၂၀၂၅ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူအများစုမှာ ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာနေရပြီး အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်လူရွယ်များသည် လူကုန်ကူးခြင်းရန်စွယ်ကြောင့် ထိခိုက်လွယ်လျက်ရှိတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
📌 ၂။ ”ပြည်သူ့အာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခွင့်အာဏာမရှိဘူး"လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ပြောကြား
📌 ၃။ အမေစု မွေးနေ့ အမှတ်တရ Pollen 8000 ကံထူးရှင် UID များ စာရင်းနွေဦးဘဏ်ထုတ်ပြန်
📌 ၄။ အဖမ်းဆီးခံရသူများနှင့် ဗီဇာမရှိသူများ ကြိုတင်ပြင်ဆင်ရန်အချက်များ ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်ရုံးသတိပေးကြေညာ
📌 ၅။ ဗုံးကြဲဖျက်ဆီးခံလိုက်ရတဲ့ ချန်ဂင်တို့စခန်းဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကမ်ပိန်းလုပ်ဆောင်နေ
📌 ၆။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ သေဆုံးသူခြောက်ထောင်ကျော်တွင်အမျိုးသမီးနဲ့ကလေးငယ်သုံးဆယ်ရာခိုင်နှုန်းကျော်ပါဝင်ကြောင်းAAPPထုတ်ပြန်
📌 ၇။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၃၅ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာ ( ခမရ )၃၄၃ တပ်ဝင်းရှိ ( စကစ ) စခန်းကုန်းတခုကို ရေးဘီလူးအဖွဲ့တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ တနင်္သာရီမြို့နယ် မောတောင်တကြော ပြန်လည်ထိန်းချုပ်နိုင်ရေးစစ်ကြောင်းထိုးလာ၍ သိန်ခွန်းကျေးရွာအနီးတစ်ဝိုက်တိုက်ပွဲ တကျော့ပြန်ပြင်းထန်
🚩 ၃။ ဖားဆောင်းမြို့ ခလရ(၁၃၄)တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှရဲဘော်တဦးကျဆုံး
🚩 ၄။ ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) တပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းများမှ ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့
🚩 ၅။ ကရင်နီပြည်မိုးဗြဲမြို့အတွင်းသို့ စကစတပ်များ အဆမတန်စစ်ကြောင်းထိုးလာ၍ မိန်းလမ်းမကြီးပေါ်သို့ ပြည်သူများဖြတ်သန်းသွားခြင်းမပြုရန် တော်လှန်ရေးတပ်များ အရေးပေါ်သတိပေးကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူအများစုမှာ ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာနေရပြီး အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်လူရွယ်များသည် လူကုန်ကူးခြင်းရန်စွယ်ကြောင့် ထိခိုက်လွယ်လျက်ရှိတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
ဇူလိုင် ၁ရက်
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် United Nations Global Plan of Action to Combat Trafficking in Persons အတွက် အဆင့်မြင့် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သက်ဆိုင်ရာတာဝန်ခံများနှင့် အလွတ်သဘော အပြန်အလှန် ဆွေးနွေးသည့် အစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ လူကုန်ကူးခြင်းနှင့် ဆက်နွယ်နေသည့် အွန်လိုင်းလိမ်လည်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားရာဒေသတစ်ခု ဖြစ်လာလျက်ရှိကြောင်း၊စီးပွားရေးကျဆင်းမှု၊ နေရပ်စွန့်ခွာမှုနှင့် ထိုက်သင့်ဆီလျော်မှုမရှိသော် ဝန်ဆောင်မှုများကြောင့် ပိုပိုများစွာသော မိသားစုများမှာ နေ့စဉ်နှင့်အမျှ ဆင်းရဲတွင်းသို့ ကျရောက်နေကြကြောင်း၊ပြည်သူအများစုမှာ ပြည်တွင်းမှ ထွက်ပြေးစွန့်ခွာနေရပြီး အများစု၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လူငယ်လူရွယ်များသည် လူကုန်ကူးခြင်းရန်စွယ်ကြောင့် ထိခိုက်လွယ်လျက် ရှိကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်၌ United Nations Global Plan of Action to Combat Trafficking in Personsအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ပြည်သူများ၏ ထောက်ခံမှုနှင့် နိုင်ငံတကာ၏ ထောက်ခံမှုတို့ အား ရရှိထားသည့် ရွေးကောက်ခံတရားဝင် အရပ်သားအစိုးရကသာလျှင် ဤမျှ မွန်မြတ်သော တာဝန်ကို ပြည့်ဝစွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ ”ပြည်သူ့အာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခွင့်အာဏာမရှိဘူး"လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ပြောကြား
ဇူလိုင် ၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်မှ အခုလိုပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ဆန္ဒနဲ့ဆန့်ကျင်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို အတင်းအကြပ်ပြုလုပ်နိုင်ဖို့ စိုင်းပြင်းနေတာကိုတွေ့ရပါတယ်။အချက်အလက်တွေအရ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုပြီး မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်းရင်တောင် ပြည်ထောင်စုလွှတ်တော်နေရာဆယ်ရာခိုင်နှုန်းတောင်မရရှိခဲ့တဲ့ လူထုထောက်ခံမှုမရှိသော နိုင်ငံရေးပါတီတွေပဲ ဖြစ်ပါတယ်။လူထုထောက်ခံမှုရှိတဲ့နိုင်ငံရေးပါတီကို နည်းလမ်းပေါင်းစုံနဲ့ဖိနှိပ်ထားပြီး လူထုထောက်ခံမှုမရှိတဲ့ပါတီတွေနဲ့ ဟန်ပြပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ရပ်တည်ချက်နဲ့ သဘောထားတွေကို ထပ်လောင်းပြောကြားလိုပါတယ်။ပြည်သူ့အာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခွင့်အာဏာမရှိပါဘူး"လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရတရားဝင်နေဆဲ ဖြစ်ပြီး ပေါ်ပေါက်ထားတဲ့ဥပဒေပြုရေးမဏ္ဍိုင်၊အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ အခိုင်အမာတည်ရှိနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်ကပြောပါတယ်။
========================
📌📌 ၃။ အမေစု မွေးနေ့ အမှတ်တရ Pollen 8000 ကံထူးရှင် UID များ စာရင်းနွေဦးဘဏ်ထုတ်ပြန်
ဇူလိုင် ၁ရက်
အမေစု မွေးနေ့ အမှတ်တရ Pollen 8000 ကံထူးရှင် UID များ စာရင်းနွေဦးဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
"အမေစု နှစ် (၈၀) ပြည့် မွေးနေ့ အမှတ်တရ ကမ်ပိန်းမှာ ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း SDB ဖြင့် ၈ ဂဏန်းကိုအသုံးပြုပြီး လဲလှယ်၊ လွှဲပြောင်း၊ ထောက်ပို့၊ မြှုပ်နှံခဲ့ခြင်းမှ 8000 Pollen ဆု လက်ဆောင် ၁၀၀ ကို ကံထူးသူရဲ့နွေဦးဘဏ် UID များမှာ အောက်ပါ စာရင်းအတိုင်း ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
8000 Pollen အသီးသီး ဂုဏ်ပြုနိုင်ရန် ဖော်ပြပါ UID များဖြင့် ချိတ်ဆက်ထားသော သက်ဆိုင်ရာ SpringBees အကောင့်များထဲသို့ ထည့်သွင်းပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အကယ်၍ ကံထူးရှင် UID များအနေဖြင့် Pollen လက်ခံနိုင်ရန် SpringBees ဖြင့် ချိတ်ဆက်ထားခြင်းမရှိသေးပါက SpringBees အကောင့် အသစ် ဖွင့်ရန် လိုအပ်ကြောင်းဆိုထားပါတယ်။
========================
📌📌 ၄။ အဖမ်းဆီးခံရသူများနှင့် ဗီဇာမရှိသူများ ကြိုတင်ပြင်ဆင်ရန်အချက်များ ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်ရုံးသတိပေးကြေညာ
ဇူလိုင် ၁ရက်
အဖမ်းဆီးခံရသူများနှင့် ဗီဇာမရှိသူများ ကြိုတင်ပြင်ဆင်ရန် သတိပေးကြေညာချက်ကို ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်ရုံးမှ ဇူလိုင်၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဖမ်းဆီးခံထားရဖူးသူများအနေဖြင့် လျှောက်ထားချက်အသစ် ပြန်တင်ရန်နှင့် “မိခင်နိုင်ငံသို့ ပြန်မရသည့်အကြောင်းပြ ရှင်းလင်းချက်ကို ပြင်ဆင်ထားဖို့နှိုးဆော်ထားပါတယ်။
ထို့အပြင် နေထိုင်ခွင့်ဗီဇာဆိုင်ရာ ကောလာဟလများကို မယုံကြည်ကြဖို့နဲ့ ကိုယ်စားလှယ်ရုံး၏အကာအကွယ်နှင့် ဝန်ဆောင်မှုများမှာ ထောက်ခံစာ ထုတ်ပေးခြင်း၊အဖမ်းအဆီးခံရသူများအတွက် အကူအညီ၊အလုပ်သမားရေးရာ အတိုင်ပင်ခံနှင့် အကူအညီ၊လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်ပါတယ်။
========================
📌📌 ၅။ ဗုံးကြဲဖျက်ဆီးခံလိုက်ရတဲ့ ချန်ဂင်တို့စခန်းဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကမ်ပိန်းလုပ်ဆောင်နေ
ဇူလိုင် ၁ရက်
ဗုံးကြဲဖျက်ဆီးခံလိုက်ရတဲ့ချန်ဂင်တို့စခန်းဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ကမ်ပိန်းလုပ်ဆောင်နေတယ်လို့ ဇူလိုင်၁ရက်မှာ Spring CrowdFund (SCF)က အသိပေးဆိုပါတယ်။
"ဗုံးကြဲဖျက်ဆီးခံလိုက်ရတဲ့ ဆရာစိုးမင်းတို့ရဲ့ ချန်ဂင်တို့စခန်းဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် JANG GEUM: THE PHOENIX ကမ်ပိန်းကို Spring CrowdFund (SCF) မှာ 7 July အထိ ပြုလုပ်နေပါတယ်။ ပြည်သူများရဲ့ အင်အားကိုယုံကြည်တဲ့အတွက် ကမ်ပိန်းတားဂတ်ပမာဏကိုလည်း သိန်း (၂၅၀၀)ကိုတိုးမြှင့်ထားပါတယ်"လို့ဆိုပါတယ်။လက်ရှိမှာတော့ ကျပ်သိန်း (၁၉၇၀) ကျော်ရရှိထားပြီး နောက်ထပ် သိန်း (၅၀၀) ခန့် လိုအပ်သေးတယ်လို့ဆိုပါတယ်။
"အခက်အခဲများစွာကြားထဲကနေ ဇာမဏီငှက်လို အားမာန်အပြည့်နဲ့ ပြန်လည်ရှင်သန်လာမယ့် ချန်ဂင်တို့စခန်းဆေးရုံအတွက် တားဂတ်ပမာဏ အချိန်မီပြည့်သွားအောင် JANG GEUM: THE PHOENIX ကမ်ပိန်းမှာ ဝိုင်းကူကြရအောင်"လို့SpringCrowdFund ကဆိုပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ သေဆုံးသူခြောက်ထောင်ကျော်တွင်အမျိုးသမီးနဲ့ကလေးငယ်သုံးဆယ်ရာခိုင်နှုန်းကျော်ပါဝင်ကြောင်းAAPPထုတ်ပြန်
ဇူလိုင် ၁ရက်
အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ သေဆုံးသူခြောက်ထောင်ကျော်တွင် အမျိုးသမီးနဲ့ကလေးငယ်သုံးဆယ်ရာခိုင်နှုန်းကျော်ပါဝင်ကြောင်းAAPPထုတ်ပြန်ပါတယ်။
အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးသူ၆၈၄၀ဦးရှိခဲ့ပြီး အမျိုးသမီး၂၄.၄ရာခိုင်နှုန်း၊ကလေး၁၂.၂ရာခိုင်နှုန်း၊ဖမ်းဆီးပြီးနောက် သတ်ခံရသူ၃၀.၅ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဖမ်းဆီးခံရမှုတွင်ရန်ကုန်၊စစ်ကိုင်း၊ပဲခူး၊မန္တလေး၊မကွေးတို့မှာအများဆုံးဖြစ်ပြီးတော့ အမျိုးသမီးနဲ့ကလေးဖမ်းဆီးခံရမှု၆၇၀၀ ကျော်ရှိခဲ့ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၃၅ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်
ဇူလိုင် ၁ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီး၊ မြေအောက်အနက် ၁၃၅ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးကြေညာထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာ ( ခမရ )၃၄၃ တပ်ဝင်းရှိ ( စကစ ) စခန်းကုန်းတခုကို ရေးဘီလူးအဖွဲ့တိုက်ခိုက်သိမ်းပိုက်
ဇူလိုင် ၁ရက်
မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာ ( ခမရ )၃၄၃ တပ်ဝင်းရှိ ( စကစ )စခန်းကုန်းတခုကို ရေးဘီလူးအဖွဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဇူလိုင်၁ရက်နေ့မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အသိပေးဆိုပါတယ်။
"မွန်ပြည်နယ်ရေးမြို့နယ်အာယုတောင်ကျေးရွာ ( ခမရ )၃၄၃ တပ်ဝင်းရှိ ( စကစ ) စခန်းကုန်းတခုကို ရေးဘီလူးတပ်ရင်းရင်းမှနံနက် ၅:၀၀ နာရီအချိန်တွင်စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်"လို့အတည်ပြုထားပါတယ်။တိုက်ပွဲကြာချိန်၄၅.မိနစ်အတွင်းမှာ ( ခမရ ) ၃၄၃ တပ်စခန်းကိုသိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲတွင် ထက်မြတ်မောင်(ခ )အသေးလေး၊ရေးဘီလူး တပ်ရင်းမှတပ်သားတဦး ကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၂။ တနင်္သာရီမြို့နယ် မောတောင်တကြော ပြန်လည်ထိန်းချုပ်နိုင်ရေးစစ်ကြောင်းထိုးလာ၍ သိန်ခွန်းကျေးရွာအနီးတစ်ဝိုက်တိုက်ပွဲ တကျော့ပြန်ပြင်းထန်
ဇူလိုင် ၁ရက်
တနင်္သာရီမြို့နယ် မောတောင်တကြော ပြန်လည်ထိန်းချုပ်နိုင်ရေးစစ ကြောင်းထိုးလာ၍ သိန်ခွန်းကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတကျော့ပြန်ပြင်းထန်နေတယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က အတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ (တနင်္သာရီ) တနောသရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီးတစ်ဝိုက်တွင် မောတောင်တကြော ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် KNLA တပ်ရင်း(၁၁) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များအကြား ဇွန်လ ၂၈ရက် မနက်ပိုင်း (၈) နာရီမှစတင်ကာ တိုက်ပွဲများပြင်းထန်လျှက်ရှိတယ်လို့ဆိုပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်ပွဲဖြစ်ပွားရွာနေရာအနီးတစ်ဝိုက်သို့ ဂျက်တိုက်လေယာဉ်များဖြင့် မနက် (၁၀) နာရီတွင် ဗုံးအကြီး (၂)လုံးနှင့် ဗုံးအငယ် ၁၀)လုံးထပ်မနည်း လာရောက်ကြဲချခဲ့သော်လည်း ၎င်းတို့၏တပ်ဖွဲ့ဝင်များနေထိုင်ရာ နေရာကိုသာထိမှန်ခဲ့ပြီး တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားလျှက်ရှိတယ်လို့ အတည်ပြုဖော်ပြပါတယ်။
========================
🚩🚩 ၃။ ဖားဆောင်းမြို့ ခလရ(၁၃၄)တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှရဲဘော်တဦးကျဆုံး
ဇူလိုင် ၁ရက်
ဖားဆောင်းမြို့ ခလရ(၁၃၄)တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တဦးကျဆုံးခဲ့ရပါတယ်။
ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈) တပ်ရင်းအနေနဲ့ ဇွန်လ၂၆ရက်တွင် ဖားဆောင်းမြို့ ခလရ(၁၃၄)တပ်ရင်းအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ကျော်စိုး(ခ)ဆိုင်မောင်း(တပ်သား) အသက်(၄၀)နှစ်သည် ဖားဆောင်းမြို့ခလရ(၁၃၄)တိုက်ပွဲတွင် ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့အတည်ပြုထားပါတယ်။
========================
🚩🚩 ၄။ ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) တပ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းများမှ ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့
ဇူလိုင် ၁ရက်
ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) တပ်စခန်းနှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများမှ ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့်အရပ်သားနေထိုင်ရာနေရာများကို လေကြောင်း၊လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင်လ၊ ( ၁ ) ရက်တွင် ဧရာဝတီတိုင်းအတွင်း စကစတပ်များကျူးလွန်တဲ့ရာဇဝတ်မှုများကို AYAPDF ဗျူဟာ၂၉ဧရာဝတီက ပူးတွဲထုတ်ပြန်ပါတယ်။
မေလ (၁၅) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အတွင်း စစ်ကောင်စီသည် ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) တပ်စခန်းနှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများမှ ၄င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် လူနေကျေးရွာ အိမ်ခြေအဆောက်အအုံနှင့် အရပ်သားပြည်သူ လူထုအား လေယာဥ်၊ ဒရုန်း၊ လေထီး (Paramotor)၊ လက်နက်ကြီး (မီးလောင်ဗုံး) များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အတည်ပြုဖော်ပြပါတယ်။
ဧရာဝတီတိုင်းတွင် စကစတပ်များက ပစ်ခတ်တိုက်ခိုက်၍ အရပ်သား၉ဦးသေဆုံးခဲ့ပြီး၂၀ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်၁၀လုံး ပျက်စီးခဲ့ရပါတယ်။
========================
🚩🚩 ၅။ ကရင်နီပြည်မိုးဗြဲမြို့အတွင်းသို့ စကစတပ်များ အဆမတန်စစ်ကြောင်းထိုးလာ၍ မိန်းလမ်းမကြီးပေါ်သို့ ပြည်သူများဖြတ်သန်းသွားခြင်းမပြုရန် တော်လှန်ရေးတပ်များ အရေးပေါ်သတိပေးကြေညာ
ဇူလိုင် ၁ရက်
ကရင်နီပြည်မိုးဗြဲမြို့အတွင်းသို့ စကစတပ်များ အဆမတန်စစ်ကြောင်းထိုးလာ၍ မိန်းလမ်းမကြီးပေါ်သို့ပြည်သူများဖြတ်သန်းသွားခြင်းမပြုရန် ဇူလိုင်၁ရက်မှာ ဒီမော့ဆိုးLPDFတပ်ရင်း၃အပါအဝင် တပ်ဖွဲ့များကကြေညာပါတယ်။"ကရင်နီပြည်ရှိ မိဘပြည်သူများ စစ်ရေးအထူးသတိပြုကြပါ ။မိုးဗြဲဘက်လည်း အာရုံစိုက်ပေးကြပါ"လို့ အသိပေးဆိုထားပါိတယ်။
အကြမ်းဖက်စကစတပ်များဟာ မြို့များကိုပြန်လည်စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးစိုးမိုးနယ်မြေများကို အင်အားတိုးချဲ့ပို့ဆောင်၍ မြေပြင်နဲ့လေကြောင်းပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်လျက်ရှိနေပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment