲ့ဝင်များနှင့် မြို့နယ်လူသားစာနာအဖွဲ့တို့မှ ခင်ဦးမြို့နယ် လမ်းဘေးဝဲယာရှိ အပင်များတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ၊ ဆောင်ပုဒ်များ ရေးသားအသိပေးထားတဲ့ ဆိုင်းဘုတ်များ တပ်ဆင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
သစ်ပင်များတွင် “သစ်ပင်များမခုတ်ရ၊ ထိရောက်စွာ အရေးယူ အပြစ်ပေးမည်။” စတဲ့ စာတန်းများ ရေးသားထားတဲ့ ဆိုင်းဘုတ်များ ကပ်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ၂၀၂၅ခုနှစ်အတွင်း မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၆၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ဦး ပါဝင်
ဇွန်လ ၂၄ရက်
Radio NUg
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များ အရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၁) ဦးနှင့် အမျိုးသား (၃၄) ဦး စုစုပေါင်း (၆၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ဦး ပါဝင်တယ်လို့ AAPPကဖော်ပြပါတယ်။
အဆိုပါ သေဆုံးသူများအနက် (၄၅) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ပါတယ်။
ဇွန်လ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ မရိုးကုန်း၊ ရွာရှည်နှင့် ကျားတိုင်းကျေးရွာများ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲချခဲ့သောကြောင့် မရိုးကုန်းကျေးရွာနေ သက်ကြီးအမျိုးသား ဦးပေါငြိမ်းနှင့် သမီးဖြစ်သူ မခင်မိုးဆွေတို့နှစ်ဦးမှာ ဗုံးစထိမှန်၍ နေရာတွင် သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ နွားထိုးကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲဖျက်ဆီး
ဇွန်လ ၂၄ရက်
Radio NUG
ဇွန် ၂၃ ရက် ည ၁၂:၁၈ နာရီအချိန်တွင် နွားထိုးကြီးမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ သမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ရှင်ပင်သာဒွန်းဦးဘုရားသည် နွားထိုးကြီးမြို့တွင် ထင်ရှားကျော်ကြားသော ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး နွားဓိုရွာမှ နွားကျောင်းသားမောင်သာဒွန်းဦး၏ နွားတစ်ကောင်က ဦးချိုသွေးရာမှ ဤစေတီပေါ်ပေါက်လာခဲ့ကာ ရသေ့ရှင်နိုင်စံ၏ ဗျာဒိတ်ဖြင့် တည်ထားကိုးကွယ်ခဲ့ရာ ရှင်ပင်သာဒွန်းဦးဟု အမည်တွင်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် ပုဂံခေတ်ဦးပိုင်းက ကွမ်းဆော်ကြောင်ဖြူမင်းလောင်းက ဤဘုရားတွင် သစ္စာကတိပြုခဲ့ဖူးပြီး၊ မင်းဖြစ်လာချိန်တွင် ဘုရားကို ပြုပြင်မွမ်းမံကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။
ဤစေတီတော်သည် ဘုံ ၇ ထပ်နှင့် သစ်သားပြာသာဒ်ဖြင့် တည်ဆောက်ထားပြီး၊ သစ်သားတိုင် ၅၉ တိုင်ဖြင့် ဆောက်လုပ်ထားပြီး ယခုတိုက်ခိုက်မှုကြောင့် ဘုရား၏ အဓိကအဆောက်အအုံများ၊ စေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပါတယ်။
========================
📌📌 ၅။ ထိုင်းမှ မြန်မာသို့ ပြန်လည်ပို့ခံရတဲ့ လူငယ် ၄ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းခံရပြီးနောက် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံ ခိုလှုံ လာ
ဇွန်လ ၂၄ရက်
Radio NUG
၂ဝ၂၅ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့တွင် ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) မှ စစ်မှုထမ်း အပတ်စဉ် (၁၁) အဖြစ် အဓမ္မစုဆောင်းခြင်းခံရသူ လူငယ် (၄) ဦးသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံသို့ ခိုလှုံလာတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
၎င်းတို့သည် ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်သဖြင့် ဖမ်းဆီးခြင်းခံခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရကာ ၎င်းတို့၏ ဆန္ဒမပါဝင်ပဲ စကစရဲ့ ပလောက်မြို့ တိုင်းဗဟို ၁၂ သို့ စစ်မှုထမ်း အပတ်စဉ် (၁၁) အဖြစ် အတင်းအဓမ္မ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိတွင် ၎င်းတို့အား ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းထားရှိပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက ဖော်ပြပါတယ်။
စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရသူများအား မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေဖြင့် အကောင်းဆုံး ကူညီ ဆောင်ရွက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိတယ်လို့ ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အရာတော် မြို့နယ်က တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်က ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
ဇွန်လ ၂၄ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော် မြို့နယ်ထဲက တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထိ ဒဏ်ရာရခဲ့တယ်လို့ Danger Force - မုံရွာခရိုင် ပ.က.ဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်း ပျူရွာမှ မီတာ ၈၀၀ ခန့် အကွာမှာ တိုက်ပွဲတစ်ကြိမ်၊ ဇွန်လ ၂၀ ရက်နေ့က ငွေတွင်းပျူရွာ အနီးရှိ ဦးကြာစိ တံတားဘေးတွင် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲများအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာ အပြင်းအထန် ရခဲ့သူ ၁၀ ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို Danger Force - မုံရွာခရိုင် ပ.က.ဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ မုံရွာခရိုင် ပကဖ၊ မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ အရာတော်မြို့နယ် ပကဖ၊ NDRF နဲ့ အမည်မဖော်လိုသူ တပ်ဖွဲ့တစ်ဖွဲ့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာပဲ မုံရွာခရိုင်၊ အရာတော် မြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင် ဆိုသူအား ပစ်ခတ် ရှင်းလင်းမှုကိုလည်း အဆိုပါ တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မြို့သာ အထိုင်ရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံး
ဇွန်လ ၂၄ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ အထိုင်ရဲစခန်းမှ ဂွေးကုန်း စစ်ကောင်စီ အထိုင်စခန်းဘက်ကို ထွက်လာတဲ့ စစ်ကောင်စီ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးနဲ့ စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီခွဲခန့်မှာ မြို့သာ စခန်းကနေ Honda Fit ကားတစ်စီးဖြင့် ထွက်လာတဲ့ ဗိုလ်တစ်ဦးနဲ့ တပ်သား ၄ ဦးကို မြို့သာနဲ့ ဂွေးကုန်းကြားမှာ ပေပါမိုင်း ၂ လုံးဖြင့် ၂ ကြိမ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ဗိုလ် အပါအဝင် ၂ ဦး သေဆုံးခဲ့ကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မှန်ကွဲစများနှင့် ကားအပိုင်း အစများ မိုင်းတွင်းထဲ ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံ တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ခရီးသွား ပြည်သူများအား ည ၉ နာရီမှ မနက် ၄ နာရီအတွင်း မောင်းနှင်ခြင်း မပြုကြဖို့နဲ့ ကားကို မှန်ချပြီး မောင်းနှင်ပေးကြဖို့ သတိပေး ထားပါတယ်။
========================
🚩🚩 ၃။ တနင်္သာရီ မြို့နယ်မှာ စစ်ကောင်စီနဲ့ တပတ်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုရှိ
ဇွန်လ ၂၄ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဇွန်လ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က ထိခိုက်မှု ရှိခဲ့တယ်လို့ ပကဖ မြိတ် က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၇ ရက် ည ၉ နာရီခန့်က ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၅၅၈ တပ်ရင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၁၈ ရက်နေ့မှာလည်း အင်းတော်ဘက်မှ ကူးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တမုတ်ချုံး ရွာထဲ ဝင်လာချိန်မှာ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ၅၀ မိနစ်မှာ မြိတ်မှ သိန်ခွန်း တိုက်ပွဲအတွက် စစ်ကောင်စီတပ်က ရိက္ခာကားနှင့် စစ်ကြောင်း တက်လာစဉ် လယ်တောင်ယာရွာနဲ့ သမုတ်ချုံးရွာကြားမှာ ၂၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာလည်း မြိတ်ဘက်မှ အင်အားအပြည့် တင်ဆောင်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းအား ရမ်းဖိုရွာ အနီးမှာ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပကဖ ဇုန် (၄)၊ မြိတ်ခရိုင် တပ်ရင်း (၁)၊ မြိတ်ခရိုင် တပ်ရင်း (၂)နဲ့ ပကဖ ဇုန် (၃)၊ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ကန့်ဘလူမြို့နယ် သပြေသာနှင့် ကျောင်းကုန်းရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ၂ ရက်ဆက်တိုက် မီးရှို့ပြီး ပြည်သူတစ်ဦးအား ပစ်သတ်ကာ ၅ ဦးအား ဖမ်းဆီးထား
ဇွန်လ၂၄ရက်
Radio NUG
ဇွန်လ ၂၃ ရက် နှင့် ၂၄ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာနှင့် ကျောင်းကုန်းရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ၂ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးအား ပစ်သတ်၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကိုဖမ်းဆီးသွားကာ ပြည်သူပိုင် အဖိုးတန်ပစ္စည်းများကိုလည်း ခိုးယူနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အတည်ပြုဆိုထားပါတယ်။
စစ်ကောင်စီတပ်နှင့် ပျူစောထီး စုပေါင်းအင်အား ၁၀၀ ကျော်ပါရှိသော ၎င်းစစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၂၁ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ မှတဆင့် ချင်မြစ်ကျင်းရွာသို့ ရောက်ရှိကာ တစ်ညအိပ်ခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင် ဝက်တိုး(တောင်) ရွာ၌ ထပ်မံတစ်ညအိပ် တပ်စွဲခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် သပြေသာနှင့် ကျောင်းကုန်းရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် Drone ဖြင့် ဗုံးသီးချတိုက်ခိုက်သောကြောင့် သပြေသာရွာမှ အသက် ၄၀ ကျော်အရွယ် ဦးမောင်ဆန်း ကျည်ထိမှန်သေဆုံးခဲ့ပြီး ၎င်းရွာမှ အပြစ်မဲ့ပြည်သူ ၃ယောက်နှင့် ဖိုလ်ကုန်းရွာမှ ပြည်သူ ၂ ယောက် (အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး) စုစုပေါင်း ၅ ဦးတို့အား ဖမ်းဆီးသွားသည့်အပြင် ပြည်သူပိုင်တန်ဖိုးကြီး ရွှေ၊ ငွေ၊ ဖုန်းနှင့် အခြားပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူနေကြောင်း သိရပါတယ်။
ထိုအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်နေ့ညနေ ၅ နာရီ ၁၀ မိနစ်တွင် သပြေသာနှင့် ကျောင်းကုန်းရွာတို့အား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ကာ ဇွန်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီခန့်နှင့် နေ့လယ် ၂ နာရီ ၂၀ မိနစ်တို့တွင်လည်း ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာအတွင်း ပိတ်မိနေသည့် ပြည်သူအချို့လည်း ဖမ်းဆီးခံရကြောင်း သိရပါတယ်။
========================
🚩🚩 ၅။ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံး
ဇွန်လ ၂၄ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၃) နဲ့ ရပ်ကွက် (၇) တို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကို ကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် အမျိုသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူလူထုပိုင် နေအိမ် ၁၀ လုံး ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နေရာများမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေက ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ကန့်ဒေါင့်ရဲစခန်းမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၄ဦးအနက် ၃ဦးမှာ ပေါ်တာဆွဲခံရသူများ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ဒဏ်ရာရနေလို့ ထားရစ်ခဲ့
ဇွန်လ ၂၄ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ဆေးမေးမြန်းမှုဆိုင်ရာ အချက်အလက်များကို PLA က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူ စုစုပေါင်း ၄ ဦးအနက် ၃ ဦးမှာ အတင်းအဓမ္မ စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသူများ ဖြစ်ပြီး ၎င်းတို့အနက် အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းမှာ ရန်ကုန်တွင် အကင်ရောင်းနေစဉ် စစ်တပ်က ဖမ်းဆီးကာ စစ်သင်တန်းသို့ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းတစ်ဦးဖြစ်သူ စိုးတာကလည်း ရန်ကုန်အဝေးပြေးကွင်းတွင် ပေါ်တာဆွဲခံရပြီး ပင်လောင်းစစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရကာ ကန်ဒေါင့်ရဲစခန်းတိုက်ပွဲသို့ ခေါ်ဆောင်ခံရကြောင်း၊ ရင်ဘတ်မှာ ဒဏ်ရာရရှိခဲ့ဝာာကြောင့် ဆုတ်ခွာစဉ် ကန်သင်းဘောင်ပေါ်မှာ အမောဖောက် ကျန်ခဲ့ချိန် PDF ရဲဘော်တွေက ဖမ်းဆီး ထိန်းသိမ်းပြီးတော့ ဆေးကုသမှု လုပ်ပေးထားတယ်လို့ ပြောကြားထားပါတယ်။
အလားတူ စစ်မှုထမ်းတပ်သားသစ် ရဲကျော်ကျော်မှာလည်း ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီး ကန်ဒေါင့်ရဲစခန်းမှ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော်ကလည်း ၁၉၉၉ ခုနှစ်ကတည်းက ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တိုက်ပွဲအတွင်း ဒဏ်ရာရရှိကာ စစ်တပ်က ချန်ထားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိထားသူများကို PLA က ဆေးကုသပေးထားပြီး စစ်သုံ့ပန်းများအား ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment