၂၀၂၅ ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့ဒီမိုကရေစီအရေးမှာ ထိပ်တန်းကပါဝင်လှုပ်ရှားခဲ့သူ ရွှေညဝါဆရာတော်ဘဝနတ်ထံပျံလွန်တော် မူတဲ့နေ့မှာပဲ နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်သူ စာရေးဆရာ မောင်သာချိုကွယ်လွန်
📌 ၂။ အကြမ်းဖက်စစ်တပ်က ဖမ်းဆီး အကျဉ်းချခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့အသက်အန္တရယ် စိုးရိမ်စရာအခြေအနေတခုကို ရောက်နေပြီလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြော
📌 ၃။ ရန်ကုန်တွင် စားဝတ်နေရေးကြပ်တည်းမှုပြဿနာကို မိသားစုများရင်ဆိုင်ကြုံနေရ
📌 ၄။ ကနီမြို့နယ်မှာ တရားရေးအဖွဲ့က ဦးဆောင်ပြီး မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီး
📌 ၅။ ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှတပ်သား(၂)ဦးတနင်္သာရီတိုင်းစစ်ဌာနထံသို့ လက်နက်နှင့်အတူအလင်းဝင်ရောက်လာ၍ကျပ်(၅၀) သိန်း ချီးမြှင့်ခဲ့
📌 ၆။ ငလျင်ဘေးသင့်မိသားစုတွေဟာ ရက် ၁၀၀ ကြာခဲ့ပြီးချိန်ထိ နံရံမရှိ၊ သင့်တင့်တဲ့ အမိုးအကာမရှိဘဲ လူနေ ထူထပ်တဲ့နေရာတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရဆဲဖြစ်တယ်လို့ UN OCHA Myanmarထုတ်ပြန်
📌 ၇။ စစ်ကိုင်းတိုင်းဒေသကြီး ကျော်ဇေယျာကျေးရွာသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်၍ လူနေအိမ်များ မီးလောင်ကျွမ်းမှုကို NUGမီးသတ်တပ်ဖွဲ့ဝင်များငြိမ်းသတ်ပေး
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်သားတွေ၊ ရဲတွေ၊ အတင်းအကျပ် အသွင်ပြောင်းခံခဲ့ရတဲ့ ညီနောင်ဖြစ်တဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေ စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ကြဖို့ PNFC ဥက္ကဋ္ဌ ခွန်မြတ်ထွန်း တိုက်တွန်း
🚩 ၂။ တောင်ငူမှာရှိတဲ့ စစ်ရှုံးကောင်စီရဲ့ ကေတုမတီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဉ် ၂ စင်း ပျက်စီးပြီး လေတပ်အရာရှိ ၅ ဦးနဲ့အခြားအဆင့် ၆ ဦး သေဆုံး
🚩 ၃။ မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရ
🚩 ၄။ နောင်ချိုမြို့နယ်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း အလွန်အကျွံသုံးပြီး တိုက်ခိုက်
🚩 ၅။ ဘက်ပြောင်းခိုလှုံလာတဲ့ သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးအတွက် ဂုဏ်ယူကြောင်း KNU တပ်မဟာ - ၄ ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့ဒီမိုကရေစီအရေးမှာ ထိပ်တန်းကပါဝင်လှုပ်ရှားခဲ့သူ ရွှေညဝါဆရာတော်ဘဝနတ်ထံပျံလွန်တော် မူတဲ့နေ့မှာပဲ နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်သူ စာရေးဆရာ မောင်သာချိုကွယ်လွန်
ဇူလိုင် ၁၀ရက်
မြန်မာ့ဒီမိုကရေစီအရေးမှာ ထိပ်တန်းကနေတက်တက်ကြွကြွပါဝင်ခဲ့တဲ့ သံဃာ့ဂုဏ်ဆောင် ရွှေညဝါ ဆရာတော်လို့ ထင်ရှားတဲ့ အရှင်ပညာသီဟဟာ ဒီကနေ့မနက်၂နာရီ ၄၅မိနစ်မှာ ရန်ကုန်မြိုက အာရှ တော်ဝင်ဆေးရုံမှာ ထောင်တွင်းကရရှိခဲ့တဲ့ အသည်းရောဂါနဲ့ ပျံလွန်တော် မူခဲ့တာဖြစ်ပါတယ်။ ဆရာတော်နဲ့အနီးကပ်ရှိနေတဲ့ ကပ္ပိယတစ်ဦးကတော့ ဆရာတော်ပျံလွန်တော်မူခဲ့တာကို အခုလိုအတည်ပြု ပြောဆိုပါတယ်။
“ခဏလေးမှော်ဘီမှာပဲ ပြန်သယ်မှာပါခင်ဗျ။ အခုလောလောဆယ်က ဆေးရုံမှာပဲ ရှိသေးတော့ လေ။ ”
ပျံလွန် တော်မူချိန်မှာ သက်တော် ၆၁နှစ်သာရှိသေးပြီး ဆရာတော်ဟာ အစိုးရဓမ္မစရိယ၊ ပါရဇိကဏ် ကျမ်းစွဲ အောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယစာမေးပွဲမှာ သာသနပါလဓမ္မစရိယဘွဲကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဆရာတော်ဟာ ကြည့်မြင်တိုင်သာဓုပရိယတ္တိစာသင်တိုက်က ကျောင်းထိုင်နာယကဖြစ်ပြီး မြန်မာ့ ဒီမိုက ရေစီအရေးအခမ်းနားတွေကိုကျင်းပခွင့်ပေးခဲ့တာကြောင့် စစ်ထောက်လှမ်းရေးအမြဲ စောင့် ကြည့်ခံရသူ သာသနာ့အာဇာနည်တစ်ဦးလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ၂၀၂၁ အာဏာ သိမ်းပြီးတဲ့နေ့မှာပဲ ဆရာတော်ဟာ ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပုဒ်မ ၅၀၅(ခ) နဲ့ထောင်ဒဏ် ၂နှစ် မတရားချ မှတ်ခံခဲ့ရပါတယ်။ ဆရာတော်ဟာ ထောင်တွင်းမှာ အသည်းရောဂါ ကိုခံ စားခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ၈၈မျိုးဆက် ကိုမြအေး၊ မောင်သာချို၊ NLD ကဒေါက် တာမျိုးညွှန့်တိုနဲ့အတူ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဆရာတော်ကွယ်လွန်ပြီး ၆နာရီအကြာမှာပဲ နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်သူစာရေးဆရာမောင် သာ ချိုဟာ မြောက်ဒဂုံက ပင်လုံဆေးရုံမှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဆရာမောင်သာချိုဟာ တက္ကသိုလ်က ပါမောက္ခဟောင်းတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စာပေဟောပြောပွဲတွေနဲ့ထင်ရှားသူ တစ်ဦးဖြစ်ပါတယ်။ ဆရာမောင်သာချိုကိုလည်း အကြမ်းဖက်စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့မှာပဲ ရွှေညဝါဆရာတော်၊ စာရေးဆရာချစ်ဦးညိုနဲ့ အခြားနိုင်ငံရေးလှုပ်ရှားသူ တွေနဲ့အတူ မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး ဆရာတော်နဲ့အတူပြန်လည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။ ဆရာ ကွယ်လွန်ချိန်မှာအသက် ၆၇ နှစ်သာရှိသေးပြီးစစ်အာဏာရှင်စနစ်ကို သေသည့်တိုင် ဆန့်ကျင်သွားတဲ့ စာရေး ဆရာကောင်းတစ်ဦးလည်းဖြစ်ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က ဖမ်းဆီး အကျဉ်းချခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့အသက်အန္တရယ် စိုးရိမ်စရာအခြေအနေတခုကို ရောက်နေပြီလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ပြော
ဇူလိုင် ၁၀ရက်
အကြမ်းဖက်စစ်တပ်က ဖမ်းဆီး အကျဉ်းချခံထားရသူတွေရဲ့ ကျန်းမာရေးနဲ့အသက်အန္တရယ်ဟာ အထူးစိုးရိမ်စရာ အခြေအနေတခုကို ရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၁ဝ ရက်နေ့မနက် ၂နာရီ ၄၅ မိနစ်မှာ ရွှေညဝါဆရာတော် ပျံလွန်တော်မူခဲ့ပြီး မနက် ၈ နာရီမှာ စာရေးဆရာ မောင်သာချို ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အခုလို ရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။
၂ ဦးစလုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ထောင်သွင်းအကျဉ်းချခြင်းခံရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြန်လွတ်လာကြသူတွေပါလို့ အသိပေးထားပါတယ်။
စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မနဲ့ တော်လှန်ခဲ့တဲ့ သက်တော် ၆၁ နှစ်အရွယ် ရွှေညဝါဆရာတော် အရှင်ပညာသီဟဟာ ဒီနေ့ မနက် ၂ နာရီ ၄၅ မိနစ်အချိန်မှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှာရှိတဲ့ အာရှတော်ဝင်ဆေးရုံမှာ ပျံလွန်တော်မူသွား တာလို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
ဆရာတော်ဟာ ထောင်ကနေ လွတ်မြောက်လာပြီးနောက်ပိုင်း အသည်းရောဂါဝေဒနာကို အပြင်းအထန်ခံစားရပြီး ပျံလွန်တော်မူသွားတာလို့ သိရပါတယ်။
မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ မောင်သာချို ဒီနေ့မနက်ပိုင်းကပဲ ကွယ်လွန်သွားပြီဆိုတာကို စာရေးဆရာအသိုင်းအ၀ိုင်းက လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။
ဒီနေ့မနက် ၈ နာရီအချိန် ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားတာလို့ ဆရာအော်ပီကျယ်က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
ဆရာမောင်သာချိုဟာ ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး အမည်ရင်းကတော့ ဦးညွန်းသောင်းလို့ သိရပါတယ်။
ဆရာမောင်သာချိုဟာ ရန်ကုန် တက္ကသိုလ်ကနေ ၁၉၈၁ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်မှာ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့တွေရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာပါတဲ့ 'ခေတ်သစ် မေတ္တာ' ကဗျာနဲ့ စာပေလောကထဲကို ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
========================
📌📌 ၃။ ရန်ကုန်တွင် စားဝတ်နေရေးကြပ်တည်းမှုပြဿနာကို မိသားစုများရင်ဆိုင်ကြုံနေရ
ဇူလိုင် ၁၀ရက်
ရန်ကုန်တွင် စားဝတ်နေရေးကြပ်တည်းမှုပြဿနာကို မိသားစုများရင်ဆိုင်ကြုံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။အများစုဟာ စျေးရောင်းစျေးဝယ်နဲ့နေ့စားလက်လုပ်လက်စားများ အဓိကရင်ဆိုင်နေရတာဖြစ်တယ်လို့ဆိုကြပါတယ်။
"အလုပ်အကိုင်ကမဖြစ်တာထက် ဆောက်လုပ်ရေးအလုပ်တွေလည်းသိပ်မရှိတော့ အလုပ်က ဆင်းရတရက် မဆင်းရတပတ် ဆိုသလို့ဖစ်နေတယ်။ရပ်ကွက်ထဲ အိမ်သန့်ရှင်းရေးလုပ်၊ဟိုအိမ်ခေါ်ခိုင်း၊ဒီအိမ်ခေါ်ခိုင်းဒီအလုပ်ကလေးတွေမှေးလုပ်နေရပါတယ်။အရင်ကအိမ်မှာ တယောက်နှစ်ယောက်လုပ်ရင် ထမင်းစားလို့ရတယ်။အခုက လူကုန်အလုပ်လုပ်မှ ထမင်းစားလို့ရတော့တယ်။အဆင်မပြေကြတဲ့လူများတယ်"လို့ မြို့သစ်နေ ကျပမ်းအလုပ်သမားတဦးကဆိုပါတယ်။
ရန်ကုန်က မြို့ပြလူတန်းစားတွေဟာ ဆင်းရဲမွဲတေမှုတွေ မကြုံစဖူး တိုးမြင့်လာတာကို ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က အခုဇွန်လမှာ ထုတ်ပြန်ထားပါတယ်။
လူဦးရေ ၆ ဒသမ ၂ သန်း မှီတင်းနေထိုင်တဲ့ ရန်ကုန်မြို့ဟာ စစ်အာဏာသိမ်းပြီး ၄နှစ်ကျော်အကြာမှာတော့ လူဦးရေ ၂ ဒသမ ၇ သန်းခန့်ဟာ ဆင်းရဲမွဲတေမှုပြဿနာကို ကြုံတွေ့နေရတယ်လို့ UNDP ကဖော်ပြပါတယ်။
"အိမ်မှာရှိစုမဲ့စုရောင်းချပြီး သားနဲ့သမီးကိုအလုပ်လုပ်ဖို့ အိမ်နီးချင်းထိုင်းကိုပို့ထားရတယ်။မပို့လည်းစစ်မှုထမ်းထဲ ပါသွားမှာစိုးတာရယ်၊အိမ်မှာမိသားစုစားဖို့ကလည်း ဒီထက့်ပိုမတတ်နိုင်တော့လို့ပါ"လို့ အိမ်ရှင်မတဦးကလည်းဆိုပါတယ်။
လက်ရှိရန်ကုန်တိုင်း၊ဧရာဝတီတိုင်းအပါအဝင် နယ်မြို့အများအပြားများကလူငယ်များကို ထိုင်းနိုင်ငံ၊ဂျပန်နိုင်ငံ၊ဒူဘိုင်းနဲ့အိုမန်နိုင်ငံများသို့ မိဘများဟာပိုင်ဆိုင်မှုများရောင်းချခြင်းနဲ့ ပေါင်နှံမှုများပြုလုပ်၍ ပို့ဆောင်ပေးလျက်ရှိပါတယ်။
========================
📌📌 ၄။ ကနီမြို့နယ်မှာ တရားရေးအဖွဲ့က ဦးဆောင်ပြီး မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီး
ဇူလိုင် ၁၀ရက်
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ် တရားရေးအဖွဲ့က ဦးဆောင်ပြီး မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ ဇူလိုင် ၁ဝ မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်သေခံပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောပစ္စည်းများ လေလံတင်ရောင်းချရေးနှင့်ဖျက်ဆီးရေးအဖွဲ့ ဖွဲ့စည်းကာ မူးယစ်ဆေးဝါး ၂ သိန်းခန့်ကို မနေ့ ဇူလိုင်လ ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီပွဲကို ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ တာဝန်ခံ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံ၊ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ - ပလဖ ယာယီတာဝန်ခံ၊ မြို့နယ်ဥပဒေတာဝန်ခံ၊ မြို့နယ် လူသားစာနာ တာဝန်ခံ၊ မြို့နယ်တရားသူကြီး ၃ ဦး၊ ခရိုင်တပ်ရင်း - ၂ က တပ်ခွဲမှူးနဲ့ ရဲဘော်တွေ၊ ခရိုင်တပ်ရင်း ၂၅ က IO နဲ့ ရဲဘော်တွေ တိုက်နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ရေဖြူစစ်ဗျူဟာ လုံခြုံရေးတပ်စုမှတပ်သား(၂)ဦးတနင်္သာရီတိုင်းစစ်ဌာနထံသို့ လက်နက်နှင့်အတူအလင်းဝင်ရောက်လာ၍ကျပ်(၅၀) သိန်း ချီးမြှင့်ခဲ့
ဇူလိုင် ၁၀ရက်
တနင်္သာရီမြို့နယ်၊ ရေဖြူစစ်ဗျူဟာလုံခြုံရေးတပ်စုမှ အကြမ်းဖက်မင်းအောင်လှိုင်၏တပ်သား(၂) ဦးသည် ဇူလိုင်၈ ရက်နေ့တွင် တနင်္သာရီတိုင်းစစ်ဌာနထံဆက်သွယ်၍ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့သတင်းရရှိပါတယ်။
အလင်းဝင်ရောက်လာသူများမှာ တပ်သား စိုင်းဝဏ္ဏ နှင့် တပ်သား ဘုန်းမြင့်အောင်တို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၃)ခု၊ ၎င်းကျည် (၇၅)တောင့်၊ အီနာဂါ(၁)လုံး၊ လက်ပစ်ဗုံး(၂)လုံး တို့ ပါဝင်ခဲ့ပြီး တနင်္သာရီတိုင်းစစ်ဌာန၏ ကွပ်ကဲရေးမှူး နှင့် ရှေ့တန်းရုံးအဖွဲ့မှ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပါတယ်။
အလင်းဝင်ရောက်လာသည့်တပ်သား(၂)ဦးသည် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခံရခြင်းဖြစ်ပြီး အဓမ္မစစ်မှုထမ်းခိုင်းခံရကာ စစ်မှုထမ်းအပါတ်စဉ်(၈) ကို တက်ရောက်ခဲ့ပြီးနောက် ခလရ(၄၃၁) မှတဆင့် တနင်္သာရီမြို့နယ်အခြေစိုက် ရေဖြူစစ်ဗျူဟာတွင် တာဝန်ပေးစေလွတ်ခံရသူများဖြစ်သည်။ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသည့်အတွက် တနင်္သာရီတိုင်းစစ်ဌာနမှ ငွေသား ကျပ်(၅၀) သိန်း ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့သိရပါတယ်။
========================
📌📌 ၆။ ငလျင်ဘေးသင့်မိသားစုတွေဟာ ရက် ၁၀၀ ကြာခဲ့ပြီးချိန်ထိ နံရံမရှိ၊ သင့်တင့်တဲ့ အမိုးအကာမရှိဘဲ လူနေ ထူထပ်တဲ့နေရာတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရဆဲဖြစ်တယ်လို့ UN OCHA Myanmarထုတ်ပြန်
ဇူလိုင် ၁၀ရက်
ငလျင်ဘေးသင့်မိသားစုတွေဟာ ရက် ၁၀၀ ကြာခဲ့ပြီးချိန်ထိ နံရံမရှိ၊ သင့်တင့်တဲ့ အမိုးအကာမရှိဘဲ လူနေ ထူထပ်တဲ့နေရာတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရဆဲဖြစ်တယ်လို့ UN OCHA Myanmarထုတ်ပြန်ပါတယ်။"အိုးအိမ်စွန့်ခွာခဲ့ရပြီဆိုရင် ပထမဆုံး ဆုံးရှုံးလိုက်ရတာ ကိုယ်ပိုင်သီးသန့်နေရာဖြစ်ပြီး ပြန်ရဖို့ အခက်ခဲဆုံးကလည်း အဲ့ဒါပါပဲ။
ငလျင်ဘေးသင့်မိသားစုတွေဟာ ရက် ၁၀၀ ကြာခဲ့ပြီးချိန်ထိ နံရံမရှိ၊ သင့်တင့်တဲ့ အမိုးအကာမရှိဘဲ လူနေ ထူထပ်တဲ့နေရာတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်နေကြရဆဲဖြစ်ပါတယ်။လူတိုင်းဟာ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ဖို့ နေရာလေးတစ်ခု ရထိုက်ပါတယ်"လို့ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်အတွက် လိုအပ်သောရန်ပုံငွေ ၏ ၁၂ ရာခိုင်နှုန်းသာ ရရှိထားပြီး ငလျင်အတွက် နောက်ဆက်တွဲ ရန်ပုံငွေတောင်းခံလွှာအတွက် ၃၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိထားပါတယ်။
၂၀၂၅ ခုနှစ် ပထမ သုံးလပတ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် အကူအညီပေးရန် လျာထားသောလူဦးရေ၏ ၂၇ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၁ ဒသမ ၅ သန်းအား အရေးကြီးသော အကူအညီများ ပေးခဲ့ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်းဒေသကြီး ကျော်ဇေယျာကျေးရွာသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်၍ လူနေအိမ်များ မီးလောင်ကျွမ်းမှုကို NUGမီးသတ်တပ်ဖွဲ့ဝင်များငြိမ်းသတ်ပေး
ဇူလိုင် ၁၀ရက်
စစ်ကိုင်းတိုင်းဒေသကြီး ကျော်ဇေယျာကျေးရွာသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်၍ လူနေအိမ်များ မီးလောင်ကျွမ်းမှုကို NUGမီးသတ်တပ်ဖွဲ့ဝင်များငြိမ်းသတ်ပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်းဒေသကြီး ကျော်ဇေယျာကျေးရွာသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ်များ မီးလောင်ကျွမ်းနေကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ စစ်ကိုင်းမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့မှ မီးငြှိမ်းသတ်ယာဥ်အသုံးပြု၍ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့စစ်ကိုင်းမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ကဖော်ပြပါတယ်။
မီးလောင်မှုကြောင့်နေအိမ် ၈ လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်သဖြင့် နယ်မြေခံမီးသတ်တပ်ဖွဲ့မှ ပြည်သူလူထုအားရွေ့ပြောင်းကူညီပေးခြင်းနှင့် ငြိမ်းသတ်ကယ်ဆယ်ရေးလုပ်ငန်းစဥ်များ တပြိုင်နက်ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်သားတွေ၊ ရဲတွေ၊ အတင်းအကျပ် အသွင်ပြောင်းခံခဲ့ရတဲ့ ညီနောင်ဖြစ်တဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေ စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ကြဖို့ PNFC ဥက္ကဋ္ဌ ခွန်မြတ်ထွန်း တိုက်တွန်း
ဇူလိုင် ၁၀ရက်
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ၊ ရဲတွေ၊ အတင်းအကျပ် အသွင်ပြောင်းခံခဲ့ရတဲ့ ညီနောင်ဖြစ်တဲ့ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်တွေ စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ကြဖို့ PNFC ဥက္ကဋ္ဌ ခွန်မြတ်ထွန်းက ဒီနေ့ ဇူလိုင်လ ၁ဝ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေး၊ စစ်ရေး၊ သ့တမန်ရေး၊ ဘဏ္ဍာရေး စီးပွားရေး စတဲ့ နယ်ပယ်ပေါင်းစုံ မျက်နှာစာပေါင်းစုံမှာ အရှုံးကြီး ရှုံးလာပြီး ကျဆုံးနေတာကြောင့် ရှုံးမဲ မဲနေလာပြီလို့ ဆိုပါတယ်။
ဒါကြောင့်လည်း ပြည်သူလူထုကို ရန်သူလို့သတ်မှတ်ပြီး ရက်ရက်စက်စက် နှိမ်းနင်းတာတွေ ပိုပြီးလုပ်လာကြတာပဲဖြစ်တယ် လို့ အသိပေးထားပါတယ်။
စစ်သားတွေ၊ ရဲတွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ် စတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်ပြီး CDM လုပ်နိုင်ရင် လုပ်ကြဖို့ CDM မလုပ်နိုင်ရင်လည်း ရှေ့တန်းစစ်မြေပြင်ရောက်တဲ့အခါမှာ အလံဖြူထောင်ပြီး ပြည်သူ့ဖက်က ပူးပေါင်းကြပါလို့လည်း PNFC ဥက္ကဋ္ဌ ခွန်မြတ်ထွန်းက ထပ်ပြီး တိုက်တွန်းထားပါတယ်။
အလံဖြူထောင်ပြီး ပြည်သူ့ဘက်ကို ပူးပေါင်းကြတဲ့အခါမှာလည်း ပြန်လည်ပစ်ခတ်တာမျိုးတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။
တိုက်ပွဲဖြစ်ပြီးမှ အဖမ်းခံရတာနဲ့စာရင် အလံဖြူထောင်ပြီး ပြည်သူ့ဘက် ပူးပေါင်းလာရင် ပြည်သူ့သားကောင်းအဖြစ် သတ်မှတ်ခံရမှာဖြစ်တယ်လို့လည်း အသိပေးပေးထားပါတယ်။
စစ်သုံပန်းတွေအနေနဲ့ အဖမ်းခံရမယ်ဆိုရင် စစ်သုံ့ပန်းလို့ ဆက်ဆံခံရမှာပဲဖြစ်တယ်လို့လည်း PNFC ဥက္ကဋ္ဌက ထပ်ပြီး သတိပေးထားပါတယ်။
နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်ပြီး တောင်တန်းမြေပြန်မခွဲခြားတဲ့ တော်လှန်ရေးဖြစ်ပြီး ပြည်သူလူထုဟာ ခောတ်ပြောင်းစနစ်ပြောင်းကို လိုချင်တာလို့ အသိပေးထားပါတယ်။
စစ်အုပ်ဘက်က စစ်အာဏာရှင်စနစ်ကို အထိခိုက်မခံတဲ့အတွက် အုပ်ချုပ်မှုပုံစံပြောင်းတဲ့စနစ်နဲ့ ကြိုးစားနေပေမယ့် အောင်မြင်မှာ မဟုတ်တဲ့အတွက် စစ်သားတွေ၊ ရဲတွေ၊ နယ်ခြားစောင့် တပ်တွေနဲ့ ပြည်သူ့စစ်ဆိုတဲ့ ဘဝကနေ ရုန်းထွက်ပြီး ပြည်သူလူထုနဲ့အတူ ပူးပေါင်းကြဖို့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ - PNFC ဥက္ကဋ္ဌ က အလေးအနက် ပန်ကြားထား ပါတယ်။
========================
🚩🚩 ၂။ တောင်ငူမှာရှိတဲ့ စစ်ရှုံးကောင်စီရဲ့ ကေတုမတီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဉ် ၂ စင်း ပျက်စီးပြီး လေတပ်အရာရှိ ၅ ဦးနဲ့အခြားအဆင့် ၆ ဦး သေဆုံး
ဇူလိုင် ၁၀ရက်
ဇူလိုင်လ ၈ ရက်နေ့ မနက် အစောပိုင်းမှာ ကေတုမတီ လေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၁၁ လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တာနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေကို ဒီနေ့ ဇူလိုင် ၁ဝရက်မှာ Brave Warriors for Myanmar – BWM အဖွဲ့က ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်နဲ့ပတ်သက်လို့ ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေကတဆင့် သိရတဲ့အချက်တွေအရ အရာရှိနားနေ ဧည့်ခန်းမဆောင် ပြိုကျပျက်စီးပြီး ပရိဘောဂပစ္စည်းတွေ မီးလောင်သွားသလို လေယာဉ်ပြေးလမ်း ပျက်စီးမှုတွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်မှုရုံးနဲ့ ဆက်သွယ်ရေးပစ္စည်းတွေထားရှိရာ အဆောက်အအုံ ပြိုကျပျက်စီးကာ အမှတ် ၂ ဆီဂိုထောင် မီးလောင်ပျက်စီးသွားသလို ဂျက်ဖိုက်တာတစင်း နောက်မြီးပိုင်း ပျက်စီးသွားတဲ့အပြင် စစ်တပ်ထောက်ပို့လေယာဉ် Y-8 တစင်း ညာဘက်ခြမ်းပန်ကာနဲ့ ဆီတိုင်ကီ မီးလောင်ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။
ထူတွေထိခိုက်မှုကို အသိပေးရာမှာတော့ လေတပ်အရာရှိ ၅ ဦးနဲ့ အခြားအဆင့်စစ်သည် ၆ ဦး ပွဲချင်းပြီး သေဆုံးကာ လေတပ်အရာရှိ ၈ ဦးနဲ့အခြားအဆင့် စစ်သည် ၁၂ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုထားပါတယ်။
အရာရှိနဲ့စစ်သည် အများအပြား ထိခိုက်ဒဏ်ရ်ရသွားတာကြောင့် တပ်တွင်း မဆရ တွဲဖက်ဆေးခန်းတွေမှာ လူနာအပြည့်ဖြစ် နေပြီး ဆေးရုံကြီးကို အရပ်ကားတွေနဲ့ ပို့ဆောင်နေရတယ်လို့ ကနဦးသိထားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar – BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ တို့က BWM မစ်ရှင် ၄၂ အဖြစ် ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၃။ မိုးကုတ်မြို့နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရ
ဇူလိုင် ၁၀ရက်
မန္တလေးတိုင်း မိုးကုတ်မြို့နယ်ထဲက ပန်မထိပ်ရွာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာကြဲ တာကြောင့် ကလေး ၂ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ် TNLA ဘက်က ဒီနေ့ ဇူလိုင် ၁ဝ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဝါဆိုလပြည့်နေ့ဖြစ်တဲ့ မနေ့က ည ၈ နာရီကျော်အချိန်မှာ လေကြောင်းကနေ ဗုံးတွေလာကြဲတာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားသလို အိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်
အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို တိုက်ပွဲဖြစ်တာ မရှိဘဲ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးတွေလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၈ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးကုတ်မြို့ကို ၂ ရက်ဆက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီ ၂ ရက်အတွင်းမှာ အရပ်သား ၅ ဦး သေဆုံးကာ အရပ်သား ပြည်သူ ၁၆ ဦး ဒဏ်ရာရခဲ့တာပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တအာင်းပြည်အတွင်း စစ်အင်အားဖြည့်တင်းတာ ထိုးစစ်ဆင်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတာ စတဲ့လုပ်ရပ်တွေ ပြုလုပ်နေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ နောင်ချိုမြို့နယ်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း အလွန်အကျွံသုံးပြီး တိုက်ခိုက်
ဇူလိုင် ၁၀ရက်
ရှမ်းမြောက်ဒေသ တအာင်းပြည် တပ်မဟာ ၃ နယ်မြေမှာရှိတဲ့ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း အလွန်အကျွံအသုံးပြု တိုက်ခိုက်နေတယ်လို့ TNLA ဘက်က ပြောပါတယ်။
နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်း၊ နောင်လင်၊ ကျောက်တော၊ အုမ္မခါး၊ နားမုံနဲ့ ရေမောင်းတန်ကျေးရွာကြားမှာ မနေ့ ဇူလိုင် ၉ ရက်က စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဆက်ဖြစ်ခဲ့ရာမှာ စစ်တပ်က လက်နက်ကြီး ၁၃၂ လုံး၊ ဒရုန်းနဲ့ ဗုံးအလုံး ၅၀ လုံး အသုံးပြုတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ TNLA ဘက်က အခုလို ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။
နောင်လင်၊ ကျောက်ကြမ်းနဲ့ အုမ္မခါးကျေးရွာတို့မှာဖြစ်တဲ့တိုက်ပွဲမှာ တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ၇၅ လုံး၊ ဒရုန်းနဲ့ ဗုံးအလုံး ၄၀ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်တော၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှာဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ချိန်အတွင်း လက်နက်ကြီး ၁၀ လုံးနဲ့ ဒရုန်း ဗုံး ၁၀ လုံး အသုံးပြုခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အအပြင်တိုက်ပွဲဖြစ်တာမရှိတဲ့ ရေမောင်တန်းကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးကျည် ၄၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ထဲက ရေမောင်းတန်း၊ နောင်လင်၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ကျောက်တော၊ နားမုံနဲ့ ကသဲမျှောင်ကျေးရွာတို့မှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်က လက်နက်ကြီး ၁၈၉ လုံး၊ ဒရုန်းနဲ့ ဗုံး ၄၈ လုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ဘက်ပြောင်းခိုလှုံလာတဲ့ သုခတပ်စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးအတွက် ဂုဏ်ယူကြောင်း KNU တပ်မဟာ - ၄ ထုတ်ပြန်
ဇူလိုင် ၁၀ရက်
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင်ထဲက မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ သုခ စစ်စခန်းက စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေးဦး (ခ) စောမိုးဇက် ပြည်သူ့ရင်ခွင် ဘက်ပြောင်းခိုလှုံလာတာအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြောင်း KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ - ၄ က ဒီနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ ခလရ ၂၈၂ တပ်ရင်းက စစ်ကြောင်း - ၂ စစ်ကြောင်းမှူးဖြစ်တဲ့ သုခစခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦးဟာ သူ့ရဲ့ သဘောဆန္ဒအရ စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး ဇူလိုင် ၁ ရက်နေ့မှာ ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်း ခိုလှုံလာခဲ့ တာလို့ သိရပါတယ်။
ဗိုလ်ကြီးမျိုးဆွေဦးဟာ လက်နက်ခဲယမ်းတွေယူဆောင်ပြီး KNU တပ်မဟာ - ၄ တပ်ရင်း ၁ဝ တပ်ရင်းမှူးနဲ့ချိတ်ဆက်ကာ ထွက်ခွာခဲ့ပြီးနောက် သုခစခန်းကို KNU တပ်မဟာ - ၄ ပူးပေါင်းတပ်က ဇူလိုင် ၇ရက်မှာ တိုက်ခိုက်ခဲ့သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၄ ဦး ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဘက်ပြောင်းခိုလှုံလာတဲ့ ဗိုလ်ကြီးမျိုးဆွေဦးရဲ့ သဘောထားကိုလည်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ခဲ့ရာမှာ စစ်ကောင်စီဟာ သူတို့ အာဏာတည်မြဲရေးအတွက် အကြောင်းပြချက် အမျိုးမျိုးဖန်တီးပြီး ပြည်သူလူထုအပေါ် တရားမျှတမှုမရှိ၊ ထင်ရာစိုင်းလိုတဲ့ စိတ်ဆန္ဒနဲ့ အကြမ်းဖက်တိုက်ခိုက်နေတယ်လို့ ဗိုလ်ကြီးမျိုးဆွေဦးကပြောဆိုခဲ့တာကို လည်း ဖော်ပြထားပါတယ်။
KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ - ၄ ဟာ ဒေသတွင်း ပြည်သူကာကွယ်ရေးတပ်တွေအပါအဝင် အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ပေါင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို တခုပြီးတခု သိမ်းပိုက်နေရာ သုခစခန်း၊ငါးရံ့နီစခန်း၊ ဘောဒီစခန်း၊ ထီးခီးစခန်း၊ထီးထစခန်း စတဲ့ မြန်မာ-ထိုင်းနယ်စပ်က စစ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment