၂၀၂၅ ဇွန်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ (၆) လတာကာလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ အိုးဘိုအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသား သေဆုံးမှု အများဆုံးဖြစ်လာ
📌 ၂။ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ ၁၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး
📌 ၃။ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ၊ အင်းတော်မြို့ နန့်သဲချောင်းဘေး နေအိမ်နဲ့ ဆိုင်ခန်းများ ရေစီးနဲ့ မျောပါ
📌 ၄။ PSLF/TNLA တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ ရောင်းဝယ်သူ အမျိုးသား (၁)ဦး ဖမ်းဆီးရမိ
📌 ၅။ မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့ မီးရှို့ဖျက်ဆီး
📌 ၆။ ချန်ဂင်တို့စခန်း ဆေးရုံ ပြန်လည်ထူထောင်ရေး ကမ်ပိန်းတွင် ၁၀ ရက်အတွင်း သိန်း ၉၀၀ ကျော် ရရှိ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပျော်ဘွယ်မြို့၊ ညောင်ကုန်းရဲစခန်းအနီး ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်၊ အရာခံဗိုလ်အပါအဝင် စစ်သား ၄ဦး သေဆုံး
🚩 ၂။ ပုလော၊ ကျောက္ကာကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း၊ စစ်ကောင်စီဘက်မှ အလောင်း ၃လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၃။ ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းများနှင့် စစ်ကြောင်းများကို နေ့စဉ်မိုင်းဆွဲတိုက်ခိုက်
🚩 ၄။ ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ PNAတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး
🚩 ၅။ သရက်ချောင်း၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ မင်းဒပ်ရွာကို ထိန်းချုပ်နိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ (၆) လတာကာလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ အိုးဘိုအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသား သေဆုံးမှု အများဆုံးဖြစ်လာ
ဇွန်လ ၂၇ရက်
Radio NUG
မြန်မာ့အကျဉ်းထောင်သက်သေ (MPW)အဖွဲ့၏ ပြုစုထားသော စာရင်းအရ မန္တလေးအိုးဘို အကျဉ်းထောင်သည် ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ ဆရာဝန်များ အချိန်မှီရောက်ရှိမှုမရှိခြင်း၊ ထောင်ပြင်ပရှိ ဆေးရုံများသို့ အချိန်နှင့် တပြေးညီ ပို့ဆောင်မှုမရှိခြင်း၊ ပြင်ပမှမိသားစုဝင်များ ပေးပို့သည့် ဆေးဝါးများကို ကန့်သတ်ပိတ်ပင်ခြင်းနှင့် စီမံခန့်ခွဲမှုအားနည်းညံ့ဖျင်းခြင်းများကြောင့် ၂၀၂၅ခုနှစ် (၆)လတာ ကာလအတွင်း နိုင်ငံရေးအကျဉ်းသား (၅၆)ဦးအထိ ကျဆုံးခဲ့ရသည်ကို စီစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ပါတယ်။
အဆိုပါ (၅၆)ဦးတွင် နိုင်ငံရေးအကျဉ်းသားဦးရေ (၅၀)သည် ထောင်အာဏာပိုင်များ၏ ငလျင်ဒဏ်ဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ယူဆနိုင်သော်လည်း သေဆုံးခဲ့ရသူအများစုသည် ထောင်အာဏာပိုင်၏ စီမံမှုအမှားများကြောင့် မသေဆုံးသင့်ပဲ သေဆုံးခဲ့ရခြင်း ဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် (၆)လတာကာလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ အိုးဘိုအကျဥ်းထောင်အတွင်း အသက် (၆၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီသည် သွေးတိုး ဆီးချိုရောဂါဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်း၊ အသက်(၂၈)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းသည် အနားကြီးရောဂါဖြစ်ချိန် ပိုးဝင်၍ သေဆုံးခဲ့ရခြင်း၊ အသက် (၄၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုသီဟသည် လည်ချောင်းကင်ဆာရောဂါဖြင့် သေဆုံးခဲ့ရခြင်း၊ အသက် (၅၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးလူအောင်သည် သွေးတိုးကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ရခြင်း၊ အသက်(၅၆)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်မြင့်မြင့်သန်း နှလုံးသွေးကြောပေါက်ကာ သေဆုံးခဲ့ရခြင်းနှင့် အသက်(၆၉)နှစ်အရွယ် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ နိုင်ငံရေးအကျဉ်းသား ဦးအောင်ကျော်ဦးသည် ရုတ်တရက် နှလုံးအမောဖောက်၍ သေဆုံးခဲ့ရခြင်းများ ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်တွင်လည်း အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား(၄)ဦး သေဆုံးခဲ့ရပြီး သေဆုံးမှုတွင် လူသိများသည့် နိုင်ငံရေးသမားများဖြစ်သည့် အသက်(၇၃)နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ အသက်(၇၄)နှစ်အရွယ် လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ၊အသက်(၅၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုစိန်လင်း(ခ)အငယ်လေးတို့ သုံးဦးသည် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဆက်တိုက်သေဆုံးခဲ့ကြပါတယ်။
ထောင်အာဏာပိုင်များဖြစ်သည့် သိန်းဇော်မောင် (ထောင်ပိုင်)နှင့် စန်းလွင် (ထောင်ပိုင်လေး)တို့သည် သေဆုံးမှု ဖြစ်စဉ်တစ်ခုချင်းစီအား အဓိက တာဝန်ယူကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ ၁၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး
ဇွန်လ ၂၇ရက်
Radio NUG
မေလနှောင်းပိုင်းမှစ၍ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ ၁၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ၏ သွားလာမှုများသည် အတိအကျမရှိသဖြင့် အခြေအနေအလိုက် ပြောင်းလဲနေတယ်လို့ UN OCHA Myanmarက ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာ လူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်း ခန့်ရှိမယ်လို့ဆိုပါတယ်။
မုတ်သုံရာသီ ရေကြီး ရေလျှံခြင်းနှင့် မြေပြိုခြင်းများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေလျက်ရှိပြီး ကချင်၊ ရခိုင်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် လူဦးရေ အနည်းဆုံး ၃၅,၅၀၀ ခန့်ကို ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ၊ အင်းတော်မြို့ နန့်သဲချောင်းဘေး နေအိမ်နဲ့ ဆိုင်ခန်းများ ရေစီးနဲ့ မျောပါ
ဇွန်လ ၂၇ရက်
Radio NUG
ဇွန်လ ၂၆ ရက် ည ၁၀ နာရီခွဲခန့်ကစပြီး မိုးသည်းထန်စွာ ရွာခဲ့တာကြောင့် မိုးကုတ်မြို့ အရှေ့ပိုင်း စည်ပင်သာယာရပ်ကွက်နဲ့ မင်းတံတားရပ်ကွက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး နေအိမ်တွေထဲမှာလည်း ဝင်ရောက်လာမှုများ ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် ကမ်းပါးပြိုခြင်း၊ နေအိမ်အချို့ပျက်ဆီးခြင်းနှင့် လမ်းအက်ကွဲခြင်းများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အလားတူ ဇွန်လ ၂၇ရက်နေ့ မနက်တွင် မိုးရွာသွန်းမှုကြောင့် အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်က နန့်သဲချောင်း ရေကြီးလို့ လမ်းပိတ်နေတယ်လို့ သိရပါတယ်။
ထို့အတူ နန့်သဲချောင်းဘေးနားက နေအိမ်တွေနဲ့ အင်းတော်မြို့က စစ်ဘေးရှောင်တွေရဲ့ တဲအိမ်တွေ၊ ဆိုင်ခန်းတွေ ရေစီးနဲ့ မျောပါသွားတယ်လို့လည်း သိရပါတယ်။
========================
📌📌 ၄။ PSLF/TNLA တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်ပစ္စည်းများ ရောင်းဝယ်သူ အမျိုးသား (၁)ဦး ဖမ်းဆီးရမိ
ဇွန်လ ၂၇ရက်
Radio NUG
ဇွန်လ ၂၃ ရက်တွင် မိုင်းဝီးမြို့ ရပ်ကွက် (၂)မှာ နေထိုင်သည့် ဦးဒူနောင်သည် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိတာကြောင့် ၎င်းနေအိမ်အတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကာ မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများ၊ လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
၎င်း၏ နေအိမ်အတွင်း ကျည်ဆံမျိုးစုံ (၆၀၀)ထောင့်၊ လက်ပစ်ဗုံး (၁၀) လုံး၊ လက်ထောက်ဗုံးသီး (၁) လုံး၊ ဘိန်းမဲနှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုနောက် အသက် (၄၀) နှစ်အရွယ် ဦးဒူနောင်ကို တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့ မီးရှို့ဖျက်ဆီး
ဇွန်လ ၂၇ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅)မိုင်တွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် (၃)ဖွဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
(၁၀၂၇)စစ်ဆင်ရေးအပြီး ညီနောင်မဟာမိတ် (၃)ဖွဲ့ စတင်အုပ်ချုပ်သည့် အချိန်မှစ၍ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ဇွန်လ (၂၆)ရက်နေ့မှာ လူမြင်ကွင်းရှေ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂)ခွက်၊ အထုပ် (၂)ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃)ခု၊ Happy Water (၅၆)ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀)ပြားနှင့် ဘိန်းမည်း (၁)ထုပ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ထိုမူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ချန်ဂင်တို့စခန်း ဆေးရုံ ပြန်လည်ထူထောင်ရေး ကမ်ပိန်းတွင် ၁၀ ရက်အတွင်း သိန်း ၉၀၀ ကျော် ရရှိ
ဇွန်လ ၂၇ ရက်
Radio NUG
မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆေးရုံများနှင့် ဆေးခန်းများ ပစ်မှတ်ထားခံရမှုများ ပိုမိုများပြားလာချိန်တွင် ဆရာစိုးမင်းဦးဆောင်သော ချန်ဂင်တို့စခန်း ဆေးရုံလေးသည်လည်း ထိခိုက်ပျက်စီးခဲ့ရသော်လည်း အခက်အခဲများကြားမှ ပြန်လည်ရှင်သန်ရန် ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိပါတယ်။
ချန်ဂင်တို့ စခန်း ဆေးရုံပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများက "JANG GEUM: THE PHOENIX" ကမ်ပိန်းမှတစ်ဆင့် လုံခြုံစိတ်ချရသော SCF ပလက်ဖောင်းပေါ်တွင် ၁၀ ရက်အတွင်း ကျပ်သိန်း ၉၀၀ ကျော် ထည့်ဝင်ကူညီခဲ့ကြောင်း ဤထောက်ပံ့မှုများသည် ဆေးရုံမှ ယခင်က ကယ်တင်ခဲ့သော အသက်များနှင့် ဆက်လက်ကယ်တင်မည့် အသက်ပေါင်းများစွာအတွက် များစွာအရေးပါလှတယ်လို့ ဖော်ပြထားပါတယ်။
"ဇာမဏီငှက်တွေဟာ တကိုယ်လုံးမီးလောင်ကျွမ်းသွားရင်တောင် ပြန်လည်ရှင်သန်နိုင်စွမ်းရှိပြီး အရင်သက်တမ်းကထက် ပိုသန်မာလာတယ်တဲ့။ ဇာမဏီငှက်ဆိုတာ ယုံတမ်းပုံပြင် ဒဏ္ဍာရီလာလို့ဆိုရင်တောင် ဆရာစိုးမင်းတို့ရဲ့ ချန်ဂင်တို့စခန်းကတော့ လက်ရှိမြန်မာနိုင်ငံမှာ တကယ်ရှိနေပါတယ်။ " လို့ ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပျော်ဘွယ်မြို့၊ ညောင်ကုန်းရဲစခန်းအနီး ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်၊ အရာခံဗိုလ်အပါအဝင် စစ်သား ၄ဦး သေဆုံး
ဇွန်လ ၂၇ရက်
Radio NUG
၂၀၂၅ ဇွန်လ ၂၆ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်အတွင်းရှိ ညောင်ကုန်းရဲစခန်းအနီးမှာ ဆပ်ကြေးကောက်ခံနေသော စစ်ကောင်စီဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Aung San's Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါဂိတ်တွင် စစ်ကောင်စီစစ်သား ၄ဦး၊ ရဲ ၁ဦးနှင့် ပျူစောထီး ၁ဦး စုစုပေါင်း ၆ဦးရှိနေပြီး Aung San's Land Natmauk အောင်ဆန်းမြေတပ်ဖွဲ့မှ ခြေလျင် ဝင်ရောက်တိုက်ခိုက်ရာ အရာခံဗိုလ် ၁ဦးအပါအဝင် စစ်ကောင်စီစစ်သား ၄ဦး သေပြီး ပျူစောထီးနဲ့ ရဲမှာ လက်နက်ယူကာ ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၃မိနစ်သာ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များအားလုံး အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကာ အဆိုပါဂိတ်မှ MA -1 သေနတ် ၃လက် (၁ လက်ပျက်စီး)၊ 5.56 ကျည် ၆၄ တောင့်၊ ခရီးသွားပြည်သူများဆီမှ ဂိတ်ကြေး အဓမ္မကောက်ခံငွေ ၁သိန်း ၈သောင်း ၅ရာကျပ်နှင့် ဖုန်း ၂လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပုလော၊ ကျောက္ကာကျေးရွာ ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်း၊ စစ်ကောင်စီဘက်မှ အလောင်း ၃လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဇွန်လ ၂၇ရက်
Radio NUG
၂ဝ၂၅ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့ နံနက် (၅း၃ဝ) နာရီဝန်းကျင်တွင် ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာရှိ စစ်ကောင်စီလက်ဝေခံ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇) မဟာမိတ်တပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စီးနင်းမှုသည် (၁၅) မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျူစောထီးများ ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးအတွင်း ရန်သူ့အလောင်း (၃) လောင်း၊ M16A1 ရိုင်ဖယ် (၄) လက်၊ ၎င်းကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်၊ ၎င်း ကျည်ဘောက် (၄) ခု၊ (၅.၅၆) ကျည် (၁ဝဝဝ) တောင့်၊ (၇.၆၂) ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထိုနောက် မဟာမိတ်တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ပခုက္ကူ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းများနှင့် စစ်ကြောင်းများကို နေ့စဉ်မိုင်းဆွဲတိုက်ခိုက်
ဇွန်လ ၂၇ရက်
Radio NUG
ပခုက္ကူတပ်မ (၁၀၁) မှ မေလ ၃၁ရက်နေ့က ထွက်လာသော အကြမ်းဖက်စစ်တပ်မှ ဒုတပ်မမှူး ဦးဆောင်သော စစ်ကောင်စီယာဉ်တန်း ၁၂၀ကျော်ခန့်နှင့် အကြမ်းဖက်စစ်ကြောင်း အင်အား ၁၀၀၀ခန့်ကို တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကမ္မတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူ-ကမ္မ- ရေပြာလမ်းပိုင်းနှင့် ကမ္မဒေသတွင်း ပြောက်ကျားခြုံခို တိုက်ခိုက်ခြင်းများ ၊ ထိတွေ့တိုက်ပွဲများကို နေ့စဉ်ရက်ဆက် တားဆီးပိတ်ပင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁ဦး ၊ ဇွန်လ ၂၅ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁ဦး ဆက်သွယ် အလင်းဝင်ရောက်လာပြီး စစ်ကောင်စီတပ်များ မိုင်းရှင်းလင်းစဉ် ထိခိုက်ပျက်စီးတဲ့ မြေတူးစက်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီသည် ကြွက်မနိုင် ကျီမီးနှင့် ရှို့ ဆိုသကဲ့သို့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အိုးအိမ်များ ၊ သာသနာ့အဆာက်အဦးများ ၊ စစ်ရှောင်ပြည်သူများကို ရည်မှန်းချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ပြည်သူ ၁၅ဦး ဖမ်းစီးခံရကာ ( ၇ ) ဦး သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ PNAတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး
ဇွန်လ ၂၇ရက်
Radio NUG
ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲ ကျေးရွာသို့ ဇွန်လ၊ ၂၃ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO/PNA ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာခဲ့ပြီး ဇွန်လ၊ ၂၆ ရက်နေ့တွင် ၎င်းစစ်အုပ်စုတို့သည် ဆောင်နန်းခဲကျေးရွာအတွင်း လှုပ်ရှားမှုပြုနေစဥ် ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) ဒရုန်းတပ်ဖွဲ့ Pekhon Sky Predators Drone Force/Battalion-1006 မှ ဒရုန်းဖြင့်တိုက်ခိုက်မှုပြုခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုတိုက်ခိုက်မှုအတွင်း PNA တပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံးခဲ့ပြီး PNAတပ်သား (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNA တပ်တို့သည် ဆောင်နန်းခဲကျေးရွာအတွင်း ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ရွာအတွင်းရှိ ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အိမ်တွင်းရှိ အသုံးအဆောင်ပစ္စည်းများအား ယူဆောင်ခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်းသို့ PNO/PNA ပြည်သူ့စစ်မှ ဦးဆောင်၍ တော်လှန်ရေးတပ်ပေါင်းစုများ ထိန်းချုပ်ရာ နယ်မြေများအတွင်း စစ်ကြောင်းထိုးမှုများ အပြင်းအထန်ပြုလုပ်လျက်ရှိနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေယာဥ်ဗုံးကြဲမှု (၂)ကြိမ် ပြုလုပ်ခဲ့ပါတယ်။
========================
🚩🚩 ၅။ သရက်ချောင်း၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ မင်းဒပ်ရွာကို ထိန်းချုပ်နိုင်ခဲ့
ဇွန်လ ၂၇ ရက်
Radio NUG
၂၀၂၅ ဇွန်လ (၂၆)ရက်နေ့ နေ့လယ် ၁နာရီအချိန်တွင် မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၁၂) လက်အောက်ခံ တပ်ခွဲ(၂)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးပြီး စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ညနေ (၃)နာရီအချိန်တွင် မင်းဒပ်ရွာကို KNLA တပ်ခွဲ(၂)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းဒပ်ရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်းဝတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာခဲ့သွားတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment