၂၀၂၅ ဇူလိုင်လ ၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဖားဆောင်းမြို့နယ်တွင် စစ်တပ်ပျက်ကျတဲ့ လေယာဉ် ဓာတ်ပုံများ ထွက်ပေါ်
📌 ၂။ ချင်းပြည်(Chinland)၏ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံနိုင်စေရန် ရည်ရွယ်ပြီး Diploma in Nursing and Midwifery ဒုတိယအသုတ် ခေါ်ယူ
📌 ၃။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အဓမ္မ စစ်မှုထမ်းခိုင်းထားတဲ့ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နဲ့အတူ အလင်းဝင်
📌 ၄။ ”ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေးကမ်ပိန်း ဆေးရုံတစ်ရုံစာ SCFမှာ ဇူလိုင်လ (၅) ရက်နေ့အထိ ပါဝင်လှူဒါန်းနိုင်
📌 ၅။ ဇွန်လ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၈) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၆) ဦး ပါဝင်
📌 ၆။ မြင်းခြံမြို့၏အရှေ့မြောက်ဘက်၁၉ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက် လှုပ်ခတ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်း MOD ကွပ်ကဲမှုအောက် ပြန်ဝင်လာပြီး တာဝန်ရှိသူတွေကို တောင်းပန်
🚩 ၂။ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံး
🚩 ၃။ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၁၁ ရွာက ပြည်သူပိုင်အိမ် ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့
🚩 ၄။ သရက်ချောင်းမြို့နယ် ရန်တောင်ရွာဘုန်းကြီးကျောင်းနဲ့ ရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဖားဆောင်းမြို့နယ်တွင် စစ်တပ်ပျက်ကျတဲ့ လေယာဉ် ဓာတ်ပုံများ ထွက်ပေါ်
ဇူလိုင် ၃ RadioNUG
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် စစ်တပ်ပိုင် လေယာဉ်ပျက်တစ်စီးကို တွေ့ရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပြောကြားထားပါတယ်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁ ရက် ညပိုင်းတွင် ၎င်းတို့၏ တိုက်လေယာဉ်တစ်စီးသည် နေပြည်တော်အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် ခရီးဝေးလေ့ကျင့်ပျံသန်းနေစဉ် ရေဒါမှပျောက်ကွယ်ကာ ဆက်သွယ်မှုပြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်အတွင်း စစ်တပ်လေယာဉ်ပျက်ကျမှု စတုတ္ထအကြိမ်ဖြစ်ပြီး ဇွန်လ ၁၀ ရက်က ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်လုပ် F-7 တိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့ရာ လေယာဉ်မှူး သေဆုံးခဲ့သလို မေလ ၂၀ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကူလာသည့် စစ်တပ်ရဟတ်ယာဉ် ၃ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးပြီး စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
========================
📌📌 ၂။ ချင်းပြည်(Chinland)၏ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံနိုင်စေရန် ရည်ရွယ်ပြီး Diploma in Nursing and Midwifery ဒုတိယအသုတ် ခေါ်ယူ
ဇူလိုင် ၃ရက်
ချင်းပြည်(Chinland)၏ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံနိုင်စေရန် ရည်ရွယ်ပြီး Diploma in Nursing and Midwifery ဒုတိယအသုတ် ခေါ်ယူလျက်ရှိပါတယ်။
ချင်းပြည်(Chinland) အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်၊ ချင်းပြည်(Chinland)၏ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံနိုင်စေရန် ရည်ရွယ်ပြီး Interim Council of Myanmar Nursing and Midwifery Training Schools နှင့် Ministry of Health and Sports, Government of Chinland တို့ပူးပေါင်း၍ ၂၀၂၄ နိုဝင်ဘာလမှ စတင်ကာ Diploma in Nursing and Midwifery program (Academic 3 year) course ကို စတင်ခဲ့ပြီဖြစ်ပါတယ်။
ယခုအခါ ဒုတိယအသုတ်ကို ထပ်မံခေါ်ယူသွားမည်ဖြစ်ပါသဖြင့် စိတ်ဝင်စားသူများအနေဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီပါက Messenger မှ Google link လင့်တောင်းယူ၍ဖြစ်စေ၊ သက်ဆိုင်ရာဒေသန္တာရအုပ်ချုပ်ရေးအဖွဲ့များထံတွင် လျှောက်လွှာတောင်းခံ၍ဖြစ်စေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း Ministry of Health and Sports, Government of Chinlandကအသိပေးကြေညာထားပါတယ်။
လက်ခံမည့်ဦးရေ- ၇၀ ဦးဖြစ်ပြီး စာသင်မည့်ကာလ- ၃ နှစ်ဖြစ်ကာ အသက် ၂၅ နှစ်အောက်ဖြစ်ရမည်၊၂၀၂၁ မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်များနှင့် ၂၀၂၁ နောက်ပိုင်း NUG ၁၀ တန်း (စနစ်ဟောင်း) သို့မဟုတ် ၁၂ တန်းအောင်မြင်သူ ဖြစ်ရမည်လို့ သတ်မှတ်ထားပါတယ်။
========================
📌📌 ၃။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အဓမ္မ စစ်မှုထမ်းခိုင်းထားတဲ့ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နဲ့အတူ အလင်းဝင်
ဇူလိုင် ၃ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့မှာအခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အဓမ္မ စစ်မှုထမ်းခိုင်းထားတဲ့ တပ်သားသစ် ၄ ဦးဟာ သေနတ် ၃ လက်ယူဆောင်လာပြီး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇူလိုင်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီတပ်သားသစ် ၄ ဦးဟာ ဇူလိုင်လ ၃ ရက်နေ့မှာ သေနတ် ၃ လက် ယူဆောင်လာပြီး မုံရွာမြို့နယ် ပကဖ၊ တိုက်နယ် ၂ ပကဖ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။
အဲဒီစစ်မှုထမ်း တပ်သားသစ် ၄ ဦးဟာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပိုက်ဆံရှိသူတွေရဲ့ သားသမီးတွေကိုယ်စား စစ်မှုထမ်းစေဖို့ ခြိမ်းခြောက်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
စစ်မှုထမ်းနေချိန်မှာ PDF တပ်ဖွဲ့တွေဆီ ထွက်ပြေးရင် သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုသိမ်းယူပြီး သတ်ပစ်မယ်လို့ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆိုထားတယလို့လည်း သိရပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ အလင်းဝင်လာမယ်ဆိုရင် ကြိုဆိုနေမှာပါလို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။
လက်ရှိမှာလည်း လက်နက်တွေနဲ့အတူ အလင်းဝင်လာသူတွေကို ဆုကြေးငွေပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ”ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေးကမ်ပိန်း ဆေးရုံတစ်ရုံစာ SCFမှာ ဇူလိုင်လ (၅) ရက်နေ့အထိ ပါဝင်လှူဒါန်းနိုင်
ဇူလိုင် ၃ရက်
"ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေးကမ်ပိန်း ဆေးရုံတစ်ရုံစာ SCF မှာ ဇူလိုင်လ (၅) ရက်နေ့အထိ ပါဝင်လှူဒါန်းနိုင်" တယ်လို့သိရပါတယ်။
"ဘေးကင်းဆေးရုံများ တည်ဆောက်နိုင်ရေး Safe Hospital, Safe Healthcare ကမ်ပိန်း" သည် ဇွန်လ (၃၀) ရက်နေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။သို့သော် ဆေးရုံတစ်ရုံစာ သီးသန့်လှူဒါန်းနိုင်ရေးအတွက် အလှူငွေပြည့်မီအောင် ကောက်ခံလျက်ရှိသည့် Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF)တွင် ဇူလိုင်လ (၅) ရက်နေ့အထိ ပါဝင်လှူဒါန်းနိုင်ဦးမယ်လို့သိရပါတယ်။
Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) တွင် လှူဒါန်းနိုင်ရန်အသေးစိတ်အချက်အလက်များကို SCFတွင်ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ဇွန်လ တလတာအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၈) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၆) ဦး ပါဝင်
ဇူလိုင် ၃ ရက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ တလတာအတွင်း နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း (၁၀) ဦးရှိခဲ့ပါတယ်။
ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၆၈) ဦး သေဆုံးခဲ့ပြီး အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက်မှ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၆) ဦး ပါဝင်တယ်လို့ဆိုပါတယ်။အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၈၀)ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။
"အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေဟာ တနေ့တခြားပိုမိုများပြားလာတာတွေကိုတွေ့ရှိရပြီး နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေကို ဆန်းစစ်ကြည့်ရရင် စစ်ကြောရေး၊ အကျဉ်းထောင်နဲ့ အခြားနေရာမျိုးစုံမှာချုပ်နှောင်ခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုကြောင့်၊ အချိန်မီဆေးဝါးကုသမှု မရရှိမှုကြောင့်၊ လုံလောက်တဲ့ အာဟာရမရရှိမှုတွေကြောင့်ဆိုတဲ့ အချက်တွေအပြင် ထောင်ပြောင်းရွှေ့မှုတွေကြောင့် မိသားစုဆီက အထောက်အပံ့ရရှိမှုခက်ခဲတာတွေ၊ တချို့တိုက်ပွဲဖြစ်ပွါးရာနဲ့ နီးစပ်ရာဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေကြောင့်ဖြစ်တယ်"လို့ ကိုဘိုကြည်၊ တွဲဖက်အတွင်းရေးမှူး (အေအေပီပီ)ကလည်းဆိုထားပါတယ်။
========================
📌📌 ၆။ မြင်းခြံမြို့၏အရှေ့မြောက်ဘက်၁၉ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက် လှုပ်ခတ်
ဇူလိုင်၃ရက်
မန္တလေးတိုင်း၊ မြင်းခြံမြို့၏အရှေ့မြောက်ဘက်၁၉ကီလိုမီတာအကွာ၊မြေအောက်အနက် ၁၇.၂ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုယနေ့မနက် လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားစာနာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၇:၁၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့၏အရှေ့မြောက်ဘက်၁၉ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၇.၂ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆက်တိုက်လှုပ်ခတ်နေသည့် ငလျင်ငယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန်အသိပေးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီ၊ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်ဆည်ခရိုင်အမှတ် ၂ တပ်ရင်း MOD ကွပ်ကဲမှုအောက် ပြန်ဝင်လာပြီး တာဝန်ရှိသူတွေကို တောင်းပန်
ဇူလိုင် ၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကာကွယ်ရေးဝန်ကြီးဌာန - MODလက်အောက်ကနေ နုတ်ထွက်ဖို့ တင်ပြထားတဲ့ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ MOD ကွပ်ကဲမှုအောက် ပြန်ဝင်တော့မယ်လို့ ဇူလိုင် ၂ရက်က ထူတ်ပြန်ကြေညာထားပါတယ်။
MOD PDF စစ်ရုံးချုပ်အောက်ကနေနုတ်ထွက်ကြောင်း အခုနှစ် ဧပြီ ၂၁ ရက်မှာ တင်ပြခဲ့ပေမယ့် အဲ့ဒါဟာ နားလည်မှုလွဲမှားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိမိတို့တပ်ရင်းအနေနဲ့ နားလည်မှုလွဲမှားပြီး တင်ပြခဲ့မိခြင်းသာဖြစ်ကြောင်းနဲ့ အခုအခါမှာ သေချာသဘောပေါက် နားလည်ခဲ့ပြီလို့ အသိပေးထားပါတယ်။
မှားယွင်းပြောဆိုမိတာတွေနဲ့ ဆောင်ရွက်ခဲ့တွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကိုလည်း တောင်းပန်တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် - ၂ တပ်ရင်းက ပြောထားပါတယ်။
ဒါကြောင့် PDF စစ်ရုံးချုပ်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်၊လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျောက်ဆည်ခရိုင် အမှတ် - ၂ တပ်ရင်းအနေနဲ့ လိုက်နာဆောင်ရွက်ပြီး စစ်အာဏာရှင်ကျဆုံးရေး တော်လှန်တိုက်ပွဲပြီးဆုံးတဲ့အထိ ကွပ်ကဲမှုအောက်ဆက်လက်တည်ရှိနေမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံး
ဇူလိုင် ၃ရက်
မကွေးတိုင်းထဲက စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ တင့်ကားတွေ သံချပ်ကာကားတွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းကို ၃ ရက်ဆက် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း များတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ စလင်းက ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းက စလင်းမြို့နယ်ကနေ တင့်ကား ၂ စီး၊ သံချပ်ကာကား ၂ စီး၊ ဖောကား၃ စီးနဲ့ အင်အား ၂၀၀ခန့် ပါတဲ့ စစ်ကြောင်း ဆင်ဖြူကျွန်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တင့်ကား ၂ စီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထပ်ထိုးလာတာကြောင့် အဲဒီနေ့ နေ့လည် ၂ နာရီခန့်အချိန်က သာစည်ကျေးရွာ အနီးမှာ ၃ နာရီကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းမှာ မြောက်မကြီးကုန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာကာ ပြည်သူပိုင်အိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းတွေသယ်သွားကြတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတော့ ဆင်ဖြူကျွန်းမြို့ဘက် ဦးတည်ပြီး စစ်ကြောင်းထိုးလာတာကြောင့် မိုးဝန်း - သရက်ချဉ် ကျေးရွာကြားမှာ ရှေ့ကင်းပွိုင့် ခြေလျင်စစ်ကြောင်းကို မနက် ၈ နာရီခန့်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိအခိုက် ရှိခဲ့တယ်လို့ အသိပေးပါတယ်။
ပန်းထိမ်ကုန်းကျေးရွာမှာလည်း မနက် ၁၁ နာရီခွဲခန့်မှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားတွေဟာ ရွာကို မီးရှို့ဖျက်ဆီးကာ သာစည်ကျေးရွာဘက် ပြန်လည်ဆုတ်ခွာသွားတာကြောင့် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာတော့ သာစည်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ စလင်းမြို့နယ်ထဲကို စစ်တပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွား ခဲ့ကြောင်းနဲ့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ် ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၁၁ ရွာက ပြည်သူပိုင်အိမ် ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခဲ့
ဇူလိုင် ၃ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်ထဲမှာပါတဲ့ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကြောင်း ဟာ ၅ ရက်အတွင်း ကျေးရွာ ၁၁ က ပြည်သူပိုင်အိမ် အလုံး ၂ဝဝ ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြုစုထားတဲ့မှတ်တမ်းတွေအရ ဇွန်လ ၂၀ ရက်နေ့မှာ တောင်ပြတ်ရွာသစ်ရွာက အိမ် ၂၅ လုံး၊ ဇွန်လ ၂၂ ရက်နေ့မှာ ရွေးကုန်းရွာက အိမ် ၅ လုံးနဲ့ ဦးတိုကျွဲလမ်းစုရွာက အိမ် ၄ လုံး၊ ဇွန်လ ၂၃ ရက်နေ့မှာ ဗိုလ်တထောင်ရွာက အိမ်အလုံး ၂၀၊ ဆားချောင်းရွာက အိမ် ၈ လုံး၊ ဆင်အိုင်ချောင်းပေါက်ရွာက အိမ် ၈ လုံး၊ ဂန့်ဂေါ်ပင်ရွာမ ရွာက အိမ် ၅ လုံးနဲ့ ငလှစမ်းရွာက အိမ်အလုံး ၅၀ ခန့်၊ ဇွန်လ ၂၄ ရက်နေ့မှာ စမ်းဘုတ်ရွာက အိမ် ၅ လုံး၊ ဇွန်လ ၂၅ ရက်နေ့ မှာ ခွက်မရွာက အိမ် ၁၅ လုံးနဲ့ ကျွဲမကိုင်းရွာက အိမ်အလုံး ၄၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီမီးလောင်ပျက်ဆီးမှုစာရင်းဟာ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းဖြစ်ပြီး မြေပြင်မှာ အခုထက် မီးလောင်ပျက်ဆီးမှုအရေအတွက် ပိုများနိုင်ပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ခွက်မအုပ်စုထဲက ဇရစ်မျှောင်ရွာကို မနေ့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီမှာ မီးရှို့ဖျက်ဆီး ခဲ့ပြီး ရွှေပေါက်ပင်ရွာကို မနက် ၁၁ နာရီ ၂၀ မိနစ်မှာ မီးတင်ရှို့ကာ ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ဦးကို လူသားဒိုင်းလုပ်ဖို့ ဖမ်းဆီးထားတယ်လို့ ဒေသတွင်းသတင်းတွေကလည်း ဖော်ပြထားပါတယ်။
ဇရစ်မျှောင်ရွာနဲ့ ရွှေပေါက်ပင်ရွာကို ဧပြီလ ၃၀ တုန်းကလည်း စစ်တပ်က မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီး သွားပြီလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ဇရစ်မျှောင်ရွာက မသင်းသင်းဦး၊ မပါပါ၊ မအသေး၊ မမိချို အပါအဝင် အမျိုးသမီး ၅ ဦးကို ဇရစ်မျှောင်ဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအဖြစ်ဖမ်းဆီးထားပြီး တာကလေးရွာက ဒေါ်ဝင်းဌေး ဆန်စက်မှာ တပ်ဆွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်နေဆဲလို့ သိရပါတယ်။
တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ၀င်းသူလင်း ဇွန်လ ၂၀ ရက်နေ့က စိန်ကန့်ရွာအခြေစိုက် ခလရ - ၁ ကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ ညွှန်ကြားချက်နဲ့ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအစပ်နဲ့ ရန်ကုန်-ပြည်ကားလမ်း အရှေ့ဘက်ကရွာတွေကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ပြည်သူပိုင်အိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ခိုးယူနေကြတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ သရက်ချောင်းမြို့နယ် ရန်တောင်ရွာဘုန်းကြီးကျောင်းနဲ့ ရွာထဲမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး
ဇူလိုင် ၃ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက ရန်တောင်ရွာဘုန်းကြီးကျောင်းနဲ့ ရွာထဲက အိမ်တွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ထားဝယ်လူငယ် လက်ရုံးတပ်က ဒီနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီခန့်အချိန်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မငတွေကြောင့် တိုက်ပွဲဟာ နေ့လည် ၁၂ နာရီခန့်ကနေ ညနေ ၅ နာရီခန့်ထိ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး ညနေ ၆ နာရီခန့်အချိန်မှာ စစ်တပ်က သေဆုံးထိခိုက်ဒဏ်ရာရရစစ်သား တွေကို ကားတွေနဲ့ သရက်ချောင်းမြို့ဘက်သို့ သယ်ဆောင်သွားသလို ရန်တောင်ကျေးရွာအတွင်း တပ်စွဲနေတဲ့ စစ်သားတွေ လည်း ရွှေဂူတောင်ဂိတ်စခန်းကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်း၊ ဒေါင်းညီနောင် ဒရုန်းတပ်ဖွဲ့ ၊ KNLA တပ်ရင်း ၁၂ တပ်ခွဲ ၁ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment