၂၀၂၅ ဇူလိုင်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ UN OHCHR နှင့် Mr. Andrews ၏ ကြိုးပမ်းဆောင်ရွက်မှုကို ထပ်လောင်း ကျေးဇူးတင်ရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်
📌 ၂။ ဖရူဆိုမြို့နယ်အနောက်ခြမ်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
📌 ၃။ ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ LGBT+ အခွင့်အရေးတွေကို မြှင့်တင်ပေးပြီး အကာအကွယ်ပေးဖို့အတွက် သံန္နိဌာန်ချမှတ်ထား
📌 ၄။ PSLF/TNLA က အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံ ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့ အပ်နှင်းပွဲ ကျင်းပ
📌 ၅။ ကော့သောင်းအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦး ကျဆုံး
📌 ၆။ ဒီခရီးကြမ်းလား ရုပ်ရှင်ပြပွဲကို စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာ သြဂုတ်လ ၃ ရက်တွင် ပြသသွားမည်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဧရာဝတီတိုင်းမှ စစ်စခန်း တချို့ကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိမှန်ပျက်စီး
🚩 ၃။ ကန့်ဘလူမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၄) ဦး သေဆုံး
🚩 ၄။ စလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် ဟန့်တားနိုင်ခဲ့
🚩 ၅။ ABSDF အမှတ် - ၂ စစ်ကြောင်း အပတ်စဉ် (၉) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
🚩 ၆။ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားကို ဖမ်းဆီးရမိ
🚩 ၇။ အကြမ်းဖက်စစ်အုပ်စုက နေပြည်တော်၌ အမည်ခံငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပနေစဥ် မြေပြင်မှာအရပ်သားများကို စကစတပ်များက သတ်ဖြတ်၊ မီးရှို့နေဆဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ UN OHCHR နှင့် Mr. Andrews ၏ ကြိုးပမ်းဆောင်ရွက်မှုကို ထပ်လောင်း ကျေးဇူးတင်ရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေများ နှင့် စပ်လျဉ်း၍ နှုတ်ဖြင့် တင်ပြချက်များကို ကြိုဆိုအပ်တယ်လို့ ဇွန်လ (၃၀) ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ပါတယ်။
ထို့အပြင် အဆိုပါ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် အရပ်ဖက် လူထုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအားလည်း ကျေးဇူးတင်ရှိပြီး လူ့အခွင့်အရေးမဟာမင်းကြီး၏ မြန်မာနိုင်ငံအပေါ် နောက်ဆုံးအစီရင်ခံစာသည် အလွန်အရေးကြီးသော တင်ပြမှုတစ်ခု ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရှိ လူမျိုးစုအမျိုးမျိုး၊ အသက်အရွယ်အမျိုးမျိုးနှင့် လူထု လူတန်းစား အလွှာအသီးအသီးနှင့် ဆွေးနွေးမှုများအပေါ် အခြေခံထားသည့် ထိုအစီရင်ခံစာသည် အားလုံး လွှမ်းခြုံ ပါဝင်တောင်းဆိုနေကြသော သတင်းစကားကို ထပ်ဆင့်အတည်ပြုပေးသည်မှာ "စစ်တပ်သည် နိုင်ငံရေးတွင် မပါဝင်သင့်ဘဲ ပြည်သူများသည် တာဝန်ခံမှုနှင့် လူ့အခွင့်အရေးများအပေါ် အခြေခံသော ငြိမ်းချမ်းပြီး အားလုံးပါဝင်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို လိုလားကြသည်" ဟူသည့်အချက် ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံသည် ထိုအလားအလာများကို ရရှိရေးအတွက် မဟာမင်းကြီး အဆိုပြုသောလမ်းကြောင်း လေးခုကို ထောက်ခံပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးနှင့် Mr. Andrews ၏ ကြိုးပမ်းဆောင်ရွက်မှုကို ထပ်လောင်း ကျေးဇူးတင်ရှိတယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၂။ ဖရူဆိုမြို့နယ်အနောက်ခြမ်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေ
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဖွံဘော်ခွတ်မြို့နယ်၊ ဒေလကြိုကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ အရေအတွက် မြင့်တက်လျက်ရှိပြီး ဆေးဝါးနှင့် ဆေးကုသမှု အရေးပေါ်လိုအပ်နေကြောင်း သိရပါတယ်။
ဇွန်လ (၂၁) ရက်နေ့တွင် ဒေလကြိုကျေးရွာအတွင်းရှိ ဘော်ဒါဆောင်တစ်ခုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တစ်ရက်လျှင် လူသုံးဦးနှုန်းထိ ရောဂါဖြစ်ပွားမှု တိုးလာနေသည်ဟု ဖွံဘော်ခွတ်မြို့နယ် ကျန်းမာရေးအရာရှိ ဆရာမဂျူးလစ်က KPV သတင်းဌာနသို့ ပြောကြားထားပါတယ်။
လက်ရှိအချိန်ထိ ဖရူဆိုမြို့နယ် အနောက်ခြမ်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ (၆၀) ဦးခန့်ရှိပြီး လူနာများတွင် ဝမ်းသွားခြင်း၊ အဖျားကြီးခြင်း၊ ဝမ်းသွားနှင့်သွေးပါခြင်း၊ သွေးအန်ခြင်း၊ ဗိုက်နာခြင်းနှင့် ခေါင်းကိုက်ခြင်းစသည့် လက္ခဏာများ တွေ့ရှိရကြောင်း သိရပါတယ်။
ဒေသခံကျန်းမာရေးအဖွဲ့များသည် နွေဦးကျန်းမာရေးဆရာဝန်များနှင့် ပူးပေါင်းကာ ရောဂါစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဓာတ်ဆားနှင့် အခြားဆေးဝါးများ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။
ဒေလကြိုကျေးရွာတွင် ဒေသခံလူဦးရေ (၂၀၅) ဦးနှင့် အခြားဒေသများမှ စစ်ဘေးရှောင်လာသူ (၄၃၄) ဦးနှင့် ဘော်ဒါဆောင်နေထိုင်သူ (၁၅၂) ဦးရှိတယ်လို့ သိရပါတယ်။
ဆေးဝါးနှင့် ကျန်းမာရေးအကူအညီများ အရေးပေါ်လိုအပ်နေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အကူအညီပေးလိုသူများအနေဖြင့် ဖွံဘော်ခွတ်မြို့နယ် ကျန်းမာရေးဌာနသို့ ဆက်သွယ်အကူအညီပေးနိုင်ရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ LGBT+ အခွင့်အရေးတွေကို မြှင့်တင်ပေးပြီး အကာအကွယ်ပေးဖို့အတွက် သံန္နိဌာန်ချမှတ်ထား
ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ LGBT+ အခွင့်အရေးတွေကို မြှင့်တင်ပေးပြီး အကာအကွယ်ပေးဖို့အတွက် သံန္နိဌာန်ချမှတ်ထားတယ်လို့ ဇွန်လ (၃၀) ရက်နေ့မှာ ယူကေသံရုံး-မြန်မာက ထုတ်ပြန်ပါတယ်။
"မည်သူမဆို မိမိရဲ့ဖြစ်တည်မှုအတိုင်း ကြောက်ရွံ့ခြင်းမရှိပဲ ရှင်သန်ခွင့်ရှိသင့်ပါတယ်။ ဗြိတိသျှသံရုံး-ရန်ကုန်အနေနဲ့ မတူညီကွဲပြားမှု အသီးအသီးစုစည်းနေတဲ့ မိမိတို့ရဲ့လုပ်ငန်းခွင်အတွက် ဂုဏ်ယူပါတယ်။ လုပ်ဖော်ကိုင်ဖက်များအားလုံး ဂုဏ်သိက္ခာရှိရှိ လေးစားမှုတွေနဲ့ ရှင်သန်နိုင်ရန် တစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ဆက်လက်ရပ်တည်ဖို့ ကတိကဝတ်ပြုထားပါတယ်" လို့ ဖော်ပြပါတယ်။
========================
📌📌 ၄။ PSLF/TNLA က အပတ်စဉ် (၁) နိုင်ငံရေးသိပ္ပံ ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့ အပ်နှင်းပွဲ ကျင်းပ
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေး သိပ္ပံကျောင်း အပတ်စဉ် (၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့ အပ်နှင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၂၅) ရက်နေ့က တအောင်းပြည် တနေရာမှာ ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားကို PSLF/TNLA ဒု-ဥက္ကဋ္ဌ (၁) ဒု-ဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒု-ဥက္ကဋ္ဌ (၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း နဲ့ ဗိုလ်မှူးကြီး တားပန်လ၊ စစ်ဦးစီးချုပ်ရုံးမှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ နိုင်ငံရေးသိပ္ပံကျောင်းမှ ဆရာ/များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ PSLF/TNLA ဌာနဆိုင်ရာ အရာရှိများနှင့် ကျောင်းသား/သူများရဲ့ မိသားစုဝင်များ စုစုပေါင်း (၆၀၀) ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက “တအာင်း/ပလောင် လူမျိုးများ အနေဖြင့် ယခင်က နိုင်ငံရေးအသိ အားနည်းမှုကြောင့် အရာရာ ဆုံးရှုံးခဲ့ရပြီး၊ ယခုအချိန်တွင် နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်သည်။ ဤကျောင်းဆင်းလူငယ်များအား ရနံ့မွှေးသောပန်းများနှင့် မျှစ်တိုင်းဝါးဖြစ်စေလိုကြောင်း” ကျောင်းဆင်းမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း “တအာင်းပြည်သာမက မြန်မာပြည်တစ်ခုလုံး ပါဝင်တဲ့ တော်လှန်ရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင် လုပ်ဆောင်ရန်၊ လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကာ တော်လှန်ရေးပန်းတိုင် သို့ အမြန်ဆုံးရောက်ရှိရန် စွမ်းဆောင်ရမယ်” လို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ထို့နောက် အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ကျောင်းသူ/သား များအား ဒီပလိုမာဘွဲများ အပ်နှင်းခဲ့ကြပြီး ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်ကြားပေးခဲ့ကြတဲ့ ဆရာ/မ များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့် ခဲ့ကြတယ်လို့ သိရပါတယ်။
ယခုကျောင်းကို (၂၀၂၂) ခုနှစ် ဩဂုတ်လမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး (၃) နှစ်တာ ကာလအတွင်း ကျောင်းသား/သူ (၃၅) ဦး တက်ရောက်သင်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၅။ ကော့သောင်းအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦး ကျဆုံး
(၂၀၂၅) ခုနှစ် ဇွန်လ (၂၆) ရက်နေ့ ည (၇း၀၀) အချိန်တွင် ကော့သောင်းအကျဥ်းထောင်တွင်း နိုင်ငံရေးပုဒ်မဖြင့် အကျဥ်းချခံထားရသော အသက် (၅၄) နှစ်အရွယ် ဦးအေးလွင်သည် နာမကျန်းဖြစ်နေသည့်အချိန်တွင် ထောင်တွင်းမှ နှစ်မိုင်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လုံလောက်သော ဆေးဝါးကုသမှုကို အချိန်နှင့်တပြေးညီ မရရှိခဲ့ဘဲ နှစ်မိုင်ဆေးရုံတွင် အရေးပေါ် ကျဆုံးခဲ့ကြောင်း PPNM မှ ထုတ်ပြန်ထားပါတယ်။
ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် သေဆုံးခဲ့ရသူများမှာ (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ ဇွန်လ (၃၀)ရက်နေ့ အထိ (၁၃) ဦးအထိ ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ဒီခရီးကြမ်းလား ရုပ်ရှင်ပြပွဲကို စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာ သြဂုတ်လ ၃ ရက်တွင် ပြသသွားမည်
ဒီခရီးကြမ်းလား ရုပ်ရှင်ပြပွဲကို စင်္ကာပူနိုင်ငံ Carnival ရုပ်ရှင်ရုံမှာ သြဂုတ်လ ၃ ရက် (တနင်္ဂနွေနေ့) တွင် 12:00 PM နှင့် 2:00PM ပွဲချိန်၂ချိန် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်မှတ်များကို Carnival website တွင် အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
ဒီခရီးကြမ်းလား ရုပ်ရှင်ပြပွဲနှင့်အတူ ဆက်လျှောက် - Keep Moving On မှ ပူးပေါင်းပါဝင်သွားမှာ ဖြစ်ပြီး ရောင်းချရသည့် လက်မှတ်အရေအတွက်အတိုင်း ဆက်လျှောက် ခြေအိတ်များကို မြေပြင်ရှိ ရဲဘော်များထံ ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဧရာဝတီတိုင်းမှ စစ်စခန်း တချို့ကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်
ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်မှ စစ်ကောင်စီ တပ်စွဲထားတဲ့ ကျေးရွာတချို့ကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်နှင့် ဆက်စပ် ကျေးရွာများမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇွန်လ (၂၉) ရက်နေ့ ညနေပိုင်းမှာ စခန်း (၃) ခုထက်မနည်း သိမ်းယူနိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
နေ့ရော ညပါ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် AA နဲ့ ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့တဲ့ နေရာတွေဟာ ဟင်္သာတခရိုင်၊ ကွင်းကောက်မြို့ရှိ စစ်ကောင်စီ တန်းမြင့် လေ့ကျင့်ရေးကျောင်း တတက - ၅ နဲ့ မိုင်အနည်းငယ် ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ရွှေသောင်ယံမြို့ နဲ့ သာပေါင်းမြို့တို့မှ စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း AA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
လက်ရှိမှာ ဧရာဝတီတိုင်းအတွင်းက ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန် နေပြီး ဧရာဝတီတိုင်း မှ ရန်ကုန်တိုင်း ဘက် အဝင်အထွက်လမ်းတွေကို စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေ တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၄) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိမှန်ပျက်စီး
ဇွန်လ (၂၉) ရက်နေ့ ည (၈း၃၈) အချိန်တွင် တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် (၇)၊ မြောက်ကုန်းနှင့် (၅၀၂) တပ်စခန်းဟောင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၆) လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း PSLF/ TNLA မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ် (၄)လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇွန်လ (၂၉) ရက်နေ့ ည (၁၀း၀၀) အချိန်တွင် စဉ့်ကူးမြို့ပေါ်ရှိ ကြံ့ခိုင်ရေးပါတီရုံးအား အကြမ်းဖက်စစ်တပ်မှ တံတားဦးတက် MIG - 29 ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ မှ သတင်းထုတ်ပြန်ပါတယ်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကြံ့ခိုင်ရေးပါတီရုံးအဆောက်အဦးတစ်ခု ထိမှန်ပျက်စီးပြီး ပြည်သူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၃။ ကန့်ဘလူမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၄) ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နီးကုန်းမြို့ မူးဆုံ စစ်ဆေးရေးဂိတ်စခန်းမှ မြို့ထဲကို ကင်းလှည့်ရန် ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၄) ဦး သေဆုံးခဲ့တယ်လို့ ညောင်ပေါင်ရင်း ကျေးရွာ ပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၃၀) ရက်နေ့ မနက် (၆း၁၅) မိနစ်မှာ ကင်းလှည့်ဖို့ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး အင်အား (၆) ဦးပါ ဆိုင်ကယ် (၃) စီးကို မဟာမိတ် ပူးပေါင်းအဖွဲ့က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ ပျူ (၄) ဦး ပွဲချင်းပြီး သေဆုံးကာ (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး မူးဆုံ စခန်းနဲ့ ဇီးကုန်း ရဲစခန်းတို့က စစ်ကူနဲ့ လက်နက်ကြီး ပစ်ကူပေးခဲ့တာကြောင့် အထိခိုက်မရှိ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ယခု စစ်ဆင်ရေးကို Kantbalu Counter Revolution Army (KBU-CRA) အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် Kantbalu Htaw Gyi ပကဖ၊ Kantbalu လျှပ်ပြေး ပကဖ နဲ့ Kantbalu တောသား ပကဖ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၄။ စလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် ဟန့်တားနိုင်ခဲ့
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား (၆၀) မမ၊ (၈၀) မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ Chauk PDF သခင်ဖိုးလှကြီးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၂၆) ရက်နေ့မှာ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ လက်နက်ထုတ်လုပ်ရေး စက်ရုံ - ကပစ (၂၁) ကို လျပ်စစ်ဓါတ်အားပေးနေတဲ့ မီးလိုင်းကို ပြန်ပြင်နိုင်ဖို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကောင်စီ စစ်ကြောင်းကို (၆၀) မမ၊ (၈၁) မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိပါတယ်။
ယခုတိုက်ခိုက်မှုကို Chauk PDF သခင်ဖိုးလှကြီးတပ်ခွဲ၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ စလင်းမြို့နယ် ပကဖ ဇုန် (၃) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ABSDF အမှတ် - ၂ စစ်ကြောင်း အပတ်စဉ် (၉) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြန်မာပြည်မြောက်ပိုင်း) ကျောင်းသား တပ်မတော်ရဲ့ အမှတ် (၂) စစ်ကြောင်းက အပတ်စဉ် (၉) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွန်လ (၂၅) ရက်နေ့ မနက်ပိုင်းက အမှတ် (၂) စစ်ကြောင်း၊ အခြေခံ စစ်ပညာသင်တန်းဌာနမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းဆင်းပွဲကို ABSDF မှ ဒု-ဥက္ကဋ္ဌ၊ မဟာမိတ်အဖွဲ့အစည်းများ ဖြစ်ကြတဲ့ အာရက္ခတပ်တော် (ULA/AA) မှ တပ်မှူးများ၊ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA) မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ အရာရှိများ၊ ကျောက်ဆည်ခရိုင် အမှတ် (၃) တပ်ရင်းမှ တပ်မှူးများ၊ ABSDF အမှတ် (၂) စစ်ကြောင်းမှ အပတ်စဉ် (၂) ဆေးသင်တန်းသားများ၊ အပတ်စဉ် (၁၀) အခြေခံစစ်ပညာ သင်တန်းသားများ၊ မိဘ ပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲမှာ မဟာမိတ် အဖွဲ့အစည်းများမှ ခေါင်းဆောင်များက အားပေးစကား ပြောကြားခဲ့ပြီး ထူးချွန်ဆု ရရှိတဲ့ သင်တန်းသူ/သားများကို ဆုချီးမြှင့်ခဲ့ကာ မကဒတ အလံတော်အား အလေးပြုခြင်း၊ အရေးကြီးပြီး သီချင်းကို သံပြိုင် သီဆိုခြင်းတို့ဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားကို ဖမ်းဆီးရမိ
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် တာဝါတိုင်စခန်းကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားကို မင်းဘူးမြို့နယ် တစ်နေရာတွင် ဇွန် (၂၇) ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားဟာ တိုက်ပွဲတစ်နေရာမှာ လက်နက်ချထွက်ပြေးပြီးနောက် ဇွန်လ (၂၇) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တွေ့ရှိတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားကို ရာဇဝတ်မှု ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးနေပြီး ကျူးလွန်ထားခြင်း မရှိလျှင် သွားချင်တဲ့နေရာကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ အကြမ်းဖက်စစ်အုပ်စုက နေပြည်တော်၌ အမည်ခံငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပနေစဥ် မြေပြင်မှာအရပ်သားများကို စကစတပ်များက သတ်ဖြတ်၊ မီးရှို့နေဆဲ
အကြမ်းဖက်စစ်အုပ်စုက နေပြည်တော်၌ အမည်ခံငြိမ်းချမ်းရေးဖိုရမ်ကို ဇွန်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့ထိ ပြုလုပ်နေချိန် လက်တွေ့မြေပြင်၌ အရပ်သားပြည်သူလူထုမှာ စစ်အုပ်စု၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများ၊ သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို ဆိုးရွားစွာကြုံတွေ့နေရပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
ဇွန်လ (၂၅) ရက်နေ့က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ (၇) ဦး သေဆုံးခဲ့ပြီး ဆယ်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန်လ (၂၆) ရက်နေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကညင်တဲကျေးရွာ၊ လင်းရောင်ခင်ကျေးရွာနှင့် ခြောက်အိမ်စုကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ (၂) ဦး သေဆုံးခဲ့ပါတယ်။
ထို့ပြင် ဇွန်လ (၂၇) ရက်နေ့က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး အိမ်ခြေ (၂၀၀) နီးပါးရှိသည့် ကင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
ထိုနေ့တွင်ပင် ၎င်းကျေးရွာအနားရှိ မင်းကွန်းကျေးရွာကိုလည်း ဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ (၆၀၀) နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရတယ်လို့ AAPPက ထုတ်ပြန်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment