၂၀၂၅ ဇွန်လ ၂၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်မှုမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို ယန္တရားအဆင့်ဆင့်ကသေချာစွာ စောင့်ထိန်းလိုက်နာကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ စစ်အုပ်စုရဲ့ ကလေးသူငယ်များအပေါ် ကြီးလေးတဲ့ ကျူးလွန်ချိုးဖောက်မှု အရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၃။ မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်ဆေးရုံတွင် ယနေ့မနက်ကွယ်လွန်
📌 ၄။ ”ပဋိပက္ခအခြေအနေများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနေ့" စကားဝိုင်းဆွေးနွေးပွဲကျင်းပမည်
📌 ၅။ နိုင်ငံတကာစာချုပ်များအရ အကြမ်းဖက်မှုကို လုပ်ဆောင်သူများသာမက ခွင့်ပြုမိန့်ပြုသူများတွင်လည်းတာဝန်ရှိ
📌 ၆။ နွေဦးဘဏ် ကနေ Earn ထုတ်ကုန် အသစ်ကို စတင် မိတ်ဆက်
📌 ၇။ အမေရိကန်ပြည်ထောင်စု Florida မှာ ရောင်နီဖျော်ဖြေပွဲဇွန်လ၂၈ရက်ကျင်းပမည်
📌 ၈။ What happened to the Wolf? ကို လန်ဒန်မှာ ပြသမည်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကန့်ဘလူမြို့နယ်၊ဇာဒီရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အားတစ်ရာကျော် သရက်ဖောက်ရွာမှအရှေ့ဘက်ဆက်ထွက်နေပြီး ပြည်သူများသတိပြုရန်လိုအပ်
🚩 ၂။ မိုးကုတ်မြို့က ဓားပြအဖွဲ့ကို တအာင်းရဲတပ်ဖွဲ့ ဖမ်းဆီးရာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး ဓားပြ ၂ ဦး သေဆုံးကာ ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိ
🚩 ၃။ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး လူငယ် ၂ဦးဒဏ်ရာရ
🚩 ၄။ ကမ္မမြို့မှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သား ၇ ဦး သေဆုံး
🚩 ၅။ နောင်ချိုမြို့နယ်က ကျေးရွာ ၅ ရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်မှုမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို ယန္တရားအဆင့်ဆင့်ကသေချာစွာ စောင့်ထိန်းလိုက်နာကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
ဇွန် ၂၇ရက်
ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်မှုမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို ယန္တရားအဆင့်ဆင့်ကသေချာစွာ စောင့်ထိန်းလိုက်နာကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၂၂/၂၀၂၅)မှာ ဝန်ကြီးချုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုမှာ အားကောင်းတဲ့ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းဒေသဟာ သူတို့ရဲ့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ခေါ်ယူပြီး အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စစ်ကိုင်းဒေသအတွင်းမှာရှိကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အခုလို စုစုစည်းစည်းနဲ့ လုပ်ဆောင်နိုင်ကြတာဟာ တော်လှန်ရေးအတွက် များစွာ အကျိုးရှိတဲ့ ကိစ္စဖြစ်လို့ ကြိုဆိုပါကြောင်း နှင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်မှုမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများကို ယန္တရားအဆင့်ဆင့်ကသေချာစွာ စောင့်ထိန်းလိုက်နာပြီး ဆောင်ရွက်ရမယ့် တာဝန်တွေ အပေါ်မှာ ကျေပွန်စွာ လုပ်ဆောင်ဖို့လည်းလိုသလို လုပ်ငန်းဆောင်ရွက်မှုတိုင်းဟာ ပြည်သူ့အကျိုးကိုသာပဲ ရှေးရှု့ လုပ်ဆောင်ကြရမယ်ဆိုတဲ့ အသိလေးနဲ့ ဝန်ကြီးဌာနအချင်းချင်း သေချာစွာချိတ်ဆက် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း" ဝန်ကြီးချုပ်ကပြောပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်အုပ်စုရဲ့ ကလေးသူငယ်များအပေါ် ကြီးလေးတဲ့ ကျူးလွန်ချိုးဖောက်မှု အရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
ဇွန် ၂၇ရက်
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ အခုနှစ် ဇွန်လအတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်နေတဲ့ ဂိုင်ယာနာနိုင်ငံက ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခခေါင်းစဉ်နဲ့ တံခါးဖွင့် အစည်းအဝေးမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးသော ချိုးဖောက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ရာ မြန်မာကလေးငယ်တွေထိခိုက်အောင် ကျူးလွန်နေတဲ့တရားခံဟာ စစ်အုပ်စုဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ်ရာမရှိဘူးလို့ အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံက ကလေးသူငယ်တွေဟာ အခြေခံကျတဲ့ ပညာသင်ယူခွင့်နဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ ဆုံးရှုံး နေတဲ့အပြင် စစ်တပ်ကကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကိုလည်း အချိုးမညီမျှစွာနဲ့ ခါးစည်းခံနေရတာက ရှင်းလင်းမြင်သာစေတယ်လို့ ဆက်ပြီး ပြောထားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီအကြောင်းအရာကို ဦးစားပေးကိစ္စရပ်တခုအအနေနဲ့ ကိုင်တွယ်ဆောင်ရွက်နေပြီး ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှုတွေ ရပ်တန့်စေဖို့နဲ့ ကလေးသူငယ် အခွင့်အရေး မြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာ က မိတ်ဖက်အဖွဲ့အစည်းတွေကို အစဉ်တစိုက် ဖိတ်ခေါ်ခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။
ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ကလေးသူငယ်တွေ အသက်ဆုံးရှုံးနေတာ အနာဂတ်ပျောက်ဆုံးနေတာတွေက ကာကွယ်ပေးဖို့ မဆိုင်းမတွ လုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက ကလေးငယ်တွေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းအပေါ် ယုံကြည်မှုနဲ့ မျှော်လင့်ချက် ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးဖို့ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေ အထူးသ ဖြင့် မြန်မာကလေးသူငယ်တွေအပေါ် နောက်တကြိမ် မပျက်ကွက်ဖို့ အလေးထားတောင်းဆိုခဲ့ပြီး ချက်ချင်း ပြတ်သားစွာ လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၃။ မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်ဆေးရုံတွင် ယနေ့မနက်ကွယ်လွန်
ဇွန် ၂၇ရက်
မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးသည် အိုးဘိုထောင်ဆေးရုံတွင် ယနေ့မနက်မှာ ကွယ်လွန်တိမ်းပါးသွားခဲ့ကြောင်းသတင်းရရှိပါတယ်။
"မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်ဆေးရုံတွင် ယနေ့ နံနက်က ကျဆုံးသွားပါပြီ"လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခင်မင်ရင်းနှီးသူတဦးကလည်း အသိပေးဆိုထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း နိုင်ငံတော်အကြီးအကဲများကို ဖမ်းဆီးရာတွင် မန္တလေးတိုင်း လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးလည်း မတရားဖမ်းဆီးခံခဲ့ရပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံ ရသူ ၁၈,၄၃၄ ဦး ရှိနေပြီး ၎င်းတို့ထဲတွင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး နှင့် အဖွဲ့ချုပ်ပါတီဝင် ၂,၄၉၆ ဦး တို့ ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ ”ပဋိပက္ခအခြေအနေများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနေ့" စကားဝိုင်းဆွေးနွေးပွဲကျင်းပမည်
ဇွန် ၂၇ရက်
” ပဋိပက္ခအခြေအနေများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနေ့" စကားဝိုင်းဆွေးနွေးပွဲကို (ဇွန်လ ၂၈ ရက်နေ့ စနေနေ့ )မြန်မာစံတော်ချိန် ည ၆ နာရီတွင် Ministry of Women, Youth and Children Affairs page နှင့်Radio NUGအပါအဝင် သတင်းဌာနများက တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဖော်ပြကြေညာပါတယ်။
ပါဝင်ဆွေးနွေးမည့်ပုဂ္ဂိုလ်များမှာ ဒေါ်သန္တာ(ညွှန်ကြားရေးမှူး) အမျိုးသမီးနှင့် ဂျန်ဒါဌာန အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ဒေါ်မေစပယ်ဖြူ(အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ)၊မချောစုဟန်(Women Alliance Burma)၊Dr.Charlie( တွဲဖက်တာဝန်ခံ/မိခင်၊ကလေး၊ မွေးကင်းစ၊ မျိုးဆက်ပွါးနှင့် ပျိုရွယ်သူကျန်းမာရေး- ကျန်းမာရေးဝန်ကြီးဌာန)တို့ဖြစ်ကြပါတယ်။
========================
📌📌 ၅။ နိုင်ငံတကာစာချုပ်များအရ အကြမ်းဖက်မှုကို လုပ်ဆောင်သူများသာမက ခွင့်ပြုမိန့်ပြုသူများတွင်လည်းတာဝန်ရှိ
ဇွန် ၂၇ရက်
နိုင်ငံတကာစာချုပ်များအရ အကြမ်းဖက်မှုကို လုပ်ဆောင်သူများသာမက ခွင့်ပြုမိန့်ပြုသူများတွင်လည်းတာဝန်ရှိတယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူရရှိထားတဲ့ အချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုဟာ ကလေးသူငယ်များနဲ့ အမျိုးသမီးများ အပါအဝင် ပြည်သူများကို ဖမ်းဆီးစဉ် အကြမ်းဖက်ထိန်းသိမ်းကာ စုံစမ်းစစ်ဆေးစဉ်မှာလည်း အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ပေါင်း (၃၈၅) မှုရှိကြောင်း တွေ့ရှိရပါတယ်။
"နှိပ်စက်ညှင်းပန်းမှုကို ခံစားနေရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေက အခုချိန်ထိ ရှိနေဆဲပါပဲ။ အကြမ်းဖက်စစ်အုပ်စုက နေရာတိုင်းမှာ နှိပ်စက်ညှင်းပန်းမှုတွေလုပ်ဆောင်နေတယ်။ ကျူးလွန်ခံရသူတွေက ချက်ချင်းလိုအပ်တဲ့ ကူညီမှုတွေလိုအပ်သလို ၊ဒီလိုမျိုးနှိပ်စက်ညှင်းပန်းမှုရဲ့ ရလဒ်တွေက သမိုင်းတလျှောက်မှာ ထိခိုက်နိုင်တဲ့အတွက် ပြန်လည်ကုစားပေးဖို့ အရေးကြီးပါတယ်။ နှိပ်စက်ညှင်းပန်းခံရတဲ့သူတွေ ကြုံတွေ့ရတဲ့ စိတ်ပိုင်း ရုပ်ပိုင်း နာကြည်းမှုကို ကာကွယ် ကူညီစောင့်ရှောက်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု အစီစဉ်တွေ၊ကျန်းမာရေးအရ ကူညီစောင့်ရှောက်မှုတွေလိုအပ်တယ်၊ ဒါ့အပြင် နောင်ဒါမျိုးမဖြစ်ဖို့အတွက်အကြမ်းဖက်စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ဥပဒေရေးရာအရ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပြဌာန်းပေးဖို့ လိုအပ်ပါတယ်"လို့ NUGလူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်းပြောကြားထားပါတယ်။
========================
📌📌 ၆။ နွေဦးဘဏ် ကနေ Earn ထုတ်ကုန် အသစ်ကို စတင် မိတ်ဆက်
ဇွန် ၂၇ရက်
နွေဦးဘဏ် ကနေ Earn ထုတ်ကုန် အသစ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။
"၂၀၂၄ ခုနှစ်အတွင်း SDB တိုကင်ပိုင်ရှင်တို့အတွက် ၆ လ တကြိမ် ရာနှုန်းပြည့် ဘဏ်အမြတ်ဝေစု ဖြန့်ဖြူးမှုများကို ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ အမြတ်ဝေစု ခွဲဝေမှု ပုံစံကို Earn အစီအစဉ်အဖြစ် တိုကင်ပိုင်ရှင်များမှ ကိုယ်တိုင် အလွယ်တကူ စိတ်ကြိုက် စာရင်းပေးသွင်း (Subscribe) ရုံဖြင့် USD ဝင်ငွေအဖြစ် နေ့စဉ် ရယူနိုင်မှာ ဖြစ်ပါတယ်"လို့ နွေဦးဖွံဖြိုးရေးSDBဘဏ်ကအသိပေးဆိုထားပါတယ်။
အနည်းဆုံး တိုကင် ပမာဏ 400 SDB မှ စတင် Subscribe ပြုလုပ်နိုင်ပြီး Annual Percentage Yield (APY) နှုန်းထားနှင့် အခြား သတ်မှတ်ချက်များ အတိုင်း နေ့စဉ် ပျမ်းမျှ ဝင်ငွေ တိုးပွါးနေမှာဖြစ်လို့ စာရင်းပေးသွင်းကြည့်ဖို့ ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၇။ အမေရိကန်ပြည်ထောင်စု Florida မှာ ရောင်နီဖျော်ဖြေပွဲဇွန်လ၂၈ရက်ကျင်းပမည်
ဇွန် ၂၇ရက်
အမေရိကန်ပြည်ထောင်စု Florida မှာ ရောင်နီဖျော်ဖြေပွဲကို ဇွန်လ၂၈ရက်တွင် ကျင်းပမယ်လို့သိရပါတယ်။
"ဒီစနေ Florida မှာ ရောင်နီ လာပြီနော်။အဆိုတော်လင်းလင်းလည်းရောက်နေပြီ။ကျန်တဲ့ အဖွဲ့သားတွေလည်း တဖွဲဖွဲရောက်လာနေပြီ။ရောင်နီတို့ရဲ့ ထုံးစံအတိုင်း လုံးဝ အပြည့်အဝ ထောက်ပို့မှာသယ်ရင်းရော လက်မှတ်ဝယ်ပြီးပြီလား။မြို့တိုင်းမြို့တိုင်းမှာ လူတိုင်းကြိုက်ရတဲ့ ရောင်နီ show လေး Florida ရောက်တုန်း လက်လွတ်မခံပဲကြည့်ဖို့ လက်မှတ်ပြေးဝယ်လိုက်ကြပါ"လို့ဆိုထားပါတယ်။
ရောင်နီဖျော်ဖြေပွဲကို အဆိုတော်လင်းလင်း၊သရုပ်ဆောင်ချစ်သုဝေတို့က ပါဝင်ဖျော်ဖြေပြီး ရရှိလာသောငွေကြေးများကို မြန်မာပြည်၏လိုအပ်သောနေရာများသို့ တိုက်ရိုက်စီးဆင်းလျက်ရှိပါတယ်။
========================
📌📌 ၈။ What happened to the Wolf? ကို လန်ဒန်မှာ ပြသမည်
ဇွန် ၂၇ရက်
What happened to the Wolf? ကို လန်ဒန်မှာ ပြသပေးတော့မှာပဲ ဖြစ်တယ်လို့သိရပါတယ်။
ခုလာမယ့် သြဂုတ်လ 31 ရက်နေ့တွင် "Prince Charles Cinema" မှာ ပြသပေးသွားမှာဖြစ်ပြီး၊ လက်မှတ်တွေကို ကြိုတင်ဝယ်ယူနိုင်ပြီလို့ဆိုပါတယ်။
“What Happened to the Wolf?” ရုပ်ရှင်မှ Seymour Cassel Award (Internationales Filmfest Oldenburg, 2021), Best Narrative Feature Award (Dili International Film Festival, 2021) နှင့် Best Film Award (Hobnobben Film Festival, 2022) ဆုများကို ရရှိခဲ့ပါတယ်။
“What Happened to the Wolf?” ရုပ်ရှင်ကို ဒါရိုက်တာဏကြီးရိုက်ကူး၍ သရုပ်ဆောင်ပိုင်ဖြိုးသု၊အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကန့်ဘလူမြို့နယ်၊ဇာဒီရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အားတစ်ရာကျော် သရက်ဖောက်ရွာမှအရှေ့ဘက်ဆက်ထွက်နေပြီး ပြည်သူများသတိပြုရန်လိုအပ်
ဇွန် ၂၇ရက်
ကန့်ဘလူမြို့နယ်၊ဇာဒီရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အားတစ်ရာကျော် သရက်ဖောက်ရွာမှအရှေ့ဘက်ဆက်ထွက်နေပြီးပြည်သူများသတိပြုရန်လိုအပ်ကြောင်းသိရပါတယ်။
ဇွန်လ၂၇ရက်မနက်၉နာရီ၄၀အချိန်တွင် ကန့်ဘလူမြို့နယ်၊ဇာဒီရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၁၀၀ ကျော်သည် ယမန်နေ့စစ်ကောင်စီအထိုင်မှပျူအင်အား ၃၀တို့နှင့်ပေါင်းကာ စုစုပေါင်းအင်အား ၁၅၀ခန့် သရက်ဖောက်ရွာမှအရှေ့ဘက်သို့ ဆက်ထွက်နေကြောင်းသတင်းရရှိတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)က အတည်ပြုထားပါတယ်။
ဇွန်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်မှ အကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးပြီး ဆွံ့အ ပြည်သူတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦးကို ညှဥ်းပမ်းနှိပ်ဆက်၍ လည်လှီးသတ်ဖြတ်ခဲ့ပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူများမှာ သပြေသာရွာမှ ဦးလှိုင်းဇာဇာ (ဆွံ့အ ၅၀)နှစ်၊ဦးအောင်နိုင် (၄၅ ) နှစ်၊ဦးတရုတ်ကြီး (၄၅ ) နှစ်၊ကိုမျိုးထက် (၃၄ ) နှစ်၊ဖိုလ်ကုန်းရွာမှ ဦးဝင်း ( ၅၃ ) နှစ်၊ဦးချစ်ဝင်း (၆၀ )နှစ် နှင့် ကျောင်းကုန်းကျေးရွာမှ ကိုသိန်းတိုး (၃၇ )နှစ်၊ ဦးမြင့်မောင် (၄၅ )နှစ် နှင့် ဦးမျိုးဆန်း ( ၄၅ )နှစ် တို့ဖြစ်ကြပြီး အတော်များများမှာ လက်ပြန်ကြိုးတုပ်၍ ညှဥ်းပမ်းနှိပ်ဆက်သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူတစ်ဦးမှာ မီးရှို့သတ်ဖြတ် ခံခဲ့ရပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်မြို့က ဓားပြအဖွဲ့ကို တအာင်းရဲတပ်ဖွဲ့ ဖမ်းဆီးရာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး ဓားပြ ၂ ဦး သေဆုံးကာ ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိ
ဇွန် ၂၇ရက်
တအာင်းပြည် တပ်မဟာ ၄ နယ်မြေဖြစ်တဲ့ မိုးကုတ်မြို့က ဓားပြအဖွဲ့ကို တအာင်းရဲတပ်ဖွဲ့ ဖမ်းဆီးရာမှာ ပစ်ခတ်မှု တွေဖြစ်ခဲ့ပြီး ဓားပြ ၂ ဦး သေဆုံးကာ ၂ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ရေလယ်ကျွန်းအနီးမှာ ဓားပြတိုက်နေတဲ့အဖွဲ့နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA တအာင်းပြည်ရဲတပ်ဖွဲ့တို့ မနေ့ ဇွန်လ ၂၆ ရက် မနက် ၂နာရီအချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဓားပြအဖွဲ့နေထိုင်တဲ့အိမ်ကို တအာင်းပြည် ခရိုင်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့က ဝင်ရောက်ဖမ်းဆီးဖို့လုပ်နေချိန်မှာ ဓားပြ အဖွဲ့က ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်ပစ်ဗုံး ၃ လုံးနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
တအာင်းပြည်ရဲတပ်ဖွဲ့နဲ့ ဓားပြအဖွဲ့တို့ ၄ ကြိမ်တိုင်အောင် အပြန်အလှန်ပစ်ခတ်မငတွေဖြစ်ခဲ့ပြီး မင်းနိုင် (ခ) ရှိုန်းခန့်နောင်နဲ့ ဦးစံအေးဆိုသူတဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပြီး သန့်စင်ထွန်း (ခ) လျှောက်ပုနဲ့ ကျော်ဇင်သန့် (ခ) ပြူးကြီးတို့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဓားပြအဖွဲ့ထံကနေ PSLF/TNLA ဝတ်စုံတစုံ၊ ပစ္စတိုသေနတ် အစစ်တလက်နဲ့ အတု ၃ လက်၊ လေသေနတ်တလက်၊ ကျည် ၅၁ တောင့်၊ လက်ပစ်ဗုံးတလုံး၊ ငွေသား ကျပ် သိန်း ၁၄၀ ကျော်၊ ရွှေလက်စွပ် ၂ ကွင်း၊ ပတ္တမြားနားကပ်တစုံ၊ ပတ္တမြားနဲ့ နီလာအပါအဝင် ကျောက်မျိုးစုံ၊ ဖုန်း ၆ လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ဖောက်ထွင်းရေးပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အခုလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့က ရဲတပ်သားတဦး မြင့်မြတ်စွာ အသက်ပေး လှူခဲ့ရတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၃။ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး လူငယ် ၂ဦးဒဏ်ရာရ
ဇွန် ၂၇ရက်
တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်း ကနေ ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ တဦးသေဆုံးကာ လူငယ် ၂ ဦး ဒဏ်ရာရသွားတယ်လို့ TNLA က ပြောပါတယ်။
ညသန်းခေါင်အချိန်ဖြစ်တဲ့ ဒီနေ့ ဇွန်လ ၂၇ ရက် မနက်အစောပိုင်းမှာ စစ်တပ် လေယာဉ်က ကျောက်မဲမြို့ပေါ်ကို ဗုံးကြဲသွား တာလို့ ဆိုပါတယ်။
ကျောက်မဲမြို့ပေါ် ရပ်ကွက် ၇ ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးကာ အသက် ၁၉ နှစ်နဲ့ ၁၇ နှစ်အရွယ် လူငယ်အမျိုးသားတို့ ဒဏ်ရာရသွားကာ အိမ် ၂ လုံး ပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ဇွန်လ ၂၄ ရက်နေ့ ညသန်းခေါင်အချိန်ကလည်း ကျောက်မဲမြို့ပေါ်ကို ပေါင် ၅ဝဝ ဗုံး ၂ ကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား၂ ဦး အမျိုးသမီး ၂ ဦး သေဆုံးကာ အရပ်သားပြည်သူ ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်အပြီး နောက် ၃ ရက်အကြာမှာ နောက်တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နောင်ချို၊ နမ့်ခမ်း၊ မိုင်းငေါ့မြို့နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ကျောက်မဲမြို့အပြင် မိုးကုတ်နဲ့ နမ္မတူမြို့တို့ကို ဗုံးကြဲနေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ် နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသနေပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ TNLA က ထပ်မံနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ ကမ္မမြို့မှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သား ၇ ဦး သေဆုံး
ဇွန် ၂၇ရက်
မကွေးတိုင်း ပခုက္ကူမြို့နယ် ကံမ္မမြို့အတွင်းမှာတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်ခိုးနေတဲ့ စစ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦး သေဆုံးသွားတယ်လို့ Pakokku People Defense Force – PPDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကံမ္မမြို့တွင်းက ပြည်သူပိုင်နေအိမ်ကနေ ပစ္စည်းတွေကို လိုက်လံခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ကမ္မမြို့တွင်းတနေရာမှာ မနေ့ ဇွန်လ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ က ပေါက်မြို့နယ်ဘက်ကို အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ ရိက္ခာပို့စစ်ကြောင်းဟာ ဇွန်လဆန်းကတည်းက ကမ္မမြို့တွင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကမ္မမြို့က ဒေသနေပြည်သူတွေ တိမ်းရှောင်နေချိန်မှာ ပြည်သူပိုင်အိမ်တွေကို မီးရှို့တာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် လိုရာခရီးမရောက်နိုင်တော့ဘဲ ကမ္မမြို့တွင်းမှာ ပိတ်မိနေတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Pakokku People Defense Force – PPDF ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အောင်ကျော် - RG၊ မြို့နယ် ပလဖ ၊ Tiger Warrior Force - TWF) ၊ အညာမြေပြောက်ကျားတပ်ဖွဲ့ - ကိုဇော်မိုက်၊ ကိုရေခဲနဲ့ကိုဗလဦးဆောင်တဲ့ လူငယ် ပြောက်ကျားတပ်ဖွဲ့ - YGF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒီစစ်ကြောင်းဟာ ပေါက်မြို့နယ်ဘက်ကို ဦးတည်ထွက်ခွာနေတာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ အထူးဂရုစိုက်နေထိုင် ပေးကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ နောင်ချိုမြို့နယ်က ကျေးရွာ ၅ ရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေ
ဇွန် ၂၇ရက်
တအာင်းပြည် တပ်မဟာ - ၃ နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်က ကျေးရွာ ၅ ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ TNLA ဘက်က ဒီနေ့ ဇွန်လ ၂၇ မှာ ထုတ်ပြန်လာ ပါတယ်။
နောင်ချိုမြို့နယ်က နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး တိုက်ပွဲဖြစ်ချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီး အလုံး ၇၀ နဲ့ ဒရုန်းနဲ့ ဗုံး ၃၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နောင်လင်းကျေးရွာနဲ့ နောင်ဖာကျေးရွာကြား မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၃၉ လုံး၊ ဒရုန်းနဲ့ ဗုံး ၁၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင် အိမ်တလုံး ထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။
ဉာဏ်တောကျေးရွာမှာ ဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ၃၁ လုံး၊ ဒရုန်းနဲ့ ဗုံး ၁၅ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ် နိုင်ရေး တိုက်ပွဲဖြစ်နေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ တဖက်သတ်အပစ်ရပ်ကာလ တလသက်တမ်းထပ်တိုးထား တာကို စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်းနေတာပဲဖြစ်ပါတယ်။
TNLA အနေနဲ့ အခုလကုန်တဲ့အထိ တလတာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားတာဖြစ်တဲ့အတွက် လက်ရှိအချိန် ထိ ခုခံတဲ့အနေနဲ့သာ ပြန်လည်တိုက်ခိုက်တာမျိုးရှိတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လေးယွေဦး က ပြောကြားထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် စစ်ရေးသတိအမြဲရှိနေဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment