၂၀၂၅ သြဂုတ်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ
📌 ၂။ CRPHနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်တို့ တွေ့ဆုံဆွေးနွေး
📌 ၄။ ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှူဆိုင်ရာဥပဒေမူကြမ်းကို ဧရာဝတီတိုင်းမှ စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ၏ ဆန္ဒသဘောထား အကြံပြုချက်များရယူ
📌 ၅။ နေပြည်တော်မြောက်ဘက် ၅၄ ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး ၄.၇အဆင့် မြေငလျင်လှုပ်ခတ်
📌 ၆။ တောင်ကြီးက တည်းခိုခန်းတွေနဲ့ အဝင်အထွက် ဂိတ်တွေမှာ PSMS စနစ် အသုံးပြုပြီး စစ်ဆေးဖို့ စစ်ကောင်စီ အမိန့်ထုတ်
📌 ၇။ ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေဖြူမြို့၊ အမှတ် ၄၀၇ တပ်ရင်းမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းအား ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦး သေဆုံး
🚩 ၂။ ကျောက်ထု အမြောက်တပ်မှ ကံကြီးကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
🚩 ၃။ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်
🚩 ၄။ မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး စစ်ကောင်စီ သတင်းပေး သူလျှိုလုပ်နေသူအား ပစ်ခတ်ရှင်းလင်း
🚩 ၅။ ကွတ်ခိုင်တွင် ထရန်စဖော်မာကို ဖြုတ်ခိုးယူသူ (၃)ဦးကို PSLF/TNLAမှ ဖမ်းဆီး
🚩 ၆။ စစ်ကောင်စီနဲ့ PNO ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီဒေသမှာ ဇူလိုင်လအတွင်း ကလေး ၄ ဦး အပါအဝင် ၂၃ ဦး သေဆုံးခဲ့
🚩 ၇။ KNDF B 23 အရန်တပ်သင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ
ဩဂုတ်လ ၇ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၇/၂၀၂၅) ကို သြဂုတ်လ၇ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် -
" ဒီရက်တွေအတွင်းမှာ တော်လှန်ရေးအခြေအနေက စစ်ရေးအောင်ပွဲတွေရှိသလို စိန်ခေါ်မှုတွေလည်း ဆက်ရှိနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ၊ အထူးသဖြင့် ကလေးသူငယ်တွေ သေဆုံးဒဏ်ရာရရှိမှုတွေ၊ ပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရတာကို ဝမ်းနည်းဖွယ် တွေ့ရှိရပါကြောင်း၊ ဒီလို အကြမ်းဖက်မှုတွေက မရပ်မနား ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ အပြစ်ပေးနိုင်ဖိုကိုလည်း ဝိုင်းဝန်းကြိုးပမ်းပေးကြစေလိုကြောင်း၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတင် ပင်းတယမြိုနယ်တစ်ခုတည်းမှာပင် လူ ၈ ဦးခန့် ရေနောက်မျောပါ သေဆုံးခဲ့ရပြီး ဒါဟာ ရာသီဥတုပြောင်းလဲမှုနဲ့အတူ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ပညာရှင်တွေပြောကြားထားတဲ့ သဘာဝသယံဇာတ ကျိန်စာ ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံလိုနိုင်ငံတွေမှာ အထူးသတိထားစရာကောင်းပြီး ဒီသယံဇာတ ကျိန်စာဟာ တိုင်းပြည်အတွက် ဆိုးကျိုးတွေဖြစ်စေပြီး ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပိုနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ လွှမ်းမိုးထိန်းချုပ်တဲ့ ဒေသတွေမှာ သယံဇာတတွေကို စနစ်တကျစီမံခန့်ခွဲပြီး ဒီကျိန်စာမဖြစ်ပေါ်အောင် တားဆီးဖို လိုအပ်ပါကြောင်းနှင့် တော်လှန်ရေးအောင်မြင်ရေးအတွက် ကြိုးပမ်းနေကြချိန်တစ်ပြိုင်နက်တည်းမှာပဲ အနာဂတ်မျိုးဆက်သစ်တွေအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘာဝပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းနိုင်ရေးမှာလည်း အထူးအလေးထား ဆောင်ရွက်ဖို အရေးကြီးကြောင်း” တို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၆/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ CRPHနှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး
သြဂုတ်လ ၇ရက်
Radio NUG
သြဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ZOOM Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီဝင်များ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးဒေသ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်နှင့်တကွ ရေးဆွဲထားသော မူကြမ်းကို မျှဝေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် CRPH နှင့် ဥပဒေရေးရာကော်မတီတို့က အကြံပြုချက်၊ သုံးသပ်ချက်များ ဆွေးနွေးကာ အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်တို့ တွေ့ဆုံဆွေးနွေး
သြဂုတ်လ ၇ရက်
Radio NUG
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့၊ နေ့လယ်(၂း၀၀)နာရီအချိန်တွင်အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒယူနစ်လွှတ်တော်၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်တို့ Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ အဖွင့်အမှာစကားပြောကြားပြီး မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါတယ်။
ထို့နောက်အမျိုးသားညီညွတ်ရေးအစိုးရမှ FSCC ၏ လတ်တလောဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကလည်း မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံပေါ်ပေါက်လာပုံ အကျဉ်းကိုရှင်းလင်းတင်ပြခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ကြားကာလအစီအမံအတည်ပြုရေးလုပ်ငန်းစဉ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်နှင့်လည်း ရေးဆွဲရေးလုပ်ငန်းစဉ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တို့ကိုလည်း အပြန်အလှန်ဆွေးနွေးပြီး အချိတ်အဆက်ရယူနိုင်ခဲ့ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌက ကျေးဇူတင်စကားပြောကြားပြီး ဝန်ကြီး ဦးလွင်ကိုလတ်မှ နှုတ်ခွန်းဆက်နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို နေ့ခင်း(၄း၀၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၄။ ကြားကာလအစီအမံရေးဆွဲရေးကြိုတင်ပြင်ဆင်မှူဆိုင်ရာဥပဒေမူကြမ်းကို ဧရာဝတီတိုင်းမှ စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ၏ ဆန္ဒသဘောထား အကြံပြုချက်များရယူ
သြဂုတ်လ၇ရက်
Radio NUG
ဧရာဝတီတိုင်းညှိနှိုင်းရေးမှူးအဖွဲ့မှ ကြားကာလအစီအမံတရပ်ရေးဆွဲနိုင်ရေး ကော်မရှင်ဖွဲ့စည်းနိုင်ရန် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှူဆိုင်ရာဥပဒေမူကြမ်းကို ဧရာဝတီတိုင်းမှ စီဒီအမ်နိုင်ငံ့ဝန်ထမ်းများ၏ ဆန္ဒသဘောထားအကြံပြုချက်များ ရယူ၍ ဧရာဝတီတိုင်းလွှတ်တော်သို့ တင်ပြနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၅)ရက်၊အဂ်ါနေ့တွင် Zoom Platform မှတဆင့်ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ဝန်ကြီးဌာန(၇)ခုမှ စီဒီအမ်များ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၅။ နေပြည်တော်မြောက်ဘက် ၅၄ ကီလိုမီတာအကွာတွင် ရစ်ခ်တာစကေး ၄.၇အဆင့် မြေငလျင်လှုပ်ခတ်
ဩဂုတ်လ ၇ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၀၉:၀၁ မိနစ်အချိန်ခန့်တွင် နေပြည်တော်မြောက်ဘက် ၅၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရမှ အသိပေးထားပါတယ်။
========================
📌📌 ၆။ တောင်ကြီးက တည်းခိုခန်းတွေနဲ့ အဝင်အထွက် ဂိတ်တွေမှာ PSMS စနစ် အသုံးပြုပြီး စစ်ဆေးဖို့ စစ်ကောင်စီ အမိန့်ထုတ်
ဩဂုတ်လ ၇ ရက်၊
Radio NUG
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့က ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ ကားဂိတ်၊ မြို့အဝင် အထွက်နဲ့ စစ်တပ် ဂိတ်တွေမှာ People Surveillance and Management System (PSMS) စနစ်ကို အသုံးပြုပြီး စစ်ဆေးသွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ထားပါတယ်။
တောင်ကြီးမြို့နယ်အတွင်းကို PDF နဲ့ အခြားသော စစ်ပြေး၊ ရဲပြေးများ၊ အခြားမြို့နယ်မှလာပြီး စစ်မှုထမ်းရှောင်သူများ ဝင်ရောက်မလာစေရန်ဟုဆိုကာ PSMS နည်းပညာ အသုံးပြုပြီး စစ်ဆေး ဖမ်းဆီးဖို့ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဩဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။
ဟိုတယ်၊ တည်းခိုခန်းတွေအနေနဲ့ လာရောက်တည်းခိုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျ ပေးပို့ဖို့၊ ကားဂိတ်များ၊ ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသူများ အနေဖြင့်လည်း ကြည်ဖြူမှန်ကန်စွာ စစ်ဆေးမှုခံယူဖို့နဲ့ ခရီးသည်တွေရဲ့ အချက်အလက်တွေကို သေချာစီစစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို ပေးပို့ရမယ်လို့ ညွန်ကြားထားပါတယ်။
အဆိုပါ ညွန်ကြားချက်ကို ဟိုတယ်ပိုင်ရှင်၊ ယာဉ်လိုင်းပိုင်ရှင်တွေက ပူးပေါင်းဆောင်ရွက်ဖို့၊ လာရောက်စစ်ဆေးချိန်မှာလည်း အသာတကြည် စစ်ဆေးခံဖို့နဲ့ မလိုက်နာတဲ့ သူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ခြိမ်းခြောက်ဖော်ပြထားပါတယ်။
အဆိုပါ ညွှန်ကြားချက်ကို အသုံးချပြီး ငွေလိမ်တောင်းတာ၊ ငွေညှစ်တာ၊ မပေးမချင်း ချုပ်နှောင်ခံထားရတာတွေ ဖြစ်လာနိုင်တာကြောင့် တောင်ကြီးမြို့ကို လာရောက်ကြမယ့်ပြည်သူတွေ အထူးသဖြင့် လူငယ်တွေအနေနဲ့ အထူး ဂရုစိုက်ကြဖို့ TGI Support Revolution အသိပေးထားပါတယ်။
========================
📌📌 ၇။ ကျောက်မဲမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်
ဩဂုတ်လ ၇ရက်
Radio NUG
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အမျိုးသား နှစ်ဦး သေဆုံးခဲ့ကာ နေအိမ်များနှင့် လမ်းများ ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ ကျောက်မဲမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
ဩဂုတ်လ ၇ ရက် မနက်ပိုင်းတွင် ကောင်းလန်းနှင့် နောင်ကွမ်ရွာကြားရှိ ချောင်းဘေးတွင် ရေထဲမျောပါသေဆုံးနေသည့် ရှမ်းအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ထို့ပြင် နောင်ချိုမှ နောင်ပိန်ကျေးရွာသို့ စစ်ရှောင်လာသူ အသက် ၅၀ ကျော်အရွယ် ဦးဒီးယားဆိုသူသည် ဆိုင်ကယ်ဖြင့် ခရီးသွားနေစဉ် နမ့်ဟူးရွာအနီးတွင် ရေစီးထဲမျောပါကာ သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို ဩဂုတ်လ ၇ ရက် မနက်ပိုင်းတွင် တွေ့ရှိခဲ့ကာ နောင်ပိန်ရှိ ဂေါ်ရခါးသုသာန်သို့ ပို့ဆောင်ခဲ့သည်ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်) က လူမှုကွန်ရက်တွင် ဖော်ပြထားပါတယ်။
ရေကြီးရေလျှံမှုကြောင့် နောင်ပိန်ရွာရှိ လုပ်ပါကန်ကျိုးပေါက်ကာ ကား သုံးစီးနှင့် လူ ၂ဦး ရေထဲမျောပါသွားခဲ့ပြီး ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့ရှိ ရပ်ကွက်အချို့ဖြစ်သည့် ရပ်ကွက် ၆၊ ၉၊ ရပ်ကွက်ရုံးနှင့် တောင်နောက်ရပ်ကွက်များတွင် ချောင်းရေလျှံထွက်မှုနှင့် တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကာ အိမ်များနှင့် တံတားများ ရေနစ်မြုပ်ခဲ့ပြီး စျေးသစ်အတွင်း ရေအပြည့်ရှိနေတယ်လို့ သိရပါတယ်။
ထိုရေကြီးရေလျှံမှုများသည် နေအိမ်အုတ်တံတိုင်းများ ပျက်စီးခြင်း၊ လမ်းများ ရေတိုက်စားခံရခြင်းနှင့် ပြောင်းဖူးခင်း၊ ကြံခင်းများ ဆုံးရှုံးပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေဖြူမြို့၊ အမှတ် ၄၀၇ တပ်ရင်းမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းအား ပစ်ခတ် တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦး သေဆုံး
ဩဂုတ်လ ၇ရက်
Radio NUG
ဩဂုတ်လ (၅) ရက်၊ နံနက် (၇) နာရီ ဝန်းကျင်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အမှတ် ၄၀၇ တပ်ရင်းမှ ထွက်ခွာလာသည့် အင်အား (၁၀၀) ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းအား အမှတ် ၄၀၇ တပ်ရင်းအနီးတွင် ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု (၁) နာရီဝန်းကျင်ခန့်ဖြစ်ပွားခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။
ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားခဲ့ကာ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်အချို့ (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုတိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ၊ Tavoy People Liberation Force (TPLF) ၊ ဣားသစ္ဆတ်(ကျားသစ်နက်)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ကျောက်ထု အမြောက်တပ်မှ ကံကြီးကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
ဩဂုတ်လ ၇ ရက်၊
Radio NUG
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ စစ်ကောင်စီ ရဲ့ အမတ (၃၆၈) အမြောက်တပ်က ကံကြီးကျေးရွာထဲကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ယော အလင်းတန်း က သတင်းထုတ်ပြန် ထားပါတယ်။
ဩဂုတ်လ ၇ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ် အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြင်းအားမြင့် ဒရုန်းဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒရုန်းဗုံးချ တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး လည်ပင်းရှပ်ထိ မစိုးရိမ်ရ ဒဏ်ရာရခဲ့ကာ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာများကို အကြောင်းမဲ့ ဒရုန်းဗုံးချ တိုက်ခိုက်မှုများ ပြုလုပ်နေတာကြောင့် ကျောက်ထုနဲ့ အနီးနား ကျေးရွာက မိဘပြည်သူများ အနေဖြင့် အစစအရာရာ အထူးဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။
========================
🚩🚩 ၃။ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်
သြဂုတ်လ ၇ရက်
Radio NUG
သြဂုတ်လ (၇) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် ကရင်နီပြည်နယ် ၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းတနေရာကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံး (၂) လုံး ကြဲချ ခဲ့ပြီး လက်နက်ကြီး ၃လုံးခန့် ပစ်ခတ်ခဲ့ကြောင်း Karenni Rescueteam 21မှ ဖော်ပြထားပါတယ်။
လက်နက်ကြီးကြောင့် သွားလာနေတဲ့ အသက် (၂၅) ဝန်းကျင် လူငယ် (၁) ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
သြဂုတ်လ (၃) ရက်နေ့ ညပိုင်းမှစ၍ ဒီးမော့ဆို အနောက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်ခြင်းကြောင့် ဒေါငံခါးနှင့် ကုန်းသာကျေးရွာရှိ နေရပ်ပြန်နေသူများ သြဂုတ်လ (၅) ရက်နေ့တွင် ထပ်မံစစ်ရှောင်ခဲ့ရပါတယ်။
========================
🚩🚩 ၄။ မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး စစ်ကောင်စီ သတင်းပေး သူလျှိုလုပ်နေသူအား ပစ်ခတ်ရှင်းလင်း
ဩဂုတ်လ ၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်း တိုက်နယ်၊ အောင်မေတ္တာ အုပ်စု၊ ဆယ်အိမ်စုရွာက စစ်ကောင်စီ သတင်းပေး မူးယစ်ဆေးဝါး ရောင်းဝယ်သူ တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၆ ရက် ညနေ ၄ နာရီအချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီ သတင်းပေး နေလင်းအောင် (ခ) ပုပ်ပုပ်ဆိုသူကို လမ်းပိုင်း တစ်နေရာမှာ စစ်ဆေးတွေ့ရှိတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
၎င်းဟာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးခြင်း၊ လက်နက် ကိုင်ဆောင်ခြင်း၊ စစ်ကောင်စီ စစ်ကြောင်းအတွက် လမ်းပြ ဆောင်ရွက်ခြင်း၊ တော်လှန်ရေး အင်အားစုများကို စောင့်ကြည့်ကာ စစ်ကောင်စီထံ သတင်းပို့ခြင်းများကို လုပ်ဆောင်နေတာကြောင့် အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၎င်းကိုယ်တိုင်ကလည်း နောက်နောင် မလုပ်ဆောင်တော့ဘဲ တော်လှန်ရေးအင်အားစုများ ချမှတ်သော စည်းကမ်းအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ခံဝန်ကတိ လက်မှတ်များ ရေးထိုးထားပေမယ့် မလိုက်နာခဲ့တာကြောင့် အခုလို ရှင်းလင်းခဲ့ရတာလို့ အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ကွတ်ခိုင်တွင် ထရန်စဖော်မာကို ဖြုတ်ခိုးယူသူ (၃)ဦးကို PSLF/TNLAမှ ဖမ်းဆီး
သြဂုတ်လ ၇ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈)တွင် ထရန်စဖော်မာကို ဖြုတ်ခိုးယူသူ (၃)ဦးကို သြဂုတ်လ (၈)ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်တွင် PSLF/TNLAမှ အသုံးပြုခဲ့သည့် ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
၎င်းတို့ (၃)ဦးမှာ အသက် (၂၂)အရွယ် ဇော်ဦးကိုကို၊ အသက် (၃၃)နှစ်အရွယ် ဦးဇော်လတ်နှင့် အသက် (၂၈)နှစ်အရွယ် စိုင်းကိုထူးတို့ ဖြစ်ပြီး တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီနဲ့ PNO ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီဒေသမှာ ဇူလိုင်လအတွင်း ကလေး ၄ ဦး အပါအဝင် ၂၃ ဦး သေဆုံးခဲ့
ဩဂုတ်လ ၇ ရက်၊
Radio NUG
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကရင်နီ ဒေသမှာ ဇူလိုင်လအတွင်း ကလေး ၄ ဦး အပါအဝင် ၂၃ ဦး သေဆုံးခဲ့တယ်လို့ Karenni Human Right Group က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ တစ်လတာအတွင်း လေကြောင်း တိုက်ခိုက်မှု ၇ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၉ ကြိမ်၊ သေနတ်ဖြင့် ပစ်ခတ်မှု ၃ ကြိမ်၊ မိုင်းနင်းမိခြင်း ၁ ကြိမ်၊ ဖမ်းဆီးခံရမှု ၃ ကြိမ်နဲ့ နေအိမ်များကို မီးရှို့ဖျက်စီးမှု ၃ ကြိမ် ကျူးလွန် ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ၄ ဦး၊ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၀ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၅ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် လွိုင်ကော် မြို့နယ်မှာ ပြည်သူ ၇၁ ဦးထိ ဖမ်းဆီးခံခဲ့ရပြီး ဆောင်ကန်းရှမ်း၊ နိုးကိုးနဲ့ မိုးဗြဲမြို့က ဒေသခံ နေအိမ် ၃၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရကာ စုစုပေါင်း နေအိမ် ၈၁ လုံးကျော် ဖျက်စီးခံခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ KNDF B 23 အရန်တပ်သင်တန်းဆင်းပွဲ ပြုလုပ်
ဩဂုတ်လ ၇ရက်
Radio NUG
ဩဂုတ်လ ၇ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၂၃)ရဲ့ ၁၀ ရက်တာ အရန်တပ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ထိုသင်တန်းဆင်းပွဲ အခမ်းအနားတွင် စစ်ချီသီချင်းဖြင့် ချီတက်ခြင်း၊ အလံတော်အား အလေးပြုခြင်း၊ ကျဆုံးပြီးသော အာဇာနည်များအား အလေးပြုခြင်း၊ KNDF ဗဟိုကော်မတီဝင် ဆရာ ခွန်းအားသန်းမှ အမှာစကား ပြောခြင်း၊ KNDF အမှတ် (၈) ဗျူဟာ ရုံး ဦးစီးမှ အမှာစကားပြောခြင်း၊ KNDF တပ်ရင်း (၂၃) တပ်ဖွဲ့ဝင်ဆရာ khikayan မှ အမှာစကားပြောခြင်း၊ တပ်ရင်း (၂၃) ဒုတပ်ရင်းမှူးမှ အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF အမှတ် (၂၃)သည် လူဦးရေ တိုးလာသည်နှင့်အမျှ အရန်တပ် တပ်ခွဲ တစ်ခွဲအဖြစ် ဖွဲ့စည်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment