၂၀၂၅ ဇူလိုင်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နဲ့ သဘောထားထုတ်ပြန်
📌 ၂။ NUG ကျန်းမာရေးဝန်ကြီးဌာန၏ (၄) နှစ်တာ ကာလအတွင်း ကျန်းမာရေးအဆောက်အအုံ ၁၁၀၆ခု၊ တာဝန်ခံ ၃၂၅ဦး၊ လုပ်သားအင်အား ၅၀၉၈ဦးနဲ့ ဆောင်ရွက်ခဲ့
📌 ၃။ နွေဦးတော်လှန်ရေးမှာ မြို့နယ် ၁၂ ခုမှ ဆင်ကောင်ရေ ၃၁၃ ကောင် ပါဝင်လျှက်ရှိပြီး ဝန်ကြီးဌာနရဲ့ လစဉ်ရရှိ ရုံးအသုံးစရိတ်ကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် အသိပေး
📌 ၄။ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီရဲ့ ဗိုလ်ချုပ်/ဗိုလ်မှူးချုပ် အဆင့် ၃၀ နီးပါး ထိခိုက်ဆုံးရှုံးခဲ့
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖားဆောင်း ခလရ (၁၃၄)ကို သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟု ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့မှ ထုတ်ပြန်
🚩 ၂။ စလေ ခလရ ၄၁၆ မှ ထွက်လာသော စစ်ကြောင်းကို ချောက်မြို့နယ် မြေပဒုံနှင့် တောင်သာရွာကြား အရောက်တွင် တိုက်ခိုက်ရာ ၃ဦးသေဆုံး၊ အရာရှိ၁ ဦး အပါအဝင် ၁၅ဦးခန့် အပြင်းအထန် ထိခိုက်
🚩 ၃။ ငါန်းဇွန်မှာ စစ်ကောင်စီ စစ်ကြောင်းကို ၇ ရက်ကြာ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့ရာ ၂၈ ဦး သေဆုံး
🚩 ၄။ တောင်သာမြို့နယ်တွင် လျှပ်စစ်မီးလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ ၅ဦး သေဆုံး
🚩 ၅။ အောင်လံမြို့နယ်တွင်း နယ်မြေရှင်းလင်းရေး လုပ်စဉ် စစ်ကောင်စီတပ်သား တစ်ဦး ဖမ်းမိရာ စစ်ဆေးစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း
🚩 ၆။ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ဦးနှင့် အဘိုးအို ၁ဦး သေဆုံးပြီး ၁၇ဦးခန့် ထိခိုက်
🚩 ၇။ အထူးတိုင်း ဗျူဟာ (၃၂) အောင်ဇေယျ အပတ်စဉ် သင်တန်းဆင်းပွဲ ကျင်းပ
🚩 ၈။ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၅) နှင့် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် လက်နက်နှင့် ကျည်ကာအင်္ကျီ၊ ဦးထုပ်များ တပ်ဆင်
🚩 ၉။ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၀) သင်တန်းဆင်းအခမ်းအနား ကျင်းပပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ရပ်တည်ချက်နဲ့ သဘောထားထုတ်ပြန်
ဇူလိုင်လ ၃ရက်
Radio NUG
ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ကြိုးစားနေတဲ့ တရားမဝင် စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် အခွင့်အာဏာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်လ ၃ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ပြီး အဲဒီ့ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ဥပဒေပြုရေးမဏ္ဍိုင် ၊ အုပ်ချုပ်ရေးမဏ္ဍိုင်တွေဟာ အခိုင်အမာ တည်ရှိနေပြီး ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့ ဆန့်ကျင်ကာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်ခြင်းအပြင် ပြည်သူ့အချုပ်အချာအာဏာကို မတရားရယူရန် ကြိုးစားခြင်း ဖြစ်တယ်လို့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၃/၂၀၂၅ မှ ကောက်နုတ်ဖော်ပြထားပါတယ်။
၂ဝ၂၁ ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေအတိုင်း လုပ်ဆောင်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီတရားမဝင် အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေကို ပြေလည်စေမယ့် ထွက်ပေါက် မဟုတ်ကြောင်း၊ တော်လှန်ရေးအင်အားစုတွေဟာ မိမိတို့ရဲ့ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နဲ့ နိုင်ငံရေး လမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြပါတယ်။
ပြည်သူလူထုတရပ်လုံးအနေနဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ NUG ကျန်းမာရေးဝန်ကြီးဌာန၏ (၄) နှစ်တာ ကာလအတွင်း ကျန်းမာရေးအဆောက်အအုံ ၁၁၀၆ခု၊ တာဝန်ခံ ၃၂၅ဦး၊ လုပ်သားအင်အား ၅၀၉၈ဦးနဲ့ ဆောင်ရွက်ခဲ့
ဇူလိုင်လ ၃ရက်
Radio NUG
၂၀၂၁ ဧပြီလမှ ၂၀၂၅ ဧပြီလ အထိ ကျန်းမာရေးအဆောက်အအုံ ၁၁၀၆ခု၊ တာဝန်ခံ ၃၂၅ဦး၊ လုပ်သားအင်အား ၅၀၉၈ဦးနဲ့ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ (၄) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်များကို ဇူလိုင်လ ၃ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေါင်း ၁၄၇,၆၆၅ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးဖွားမှုပေါင်း ၃၁,၆၅၆ကို ဆောင်ရွက်ပေးခဲ့ကာ ခွဲစိတ်မွေးဖွားမှုပေါင်း ၁၂,၃၅၉ခုကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြင်ပလူနာ ၂,၄၁၆,၅၀၈ဦးနှင့် ခွဲစိတ်လူနာ ၉၉၈၂၃ဦး ရှိခဲ့ပြီး လွှဲပြောင်းပေးရသော လူနာ ၉၂၄၁ဦး ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ထို့အပြင် မြေပြင်ကျောင်းပေါင်း (၁,၈၁၁) ကျောင်းရှိ ကျောင်းသားပေါင်း (၁၉၃,၀၁၇) ဦး အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြေပြင် ဆေးရုံ/ဆေးခန်းပေါင်း၏ သုံးပုံတစ်ပုံခန့်မှသာ အချက်အလက် ရရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် အရေအတွက်မှာ ယခုထက် (၃) ဆခန့် ပိုမိုများပြားနိုင်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးမှာ မြို့နယ် ၁၂ ခုမှ ဆင်ကောင်ရေ ၃၁၃ ကောင် ပါဝင်လျှက်ရှိပြီး ဝန်ကြီးဌာနရဲ့ လစဉ်ရရှိ ရုံးအသုံးစရိတ်ကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် အသိပေး
ဇူလိုင်လ ၃ရက်
Radio NUG
နွေဦးတော်လှန်ရေးမှာ မြို့နယ် ၁၂ ခုမှ ဆင်ကောင်ရေ ၃၁၃ ကောင် ပါဝင်လျှက်ရှိပြီး ဝန်ကြီးဌာနရဲ့ လစဉ်ရရှိ ရုံးအသုံးစရိတ်ကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်လို့ ဇူလိုင်လ ၃ရက်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အသိပေးဆိုထားပါတယ်။
"ဆင်ထိန်းဖို့ ဆိုတာ တော်ယုံ သံယောဇဉ် နဲ့မရပါဘူး။ ဆင်နားကပ်လိုက်နေတဲ့ ခြင်၊ ယင်၊ ပိုးမွှား ဒဏ်လည်း ခံရပါတယ်။ တောနက်မှာ အကြမ်းအခံဆုံး သတ္တဝါများ သဘာဝအတိုင်း သွားလာလှုပ်ရှားတဲ့နောက် ရာသီဥတုဒဏ်ကို အံ့တုပြီး တကောက်ကောက် လိုက်ရတယ်။ နွေဦးတော်လှန်ရေးမှာ လက်ရှိ မြို့နယ် ၁၂ ခုမှ ဆင်ကောင်ရေ ၃၁၃ ကောင် ပါဝင်လျက်ရှိတယ်။ ဝန်ကြီးဌာနရဲ့ လစဉ်ရရှိ ရုံးအသုံးစရိတ်ကနေလည်း တတ်နိုင်သလောက် ထောက်ပံ့နေသလို နိုင်ငံတကာရောက် ဆင်ချစ်သူများကလည်း "တော်လှန်တပ်သား မိုမိုလေးများ" ကမ်ပိန်း အစီအစဉ်မှတဆင့် ထောက်ပံ့ကူညီပေးနေတာဖြစ်တယ်။ ကြားထဲမှာ မြေမြုပ်မိုင်းထိလို့ ခြေပြတ်လက်ပြတ် ဖြစ်နေတဲ့ ဆင်တွေလည်း ရှိနေပါတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။
========================
📌📌 ၄။ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီရဲ့ ဗိုလ်ချုပ်/ဗိုလ်မှူးချုပ် အဆင့် ၃၀ နီးပါး ထိခိုက်ဆုံးရှုံးခဲ့
ဇူလိုင်လ ၃ ရက်၊
Radio NUG
၂၀၂၃ အောက်တိုဘာလမှ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” မှစပြီး ၂၀၂၅ ဧပြီလအထိ စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ် အဆင့် ထိခိုက်သေဆုံး ဆုံးရှုံးမှု (၂၇) ဦးထိ ရှိခဲ့တယ်လို့ Myanmar Defense & Security Institute - MDSI က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ထိခိုက် ဆုံးရှုံးမှုများတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ (၉) ဦး၊ လက်နက်ချ အညံ့ခံသူ (၆) ဦး၊ သေဆုံးသူ (၇) ဦး၊ မိမိကိုယ်ကို သတ်သေသူ (၁) ဦး၊ သေဆုံး/ပျောက်ဆုံး (၃) ဦး၊ ပျောက်ဆုံးနေသူ (၁) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ် (MNDAA) နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိများ ထိခိုက်ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ပြီး စစ်သုံ့ပန်း (၃) ဦး၊ လက်နက်ချ (၆) ဦး၊ သေဆုံး (၂) ဦး နဲ့ သတ်သေသူ (၁) ဦး စုစုပေါင်း (၁၂) ဦးအထိ ရှိခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲမှာလည်း စစ်သုံ့ပန်း (၄) ဦး၊ သေဆုံး (၂) ဦး၊ သေဆုံး/ပျောက်ဆုံး (၃) ဦးနဲ့ ပျောက်ဆုံး (၁) ဦး ရှိခဲ့ကာ တအာန်းတပ် (TNLA) နဲ့ တိုက်ပွဲမှာ စစ်သုံ့ပန်း (၁) ဦးနဲ့ သေဆုံးသူ (၁) ဦး ရှိခဲ့ပါတယ်။
ထို့အပြင် ကချင်တပ် (KIA) နဲ့ ကရင်တပ် (KNLA) တို့နဲ့ တိုက်ပွဲမှာ တပ်မမှူး (၁) ဦးစီ သေဆုံးခဲ့ရသလို NUG လက်အောက်ခံ PDF ပူးပေါင်းတပ်ဖွဲ့ကလည်း တပ်မမှူး (၁) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါသေးတယ်။
၎င်းတို့ထဲတွင် ရာထူးအဆင့်အားဖြင့် တိုင်းမှူး(ဟောင်း) (၁) ဦး၊ ဒု-တိုင်းမှူး (၂) ဦး၊ တိုင်းစစ်ဦးစီးချုပ် (၂) ဦး၊ ဒေသဦးစီး အဖွဲ့မှူး (၁) ဦး၊ ဒကစမှူး (၁) ဦး၊ တပ်မမှူး (၁၀) ဦးနဲ့ စကခမှူး (၁၀) ဦး ပါဝင်ပြီး တမခ / စကခ (၃၀) ရှိသည့်အနက် (၁၇) ခုက တပ်မမှူးများ ထိခိုက်ဆုံးရှုံးထားရတာကို တွေ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖားဆောင်း ခလရ (၁၃၄)ကို သိမ်းပိုက်ခဲ့ပြီး တရုတ်နိုင်ငံထုတ် FTC-2000G တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟု ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့မှ ထုတ်ပြန်
ဇူလိုင်လ ၃ရက်
Radio NUG
ဖားဆောင်းမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခလရ (၁၃၄) နှင့် ခလရ (၁၃၅) တို့အား ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်တွင် ခလရ (၁၃၄) ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖားဆောင်းမြို့ရှိ အဆိုပါတပ်ရင်းနှစ်ခုကို စတင်ထိုးစစ်ဆင်သည့်နေ့ရက်မှ စ၍ ယနေ့အထိ တရားမဝင်အာဏာသိမ်းစစ်တပ်မှ ဂျက်ဖိုက်တာအမျိုးမျိုးအပြင် (Y-12, Y-8, FTC-2000G, Military Transport Aircraft) ဖြင့် လေကြောင်းစစ်ကူများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လ (၂) ရက်၊ နံနက် (၁) နာရီခန့်တွင် ဖားဆောင်းမြို့ တိုက်ပွဲသို့ ဗုံးကြဲတိုက်ခိုက်ရန် ပျံသန်းလာခဲ့သော တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဂျက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုပစ်ခတ်ခံရမှုကြောင့် ပျက်ကျသွားခဲ့သော တိုက်လေယာဉ်အား ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်၌ ဖားဆောင်းမြို့အနီးနားဝန်းကျင်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပစ်ချခံခဲ့ရသော တိုက်လေယာဉ်၏ ကိုယ်ထည်အပျက်အစီးများနှင့်အတူ လေယာဉ်မှူးနှစ်ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုပါ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများအပါအဝင် သာလွန်လက်နက်များဖြင့် အသုံးပြုတိုက်ခိုက်နေမှုများကို အစွမ်းကုန် တန်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ စလေ ခလရ ၄၁၆ မှ ထွက်လာသော စစ်ကြောင်းကို ချောက်မြို့နယ် မြေပဒုံနှင့် တောင်သာရွာကြား အရောက်တွင် တိုက်ခိုက်ရာ ၃ဦးသေဆုံး၊ အရာရှိ၁ ဦး အပါအဝင် ၁၅ဦးခန့် အပြင်းအထန် ထိခိုက်
ဇူလိုင်လ ၃ရက်
Radio NUG
ဇူလိုင် ၂ရက်နေ့တွင် စလေ ခလရ ၄၁၆ မှ ထွက်လာသော အင်အား ၈၀ခန့် စစ်ကောင်စီစစ်ကြောင်းကို ချောက်မြို့နယ် မြေပဒုံနှင့် တောင်သာရွာကြား အရောက်တွင် တော်လှန်ရေး အင်အားစုများ စုပေါင်းပြီး နံနက် ၁၁ :၁၅ အချိန်ခန့်တွင် စတင်ထိတွေ့ဖြစ်ပွားခဲ့ပြီး ထိတွေ့ချိန် မိနစ်၉၀ခန့်ကြာခဲ့ကြောင်း မြိုင်ပကဖမှ သတင်းထုတ်ပြန်ပါတယ်။
ထိတွေ့မှုအတွင်း ရန်သူ့ဘက်မှ မျက်မြင် ၃ ဦး သေဆုံးကာ အရာရှိ၁ ဦး အပါအဝင် ၁၅ဦးခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ ၃ကြိမ်ပေး၍ တိုက်ခိုက်ခဲ့သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ချောက်မြို့နယ်တော်လှန်ရေးတပ် (CRA) ၊ မကွေး ခရိုင် တပ်ရင်း(၁) ၊ ချောက် ပကဖ နှင့် ဒေသခံ မဟာမိတ်တပ် ပေါင်းစုများစုပေါင်း၍ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ငါန်းဇွန်မှာ စစ်ကောင်စီ စစ်ကြောင်းကို ၇ ရက်ကြာ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့ရာ ၂၈ ဦး သေဆုံး
ဇူလိုင်လ ၃ ရက်၊
Radio NUG
တံတားဦးမြို့နယ်မှ ငါးဇွန်မြို့နယ်ဘက်ကို ကား ၇ စီးဖြင့် ထွက်လာပြီး ဂွေးကုန်းဂိတ်နဲ့ စက်မှုဇုံကြားမှာ ကားရပ်ကာ ခြေလျှင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ ၇ ရက်ကြာ ကင်းပုန်းဝပ်ပြီး အပိုင်တိုက်ခိုက်ခဲ့ရာ (၂၈) ဦး သေဆုံးခဲ့တယ်လို့ Special Task Force - Ngazun က ထုတ်ပြန်ထားပါတယ်။
၁၂ ဘီးကား ၁ စီး၊ ဖောကား ၃ စီး၊ လိုက်ထရပ်ကား ၁ စီး၊ မက်တူးကား ၂ စီးဖြင့် ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းကွင်းနား အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၄ ရက် နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့ထိ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁ ရက်နေ့ မနက် ၅ နာရီ မိနစ် ၄၀ ခန့်မှာ သတ်ကွင်းဖော်ထားတဲ့ မိုင်းကွင်းထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ၃ နေရာခွဲကာ အပိုင်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ ဗိုလ်ကြီး ၁ ဦး၊ ဗိုလ်လေး ၂ ဦး အပါအဝင် ၂၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အများအပြား သေဆုံး၊ ဒဏ်ရာရသွားတဲ့ စစ်ကောင်စီစစ်ကြောင်းက အနီးနား ရွာများမှာ ဒေသခံများကို ဓားစာခံအနေနဲ့ ခေါ်ဆောင်သွားခဲ့ပြီး တောနင်းကာ မြို့သာ စက်မှုဇုံဘက်ကို ဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၆) တပ်ရင်း တပ်ခွဲ (၃) ၊ မြင်းခြံခရိုင် အမှတ် (၆) တပ်ရင်း တပ်ခွဲ (၂) နဲ့ TGYR Youth Guerrilla Counter Revolution Ngazun အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး ရဲဘော်တစ်ဦး ၆၀မမ အစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ တောင်သာမြို့နယ်တွင် လျှပ်စစ်မီးလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ ၅ဦး သေဆုံး
ဇူလိုင်လ ၃ ရက်
Radio NUG
ဇူလိုင်လ (၁)ရက်နေ့တွင် တောင်သာမြို့နယ်၊ သံမဏိစက်ရုံကို သွားတဲ့ လျှပ်စစ်မီးလိုင်းအား သံမဏိစက်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများမှ လျှပ်စီးမီးလိုင်းပြင်ရန် လာမည်ကို သတင်းရထားတာကြောင့် ကင်းပုန်းဝပ်ပြီး စောင့်ခဲ့ကာ နံနက် (၄:၄၀)အချိန်ခန့်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ပြီး လက်နက်များသာ ယူကာ အလောင်းများကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် တောင်သာဆေးရုံတွင် ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး ဆေးရုံတွင် (၂၀)ဦးခန့် ဒဏ်ရာရှိထားတယ်လို့ သိရပါသည်။
တိုက်ပွဲအတွင်း သေဆုံးတဲ့ စစ်ကောင်စီ နှစ်ဦးကို ဇူလိုင်လ (၂)ရက်နေ့တွင် သင်္ဂြိုဟ်ပေးခဲ့ပြီး တိုက်ပွဲအတွင်း 5.56ကျည် 20 တောင့်၊ G-3ကျည် 46တောင့်၊ လက်ပစ်ဗုံး 5လုံး၊ 60မမ 2လုံး၊ G-3ကျည်ဘောက် 3ဘောက်၊ MAကျည်ဘောက် 3ဘောက်နှင့် ဖုန်း 1လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ အောင်လံမြို့နယ်တွင်း နယ်မြေရှင်းလင်းရေး လုပ်စဉ် စစ်ကောင်စီတပ်သား တစ်ဦး ဖမ်းမိရာ စစ်ဆေးစဉ် ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်း
ဇူလိုင်လ ၃ ရက်
Radio NUG
ဇွန်လ ၂၇ရက်နေ့တွင် အောင်လံမြို့နယ်အတွင်း တစ်နေရာတွင် စစ်ကြောင်းဖြတ်တောက်ရေးနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီ တပ်သား တစ်ဦးကို ဖမ်းမိကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သတင်းထုတ်ပြန်ပါတယ်။
၎င်းနှင့်အတူ MA-1 တစ်လက်၊ ကျည်ဘောက် (၃)ဘောက်၊5.56 ကျည် (၂၁ဝ) တောင့်၊ (၆ဝ)မမ တစ်လုံးသိမ်းဆည်း ရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုစစ်ကောင်စီ တပ်သားကို စစ်ဆေးဆောင်ရွက်စဉ် ကာလတွင် ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသော်လည်း ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
ထိုတိုက်ခိုက်မှုကို အမှတ်(၉ဝ၂) တပ်ရင်း ၊သရက်ခရိုင် တပ်ရင်း(၁) နှင့် အောင်လံမြို့နယ် (ပ.က.ဖ) မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၆။ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ဦးနှင့် အဘိုးအို ၁ဦး သေဆုံးပြီး ၁၇ဦးခန့် ထိခိုက်
ဇူလိုင်လ ၃ရက်
Radio NUG
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၃)ရက်နေ့ နေ့လယ်(၃:၀၀)အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီသည် မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး နို့စို့အရွယ်ကလေးငယ်(၁)ဦးအပါအဝင် စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းထုတ်ပြန်ပါတယ်။
ထို့အတူ အကြမ်းဖက်စစ်ကောင်စီသည် မတ္တရာမြို့ပေါ်မှ ဝေါရွာသစ်ကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် အသက်(၇၅)နှစ်အရွယ် အမျိုးသား(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားများအပေါ် အဆင်အခြင်မဲ့ ဦးတည်တိုက်ခိုက်မှုများ မကြာခဏကျူးလွန်လျက်ရှိသောကြောင့် မတ္တရာမြို့နယ်ရှိ ဒေသခံအများစုမှာ စစ်ဘေးလွတ်ရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ရလျက်ရှိတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ အထူးတိုင်း ဗျူဟာ (၃၂) အောင်ဇေယျ အပတ်စဉ် သင်တန်းဆင်းပွဲ ကျင်းပ
ဇူလိုင်လ ၃ ရက်၊
Radio NUG
စစ်ကောင်စီမှ အလင်းဝင်လာပြီး တပ်သားများကို ကျားသစ်နက် စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း၊ ဗျူဟာ အမှတ် (၃၂) ရဲ့ အောင်ဇေယျ အပတ်စဉ် သင်တန်းဆင်းပွဲကို ကျင်းပခဲ့တယ်လို့ Black Panther Column က ထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို KNU ဗဟိုကော်မတီဝင် ဗဒိုစောတောနီး၊ ဦးကျော်သက်လင်းနဲ့ ဗျူဟာ ၃၂ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ရဲဘော်များကို ဂုဏ်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထံမှ အလင်းဝင်လာတဲ့ တပ်သားများနဲ့ ဖွဲ့စည်းထားတဲ့ အောင်ဇေယျအပတ်စဉ် ရဲဘော်များဟာ စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ဆင်ရေးကို ပြန်တိုက်သွားမှာဖြစ်ပြီး လူထုတိုက်ပွဲမှ အောင်ပွဲများ ဖော်ဆောင်နိုင်ဖို့ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ကတိပြု ထားပါတယ်။
========================
🚩🚩 ၈။ မြင်းခြံခရိုင် အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀)တပ်ရင်း အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၅) နှင့် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် လက်နက်နှင့် ကျည်ကာအင်္ကျီ၊ ဦးထုပ်များ တပ်ဆင်
ဇူလိုင်လ ၃ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁)စစ်ဒေသ၊ မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်း အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၅) နှင့် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားအား ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၁ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ရဲဘော်သစ်များအား သင်တန်းကာလ (၃) လခန့် အတွင်း အခြေခံစစ်ပညာရပ်များနှင့် တိုက်ခိုက်ရေး ပညာရပ်များအား လေ့ကျင့် သင်ကြား ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မွမ်းမံသင်တန်းဆင်း ရဲဘော်များအား (၁) လခန့် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှုနှင့် တိုက်ခိုက်ရေးစစ်ပညာရပ်များအား ပြန်လည်မွမ်းမံသင်ကြားပေးခဲ့ပြီး လက်နက်၊ ကျည်ကာအင်္ကျီနှင့် ကျည်ကာဦးထုပ်များအား တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မွမ်းမံသင်တန်းဆင်း ရဲဘော်များနှင့် အခြေခံစစ်သင်တန်းအပတ်စဉ် (၅)မှ ရဲဘော်များမှာ မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း မှ ရဲဘော်များဖြစ်ပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၉။ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၀) သင်တန်းဆင်းအခမ်းအနား ကျင်းပပြုလုပ်
ဇူလိုင်လ ၃ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် - ၄ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၀) သင်တန်းဆင်းအခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အခမ်းအနားတွင် ကျောင်းဆင်းစစ်ကြောင်းမှ စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူခြင်း ၊ အလံတော်အလေးပြုခြင်း ၊ သစ္စာအဓိဋ္ဌာန်ဆိုခြင်း ၊ မိန့်ခွန်းပြောကြာခြင်း ၊ မဟာမိတ်များပေးပို့သောသဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရ သင်တန်းဆင်းရဲဘော်များအား ဆုချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် တပ်ရင်းမှ စစ်မေလေးများ၏ ဖျော်ဖြေရေး အကအလှများဖြင့် အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment