၂၀၂၅ သြဂုတ်လ ၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေနဲ့ဒေသနေပြည်သူတွေကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စားသောက်ကုန်နဲ့ ခြင်ထောင်တွေထောက်ပံ့
📌 ၂။ တအာင်းရဲတပ်ဖွဲ့က ဇူလိုင်လထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၅ ဦးနဲ့ သုံးစွဲသူ ၃၄ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆို
📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့က သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို ကိုးကန့် MNDAA ထောက်ပံ့ကြေးပေး
📌 ၄။ တညောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ စလင်း ပကဖ ရဲဘော်တွေကို ပြည်သူလူထု အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆို
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ၁၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
🚩 ၂။ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်က သင်္ဘော ၅ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော
🚩 ၃။ ပဲခူးရိုးမမှာ အထိုင်ချနေနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာမှာ ဗိုလ်ကြီးအပါ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
🚩 ၄။ ဖရူဆိုမြို့နယ်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းနေတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လာနိုင်တာကြောင့် စစ်ရေး လုံခြုံရေးသတိရှိဖို့ KNDF တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေနဲ့ဒေသနေပြည်သူတွေကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စားသောက်ကုန်နဲ့ ခြင်ထောင်တွေထောက်ပံ့
သြဂုတ်လ (၂)ရက်
စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေနဲ့ဒေသနေပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနက စားသောက်ကုန်နဲ့ ခြင်ထောင်တွေထောက်ပံ့ပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ဒီနေ့ ဩဂုတ် ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်ကိုင်းတိုင်းထဲက ကသာ၊ ချောင်းဦးနဲ့ မြင်းမူတို့မှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသနေပြည်သူတွေအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရ ကျွေးမွေး တာနဲ့ ထောက်ပံ့ကူညီတာတွေ ဇူလိုင်လအတွင်းမှာ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒေသနေပြည်သူတွေကို အိမ်ထောင်စုအလိုက် အိမ်အသုံးအဆောင် ခြင်ထောင်နဲ့ စားသုံးကုန်တွေထောက်ပံ့ကူညီပေးခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသနေပြည်သူတွေအတွက် ထမင်းနဲ့ အာဟာရတွေ ကျွေးမွေးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် စာသင်နေတဲ့ ကျောင်းအတွင်းက ကလေးငယ်တွေကိုပါ အလှူရှင်တွေ ကိုယ်စား အာဟာရတွေ ကျွေးမွေးခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ တအာင်းရဲတပ်ဖွဲ့က ဇူလိုင်လထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၅ ဦးနဲ့ သုံးစွဲသူ ၃၄ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆို
သြဂုတ်လ (၂)ရက်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနဲ့ မိုးကုတ် မြို့နယ်တို့မှာ တအာင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၅ ဦးနဲ့ သုံးစွဲသူ ၃၄ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား ၂ ဦးနဲ့ သုံးစွဲသူ အမျိုးသား ၂ ဦးဆီက ဘိန်းဖြူဆပ်ပြာခွက် ၁၁ ခွက်၊ ယာမဆေးပြား ၂၄၆ ပြား၊ ဖုန်းတလုံး၊ ငွေသား ကျပ်သိန်း တထောင်ကျော် ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြိုနယ်မှာလည်း တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၃ ဦးကို မူးယစ်ဆေးဝါး ၃ ဂရမ်၊ ယာမဆေး ၁၀၀ ပြား၊ ဖုန်းတလုံးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
သီပေါမြို့နယ်မှာတော့ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား ၅ ဦး၊ အမျိုးသမီးတဦး၊ သုံးစွဲသူအမျိုးသား ၂ဦးကို စိတ်ကြွဆေးပြား အထုပ်သေး ၄၂ ထုတ်နဲ့ ၆၈ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၅ ခွက်နဲ့အတူ တအာင်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲကနေ ဆိုင်ကယ်နဲ့ ပန်စရီကျေးရွာကို ပြန်လာတဲ့ မူးယစ်ဆေးဝါးသုံးစွဲထားသူ အမျိုးသား တဦးကို မန်ပင့်တံတား စစ်ဆေးရေးဂိတ်မှာ မိုင်းငေါ့မြို့နယ် တအာင်းရဲတပ်ဖွဲ့က စစ်ဆေးရာက ယာမဆေးပြား ၆၁၅ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့သလို နမ့်ဆန်မြို့နယ်မှာလည်း တအာင်း မြို့နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား ၄ ဦးကို ဘိန်းဖြူထည့်ထားတဲ့ Lipo အချိုရည် တပုလင်း၊ ယာမဆေး ၅ ပြား၊ ခါးခူး ၃ ထုတ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေး ဌာန မှတ်တမ်းအရ သိရပါတယ်။
မန်တုံမြို့နယ်မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသားတဦးကို စိတ်ကြွဆေးပြား အထုပ်သေး ၂ထုပ် ဆေးပြား ၁၃၀ ပြား၊ ငွေသား ကျပ် ၄သိန်းခွဲကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး နမ္မတူမြို့နယ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား ၂ ဦးကို ယာမဆေးပြား ၁၀ ပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့နယ်မှာတော့ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၆ ဦးနဲ့သုံးစွဲသူ ၂၀ ဦးကို ယာမအထုပ်သေး ၁၇ ထုတ်၊ ဆေးပြား ၃၇၉ ပြား၊ ဘိန်းဖြူဆပ်ပြာခွက် ၆ ခွက်နဲ့ ဘိန်းဖြူထည့်ထားတဲ့ ရေသန့်ဗူးအသေး တဝက်ခန့်အပါအဝင် ဖုန်းတလုံးနဲ့ ငွေသားကျပ် ၁၁သိန်းခန့် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့က အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို ပို့ဆောင်ခဲ့ပြီး ပြစ်မှုကြီးသူတွေကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူ သွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့က သေဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို ကိုးကန့် MNDAA ထောက်ပံ့ကြေးပေး
သြဂုတ်လ (၂)ရက်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ ဒဏ်ရာရသူတွေကို ကိုးကန့် MNDAA က ထောက်ပံ့ကြေးပေးခဲ့တယ်လို့ The Kokang က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၃၀ ရက် ညသန်းခေါင်ကျော်အချိန်မှာ အကြမ်းဖက်စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၃ ဦးတို့ကို ကိုးကန့် MNDAA ရဲ့ အထူးဒေသ ၁ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီက ထောက်ပံ့ကြေးပေးခဲ့တာလို့ ဆိုပါတယ်။
အထူးဒေသ ၁ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီက အကြမ်းဖက်စစ်တပ်လက်ချက်ကြောင့် သေဆုံးရသူတဦးအတွက် ကျပ် ၁၆ သိန်း၊ ဒဏ်ရာရသူတဦးအတွက် ကျပ် ၁၀ သိန်းစီ ထောက်ပံခဲ့တယ်လို့ သိရပါတယ်။
ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီအနေနဲ့ ဒေသနေပြည်သူတွေအပေါ် နက်ရှိုင်းတဲ့ စာနာထောက်ထားမှုကို ပြသလိုက်တာ ပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ ရပ်ကွက် ၂ မှာရှိတဲ့ ရာစုသစ်ဟိုတယ်နဲ့ အနီးအနားမှာရှိ တဲ့ အိမ်တွေ ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေများခဲ့ရာမှာ တရုတ်နိုင်ငံသားတဦးလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးကော်မတီအနေနဲ့ အခုလို ထောက်ပံ့ကြေးပေးတာဟာ သေဆုံးသူမိသားစုတွေရဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့နဲ့ ဒဏ်ရာရသူတွေ ဆေးကုသတာနဲ့ ပြန်လည်သန်စွမ်းရေးလုပ်ငန်းတွေအတွက် ရည်ရွယ်တာဖြစ်ပြီး ပြည်သူလူထု ဘေးကင်းလုံခြုံစေရေး လိုအပ်တဲ့အစီအစဥ်တွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ကိုးကန့် MNDAA ရဲ့ သတင်းဌာနဖြစ်တဲ့ The Kokang က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ တညောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ စလင်း ပကဖ ရဲဘော်တွေကို ပြည်သူလူထု အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆို
သြဂုတ်လ (၂)ရက်
မကွေးတိုင်း စလင်းမြို့နယ်ထဲမှာရှိတဲ့ တညောင်းရဲစခန်းကို သိမ်းပိုက်မီးရှို့ရှင်းလင်းပြီး အောင်ပွဲနဲ့ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသနေပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အဲဒီတပ်ဖွဲ့က ဒီနေ့ ဩဂုတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
တညောင်စခန်းသိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့ပြန်လာတဲ့ စလင်း - ပကဖ ရဲဘော်တွေကို ကျေးရွာနေ ပြည်သူလူထု၊ လူကြီး လူငယ်တွေက အောင်သပြေပန်းတွေနဲ့ ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတယ်လို့ အဲဒီတပ်ဖွဲ့က ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ တညောင်ရဲစခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေက ဇူလိုင် ၃၀ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၂ ဦး လက်နက်ချ အညံ့ခံခဲ့တာကြောင့် သေနတ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စလင်းမြို့နယ် ပကဖ အနေနဲ့ ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ ပြည်သူ့အဖွဲ့အစည်းတခုဖြစ်အောင် ဆက်လက်ကြိုးစား အားထုတ်သွားမယ်လို့လည်း အဲဒီအဖွဲ့က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ၁၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
သြဂုတ်လ (၂)ရက်
တအာင်းတပ် PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ၁၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသူသွားတယ်လို့ TNLA ဘက်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၂ ရက် မနက် ၈ နာရီကျော်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅ဝ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။
ဒီနေ့ ဩဂုတ်လ ၂ရက် မနက် ၈ နာရီ ၂၅ မိနစ်မှာ မိုးကုတ်အနောက်ပိုင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းက ပြည်သူလူထုများ အသွားအလာများနေချိန်မှာ စစ်တပ်က ဗုံးတွေလာရောက်ကြဲချခဲ့တာလို့ TNLA ဘက်က ပြောပါတယ်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတပါး၊ ကလေးတဦးနဲ့ အမျိုးသား ၁၀ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ အိမ် ၁၀ လုံး၊ ကား ၃ စီးနဲ့ ဆိုင်ကယ် ၃ စီး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ TNLA ဘက်က အသိပေးပါတယ်။
ဇူလိုင် ၂၉ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၁ ဦးနဲ့ အမျိုသမီး ၇ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၁၄ လုံး ပျက်စီးခဲ့ပါသေးတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင်လအတွင်း မိုးကုတ်မြို့ကို လေကြောင်းကနေ ၅ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ကလေ ၂ဦး၊ အမျိုးသမီး တဦးနဲ့ အမျိုးသား ၆ ဦး သေးဆုံးခဲ့ရပြီး ကလေး ၄ ဦး၊ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂၇ ဦး ဒဏ်ရာခဲ့ကာ အိမ် ၃၈ လုံး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
မိုးကုတ်မြို့ဟာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့တွေထဲက မြို့တမြို့ ဖြစ်ပါတယ်။
စစ်တပ်ဘက်က TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေအပါအဝင် မြို့ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တာတဲ့အတွက် အဲဒီဒေသတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်း အန္တရာယ်ကို သတိထားကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်က သင်္ဘော ၅ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော
သြဂုတ်လ (၂)ရက်
ရွှေကူမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်က သင်္ဘော ၅ စင်းကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနဖြစ်တဲ့ Laiza TV မှာ ဖော်ပြထားပါတယ်။
မနေ့ ဩဂုတ် ၁ ရက်မှာ ၂ စင်း၊ ဇူလိုင် ၃၁ ရက်နေ့မှာ သင်္ဘော ၃ စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ခြေလျင်စစ်ကြောင်းအပါအဝင် လေကြောင်းပစ်ကူတွေနဲ့ အကာအကွယ်ယူပြီး ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး စစ်တပ်ဘက်က အထိနာသွားတယ် ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ဟာ လမ်းတလျောက် တော်လှန်ရေးတပ် တွေ တိုက်ခဲ့နေတဲ့ကြားက မနေ့ ဩဂုတ် ၁ ရက်နေ့ ည ၁ဝ နာရီခန့်မှာ ဗန်းမော်မြို့ကို ရောက်ရှိလာပြီလို့လည်း သိရပါတယ်။
ဗန်းမော်နယ်ထဲ ရောက်ရှိလာတဲ့ စစ်ရေယာဉ်တွေမှာ ကြည်းတပ်က တပ်ရင်း ၂ရင်း၊ အမြောက်တပ်၊ ဆေးတပ်နဲ့ ရုရှားပြန် ဒရုန်းတပ်ဖွဲ့တွေအပါအဝင် စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား ၆၀၀ ကျော် ပါဝင်တယ်လို့ CDM အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနအချို့က အသိပေးဖော်ပြထားပါတယ်။
ဗန်းမော်မြိုကိုသိမ်းယူနိုင်ဖို့ KIAနဲ့ မဟာမိတ်တပ်တွေဟာ မနှစ် ဒီဇင်ဘာလဆန်းပိုင်းကနေ လက်ရှိအချိန်ထိ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ၉ လ နီးပါးရှိလာပြီဖြစ်ပေမယ့် ဗန်းမော်မြို့မကျရေး စစ်တပ်က လေကြောင်းပစ်ကူတွေ အလွန်အကျွံသုံး ပြီး ခုခံနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။
ဗန်းမော်မြို့မှာ တခုတည်းသာကျန်တော့တဲ့ စကခ ၂၁ မကျရေး စစ်တပ်က လေကြောင်းပစ်ကူတွေနဲ့ ခုခံနေချိန်မှာ ရေကြောင်းနဲ့ ကြည်းတပ်တွေပါ ထပ်မံအင်အားဖြည့်လာတာကြောင့် တိုက်ပွဲတွေ ထပ်ပြီး ပြင်းထန်လာဦးမယ်လို့ စစ်ရေး စောင့်ကြည့်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
========================
🚩🚩 ၃။ ပဲခူးရိုးမမှာ အထိုင်ချနေနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာမှာ ဗိုလ်ကြီးအပါ ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
သြဂုတ်လ (၂)ရက်
ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမထဲက ဆွာဆည် ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်း တွေ သိမ်းဆည်းရရှိတယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ဒီနေ့ ဩဂုတ် ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ၊ အမှတ် ၃၅၀၁ တပ်ရင်းနဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PIO/PIA တပ်ဖွဲ့၊ Asho Chin Defense Force- ACDF တို့ ဇူလိုင် ၃၀ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်ရှိသူတဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်၊ လက်နက်ငယ်ကျည်တွေနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ပြီးချိန်မှာ အကြမ်းဖက်စစ်တပ် အထိုင်ချနေတဲ့နေရာကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ဖရူဆိုမြို့နယ်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းနေတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လာနိုင်တာကြောင့် စစ်ရေး လုံခြုံရေးသတိရှိဖို့ KNDF တိုက်တွန်း
သြဂုတ်လ (၂)ရက်
ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေဖြည့်တင်းနေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လာနိုင်တာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ရေး လုံခြုံရေးသတိရှိရှိ နေထိုင်ကြဖို့ ကရင်နီအမျိုးသားများကွယ်ရေးတပ် KNDF ကတိုက်တွန်းပြောကြားလိုက်ပါတယ်။
ဖရူဆိုမြို့မှာရှိတဲ့ အခြေစိုက်စစ်တပ်တွေနဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းထဲကို စစ်တပ်က လေကြောင်းက နေ ခဲယမ်းနဲ့ ရိက္ခာတွေ ထပ်မံပို့ဆောင်နေတာနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က အခုလို သတိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဇူလိုင် ၃၁ ရက် နေ့လယ် ၁ နာရီခွဲခန့်ကနေ ညနေ ၃ နာရီခန့်အထိ မြို့တွင်းမှာရှိတဲ့ တပ်စခန်းတွေနဲ့ လောဂျာကျေးရွာမှာ အခြေစိုက်တဲ့ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းထဲကို အကြမ်းဖက်စစ်တပ်က သယ်ယူပို့ဆောင်ရေးလေယာဉ်နဲ့ လက်နက်ခဲယမ်းတွေ၊ ရိက္ခာပစ္စည်းတွေ လေထီးနဲပစ်ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၈ ရက်နဲ့ ၁၉ ရက်နေ့တွေတုန်းကလည်း အကြမ်းဖက်စစ်တပ်ဟာ ဖရူဆိုမြို့နယ်အတွင်းက တပ်တွေကို လေကြောင်း ကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေ လေထီးနဲ့ပေးပို့ခဲ့သေးတယ်လို့ သိရပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေကို ရိက္ခာနဲ့ ခဲယမ်းတွေ ဆက်တိုက် ပို့ဆောင်နေတာ ကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအနေနဲ့ စစ်တပ်ကပစ်တဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူးသတိပြုဖို့လိုပြီး စစ်ရေး၊ လုံခြုံရေးသတိရှိရှိ နေထိုင်သွားလာကြဖို့ KNDF ဗဟိုက တိုက်တွန်းထား ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment