၂၀၂၅ ဇွန်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ပြင်ပက ပြည်သူတွေရဲ့ အရေးတော်ပုံကြီးနဲ့ တသားတည်း ရပ်တည်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြောကြား
📌 ၂။ ဒေါ်အောင်ဆန်းစုကြည် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း Suu Foundation မှ သတင်းထုတ်ပြန်
📌 ၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် (၈၀၀) စိုက်ပျိုး
📌 ၄။ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ ကီလိုမီတာ (၈၀) ပြေး
📌 ၅။ ထောင်တွင်းနှိပ်စက်မှုများနဲ့ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင် ထောင်တွင်းတိုက်ပိတ်ခံထားရ
📌 ၆။ ထီးလင်းမြို့ မြို့မရဲစခန်းမှ နိုင်ငံရေးအကျဥ်းသား (၁၃) ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အမျိုးသမီးနိုင်ကျဉ်း (၁) ဦး မိုင်းနင်းမိ သေဆုံး
📌 ၇။ ကျောင်းသားလူငယ်များအတွက် Scholarship Discount 15% ရရှိမယ့် Study Saver Program နွေဦးတက္ကသိုလ် မိတ်ဆက်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကမ္မဒေသ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ (၂) ဦး သေဆုံးပြီး ကလေးများအပါအဝင် (၁၄) ဦး ဒဏ်ရာရ
🚩 ၂။ ကြေးနီယာဉ်တန်း လုံခြုံရေး လိုက်ပါလာတဲ့ သံပြားကာ Jummer စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်
🚩 ၃။ ကံပေါက်ဒေသ ရွှေမိုးညိုဘုရားမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်
🚩 ၄။ ခန္တီးမြို့ အခြေစိုက် ခလရ (၅၂) တပ်ရင်းမှ ပြည်သူ့စစ် (၁) ဦး အလင်းဝင်
🚩 ၅။ ၂၀၂၅ ခုနှစ်အတွင်း ဇွန်လ (၁၈) ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၁၃၃) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦး ပါဝင်
🚩 ၆။ ဒူးပလာယာ ခရိုင်မှာ အမျိုးသမီးတဦးထံမှ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ပြင်ပက ပြည်သူတွေရဲ့ အရေးတော်ပုံကြီးနဲ့ တသားတည်း ရပ်တည်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြောကြား
ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ပြင်ပက ပြည်သူတွေရဲ့ အရေးတော်ပုံကြီးနဲ့ တသားတည်း ရပ်တည်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) နှစ်ပြည့် မွေးနေ့ဆုတောင်းမှာ ထည့်သွင်းပြောကြားထားပါတယ်။
"ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် သားအဖ နှစ်ယောက်ကို ရရှိခဲ့တာက မြန်မာလူ့အဖွဲ့အစည်းအတွက် အရတော်တယ်လို့ ပြောရပါလိမ့်မယ်။ သူတို့ရဲ့ ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ သူရသတ္တိ နဲ့ စွန့်လွှတ်ပေးဆပ်မှုဟာ ကျနော်တို့အားလုံးအတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ပါတယ်။ ဒီနေ့ (၂၀၂၅) ဇွန်လ (၁၉) ရက် ဆိုရင် အမေ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) တင်းတင်း ပြည့်ပါပြီ။ သူ့ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ပွဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ အကျဉ်းစခန်းတစ်ခုထဲမှာ ဖြတ်သန်းရဖို့ ရှိနေပါတယ်။ ဒီအချိန်မှာ မြန်မာပြည်သူတွေဟာ သူတို့ချစ်တဲ့ အမေစုကို အထူးတလည် လွမ်းဆွတ်နေကြပါတယ်။ ကြီးကြီး/ငယ်ငယ် အရွယ်မရွေး မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ ခေါ်ကြပါတယ်။ အမေစုဆိုတဲ့ အခေါ်အဝေါ်မှာ သူတို့ရဲ့ ချစ်ခင်မြတ်နိုးမှု၊ မြန်မာလူ့အဖွဲ့အစည်းရဲ့ မိခင်အဖြစ် တန်ဖိုးထားမှုကို ကျနော်တို့ မြင်တွေ့ရမှာဖြစ်ပါတယ်။ မေတ္တာဆိုတာ အသွားအပြန် ရှိတယ်ဆိုတဲ့စကားလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ်ထားတဲ့ မေတ္တာကို ပြည်သူက တုန့်ပြန် ရောင်ပြန် ဟပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မနာလိုဝန်တိုစိတ် အင်မတန်ကြီးပြီး ပြည်သူကို ရန်သူလို မှတ်ယူလေ့ရှိတဲ့ စစ်အုပ်စုကတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လေ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးလေ ဖြစ်ပါတယ်။ ဘာ့ကြောင့် အခုထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးသေးတာလဲ။ သေချာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ပြင်ပက ပြည်သူတွေရဲ့ အရေးတော်ပုံကြီးနဲ့ တသားတည်း ရပ်တည်နေတဲ့အတွက်ပဲ ဖြစ်ပါတယ်" လို့ ဝန်ကြီးက ပြောပါတယ်။
ဒါ့အပြင် လူမဆန်တဲ့ စစ်အုပ်စုကို ကောင်းကောင်းသိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းဖက်စစ်ကောင်စီဆီက ဘယ်လို သနားငဲ့ညှာမှုမျိုးကိုမှ မျှော်လင့်မှာ မဟုတ်ဘဲ သူမျှော်လင့်မှာကတော့ ပြည်သူ့တော်လှန်ရေးရဲ့ အောင်ပွဲပဲဖြစ်ပြီး အောင်ပွဲရဲ့တေးသံကိုပဲ သူနားစွင့်နေမှာ ဖြစ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးက ထပ်လောင်းပြောကြားထားပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း Suu Foundation မှ သတင်းထုတ်ပြန်
၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သော အင်အား (၇.၇) အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ၎င်းအကျဉ်းချထားသည့် ထောင်အဆောက်အအုံ ပျက်စီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း Suu Foundation မှ သတင်းထုတ်ပြန်ပါတယ်။
စုဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဂျင်းတော့ (Jean Todt) နှင့် အမှုဆောင်အရာရှိချုပ် ဒေါက်တာ မိုက်ကယ် မာရက်ခရော့စဘီ (Dr Michael Marett-Crosby) တို့က “ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ကောင်းမွန်စွာရှင်သန်နေထိုင်နိုင်ရေးအတွက် ကျွန်တော်တို့ လွန်စွာမှ စိုးရိမ်ပူပန်မိပါတယ်။ ကုလသမဂ္ဂကလည်း သူမအား လွှတ်ပေးရန် တောင်းဆိုထားပါတယ်။ သူမ၏ (၈၀) နှစ်ပြည့်မွေးနေ့တွင် စုဖောင်ဒေးရှင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုပြီး ဒါဟာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ရပ်ဖြစ်တယ်” လို့ ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဖရန်ဆွာ ဇီမာရေ (François Zimeray) နှင့် ကတ်တလီနာ ဒီလာဆိုတာ (Catalina de la Sota) တို့ကလည်း “စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို (၂၀၂၁) ခုနှစ်မှစ၍ လုံးဝလျှို့ဝှက်ထားပြီး ၎င်း၏ အသက်အရွယ်နှင့် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိထားတယ်လို့ ယူဆရတဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားကာ သူမသည် ထောင်ထဲတွင် သေဆုံးသွားနိုင်တာကို ကျွန်တော်တို့ အလေးအနက် စိုးရိမ်နေရပါတယ်။ ကမ္ဘာကြီးက ဤအခြေအနေကို လျစ်လျူရှုထားသည်ဟု ခံစားရပါတယ်” လို့ ၎င်းတို့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အသက် (၈၀) အရွယ်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းတို့ နိုင်ငံတော်အာဏာကို လုယူစဥ်ကတည်းက မတရားဖမ်းဆီးအကျဥ်းချထားခဲ့ပြီး မည်သည့်နေရာတွင် ထားရှိသည်ကို ဖုံးကွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။
========================
📌📌 ၃။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် (၈၀၀) စိုက်ပျိုး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှု ဥက္ကဌ၏ စီစဥ်ဆောင်ရွက်မှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားကို စစ်ကိုင်းတိုင်းအတွင်း တစ်နေရာမှာ ကျင်းပခဲ့ရာ မြို့နယ် ပအဖ နာယက၊ မြို့နယ် ပအဖ ဒု-တာဝန်ခံ၊ ရွှေဘိုခရိုင်တပ်ရင်း (၃) မှ တပ်ရင်းမှူး၊ မြို့နယ် ပကဖ ဒု-တာဝန်ခံ၊ လူသား/စာနာ တာဝန်ခံ၊ ပြည်သူ့ရင်ခွင် တာဝန်ခံ၊ သယံဇာတ ဥက္ကဌ၊ တရားရေး ဥက္ကဌနှင့် အဖွဲ့ဝင် (၂) ဦး စတဲ့တာဝန်ရှိသူများက တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့နောက် "အမေစုနှင့်အတူ မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ" စသည့် ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပြီး လူထုခေါင်းဆောင် အမေစု၏ အသက် (၈၀) နှစ်ပြည့် မွေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကျွန်းပင် အပင် (၈၀၀) စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ ကီလိုမီတာ (၈၀) ပြေး
ဇွန်လ (၁၉) ရက်တွင် ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ကီလိုမီတာ (၈၀) ပြေးခဲ့တယ်လို့ သိရပါတယ်။
"အသက် (၈၀) ပြည့် မွေးနေ့ကာလကို အကျဉ်းထောင်ထဲမှာ ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်ကို ဂုဏ်ပြုတဲ့ ဒီကန်ပိန်းမှာ ကျနော်ပါဝင်ခဲ့ပါတယ်" လို့ မန်းဂျော်နီက ဆိုထားပါတယ်။
========================
📌📌 ၅။ ထောင်တွင်းနှိပ်စက်မှုများနဲ့ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင် ထောင်တွင်းတိုက်ပိတ်ခံထားရ
ထောင်တွင်းနှိပ်စက်မှုများနဲ့ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်သမားအရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်ကို ထောင်တွင်း တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံစက်မှု၊ လက်မှု နှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ဆိုပါတယ်။
(၂၀၂၁) ခုနှစ်၊ ဇွန်လ (၁၄၊ ၁၅) ရက်များတွင် MICS-TUsF အဖွဲ့ချုပ်ရုံးများအား စစ်တပ်မှ ဝင်ရောက်စီးနင်းရှာဖွေမှုတွေ ပြုလုပ်ခံခဲ့ရပြီးနောက် အထွေထွေအတွင်းရေးမှုးချုပ်ဖြစ်သူ ဦးသက်နှင်းအောင်ကို ဇွန်လ (၁၈) ရက်တွင် ဖမ်းဆီးထိန်းသိမ်းသွားခဲ့တာ ဖြစ်ပါတယ်။
ကိုသက်နှင်းအောင်ကို မိသားစု ၊ ရှေ့နေတို့ နဲ့ တွေ့ဆုံခွင့် ပိတ်ပင်ခံထားရပြီး အဆက်သွယ်ပြတ်တောက်နေကာ ထောင်အတွင်း နှိပ်စက်မှုများနဲ့ အဆိုးရွားဆုံးပုံစံဖြင့် တိုက်ပိတ်ခံထားရတဲ့အတွက် စိုးရိမ်ပူပန်မိတယ်လို့ MICS-TUsF က ဖော်ပြပါတယ်။
========================
📌📌 ၆။ ထီးလင်းမြို့ မြို့မရဲစခန်းမှ နိုင်ငံရေးအကျဥ်းသား (၁၃) ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အမျိုးသမီးနိုင်ကျဉ်း (၁) ဦး မိုင်းနင်းမိ သေဆုံး
ထီးလင်းမြို့ မြို့မရဲစခန်းတွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား (၁၃) ဦးသည် ဇွန်လ (၁၇) ရက် ညဦးပိုင်းတွင် အချုပ်ခန်းမှ ထွက်ပြေးလာခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများမှ အသိပေးထုတ်ပြန်ထားပါတယ်။
ထွက်ပြေးနေစဥ် လမ်းပိုင်းတစ်နေရာတွင် မိုင်းနင်းမိသဖြင့် အသက် (၅၇) နှစ်အရွယ် နိုင်ကျဥ်းအမျိုးသမီးမှာ အသက်ဆုံးရှုံးခဲ့ရပြီး ကျန် (၁၂) ဦးလွတ်မြောက်လာသဖြင့် ကောင်းမွန်စွာ ကြိုဆိုစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ကျောင်းသားလူငယ်များအတွက် Scholarship Discount 15% ရရှိမယ့် Study Saver Program နွေဦးတက္ကသိုလ် မိတ်ဆက်
ပညာရပ်ပေါင်းစုံကို နွေဦးတက္ကသိုလ်နဲ့အတူ လေ့လာသင်ကြားနေသော ကျောင်းသားလူငယ်၊ မိဘပြည်သူများအတွက် Spring University Myanmar နှင့် Spring Development Bank မှ ပြုလုပ်တဲ့ Scholarship Discount 15% ရရှိမယ့် Study Saver Program ကို နွေဦးတက္ကသိုလ်က မိတ်ဆက်ခဲ့ပါတယ်။
နွေဦးတက္ကသိုလ်ရဲ့ June Intake တွင် ဖွင့်လှစ်တော့မယ့် Short course များကို ပထမဆုံးလာရောက်အပ်နှံသူ အယောက် (၂၀၀) အတွက် Spring Development Bank နှင့် ပေးချေပါက scholarship discount 15% ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
Study Saver Program သည် နွေဦးတက္ကသိုလ်တွင် လေ့လာသင်ကြားနေသော ကျောင်းသားလူငယ်တွေ အနည်းနှင့် အများ ပိုမိုအဆင်ပြေသော ပညာရေးရပ်ဝန်းတစ်ခုဖြစ်စေရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကမ္မဒေသ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပြည်သူ (၂) ဦး သေဆုံးပြီး ကလေးများအပါအဝင် (၁၄) ဦး ဒဏ်ရာရ
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မဒေသမှာ ဇွန်လ (၆) ရက်မှ (၁၈) ရက်နေ့အတွင်း စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ (၂) ဦး သေဆုံးပြီး ကလေးငယ်များ အပါအဝင် ပြည်သူ (၁၄) ဦး ဒဏ်ရာရခဲ့တယ်လို့ ကမ္မတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ကမ္မဒေသက ကျေးရွာများ၊ စစ်ရှောင်ပြည်သူများကို ပစ်မှတ်ထားပြီး (၁၂) ရက်တာကာလအတွင်း Y-12 ဖြင့် အကြိမ် (၈၀)၊ (၁၂၀) မမ ဗုံးသီး (၁၇၈) လုံး၊ ပါရာမော်တာဖြင့် (၅) ကြိမ် (၁၂၀) မမ ဗုံးသီး (၇) လုံး၊ ဒရုန်းဖြင့် (၁၆) ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ (၁၄) ရက် နေ့လည်မှာ စစ်ကောင်စီက ကမ္မဒေသ ကျေးရွာများကို ဂျက်ဖိုက်တာ (၄) စီးဖြင့် Cluster ဗုံးသီး (၃) လုံး၊ Rocket (၁၀) လုံး တပြိုင်နက် တိုက်ခိုက်ခဲ့သလို ဇွန်လ (၁၆) ရက်နေ့ ညပိုင်းမှာလည်း ကမ္မ စစ်ရှောင်များ တိမ်းရှောင်နေတဲ့ ဘုန်းကြီးကျောင်းကို ပေါင် (၅၀၀) ဗုံး (၂) လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ (၂) ဦး သေဆုံးခဲ့ပြီး ကလေးသူငယ်များ အပါအဝင် ပြည်သူ (၁၄) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ ကျောင်းကန် ဘုရားများ၊ နေအိမ် အဆောက်အအုံများ၊ ဆိတ်၊ နွားများ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် ကမ္မမြို့ပေါ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြည်သူ (၁၅) ဦးကျော်ကို ဖမ်းဆီးထားပြီး ရွှေလုံရွာ၊ ရိုးဇရပ်ရွာနှင့် ကမ္မချောင်း တို့မှာ ဖမ်းဆီးခံ ပြည်သူ (၃) ဦးကို သတ်ဖြတ်ထားခဲ့တယ်လို့ ကနဦး သိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ကြေးနီယာဉ်တန်း လုံခြုံရေး လိုက်ပါလာတဲ့ သံပြားကာ Jummer စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်
ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာတဲ့ ကြေးနီသယ်ကားများအတွက် လုံခြုံရေးလိုက်လာတဲ့ မုံရွာမြို့ နမခမှ သံပြားကာ Jummer ကားတန်းကို မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area-71 LPDF Monywa က ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၁၈) ရက်နေ့ မနက် (၇း၀၀) နာရီခန့်မှာ သံပြားကာ Jummer ကားများဖြင့် လုံခြုံရေးယူပြီး ထွက်လာတဲ့ ကြေနီသယ်ယာဉ်တန်းကို ခင်မွန်ရွာ ဘက်စုံ စစ်ကောင်စီစခန်းအနီးမှာ (၇း၃၀) နာရီခန့်က ပဒေသာမိုင်းပွိုင့် (၄) လုံး တပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းနဲ့ ကင်းပုန်း အထပ်ထပ်ကြားက၊ ခရီးသည်တင်ကားများနဲ့ ခရီးသွား ဆိုင်ကယ်များကို အထိခိုက်မရှိအောင် ရှောင်တိမ်းကာ ခက်ခဲစွာဖြင့် ကားတန်းရဲ့ (၄) စီးမြောက် ကားကို ထိထိမိမိတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားများက လက်နက်ငယ်များစွာဖြင့် ပစ်ခတ်ခဲ့ပြီး လမ်းပိုင်းကင်းပုန်းများကလည်း (၄၀) မမ များဖြင့် ပစ်ခတ်နေတဲ့ကြားက အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး မိုင်းအဖွဲ့နဲ့ Area-71 LPDF Monywa အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကံပေါက်ဒေသ ရွှေမိုးညိုဘုရားမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာရှိ ရွှေမိုးညိုဘုရားမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၁၅) ရက်နေ့မှာ အဆိုပါ စစ်ကောင်စီ ယာယီစခန်းကို ရေဖြူမြို့နယ် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ (၃) ဦး ထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရခဲ့သူ အများအပြားရှိတယ်လို့ သိရပါတယ်။
အုန်းပင်ကွင်းရွာရှိ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဖြူ ပကဖ)၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း T-1၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) သာဂရ စစ်ကြောင်း၊ ဒေါနတပ်ရင်း၊ တပ်ခွဲ - ၆ ဝေဟင်၊ တပ်ခွဲ - ၇ LPF၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေဘီလုံးတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ခန္တီးမြို့ အခြေစိုက် ခလရ (၅၂) တပ်ရင်းမှ ပြည်သူ့စစ် (၁) ဦး အလင်းဝင်
ခန္တီးမြို့ အခြေစိုက် ခလရ (၅၂) တပ်ရင်းမှ ပြည်သူ့စစ် (၁) ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကို လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြပါတယ်။
ပကဖ အဖွဲ့တွေဟာ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးကာ ရန်သူ့တပ်ဖွဲ့ဝင်တွေ ဆက်တိုက် အလင်းဝင်၊ လက်နက်ချလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ၂၀၂၅ ခုနှစ်အတွင်း ဇွန်လ (၁၈) ရက်အထိ မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၁၃၃) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦး ပါဝင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ မကွေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၄၃) ဦးနှင့် အမျိုးသား (၉၀) ဦး စုစုပေါင်း (၁၃၃) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၂) ဦး ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ သေဆုံးသူများအနက် (၆၉) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ ၁၆ ရက်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အိုရင်းကျေးရွာအုပ်စု၊ ဇီးတောကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပခုက္ကူမြို့နယ်၊ ကမ္မကျေးရွာအုပ်စု၊ ထနောင်းကျေးရွာမှ စစ်ဘေးလာရှောင်သည့် မဌေးကြည်မှာ သေဆုံးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
========================
🚩🚩 ၆။ ဒူးပလာယာ ခရိုင်မှာ အမျိုးသမီးတဦးထံမှ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ
ကရင့်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ ဖလူးကြီး ကျေးရွာ၊ ရပ်ကွက် (၄) မှာ အမျိုးသမီး တဦးကို စိတ်ကြွမူးယစ်ဆေးပြား (၂၄,၉၂၀) ပြားနဲ့ ကွတ်ကင်း ပါကင် (၂) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၁၄) ရက်နေ့မှာ ဒူးပလာယာခရိုင် ရဲတပ်ဖွဲ့နဲ့ မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ မွန်းလွဲ (၂း၂၀) နာရီမှာ ဖလူးကြီး၊ ရပ်ကွက် (၄) ရှိ နော်မုကားရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
၎င်းရဲ့ နေအိမ်မှ စိတ်ကြွမူးယစ်ဆေးပြား (၂၄,၉၂၀) ပြား၊ ကွတ်ကင်း ပါကင် (၂) ပြား၊ ဖုန်း တစ်လုံး၊ ပါဝါဘန့် တစ်လုံး၊ ရွှေလက်စွပ် တစ်ကွင်းနဲ့ ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်ဆီးရမိခဲ့တဲ့ ပြစ်မှုကျူးလွန်သူ နော်မုကားကို ကရင်အမျိုးသား ရဲတပ်ဖွဲ့နဲ့ ကော်သူးလေ တရားစီရင်ရေးမှ လုပ်ထုံးလုပ်နည်းအတိုင်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment