၂၀၂၅ သြဂုတ်လ ၁၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေ မြင့်တက်လာနေတဲ့ ရခိုင်ပြည်အတွက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ WFP က အမေရိကန်ဒေါ်လာ သန်း ၃၀ အရေးပေါ်တောင်းခံ
📌 ၂။ အာရက္ခပြည်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ဇူလိုင်လအထိ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ မြိုနယ် (၈) ခုမှာထိခိုက်ပျက်စီးကာလူ၂၁ဦးအထိသေဆုံးခဲ့ရ
📌 ၃။ ချောင်းဦးမြို့နယ် နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ (We are people)တို့ ပူးပေါင်းပြီးထောက်ပံ့ကူညီမှုများပြုလုပ်
📌 ၄။ Safe Schools, Safe Education Campaign မှာ ပါဝင်ကူညီပေးကြဖို့ ပညာရေးဝန်ကြီးဌာနက ဆက်လက်ဖိတ်ခေါ်
📌 ၅။ “မိုးကုတ်မှသည် စစ်မှန်သောလွတ်မြောက်မှုများဆီသို့” Campaignစတင်နေပြီး ရုပ်ရှင်လက်မှတ်များရောင်းချပေးနေ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တလုပ်မြို့ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ကို တိုက်ခိုက်မှုမှာ စစ်သား ၈ ဦးထက်မနည်းသေဆုံး
🚩 ၂။ တနင်္သာရီမြို့နယ် တမုတ်ချုံးရွာမှာ ခြေကုတ်ယူဖို့ဝင်လာတဲ့ စစ်သားတွေနဲ့ဖြစ်တိုက်ပွဲမှာ စစ်သား ၆ဦး သေဆုံး
🚩 ၃။ ကိုယ်ကျိုးစီးပွားတခုတည်းကြည့်တဲ့ တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အခက်အခဲ လို့ TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော
🚩 ၄။ စစ်သားသစ် ၈ ဦး ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်းထံ လက်နက်မဲ့အလင်းဝင်
🚩 ၅။ သဲကုန်းမြို့နယ်မှာ တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တာကြောင့် ဒေသနေပြည်သူတွေ သတိနဲ့နေကြဖို့ ပြည်ခရိုင် ပကဖ သတိပေး
🚩 ၆။ ချောင်းဦးမြို့နယ် နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ (We are people)တို့ ပူးပေါင်းပြီးထောက်ပံ့ကူညီမှုများပြုလုပ်
🚩 ၇။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ စစ်ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေနဲ့ သင်တန်းသားဆေးကုသမှုအတွက်ဆေးဝါးပြတ်လပ်၍ ကျန်းမာရေးရန်ပုံငွေရှာကမ်ပိန်းတရပ်လုပ်ဆောင်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေ မြင့်တက်လာနေတဲ့ ရခိုင်ပြည်အတွက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ WFP က အမေရိကန်ဒေါ်လာ သန်း ၃၀ အရေးပေါ်တောင်းခံ
သြဂုတ်လ (၁၃)ရက်
ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေ မြင့်တက်လာနေတဲ့ ရခိုင်ပြည်အတွက် ကူညီကယ်ဆယ်ရေးလုပ်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က အမေရိကန်ဒေါ်လာ သန်း ၃၀ အရေးပေါ်တောင်းခံလိုက်ပါတယ်။
ပဋိပက္ခတွေ၊ ပိတ်ဆို့တားဆီးမှုတွေနဲ့ ရန်ပုံငွေ ဖြတ်တောက်မှုတွေခံနေရတဲ့ ရခိုင်ပြည်မှာ ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရ ချို့တဲ့မှုတွေ မြင့်တက်လာနေတဲ့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ တောင်းခံထားတဲ့အကြောင်း ကုလသမဂ္ဂ မြန်မာက ဒီနေ့ ဩဂုတ် ၁၃ မှာ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပဋိပက္ခတွေ ပိတ်ဆို့တားဆီးမှုတွေနဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့် ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေ မြင့်တက်လာနေတဲ့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပိုပြီးပေးနိုင်ဖို့ဆိုပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဥ် WFP က အရေးတကြီး တိုက်တွန်းရတာလို့ဆိုပါတယ်။
ရခိုင်ပြည်နယ်အလယ်ပိုင်းမှာဆိုရင် အခြေခံစားနပ်ရိက္ခာကိုတောင် ပြည့်ဝအောင် မစားနိုင်တဲ့ မိသားစုအရေအတွက်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ၃၃ ရာခိုင်နှုန်းပဲရှိခဲ့ပေမယ့် အခုဆိုရင် ၅၇ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီလို့ အသိပေးပါတယ်။
ဒီတွေ့ရှိချက်က ရခိုင်ပြည်နယ်အလယ်ပိုင်းမှာနေထိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ အလွန်စိုးရိမ်စရာကောင်း တဲ့ အတိုင်းအတာအထိရောက်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆိုရင်လည်း လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ နဲ့ သွားလာခွင့် ကန့်သတ်ထားတာတွေကြောင့် အခြေအနေတွေ ဒီထက်မက ပိုပြီးဆိုးရွားနေမယ်လို့ WFP က ခန့်မှန်းထား ပါတယ်။
လူတွေက ပဋိပက္ခတွေအကြား ပိတ်ဆို့ခံနေရတယ်။ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားခွင့် ဆုံးရှုံး နေကြတယ်။ လူသားချင်းစာနာမှု အကူအညီ အကာအကွယ်မဲ့နေကြတယ်။ ဒီလို အဆိုးကျော့သံသရာထဲမှာပဲ တဝဲလည်လည် ပိတ်မိနေကြရတယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။
ဝမ်းဆာလို့ ငိုကြွေးနေတဲ့ ကလေးတွေ၊ စားစရာမရှိလို့ မစားလိုက်ရတဲ့ မိခင်တွေရဲ့အကြောင်းလို ကြေကွဲစရာ ဇတ်လမ်း တွေကို ကျနော်တို့ နေ့တိုင်းကြားနေရတယ်။ မိသားစုတွေက သူတို့ တတ်နိုင်သမျှ ကြိုးစားရုန်းကန်နေကြပေမယ့် ဒီလို အခြေအနေမှာ သူတို့ ရုန်းအားတခုတည်းနဲ့ ရှင်သန်ဖို့ ခက်ခဲပါတယ်လို့လည်း သူက ဆက်ပြောထားပါတယ်။
WFP က လက်ခံရရှိခဲ့တဲ့ မှတ်တမ်းတွေအရ မိသားစုဘ၀ ရှင်သန်ရပ်တည်ရေးအတွက် အကြွေးယူနေရတာ၊ တောင်းရမ်း စားသောက်နေရတာ၊ အိမ်တွင်း အကြမ်းဖက်မှုတွေဖြစ်နေတာ၊ ကလေးတွေကျောင်းထွက်လိုက်ရတာနဲ့ လူကုန်ကူးမှုအထိ နည်းမျိုးစုံနဲ့ အပူတပြင်း ကြိုးစားနေရတွေ ရှိနေတယ်လို့ သိရပါတယ်။
အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ခံရတာ၊ စားသောက်ကုန်စျေးနှုန်း တွေ မြင့်တက်လာတာနဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာ ရန်ပုံငွေတွေ လျော့နည်းသွားတာကြောင့် အထောက်ပံ့တွေ လျှော့ချခံရခြင်းတို့ဟာလည်း ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းကို ပိုမိုဆိုးရွာအောင် တွန်းအားပေးသလိုဖြစ်နေတယ် လို့ WFP ကအသိပေးထားပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလမှာဆိုရင် WFP အနေနဲ့ ရန်ပုံငွေ မလုံလောက်တာကြောင့် မြန်မာနိုင်ငံက လူဦးရေတသန်းကျော်ကို အထောက်အပံ့တွေ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
ရန်ပုံငွေအရင်းအမြစ် နည်းပါးလာပေမယ့် WFP အနေနဲ့ အခြေအနေ အဆိုးရွားဆုံးဖြစ်နေတဲ့ ဒေသတွေမှာ ကူညီထောက်ပံ့ မှုတွေကို အကန့်အသတ်နဲ့ ပြန်လည်ပေးအပ်နိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ တိုးမြှင့်ပေးကြဖို့ WFP က အရေးတကြီး တောင်းဆိုထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ကူညီခွင့်ပေးဖို့လည်း မြေပြင်မှာရှိတဲ့ အာဏာပိုင်တွေကို တဆက်တည်း တောင်းဆိုထားပါတယ်။
WFP အနေနဲ့ လာမယ့် ၆ လအတွင်း ရခိုင်ပြည်မှာရှိတဲ့ လူဦးရေ ၂သိန်း ၇သောင်းကို ကူညီနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က အခုချက်ချင်း တုံ့ပြန် ဆောင်ရွက်ကြဖို့လိုပြီး ဒီလိုမှ မဟုတ်ရင် အကျပ်အတည်းဟာ တကယ့်ကို ဆိုးရွားတဲ့ ကပ်ဆိုးကြီးတခုအဖြစ် ပြောင်းလဲ သွားမှာဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာအနေနဲ့ မျက်နှာလွှဲလိုက်လို့ မရပါဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
📌📌 ၂။ အာရက္ခပြည်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ဇူလိုင်လအထိ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ မြိုနယ် (၈) ခုမှာထိခိုက်ပျက်စီးကာလူ၂၁ဦးအထိသေဆုံးခဲ့ရ
သြဂုတ်လ (၁၃)ရက်
အာရက္ခပြည်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ဇူလိုင်လအထိ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ မြိုနယ် (၈) ခုမှာ ထိခိုက်ပျက်စီးကာလူ၂၁ဦးအထိသေဆုံးခဲ့ရတယ်လို့ သြဂုတ်လ၁၃ရက်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ကထုတ်ပြန်ပါတယ်။
အာရက္ခပြည်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လမှ ဇူလိုင်လအထိ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ မြိုနယ် (၈) ခု—တောင်ကုတ်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့တောင်—၌ ကျေးရွာ (၁၆၅) ရွာတွင် နေအိမ်များပျက်စီးခြင်း၊ စပါးခြင်းများပျက်စီးခြင်း၊ ရေတွင်း၊ ရေကန်များပျက်စီးခြင်းနှင့် လမ်း၊တံတားများပျက်စီးခြင်းအပြင် ပြည်သူများပင် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။
အဓိကထိခိုက်ပျက်စီးမှုများမှာ-အိမ်ထောင်စု (၉,၇၆၁) စုမှ လူဦးရေ (၄၂,၄၅၉) ဦး ထိခိုက်မှုရှိခဲ့ပြီးနေအိမ် (၅၃) လုံး နှင့် IDP ရုံးခန်း (၂) ခန်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ထွန်ယက်စိုက်ပျိုးထားသော လယ်ဧက (၁၈,၈၂၃.၁၂) ဧက ပျက်စီးဆုံးရှုံးခဲ့ရပြီးတိရိစ္ဆာန်များ (ကြက်၊ဘဲ၊နွား၊၀က်) ထောင်ချီ သေဆုံးခဲ့ရပါတယ်။
လမ်း၊တံတား (၁၃) စင်း နှင့် ရေတွင်း၊ ရေကန် (၁၈) ခု ပျက်စီးခဲ့ရကာလမ်း၊ တံတား ပျက်စီးမှုများမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော မြိုနယ်များတွင် ဖြစ်ပွားခဲ့ပါတယ်။
မိုးရာသီကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် လမ်းခရီးသွားလာရာမှ ရေကြီးနေသည့် နေရာများအရောက်တွင် ရေနစ်ခြင်း၊ ရေစီးဖြင့်မျောပါခြင်းတို့ကြောင့် လူ (၂၁) ဦးခန့် သေဆုံးမှုများ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
လက်ရှိအခြေအနေအရ အရေးပေါ်အကူအညီများအား တိုးမြှင့်ဆောင်ရွက်ပေးရန် အရေးကြီးလျက်ရှိပြီး HDCO မှလည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကူညီမှုများကို သက်ဆိုင်ရာ အဖွဲအစည်းများ၊ အလှူရှင်များနှင့်အတူ ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ ချောင်းဦးမြို့နယ် နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ (We are people)တို့ ပူးပေါင်းပြီးထောက်ပံ့ကူညီမှုများပြုလုပ်
သြဂုတ်လ (၁၃)ရက်
စစ်ကိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူများနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူများကို
အခုဩဂုတ်လအတွင်းမှာ ထောက်ပံ့ကူညီမှုတွေသွားရောက်ပြုလုပ်ခဲ့ပါတယ်။
ဩဂုတ်လ ၆ရက်နေ့မှာတော့ ချောင်းဦးမြို့နယ် နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ (We are people)တို့ ပူးပေါင်းပြီးထမင်း၊ အာဟာရဖျော်ရည်အေးနဲ့ မုန့်မျိုးစုံတို့နဲ့အဟာရဒါန ကုသိုလ်ပြုလှူဒါန်းပေးခဲ့တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
အလားတူပဲဩဂုတ်လ ၇ ရက်နေ့မှာလည်း ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူတွေဆီကို လူမှုကွန်ရက်ကနေ တဆင့်လှူဒါန်းတဲ့အလှူငွေတွေကို ချောင်းဦးမြို့နယ်လူ့အခွင့်အရေးတာဝန်ခံနဲ့ (We are people)အဖွဲ့ကသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
========================
📌📌 ၄။ Safe Schools, Safe Education Campaign မှာ ပါဝင်ကူညီပေးကြဖို့ ပညာရေးဝန်ကြီးဌာနက ဆက်လက်ဖိတ်ခေါ်
သြဂုတ်လ (၁၃)ရက်
Safe Schools, Safe Education Campaign မှာ ပါဝင်ကူညီပေးကြဖို့ ပညာရေးဝန်ကြီးဌာနက ဆက်လက်ဖိတ်ခေါ်ထားပါတယ်။
ကမ်ပိန်းကာလ ကို၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိ သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ (၄)သိန်း ရည်မှန်းထားပါတယ်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့်ကျောင်းများတွင် ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်တယ်လို့ဆိုထားပါတယ်။
========================
📌📌 ၅။ “မိုးကုတ်မှသည် စစ်မှန်သောလွတ်မြောက်မှုများဆီသို့” Campaignစတင်နေပြီး ရုပ်ရှင်လက်မှတ်များရောင်းချပေးနေ
သြဂုတ်လ (၁၃)ရက်
“မိုးကုတ်မှ သည် စစ်မှန်သောလွတ်မြောက်မှုများဆီသို့” Campaignစတင်နေပြီး ရုပ်ရှင်လက်မှတ်များရောင်းချပေးနေတယ်လို့ မိုးကုတ်ဗျူဟာကအသိပေးဖော်ပြပါတယ်။
မိုးကုတ်ဗျူဟာအနေဖြင့် မဟာမိတ်အင်အားစုများနှင့် မိုးကုတ်မြို့ကိုဆက်လက်ကာကွယ်ပြီး မန္တလေး မြို့အပါအဝင် စစ်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များဖြည့်တင်းရေးအတွက် ၁၀၀ ရာခိုင်နှုန်း ထောက်ပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။
ရောင်းချမယ့်အစီစဥ်မှာဆိုရင်တော့ ရုပ်ရှင်လက်မှတ် လေးနဲ့ ကုဒ်နံပတ်ကိုရောင်းချပေးမှာဖြစ်ပြီးတော့ လက်မှတ်စျေးနှုန်း-၃၀,၀၀၀ကျပ်နှင့် ရုပ်ရှင်သုံးကားလုံးကို ကြည့်ရှုအားပေးထောက်ပို့နိုင်မှာဖြစ်ပါတယ်။
ပြသမယ့်အစီစဥ်က စက်တင်ဘာလ၆ရက်နေ့မှစတင်ပြီး video linkကို မိုးကုတ်ဗျူဟာ page နဲ့ Fund Rising အစီစဥ်ကို ကူညီဆောင်ရွက်မယ့် Facebook Page အသီးသီးတို့မှာ တင်ပေးထားမှာဖြစ်ပါတယ် ။
ကုဒ်နံပတ် တစ်ခုကို ၃ကြိမ် ဝင်ရောက်ကြည့်ရှုလို့ရမှာဖြစ်ပြီးလက်မှတ်အစောင်ရေအကန့်အသတ်မရှိ ဝယ်ယူအားပေးနိုင်မှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တလုပ်မြို့ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်တပ်ကို တိုက်ခိုက်မှုမှာ စစ်သား ၈ ဦးထက်မနည်းသေဆုံး
သြဂုတ်လ (၁၃)ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက တလုပ်မြို့ကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တိုက်ပွဲဝင် တော်လှန်ရေးတပ်တွေက ပြောပါတယ်။
မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ က ဩဂုတ်လ ၉ ရက်နေ့ မနက် ၆ နာရီကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီထိတွေ့တိုက်ပွဲဟာ ညနေ ၃ နာရီအထိ ရှိခဲ့တာကြောင့် တိုက်ပွဲကြာချိန် ၈ နာရီရှိခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်ကအထိနာသွားတဲ့အတွက် ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ အကြိမ် ၃၀ ကျော်၊ စက်တပ်လေထီး ၃ စင်း နဲ့ ဗုံး ၁၂ လုံးကြဲချခဲ့ပြီး Mi 35 ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၄ ဦး ဒဏ်ရာရခဲ့ တဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်လို့ အသိပေးပါတယ်။
ရန်သူစစ်တပ်ဘက်က မြေပြင်စစ်ကူ၊လေကြေင်းစစ်ကူနဲ့ မြင်းခြံဘက်ကနေ လက်နက်ကြီးပစ်ကူတွေ ကြောင့် စစ်စခန်းကို အပြီးသတ်မသိမ်းနိုင်ခဲ့ပေမယ့် ရန်သူစစတပ်ဘက်က အထိနာစေခဲ့တဲ့ စစ်ဆင်ရေး တရပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
တလုပ်မြို့ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို CDSOM - ဗိုလ်စင်္ကြာစစ်ကြောင်းနဲ့ PDF – Taloke တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၂။ တနင်္သာရီမြို့နယ် တမုတ်ချုံးရွာမှာ ခြေကုတ်ယူဖို့ဝင်လာတဲ့ စစ်သားတွေနဲ့ဖြစ်တိုက်ပွဲမှာ စစ်သား ၆ဦး သေဆုံး
သြဂုတ်လ (၁၃)ရက်
တနင်္သာရီမြို့နယ် တမုတ်ချုံးရွာမှာ ခြေကုတ်ယူဖို့ဝင်လာတဲ့ စစ်သားတွေနဲ့ဖြစ်တိုက်ပွဲမှာ စစ်သား ၆ဦး သေဆုံးပြီး ၁၅ ထက်မနည်း ဒဏ်ရာရသွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဩဂုတ်လ ၁၃ မှာ ထုတ်ပြန်လာပါတယ်။
ဩဂုတ်လ ၁ဝ ရက်နေ့ မနက် ၉ နာရီခွဲဝင်းကျင်က တနင်္သာရီမြို့နယ် တမုတ်ချုံးရွာမှာ ခြေကုပ်ယူဖို့ ဝင်လာတဲ့ စစ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်သားတွေကို တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင် အမှတ် - ၂ တပ်ရင်း တပ်ခွဲ ၂ ၊တပ်ခွဲ ၃ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေ့လည် ၂ နာရီ ၄၆ မိနစ်အချိန်မှာ စစ်သားတွေ အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ အသိပေးပါတယ်။
ပြန်ဆုတ်သွားတဲ့ စစ်သားတွေဟာ လယ်တောင်ယာရွာမှာရှိနေတဲ့ စစ်သားတွေနဲ့ပေါင်းပြီး စစ်ကူတက်လာ ချိန်မှာ တိုက်ပွဲထပ်ဖြစ်ခဲ့တာရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကရဲ့ဘော်တွေ ပြန်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်သားတွေသေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူတွေရှိသလို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ရဲဘော် ၂ ဦး ဒဏ်ရာရခဲ့ပြီး ရဲဘော်တဦး တိုင်းပြည်အတွက် မြင့်မြတ်စွာနဲ့ အသက်ပေးလှူခဲ့ရတယ်လို့ တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကိုယ်ကျိုးစီးပွားတခုတည်းကြည့်တဲ့ တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အခက်အခဲ လို့ TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော
သြဂုတ်လ (၁၃)ရက်
ကိုယ်ကျိုးစီးပွားတခုတည်းကိုသာကြည့်တဲ့ တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက်ကြီးမားတဲ့ အခက်အခဲတခုဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က လူမှုကွန်ရက်ကနေ ရေးသားပြောဆိုလိုက်ပါတယ်။
မနေ့ ဩဂုတ်လ ၁၂ ရက် ညပိုင်းမှာ ဗိုလ်ချုပ်တားဘုန်းကျော်က လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်ခဲဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့ရာမှာ ကိုယ်ကျိုးစီးပွားတခုတည်းကိုကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်မှု ကို ထည့်သွင်းရေးသားလိုက်တာ ဖြစ်ပါတယ်။
လူစိတ်မဲ့စွာ သတ်ဖြတ်ရက်စက်ဝံ့တဲ့ မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များ၊ ကိုယ်ကျိုးစီးပွါးတခုတည်းကြည့်တဲ့ တရုတ်ဩဇာလွှမ်းမိုးချုပ်ကိုင်မှု၊ အာဏာရှင်ရဲ့ ရှည်ကြာတဲ့ဖိနှိပ်မှုမှာ နွမ်းလျလက်ပမ်းကျနေတဲ့ပြည်သူလူထု … တော်လှန်ရေးအတွက် ခိုင်မာအားကောင်းတဲ့ ဦးဆောင်မှု မတည်ဆောက်နိုင်သေးတာ … စတာတွေအပြင် အခြား အရာတွေလည်း ရှိနိုင်ပါသေးတယ်လေ… …ဒီလိုပဲ …လဲကျလိုက် ပြန်ထလိုက်နဲ့ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အဆင့်ဆင့်ဖြတ်ကျော်ကြရမှာပါပဲ ရဲဘော်တို့ ဆိုပြီး NLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ရေးသားထားပါတယ်။
ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေမဖြစ်ရေး တရုတ်နိုင်ငံက TNLA အပေါ် ဖိအားပေးမှုတွေရှိနေသလို တဖက်မှာလည်း စစ်အုပ်စုက မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ ကျောက်မဲတို့မှာ စစ်ရေးဖိအားတွေ တောက်လျှောက်ပေးလာနေတဲ့အတွက် TNLA အနေနဲ့ တရုတ်ဖိအားတင်မဟုတ်ဘဲ စစ်တပ်ရဲ့ စစ်ရေးဖိအားကိုပါ ရင်ဆိုင်နေရတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အခုလဆန်းပိုင်းမှာလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
အခုလို ဖိအားတွေရင်နဲ့ ဆိုင်နေရပေမယ့် ကျောက်မဲ၊ သီပေါနဲ့မိုးကုတ်အပါအဝင် TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ ထပ်ပြီး လက်မလွှတ်ရအောင် မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ လွေးယေဦးက ပြောထားပါ တယ်။
========================
🚩🚩 ၄။ စစ်သားသစ် ၈ ဦး ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်းထံ လက်နက်မဲ့အလင်းဝင်
သြဂုတ်လ (၁၃)ရက်
နတ်သံကွင်း ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၈ ဦး ပဲခူးခရိုင် တပ်ရင်း ၂ - P23702 ထံ လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဲဒီတပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် - ၂ စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပဲခူးခရိုင် တပ်ရင်း ၂ - P23702 ထံ စစ်မှုထမ်းသင်တန်းက သင်တန်းဆင်း တပ်သားသစ် ၈ ဦး လက်နက်မဲ့အလင်းဝင်လာနဲ့ပတ်သက်လို့ သြဂုတ် ၁၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
အလင်းဝင်လာတဲ့ စစ်မငထမ်းတပ်သားတွေဟာ နတ်သံကွင်း ကွင်းချောင်းဝဗျူဟာမှာ တာဝန်ကျနေတဲ့ ခလရ - ၆၀ ကျောက်ကြီးက ပြည်သူ့စစ်အပတ်စဥ် - ၉ သင်တန်းဆင်း ပြည်သူ့စစ် ၂ဦးနဲ့ ကမ်းရိုးတန်းဒေသ ကော့သောင်းမြို့အခြေစိုက် ခမရ ၅၉၃ က စစ်မှုထမ်း အပတ်စဥ် - ၅ သင်တန်းဆင်း ပြည်သူ့စစ်၆ ဦးဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းတပ်သားတွေဖြစ်တဲ့ ပြည်သူ့စစ်တွေကို စစ်သားတွေက ခွဲခြားဆက်ဆံတဲ့အကြောင်း၊စစ်သားတွေဟာ ဆေးတွေချ အရက်တွေသောက်ပြီး မူးလာတဲ့အချိန်မှာ ပြည်သူစစ်တွေကို ပြဿနာရှာတာ သေနတ်တွေနဲ့ချိန်တာ ပစ်သတ်ဖို့အထိ လုပ်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာတွေရှိတယ်လို့ ခလရ ၆၀ ကျောက်ကြီးတပ်မှာ ပြည်သူ့စစ်သင်တန်းဆင်းအနေနဲ့ တာဝန်ထမ်းခဲ့ရတဲ့ ကိုထွန်းမင်းနိုင်က ပြောပါတယ်။
စစ်သားတွေက ပြည်သူ့စစ်သင်တန်းဆင်းတွေကို လူလိုမဆက်ဆံတဲ့အပြင် လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ ရှိနေတာ ကြောင့် PDF တပ်ရင်းတပ်ဖွဲ့တွေဆီမှာ ခိုလှုံခွင့်ရဖို့ ထွက်ပြေးလာခဲ့ကြတာလို့ ပဲခူးခရိုင် အမှတ် - ၂ ရင်းကလုပ်တဲ့ အမေး အဖြေကဏ္ဍမှာ အသပ် ၃၃ နှစ်အရွယ် ကိုထွန်းမင်းခိုင်က ထည့်သွင်းပြောကြားထားပါတယ်။
ပဲခူးခရိုင် တပ်ရင်း ၂ - P23702 အနေနဲ့ အလင်းဝင်လာသူတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီး ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်းက အသိပေးထားပါတယ်။
လက်နက်ချပြီး ပြည်သူနဲ့ပူးပေါင်းလိုတဲ့ စစ်သားတွေကိုလည်း ပဲခူးခရိုင်တပ်ရင်း ၂ က လက်ခံကြိုဆိုနေပြီး လူ့အခွင့်အရေး အပြည့်အဝရရှိစေမယ်လို့ အသိပေးထားတဲ့အပြင် လက်နက်နဲ့အလင်းဝင်လာသူတွေကိုလည်း ဆုငွေတွေ ချီးမြှင့်ပေးသွားမယ်လို့လည်း ပဲခူးခရိုင် အမှတ် - ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ သဲကုန်းမြို့နယ်မှာ တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တာကြောင့် ဒေသနေပြည်သူတွေ သတိနဲ့နေကြဖို့ ပြည်ခရိုင် ပကဖ သတိပေး
သြဂုတ်လ (၁၃)ရက်
ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က အထိနာသွားတဲ့အတွက် တိုက်ပွဲတွေ ထပ်ဖြစ် လာနိုင်တာကြေင့် ဒေသနေပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်သွားလာကြဖို့ ပြည်ခရိုင် ပကဖ သတိပေးပြောဆိုလိုက်ပါ တယ်။
အင်အား ၁ဝဝ ခန့်ရှိတဲ့အကြမ်းဖက်စစ်သားတွေဟာ ဩဂုတ်လ ၁၁ ရက်နေ့က သဲကုန်းမြို့နယ် သစ်နီတောကျေးရွာဘက်ကို ရောက်ရှိလာခဲ့ပြီး တော်လှန်ရေးလှုပ်ရှားတပ်ဖွဲ့တွေကို ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ညနေ ၆ နာရီဝန်းကျင်မှာ ရုံးပင်တက်ရွာဘက် စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေး ပူးပေါင်းတပ်တွေက ၃ ပွင့်ဆိုင်မိုင်းကွင်းကို ဖောက်ခွဲခဲ့ရာ စစ်သား ၁၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
ည ၇ နာရီခွဲခန့်မှာ စစ်တပ်ဘက်က လက်နက်ကြီးတင်ထားတဲ့ ကားတစီး ပဲသီတာဘုရားကုန်းဘက် ထပ်ရောက်လာခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းဟာ ရုံးပင်တက်ရွာမှာ ညအိပ်ခဲ့တယ်လို့သိရပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ရုန်းပင်တက်ရွာမှာ ညအိပ်ခဲ့တဲ့ အကြမ်းဖက် စစ်သားတွေဟာ ကျေးရွာကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒေသနေပြည်သူတွေကို ဒရုန်းနဲ့ ဗုံးလိုက်ကြဲခဲ့ပြီး တိုက်ပွဲဖြစ်တာမရှိတဲ့ ဓားသွေးကျောက်ရွာကို ဝင်ရောက်စီးနင်းပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ဒီနေ့ ဩဂုတ်လ ၁၃ ရက်နေ့မျာလည်း စစ်တပ်စစ်ကြောင်းက သရက်ကိုင်းကျိုးရွာကို မီးထပ်ရှို့နေတယ်လို့ ပြည်ခရိုင်ပကဖ က အသိပေးပါတယ်။
အဲဒီစစ်တေပ်စစ်ကြောင်းကို ပြည်ခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ သဲကုန်းမြို့နယ် ပကဖ နဲ့ ပေါင်းတည် ပကဖ အဖွဲ့ တွေ ပြန်လည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ရေးတင်းမားနေပြီး စစ်တပ်ဘက်က ကားတွေဆိုင်ကယ်တွေကို ချောဆွဲတာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်တွေလည်း ရှိနေတဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ သတိနဲ့သွားလာကြဖို့ စစ်ပွဲအတွင်း ဆောင်ရန်ရှောင်ရန် လမ်းညွန်ချက်တွေကို လိုက်နာကျဖို့ ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၆။ ချောင်းဦးမြို့နယ် နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ (We are people)တို့ ပူးပေါင်းပြီးထောက်ပံ့ကူညီမှုများပြုလုပ်
သြဂုတ်လ (၁၃)ရက်
စစ်ကိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူများနဲ့ ကာလကြာရှည်စစ်ရှောင်နေရတဲ့ နှစ်ရှည်စစ်ရှောင်ပြည်သူများကို
အခုဩဂုတ်လအတွင်းမှာ ထောက်ပံ့ကူညီမှုတွေသွားရောက်ပြုလုပ်ခဲ့ပါတယ်။
ဩဂုတ်လ ၆ရက်နေ့မှာတော့ ချောင်းဦးမြို့နယ် နှစ်ရှည်စစ်ရှောင်စခန်း တစ်နေရာမှာရှိတဲ့ စစ်ရှောင်လူဦးရေ (၃၅၀)ကို လူ့အခွင့်ရေးရာတာဝန်ခံနဲ့ (We are people)တို့ ပူးပေါင်းပြီးထမင်း၊ အာဟာရဖျော်ရည်အေးနဲ့ မုန့်မျိုးစုံတို့နဲ့အဟာရဒါန ကုသိုလ်ပြုလှူဒါန်းပေးခဲ့တယ်လို့လူ့အခွင့်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
အလားတူပဲဩဂုတ်လ ၇ ရက်နေ့မှာလည်း ချောင်းဦးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူတွေဆီကို လူမှုကွန်ရက်ကနေ တဆင့်လှူဒါန်းတဲ့အလှူငွေတွေကို ချောင်းဦးမြို့နယ်လူ့အခွင့်အရေးတာဝန်ခံနဲ့ (We are people)အဖွဲ့ကသွားရောက်လှူဒါန်းပေးခဲ့ပါတယ်။
========================
🚩🚩 ၇။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ စစ်ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေနဲ့ သင်တန်းသားဆေးကုသမှုအတွက်ဆေးဝါးပြတ်လပ်၍ ကျန်းမာရေးရန်ပုံငွေရှာကမ်ပိန်းတရပ်လုပ်ဆောင်နေ
သြဂုတ်လ (၁၃)ရက်
ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ စစ်ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေနဲ့ သင်တန်းသားဆေးကုသမှုအတွက်ဆေးဝါးပြတ်လပ်၍ ကျန်းမာရေးရန်ပုံငွေရှာကမ်ပိန်းတရပ်လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။
"ကျွန်တော်တို့ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ စစ်ဒေသအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေနဲ့ သင်တန်းသားတော်တော်များများဟာ မိုးရာသီရဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရတာရှိပါတယ် ။ကျွန်တော်တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ တပ်ဆေးခန်းမှာလည်း ဆေးဝါးလိုအပ်ချက်တွေကြားထဲက ဆေးတာဝန်ကျ ဆရာ/ဆရာမများကလည်း ရှိတဲ့ဆေးဝါးနဲ့ အဆင်ပြေအောင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာရှိပေမဲ့ နေမကောင်းဖြစ်ကြတဲ့ရဲဘော်အရေအတွက်များတာကြောင့် ဆေးဝါးအခက်အခဲနဲ့ ပြင်းပြင်းထန်ထန် ဖျားနာတဲ့လူနာတွေကို နီးစပ်ရာဆေးရုံဆေးခန်းများကိုလည်း ပို့ဆောင်ကုသနေရတာတွေရှိပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ ခန့်မှန်းထားတဲ့ ဆေးဝါးအသုံးစရိတ်ထက်များစွာကျော်လွန်နေပြီး ဆေးဝါးစရိတ်အတွက် ဘဏ္ဍာငွေလိုအပ်ချက်တွေလည်း ဖြစ်နေတာတွေရှိပါတယ်"လို့ဆိုထားပါတယ်။
ဆေးဝါးဖြည့်တင်းဖို့နဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်အတွက် ဩဂုတ်လ (၁၁) ရက်ကနေ ဩဂုတ်လ (၂၀) ရက်နေ့ထိ ရက်သတ်မှတ်ထားကာ(၁၀)ရက်အတွင်းမှာ သတ်မှတ်ထားတဲ့ ရန်ပုံငွေပမာဏကတော့ သိန်း (၁၀၀) ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ ဖိနှိပ်မှုကြောင့် တော်လှန်ရေးဆင်နွှဲနေကြတဲ့ ကျနော်တို့ ရဲဘော်တွေအတွက် မိုးရာသီရဲ့ ဆိုးဝါးနှိပ်စက်မှု၊ ရောဂါတွေရဲ့ ဖိနှိပ်မှုတွေကို အတူလက်တွဲပြီး ကာကွယ် ကျော်လွှားကြပါစို့လို့တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment