၂၀၂၅ ဇွန်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်အုပ်စုက အစစ်အမှန်ရက်စက်မှုများနှင့် အတုအယောင်ငြိမ်းချမ်းရေး ပြုလုပ်ခဲ့
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ ၂၂.၅ ကီလိုမီတာအကွာရှိ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာ လျို့ဝှက်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများနှင့် အဓိကတာဝန်ယူကြရမည့် အမည်စာရင်းများ MPW ဖော်ထုတ်
📌 ၃။ လက်နက် စီးဆင်းမှုတွေကို နိုင်ငံတကာ၏ ပူးပေါင်းမှုနဲ့ ကန့်သတ်နိုင်ခဲ့တယ်လို့ ကုလ အထူးကိုယ်စားလှယ် ပြောကြား
📌 ၄။ မြန်မာ စစ်တပ်အတွက် သီးသန့်ဒီဇိုင်းဆွဲထားတဲ့ လေကြောင်းရန်ကာကွယ်ရေး အမိန့်ပေးစနစ်တစ်ခု ဘယ်လာရုစ် အစိုးရက ရောင်းချပေးထား
📌 ၅။ စစ်မှုထမ်းတိမ်းရှောင်ရန် သင်္ဘောသားအလုပ်လုပ်ကိုင်သူများ ပြည်ပထွက်ခွာမှု များပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက် သင်္ဘောသားလုပ်ခွင့် ပိတ်ပင်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာရှိ စစ်တပ်ကာကင်းစခန်း ၃ ခု ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်
🚩 ၂။ ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘောအုပ်စု မုံရွာကို ရောက်ရှိ
🚩 ၃။ မိုးဗြဲနဲ့ ဖားဆောင်း တိုက်ပွဲတွေမှာ (၁၁၀၆) တပ်ရင်းနဲ့ KPLA- B 626 မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့
🚩 ၄။ ကျိုက်ထိုမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့
🚩 ၅။ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
🚩 ၆။ ဗမာ့တပ်တော် (BA) နှင့် တောင်သာ ပကဖ တို့က အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ အသီးသီးပြုလုပ်
🚩 ၇။ နွားထိုးကြီးမြို့နယ်တွင် အသက်မပြည့်သေးသူ လူငယ် ၄ ဦးကို PDF က မိဘများထံ ပြန်လည်အပ်နှံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုက အစစ်အမှန်ရက်စက်မှုများနှင့် အတုအယောင်ငြိမ်းချမ်းရေး ပြုလုပ်ခဲ့
ဇွန်လ ၂၈ရက်
Radio NUG
Peace Forum 2025 ခေါင်းစဉ်နဲ့ နေပြည်တော်မှာ အကြမ်းဖက် စစ်အုပ်စုက ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး အဲဒီ့ပွဲမှာ အကြမ်းဖက်စစ်အုပ်စုနဲ့အတူ ပြည်သူလူထုကို စာနာထောက်ထားမှု၊ ငဲ့ညှာမှု လုံးဝမရှိကြတဲ့၊ ပြည်သူထောက်ခံမှု မရှိတဲ့ အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီအချို့နဲ့ လူပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့ကြကာ အတုအယောင် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောင်းအရာ မျိုးစုံ ဆွေးနွေးခဲ့ကြရုံသာမက ပြည်သူလူထု မလိုလားတဲ့၊ ပြည်သူလူထုထောက်ခံခြင်းမရှိတဲ့၊ တရားမျှတမှု ဘယ်လိုမှ မရှိနိုင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူ့အာဏာကို မတရားလုယူဖို့ စတင်ကြိုးစားခဲ့တဲ့အချိန်ကစလို့ အခုလက်ရှိအချိန်အထိ ပြည်သူလူထု ထောင်ချီ၊ သောင်းချီကို မတရား သတ်ဖြတ်ခဲ့သလို ဆက်လက် သတ်ဖြတ်နေတုန်းလည်းဖြစ်သလို မြို့အစုံ ဒေသအစုံမှာ အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေအပါအဝင် ပြည်သူပေါင်းများစွာကိုလည်း ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်တာ စတဲ့ လုပ်ရပ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ပြုလုပ်လျှက်ရှိပါတယ်။
ဒါ့အပြင် မတရားစစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ် လူရွယ်ပေါင်းများစွာကိုလည်း ၎င်းတို့ အာဏာ တည်မြဲရေးအတွက် ရှေ့တန်းစစ်မျက်နာပြင်ကို ပို့လွှတ်ကာ အသေခံခိုင်းလျက် ရှိနေပါတယ်။
စစ်လေယာဉ်တွေနဲ့ အများပြည်သူ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ လူစည်ကားရာနေရာတွေ အပါအဝင် နေရာအစုံကို ဗုံးကြဲ သတ်ဖြတ်ခြင်းလည်း မပြတ် လုပ်ဆောင်နေပါတယ်။
ကလေးသူငယ်ပေါင်းများစွာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်မှာ စာသင်ခွင့်သာမက အသက်ရှင်ခွင့်ပါ မရကြတဲ့ အခြေအနေကို ရင်ဆိုင်နေကြရပါတယ်။ ပြည်သူလူထုဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ဒဏ်ကို နေ့စဉ်နဲ့အမျှ ခံစားနေကြရပါတယ်။
၎င်းတို့ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်ဆိုပေမယ့် ၎င်းတို့ ကျူးလွန်းနေတဲ့ ရက်စက်မှုတွေကတော့ အစစ်အမှန်ဖြစ်ပါတယ်။
ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ ပင်မတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာ ငြိမ်းချမ်းရေးအစစ်အမှန်ဖြစ်ပါတယ်။
ပြည်သူလူထုတရပ်လုံးရော နိုင်ငံတကာအဖွဲ့အစည်းတွေကိုရော အကြမ်းဖက် စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအပါအဝင် အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဒီလုပ်ငန်းစဉ်တွေမှာ ပါဝင်ကြသူတွေ အားလုံးကို တော်လှန်ဆန့်ကျင်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ ၂၂.၅ ကီလိုမီတာအကွာရှိ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာ လျို့ဝှက်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများနှင့် အဓိကတာဝန်ယူကြရမည့် အမည်စာရင်းများ MPW ဖော်ထုတ်
ဇွန်လ ၂၈ ရက်
Radio NUG
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်မှ ၂၂.၅ ကီလိုမီတာအကွာရှိ စစ်ဆင်ရေးအထူးအဖွဲ့ရုံးစိုက်ရာ လျှို့ဝှက်နေရာတွင် လုံခြုံရေးတင်းကြပ်စွာဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ (MPW) မှ သတင်းဖော်ထုတ် ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလတွင် နွေရာသီအပူချိန်ကြောင့်ဟု အကြောင်းပြ၍ နေပြည်တော်အချုပ်ထောင်မှ တိတ်တဆိတ်လွှဲပြောင်းခံရပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုံးထိုင်ရာနေရာနှင့် မလှမ်းမကမ်းရှိ ကစထ (၆) တွင် ဆက်လက်ချုပ်နှောင်ထားကာ လက်ရှိတွင် ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူတစ်ဦးက ထိုနေရာအား တာဝန်ယူဦးစီးနေသည်ဟု MPW ကဆိုထားပါတယ်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သွားနှင့်ပတ်သက်သည့်ရောဂါ၊ နှလုံးရောဂါနှင့် သက်ကြီးပိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည့် ကျန်းမာရေးပြဿနာများကို ခံစားနေရသော်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိဘဲ စစ်ကောင်စီခွင့်ပြုထားသည့် ဆရာဝန်နှင့် ဆေးမှူးများမှတဆင့်သာ အကန့်အသတ်ဖြင့် ကုသခွင့်ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင်၊ အကျဉ်းသားတစ်ဦး၏ အခြေခံအခွင့်အရေးဖြစ်သည့် မိသားစုနှင့် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို လုံးဝပိတ်ပင်ထားပြီး၊ ယင်းသည် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်သည်ဟု MPW က ပြောဆိုထားပါတယ်။
အကျဉ်းထောင်ဥပဒေအရ ထောင်ဝင်စာဧည့်တွေ့ခွင့်သည် အကျဉ်းသားတိုင်း၏ အခွင့်အရေးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ဤအခွင့်အရေးကို တစ်ဦးတည်းချိုးဖောက်ခံနေရသူဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားစွပ်စွဲချက်များဖြင့် ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ခဲ့ပြီး ထိုစွပ်စွဲချက်များတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆက်သွယ်ရေးဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းချိုးဖောက်မှုများ ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီက အချို့အမှုများအတွက် လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကာ ထိုအမှုများကို စစ်ကောင်စီ၏ အလိုကျဆောင်ရွက်သည့် တရားသူကြီးများဖြစ်သည့် ဦးမောင်မောင်လွင်၊ ဦးရဲလွင်၊ ဦးမြင့်ဆန်းနှင့် ဒေါ်ခင်သင်းဝေတို့က စီရင်ခဲ့သည်ဟု MPW က ဆိုထားပါတယ်။
MPW အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများအတွက် တာဝန်ရှိသူများအဖြစ်
-ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဟောင်း ရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်၊ ကစထ (၆) မှူးများဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်၊ သန်းထွန်းဦး၊ တေဇာကျော်၊ ဖုန်းမြတ်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဇော်ဝင်းနှင့် လက်ရှိ မျိုးဆွေ၊ နေပြည်တော်အချုပ်ထောင်မှ ထောင်ပိုင် ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင် - ဦးကျော်သူရ၊ ဦးစီးအရာရှိ - ဦးအောင်သန်းမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး - ကျော်မင်းထိုက်၊ ဦးစီးအရာရှိ - သိင်္ဂီမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး - မေသူအောင် တို့နှင့် စစ်ခေါင်းဆောင်အလိုကျ ဆောင်ရွက်သူများလည်း များစွာရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာခေါင်းဆောင်များကို
၁။ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းပြန်လွှတ်ရေး နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးရန်။
၂။ မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်အပေါ် သံတမန်ရေးဖိအားပေးခြင်းအပြင် စစ်ခေါင်းဆောင်များ နိုင်ငံပြင်ပ သွားလာမှုများကို ကန့်သတ်ခြင်းပြုရန်။
၃။ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်သောလူ့အခွင့်အရေးအဖွဲ့များနှင့် ICRC မှ ချက်ချင်းသွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်။
၄။ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းချိုးဖောက်ခံထားရသည့် မိသားစုဝင်(သို့)သက်ဆိုင်သူများနှင့် ထောင်ဝင်စာဧည့်တွေ့ခွင့်ကို အကျဉ်းသားအခွင့်အရေးအရ အပြည့်အဝပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင်များအား ဖိအားပေးဝောာင်းဆိုပေးရန်အတွက် မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့အစည်းအနေဖြင့် လေးလေးနက်နက်တောင်းဆိုထားပါတယ်။
========================
📌📌 ၃။ လက်နက် စီးဆင်းမှုတွေကို နိုင်ငံတကာ၏ ပူးပေါင်းမှုနဲ့ ကန့်သတ်နိုင်ခဲ့တယ်လို့ ကုလ အထူးကိုယ်စားလှယ် ပြောကြား
ဇွန်လ၂၈ရက်
Radio NUG
မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၂၁ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးစ်က ပြောပါတယ်။
“မြန်မာနိုင်ငံက ဒုက္ခသည် ၁.၅ သန်းနီးပါးဟာ တခြားနိုင်ငံတွေမှာ နေထိုင်နေပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရပြီး လူပေါင်း ၂၁ ဒသမ ၉ သန်းဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်။”လို့ မစ္စတာတွမ်အင်ဒရူးစ်ကပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၆၈၀၀ကျော် သေဆုံးခဲ့ကြောင်း ၄င်းကပြောပါတယ်။
ဒါ့အပြင်ထိုင်းနိုင်ငံရဲ့ ဘန်ကောက်ဘဏ်ကလည်း စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ငွေကြေးဆိုင်ရာချိတ်ဆက် ဆောင်ရွက်တာတွေကို ရပ်နားခဲ့တာကြောင့် လက်နက်စီးဆင်းမှု လျော့ချနိုင်ခဲ့ကာ စစ်ကောင်စီထံ စီးဆင်းမယ့် လက်နက် ၃ ပုံ ၁ ပုံစာကို နိုင်ငံတကာ ငွေကြေးလမ်းကြောင်းတွေကနေတဆင့် ဖြတ်တောက်ထားနိုင်ပြီလို့ ပြောထားပါတယ်။
အဆိုပါ မြန်မာစစ်တပ်ထံ လက်နက်စီးဆင်းမှုဖြတ်တောက်ရေးရဲ့ ၉၀ ရာခိုင်နှုန်းကို စင်္ကာပူ တစ်နိုင်ငံတည်းကနေ ဆောင်ရွက်ပေးခဲ့တာလို့ ၄င်းကထပ်လောင်းပြောပါတယ်။
ကုလသမဂ္ဂရုံးစိုက်ရာ ဂျီနီဗာမြို့မှာ ဇွန် ၂၅ ရက်က ပြုလုပ်တဲ့ ၅၉ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီအစည်းအဝေးမှာ မစ္စတာ တွမ်အင်ဒရူးစ်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့မှုတွေ မြှင့်တင်ဖို့ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ လူ့အခွင့်အရေး မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က အကြံပြုတင်ပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ ပြည်သူတွေကို လျစ်လျူမရှုလိုက်ဘဲ နိုင်ငံတကာ အသိုက်အဝန်းက ဝိုင်းဝန်း အကူအညီ ပေးကြဖို့ကိုလည်း မဟာမင်းကြီးကပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်အနေနဲ့လည်းအကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေပေးမှုတွေကို ခွင့်ပြုဖို့မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၄။ မြန်မာ စစ်တပ်အတွက် သီးသန့်ဒီဇိုင်းဆွဲထားတဲ့ လေကြောင်းရန်ကာကွယ်ရေး အမိန့်ပေးစနစ်တစ်ခု ဘယ်လာရုစ် အစိုးရက ရောင်းချပေးထား
ဇွန်လ ၂၈ ရက်၊
Radio NUG
ဘယ်လာရုစ် အစိုးရက မြန်မာ စစ်ကောင်စီအတွက် သီးသန့် ဒီဇိုင်းရေးဆွဲထားတဲ့ လေကြောင်းရန် ကာကွယ်ရေး အမိန့်ပေး စနစ်တစ်ရပ်ကို ရောင်းချပေးထားပြီး စစ်ဘက် ဝန်ထမ်းများကိုလည်း ဘယ်လာရုစ် တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးနေကြောင်း Justice for Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။
လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ဘယ်လာရုစ် နိုင်ငံပိုင် Belspet svnesh-technika (BSVT) ကုမ္ပဏီကတဆင့် ရောင်းချပေးခဲ့တာဖြစ်ပြီး တော်လှန်ရေး အင်အားစုများရဲ့ ဒရုန်းများ အပါအဝင် ဝေဟင်ရှိ အရာဝတ္ထုများကို ရှာဖွေနိုင်ပြီး ပစ်မှတ်အား အလိုအလျောက် ခြေရာခံနိုင်ဖို့ ဒီဇိုင်းဆွဲထားတဲ့ “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်နဲ့ Vostok (သုံးဘက်မြင် ရေဒါနည်းပညာ) တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ပေါက်ကြားလာတဲ့ မြန်မာ့လေကြောင်းကာကွယ်ရေး ကွပ်ကဲမှုဌာနချုပ်နှင့် ဘယ်လာရုစ် အာဏာပိုင်များအကြား ပေးစာတွင် မြန်မာ့လေကြောင်း ကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC) ၊ သုံးဖက်မြင်ရေဒါ နည်းပညာနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာများကို လွှဲပြောင်း ရောင်းချမှုများကို အတည်ပြုနိုင်ခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ စစ်လက်နက် ထုတ်လုပ်ရေး ဝန်ထမ်းများကိုလည်း Belarusian State University of Informatics and Radioelectronics (BSUIR) တွင် တက်ရောက်စေပြီး လေကြောင်း ကာကွယ်ရေး စနစ်များအတွက် ရေဒီယိုအီလက်ထရောနစ် အင်ဂျင်နီယာ ပညာရပ်များတွင် သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်ထားပါတယ်။
“ဘယ်လာရုစ် နိုင်ငံက မြန်မာနိုင်ငံကို စစ်လက်နက်စီးဆင်းမှု ကာကွယ်တားဆီးရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ တောင်းဆိုခဲ့တဲ့ ၂၀၂၁ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒမဲ ပေးခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံပဲဖြစ်ပြီး၊ ရာဇဝတ်ကောင်တွေထဲမှာ အဲ့လိုကူညီပံ့ပိုးခဲ့တဲ့ အချိန်ကစပြီး ပိုပို နက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်။” လို့ JFM ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ မြန်မာ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများအား ကူညီပေးနေတဲ့ ဘယ်လာရုစ် တက္ကသိုလ်များ အပါအဝင် ဘယ်လာရုစ် အစိုးရကို ဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေ ချမှတ်ဖို့ကို JFM က တောင်းဆိုထားပါတယ်။
ထို့အပြင် ဘယ်လာရုစ် မှတဆင့် မြန်မာနိုင်ငံကို ကုန်ပစ္စည်း တင်ပို့မှုမှန်သမျှ တားဆီး ဟန့်တားနိုင်ရေး ကြိုးပမ်း အားထုတ်ရန်နှင့် Dynasty Group အပါအဝင် စစ်လက်နက်ပွဲ စားများ၊ နှစ်နိုင်ငံ နိုင်ငံအကြား မသမာ စီးပွားရေး လုပ်ငန်းများနှင့် ပံ့ပိုးကူညီ နေသူများကိုလည်း အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ဖို့ကိုလည်း တိုက်တွန်း ထားပါတယ်။
========================
📌📌 ၅။ စစ်မှုထမ်းတိမ်းရှောင်ရန် သင်္ဘောသားအလုပ်လုပ်ကိုင်သူများ ပြည်ပထွက်ခွာမှု များပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက် သင်္ဘောသားလုပ်ခွင့် ပိတ်ပင်
ဇွန်လ ၂၈ရက်
Radio NUG
မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် သင်္ဘောသားအလုပ်အကိုင်ဖြင့် ပြည်ပသို့ ထွက်ခွာသူများ များပြားလာသဖြင့် စစ်ကောင်စီက အသက် ၂၅ နှစ်အထက်ရှိသူများအား သင်္ဘောသားအလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီရဲ့ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA) က လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အသက် ၂၅ နှစ်အထက်ရှိသူများအား သင်္ဘောသားအလုပ်အကိုင်လုပ်ကိုင်ခွင့် လုံးဝပိတ်ပင်မှာ ဖြစ်သည့်အပြင် သင်္ဘောသားလုပ်ကိုင်လိုသူများသည် အသက် ၂၅ နှစ်အောက်ဖြစ်ရမှာဖြစ်ပြီး အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ နားလည်မှု (IELTS Four Skills) တွင် အနည်းဆုံး အမှတ် ၅ ရရှိရမည်ဟု စည်းမျဉ်းသစ်ထုတ်ပြန်ထားလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီ၏ ပိတ်ပင်မှုသည် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် သင်္ဘောသားအလုပ်အကိုင်ကို အသုံးပြုပြီး ပြည်ပသို့ ထွက်ခွာသူများ များပြားလာခြင်းကြောင့်ဖြစ်သည်ဟု သိရပြီး အထူးသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များသည် သင်္ဘောသားအလုပ်အကိုင်ကို အခွင့်ကောင်းယူကာ ပြည်ပသို့ထွက်ခွာကာ ဥရောပနှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများသို့ ရောက်ရှိချိန်တွင် သင်္ဘောမှ ခုန်ချထွက်ပြေးကြသည့်ဖြစ်ရပ်များ များပြားလာတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံတွင် သင်္ဘောသားအရေအတွက်မှာ ၈၆,၂၁၉ ဦးရှိပြီး၊ ၎င်းတို့အနက် ၆၉,၁၀၀ ဦးသည် သင်္ဘောပေါ်တွင် လက်ရှိလုပ်ကိုင်နေကြကာ သင်္ဘောသားအလုပ်အကိုင်အတွက် မှတ်ပုံတင်ရန် စောင့်ဆိုင်းနေသူ ၁၇,၁၁၉ ဦးရှိသလို လူသစ်မှတ်ပုံတင်ရန် လျှောက်ထားသူများမှာ တစ်နေ့တစ်ခြား သိန်းချီ တိုးပွားလာနေတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာရှိ စစ်တပ်ကာကင်းစခန်း ၃ ခု ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်
ဇွန်လ ၂၈ရက်
Radio NUG
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရပါတယ်။
ထိုတိုက်ခိုက်မှုကို ဇွန်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့တွင် စခန်းသုံးခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲအတွင်း စစ်သားအချို့ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ကင်းစခန်းတွေကို ချင်းတပ်မတော်က ဦးဆောင်ပြီး PDF Zoland နဲ့ CNDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးသလို တိုက်ပွဲအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
တစ်ဖက်တွင်လည်း ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် CDF CDM Siyin ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၂၆ ရက်မှ ၂၇ ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဤတိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကာ ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
လက်ရှိတွင် မွှာလ်ပီးရွာအနီးတဝိုက်တွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ ကျော် ရှိလာတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘောအုပ်စု မုံရွာကို ရောက်ရှိ
ဇွန်လ ၂၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရှင်ဖြူရှင် တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောအုပ်စု မုံရွာကို ရောက်ရှိပြီလို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက အသိပေးထားပါတယ်။
ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ကုန်တင်သင်္ဘော တစ်စီးနဲ့ စစ်သင်္ဘော ၃ စီး ပါဝင်တဲ့ အဆိုပါ သင်္ဘောအုပ်စုဟာ မုံရွာမြို့ကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
၎င်းသင်္ဘောများဟာ ဆန်တက်လာရာ လမ်းတလျောက်က မြစ်ကမ်းဘေး ဝဲယာရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို မုံရွာ နမခမှလည်း ပါရာမော်တာ ၂ စီးဖြင့် ဗုံးသီးများ ကြဲချခဲ့ပါတယ်။
အဆိုပါ ပါရာမော်တာဖြင့် ဗုံးသီးချတိုက်ခိုက်မှုအတွင်း ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသား ၄ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မိုးဗြဲနဲ့ ဖားဆောင်း တိုက်ပွဲတွေမှာ (၁၁၀၆) တပ်ရင်းနဲ့ KPLA- B 626 မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့
ဇွန်လ ၂၈ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ တိုက်ပွဲနဲ့ ကရင်နီပြည် ဖားဆောင်းမြို့ တိုက်ပွဲတို့မှာ DMO (၁၁၀၆) တပ်ရင်းနဲ့ Karenni People's Liberation Army - B 626 တို့မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၇ ရက်နေ့က မိုးဗြဲတိုက်ပွဲမှာ NUG ကာကွယ်ရေး ဝန်ကြီးဌာန၊ ရှမ်းတောင် ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၆) တပ်ရင်းက ဒုတပ်စိတ်မှူး ရဲဘော် ဂျွန်နယူးမင်းနဲနယ် (ခ) ဖားတီ ဆိုသူ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အလားတူ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ဦး၊ တပ်ရင်းအမှတ် (၆၂၆) တပ်ခွဲ (၃) က ဒုတပ်ခွဲမှူး ရဲဘော်ရိုဘဲတို ဟာလည်း ဇွန်လ ၂၇ ရက်နေ့က ဖားဆောင်း တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး နှင့် ပြည်သူ့အတွက် မြင့်မြတ်စွာ အသက် ပေးလှူခဲ့ရတဲ့ ရဲဘော် ၂ ဦးအား အလေးနီ ပြုထားပြီး အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ကျိုက်ထိုမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့
ဇွန်လ ၂၈ ရက်၊
Radio NUG
ကရင့်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုး ကုန်ကာ ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၅ ရက်နေ့ မနက် ၉ နာရီ ၄၉ မိနစ်ခန့်က ပိန္နဲကုန်းကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီ အမြောက်တပ် အမတ - ၃၁၀ က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နေ့လည် ၁၂ နာရီ ခန့်မှာလည်း ၎င်း အမတ ၃၁၀ တပ်က ဇီးပြောင်းကျေးရွာကို ၁၂၀ မမ လက်နက်ကြီး တစ်လုံး ထပ်မံပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဇွန်လ ၂၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်မှာလည်း ခမရ - ၅၉၈ တပ်ရင်း အခြေစိုက်ရာ ဇလုတ်ကြီးမှ ဝင်းကံ ကျေးရွာကို ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ် တစ်လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
ဇွန်လ ၂၈ရက်
Radio NUG
ဇွန် ၂၇ ရက်တွင် တော်လှန်ရေးအဖွဲ့များက မင်းကွန်းရွာအတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့များအား ပျောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက အိမ်ခြေ ၆၀၀ကျော်ရှိတဲ့အနက် အိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဇွန်လ ၅ ရက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၃၀၀ ခန့်ဖြင့် မင်းကွန်းတိုက်နယ်တစ်ခုလုံးသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကင်းရွာနှင့် ချောင်းမကြီးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျောင်းထိုင်ဆရာတော် တစ်ပါးအပါအဝင် ဒေသခံပြည်သူ ၄ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး ချောင်းမကြီးနှင့် အုန်းသဇင်ရွာများတွင် အထိုင်ချထားခဲ့ပါတယ်။
မင်းကွန်းရွာသည် မြသိန်းတန်ဘုရားကဲ့သို့သော သမိုင်းဝင်ဘုရားများရှိရာ ဒေသတစ်ခုဖြစ်ပြီး၊ ယခုမီးရှို့ဖျက်ဆီးမှုကြောင့် ဘုရားအနီးဝန်းကျင်ရှိ နေအိမ်များနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး မင်းကွန်းဆရာတော်ဘုရားကြီး၏ ကျောင်းအခြေအနေနှင့် ပတ်သက်ပြီး အတိအကျအချက်အလက်များ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောကြားထားပါတယ်။
ထို့ပြင် ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၄ မိနစ်အချိန် စစ်ကိုင်းမြို့နယ်အရှေ့ခြမ်းသို့လည်း Mi 35 ရဟတ်ယာဉ် တစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ဗမာ့တပ်တော် (BA) နှင့် တောင်သာ ပကဖ တို့က အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ အသီးသီးပြုလုပ်
ဇွန်လ ၂၈ ရက်၊
Radio NUG
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံ ခရိုင်၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်း ဆင်းပွဲကို ကျင်းပပြုလုပ် ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇွန်လ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဗမာတပ်မတော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသကလည်း အခြေခံစစ်ပညာသင်တန်း (၃/၂၀၂၅) ကျမ်းသစ္စာကျိန်းဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းဓါတ်ပုံ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ နွားထိုးကြီးမြို့နယ်တွင် အသက်မပြည့်သေးသူ လူငယ် ၄ ဦးကို PDF က မိဘများထံ ပြန်လည်အပ်နှံ
ဇွန်လ ၂၈ရက်
Radio NUG
နွားထိုးကြီးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွင် ပါဝင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သေးသည့် လူငယ် ၄ ဦးကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း ပကဖ မြင်းခြံခရိုင် NUG မှ သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်မှ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ် ၄ ဦးသည် အွန်လိုင်းမှတဆင့် ဆက်သွယ်ကာ တော်လှန်ရေးအဖွဲ့တစ်ခုထံ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း အသက် ၁၅ နှစ် နှစ်ဦးနဲ့ ၁၇ နှစ် နှစ်ဦးပေါင်း ယောက်ျားလေး ၄ဦးသည် အသက်မပြည့်သေးသူများဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီးနောက် ယင်းအဖွဲ့က မြင်းခြံခရိုင် ပကဖ ထံ ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ဇွန်လ ၂၆ ရက်တွင် ပကဖက အဆိုပါလူငယ်များကို လက်ခံရယူပြီး ဇွန်လ ၂၇ ရက်တွင် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင်ပကဖသည် ပြည်သူများနှင့်အတူ တစ်သားတည်းရှိပြီး ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားကာ ဤလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အပြင် ဂျနီဗာကွန်ဗန်းရှင်း၏ စည်းမျဉ်းများနှင့်အညီ အသက်မပြည့်သေးသူများကို လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ခွင့်မပြုရန်လိုက်နာဆောင်ရွက်နေကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment