၂၀၂၅ သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာအမြင်သဘောထားနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေး
📌 ၂။ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ Save Schools, Save Education" Campaignအတွက် အလှူငွေစတင်ကောက်ခံ
📌 ၃။ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့၏ ရောင်နီဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး သဘာဝဘေးနှင့်စစ်ရှောင်များ၊ပညာရေး၊ကျန်းမာရေးကဏ္ဍာများသို့ပြန်လည်စီးဆင်း
📌 ၄။ သရုပ်ဆောင်မင်းမော်ကွန်းပါဝင်တဲ့ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာဆက်လက်ပြသမည်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကရင်နီနဲ့ ဖယ်ခုံမှာ စစ်တပ်ရဲ့ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရ
🚩 ၂။ တရုတ်က စစ်လက်နက်တွေထောက်ပံ့ပြီး အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အားပေးနေတယ်လို့ တအာင်းအရပ်ဖက်အဖွဲ့တွေ ပြော
🚩 ၃။ ကျွန်းစုမြို့နယ်က ပျူအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်
🚩 ၄။ ကြို့ပင်ကောက်မှာ အဖမ်းမခံဘဲ ပြန်လည်တိုက်ခိုက်တဲ့ ပျူစောထီး ၂ဦးကို ပစ်ခတ်ဖမ်းဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစီအမံနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာအမြင်သဘောထားနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုဆွေးနွေး
သြဂုတ်လ ၁၄ရက်
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၉း၀၀)နာရီ အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ (CWC)နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ(CWC)မှ အဖွင့်အမှာစကားပြောကြားပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါတယ်။
၄င်းနောက်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံပေါ်ပေါက်လာပုံ အကျဉ်းကိုရှင်းလင်းတင်ပြခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ(CWC)မှ တာဝန်ရှိသူများက မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ(CWC)တာဝန်ရှိသူတဦးမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို နံနက်(၁၁း၁၀) နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၂။ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ Save Schools, Save Education" Campaignအတွက် အလှူငွေစတင်ကောက်ခံ
ဩဂုတ်လ ၁၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသည် NUG ပညာရေးဝန်ကြီးဌာနက ဦးဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်းဖြစ်သည့် "Save Schools, Save Education" လှုပ်ရှားမှုကို ပံ့ပိုးရန် အလှူငွေကောက်ခံခြင်းကို စတင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်တယ်လို့ အသိပေးဖော်ပြပါတယ်။
ဤလှုပ်ရှားမှုသည် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံရသောဒေသနှင့် လွတ်မြောက်နယ်မြေများရှိ ကလေးသူငယ်များ၏ အရေးပေါ် ပညာရေးလိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ပေးခြင်းဖြစ်ပြီးပညာရေး လက်လှမ်းမီရရှိရေး နှင့် ကလေးငယ်များ၏ အနာဂတ်ကိုကာကွယ်ရန် NUG ပညာရေးဝန်ကြီးဌာနသည် လုံခြုံစိတ်ချရသော ပညာရေး အခြေခံအဆောက်အဦများကို တည်ဆောက်ရန်နှင့် ပြုပြင်ရန် အစီအစဉ်တခုကို ဦးဆောင်လျက်ရှိပါတယ်။
ဤကြိုးပမ်းမှုကို ပံ့ပိုးရန်အတွက် သြစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးသည် သြစတြေးလျအခွန် ဦးစီးဌာန (ATO) က DGR status ပေးအပ်ထားသည့် လောကပါလဖေါင်ဒေးရှင်း (ABN 47 664 737 482) နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး သြစတြေးလျမှ အလှူရှင်များသည် အခွန်နုတ်ယူနိုင်သည့် အလှူငွေများကို လှူဒါန်းနိုင်မှာဖြစ်တယ်လို့ဖော်ပြပါတယ်။
စုဆောင်းရရှိသော ရန်ပုံငွေအားလုံးကို သြစတြေးလျဥပဒေများနှင့် စည်းမျဉ်းများနှင့်အညီ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက်သာ အတိအကျ အသုံးပြုသွားမည်ဖြစ်ပြီး၊အကောင်အထည်ဖော်မှု များကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် အလှူရှင်၏ ရည်ရွယ်ချက်ကို လေးစားမှုနှင့်အတူ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီစွာ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့၏ ရောင်နီဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး သဘာဝဘေးနှင့်စစ်ရှောင်များ၊ပညာရေး၊ကျန်းမာရေးကဏ္ဍာများသို့ပြန်လည်စီးဆင်း
သြဂုတ်လ ၁၄ရက်
အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲရောင်နီ ဖျော်ဖြေပွဲငါးပွဲကနေ အမေရိကန်ဒေါ်လာ လေးသိန်းနီးပါး ရှာဖွေနိုင်ခဲ့ပြီး သဘာဝဘေးနှင့်စစ်ရှောင်များ၊ပညာရေး၊ကျန်းမာရေးကဏ္ဍာများသို့ပြန်လည်စီးဆင်းခဲ့ပါတယ်။
ရောင်နီရဲ့ ဖျော်ဖြေပွဲတွေကို ဩဂုတ် ၁၆ ရက်မှာ Milwaukee နဲ့ စက်တင်ဘာ ၁၃ ရက်မှာ နယူးယောက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။
"ရောင်နီ live 2025 ခေါင်းစဉ်ဖြင့် အမေရိက မြို့များစွာက်ို ရှိုးပွဲများပြုလုပ်မှာဖြစ်ပါတယ်။ရှိုးပွဲက ရလာမယ့် အမြတ်အားလုံး ခေါင်းစဉ် ၃ခုဖြင့် မြေပြင်ကို အချိန်မဆွဲ ပို့ဆောင်မှာ ဖြစ်တယ်။တော်လှန်မိသားစုများ၏ ပြန်လည်ထူထောင်ရေး (ကျဆုံးရဲဘော်များ၏ ကျန်ရစ်မိသားစုများ၊ CDM မိသားစုများ၊ Activists မိသားစုများ၊ နိုင်/ကျဉ်းမိသားစုများ)မြေပြင်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် ပညာရေးစရိတ်ပို့ဆောင်ခြင်းများ၊ တောင်ပေါ်၊တောင်အောက် ဒေသအနှံ့က တန်းတူ လူ့အခွင့်အရေးလှုပ်ရှားမှုများဒီ ၃ ခုဖြစ်ပါတယ်"လို့အဆိုတော်လင်းလင်းကအသိပေးဆိုထားပါတယ်။
အမေရိကန်နိုင်ငံမှာ ရောင်နီ အဖွင့်ပွဲစဉ်ကို Maryland မြို့မှာ ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲကနေ အမေရိကန်ဒေါ်လာ( ၁၁၂,၅၇၈) ရှာဖွေနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ သရုပ်ဆောင်မင်းမော်ကွန်းပါဝင်တဲ့ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာဆက်လက်ပြသမည်
သြဂုတ်လ ၁၄ရက်
သရုပ်ဆောင်မင်းမော်ကွန်းပါဝင်တဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာ ဆက်လက်ပြသမည်ဖြစ်ကြောင်းသိရပါတယ်။
"၃-၄-၅ အပြုံးလေးများဆိုသလိုပဲ ပြုံးပြုံးလေးရုပ်ရှင်ဇာတ်ကားကြီးကို တစ်နိုင်ငံပြီး တစ်နိုင်ငံ တစ်မြို့ပြီးတစ်မြို့ ပြသဖို့ စီစဉ်နေတာဖြစ်လို့ သြဂုတ်လ၂၄ရက် ဂျပန်နိုင်ငံ၊ Tokyo မြို့၊သြဂုတ်လ၃၁ရက်ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ မှာပြသမှာဖြစ်ပြီး စက်တင်ဘာလထဲမှာတော့ စက်တင်ဘာ၂၁ရက် ဂျပန်နိုင်ငံ၊ GUNMAမြို့ တို့မှာပြသမယ်"လို့ဆိုပါတယ်။
ပြုံးပြုံးလေးရုပ်ရှင်ကားကြီးကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမှာပြသခဲ့ရာ တခဲနက်အားပေးကြည့်ရှုခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကရင်နီနဲ့ ဖယ်ခုံမှာ စစ်တပ်ရဲ့ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရ
သြဂုတ်လ (၁၄)ရက်
ကရင်နီပြည်နဲ့ ဖယ်ခုံမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် ဇူလိုင်လအတွင်းမှာ အရပ်သားပြည်သူ ၂၁ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် - KCSN က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တလတကြိမ်ထုတ်ပြန်တဲ့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် - KCSN က အကြမ်းဖက်စစ်တပ်ရဲ့ ချိုးဖောက်မှုတွေကို ဒီနေ့ ဩဂုတ်လ ၁၄ ရက်မှာ အသိပေးလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဇူလိုင်လအတွင်းမှာ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုနဲ့ ဖားဆောင်း မြို့နယ်တို့က အရပ်သားပြည်သူ ၂၁ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့သလို တဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆောက်အအုံပျက်စီးဆုံးရှုံးမှုအနေနဲ့ဆိုရင် လွိုင်ကော်မှာ ၄ လုံး၊ ဒီမော့ဆိုမှာ ၇ လုံး၊ ဖယ်ခုံမှာ ၂၄ လုံး၊ ဖားဆောင်းမှာ ၁၄ လုံး ရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးဗြဲမြို့ကို ဇူလိုင်လ ၁ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လေကြောင်းနဲ့ လက်နက်ကြီး တွေ အသုံးပြုတိုက်ခိုက်လာတာကြောင့် အခုလို အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာလို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ကရင်နီမြောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်တာ ဖြစ်တဲ့အပြင် ဖားဆောင်းနဲ့ မော်ချီးသတ္တုတွင်းတွေကို လေကြောင်းကနေတိုက်ခိုက်တာဟာ တော်လှန်ရေးတပ်တွေကို အထောက်အကူဖြစ်စေတဲ့အတွက် နှောက်ယှက်တိုက်ခိုက်နေတာလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် - KCSN က သုံးသပ်ထားပါတယ်။
========================
🚩🚩 ၂။ တရုတ်က စစ်လက်နက်တွေထောက်ပံ့ပြီး အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အားပေးနေတယ်လို့ တအာင်းအရပ်ဖက်အဖွဲ့တွေ ပြော
သြဂုတ်လ (၁၄)ရက်
တရုတ်အစိုးရဟာ စစ်လက်နက်တွေထောက်ပံ့ပြီး အကြမ်းဖက်စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်နေတာကို အားပေး နေတယ်လို့ တအာင်းအရပ်ဖက်အဖွဲ့တွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လူနေထူထပ်တဲ့နေရာတွေကို နေ့စဉ် လေကြောင်းကနေ ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ကန့်ကွက်ရှုတ်ချကြောင်း တအာင်းအရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်း ပြောဆို လိုက်တာဖြစ်ပါတယ်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ - TSYU၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေရှင်း - TLAF၊ တအာင်း အမျိုးသမီးအဖွဲ့အစည်း - TWO၊ တအာင်းပညာရေးအင်စတီကျူ့ - TEI၊ တအာင်းကျန်းမာရေးအဖွဲ့အစည်း - THO နဲ့ တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့ - TEWG တို့က ဩဂုတ် ၁၃ ရက်စွဲနဲ့ ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့မြို့နယ်တွေပြန်ရရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်ဟာ လူနေထူထပ်တဲ့ မြို့တွင်းနဲ့ ကျေးရွာတွေကို ဦးတည်ြပီး ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် လုပ်နေတယ်လို့ ဆိုပါတယ်။
အခုလို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကြောင့် ဇွန်လကနေ ဩဂုတ် ၁၃ အထိ ၂လကျော်အတွင်း တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်တို့မှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးငယ် ၁၃ ဦးအပါအဝင် အရပ်သားပြည်သူ ၅၆ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၈ ဦး အပါအဝင် ၁၃၆ ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင်အိမ် ၂၁၈ လုံး၊ စာသင်ကျောင်း ၈ ကျောင်း၊ သာသနာ့ အဆောက်အအုံ ၈ ခု၊ ဆေးရုံ ၃ ခု၊ ဟိုတယ် ၃ ခုနဲ့ အခြားအဆောက်အအုံ ၂၃ ခု ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
တဖက်မှာလည်း တရုတ်အစိုးရဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်း တပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ဒေသတွေ ပြန်လည်ပေးအပ်ရေးအတွက် နိုင်ငံရေးနဲ့စစ်ရေး ဖိအားပေးမှုတွေ လုပ်နေပြီး လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ ဖြတ်တောက်တာ၊ ကျန်းမာရေးအတွက် ဆေးဝါးဖြတ်တောက်တာ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး ဖြတ်တောက်တာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ ဆက်တိုက်ဖိအားပေးနေတယ်လို့လည်း တအာင်းအရပ်ဖက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ကို ခေတ်မီ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေ ထောက်ပံ့ပေးနေပြီး စစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်အောင် အားဖြည့်ပေးနေတယ်လို့လည်း ဆက်ပြီး ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်နိုင်ရေးအတွက် လေယာဉ်ဆီအပါအဝင် ခေတ်မီ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့နိုင်ငံများ၊ လုပ်ငန်းရှင် များနဲ့ အိမ်နီးချင်းနိုင်ငံများအားလုံး ချက်ချင်းရပ်တန့်ပေးဖို့၊ စီးပွားရေးလမ်းကြောင်းကနေ စစ်တပ်ကို ကူညီပံ့ပိုးပေးနေတဲ့ လုပ်ငန်းရှင် ခရိုနီတွေနဲ့ အကျိုးစီးပွားအရ လက်တွဲနေတဲ့ အခြားနိုင်ငံတွေကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ ထိထိရောက် ရောက် ဆောင်ရွက်ပေးဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာက ချမှတ်ထားတဲ့ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးက အမြန်ဆုံးအရေးယူနိုင်ရေးအတွက် လုပ်ဆောင်ပေးဖို့၊ စစ်ရေးပဋိပက္ခကြောင့် ခံစားနေရတဲ့ ပြည်သူလူထုအားလုံးအတွက် ထိရောက်တဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ဆောင်ရွက်ပေးဖို့လည်း တအာင်းရပ်အဖွဲ့တွေရဲ့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။
နောက်ဆုံးတချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ဖက်ဒရယ်ယူနစ်များ၊ ဒေသန္တရအစိုးရအဖွဲ့များနဲ့အတူ အသိအမှတ်ပြု လက်တွဲ လုပ်ဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်- TCSN က တောင်းဆိုထားပါတယ်။
========================
🚩🚩 ၃။ ကျွန်းစုမြို့နယ်က ပျူအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်
သြဂုတ်လ (၁၄)ရက်
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ပျူစောထီးအထိုင်စခန်းကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာမှာရှိတဲ့ ပျူစောထီးအထိုင်စခန်းကုန်းကို ဩဂုတ်လ ၁၂ ရက် ညနေ ၃ နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်း နေတယ်လို့ ဆိုပါတယ်။
အဲဒီစခန်းဟာ ပျူစောထီးတွေသာရှိတဲ့ စခန်းတခုဖြစ်ပြီး အင်အား ၃ဝ ခန့်ရှိတယ်လို့ သိရပါတယ်။
ပျူစခန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေ တိုက်ခိုက်နေချိန်မှာ ပဲ့တိုင်ကျေးရွာရှေ့မှာရှိတဲ့ စစ်သင်္ဘောက လက်နက်ကြီးတွေနဲ့ ပျူစောထီးတွေကို ပစ်ကူပေးခဲ့တာကြောင့် တိုက်ပွဲဟာ တနာရီခန့်ကြာခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
အဲဒီ ပျူအထိုင်စခန်းကို တိုက်ခိုက်မှုမှာ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာရခဲ့တာ ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကြို့ပင်ကောက်မှာ အဖမ်းမခံဘဲ ပြန်လည်တိုက်ခိုက်တဲ့ ပျူစောထီး ၂ဦးကို ပစ်ခတ်ဖမ်းဆီး
သြဂုတ်လ (၁၄)ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကံကြီးကျေးရွာအုပ်စု ကံကြီးရွာကိုရောက်နေတဲ့ ပျူစောထီး ၂ ဦးကို အဖမ်းခံဖို့ပြောပေမယ့် ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာက ၂ ဦးစလုံးသေဆုံးသွား တယ်လို့ သာယာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK - PDF က ဒီနေ့ ဩဂုတ် ၁၄ မှာ ထုတ်ပြန်ပါတယ်။
ကြို့ပင်ကောက်မြို့နယ် ကံကြီးကျေးရွာအုပ်စု ကံကြီးရွာကို စစ်သားတွေနဲ့ပျူစောထီးတွေရောက်နေတယ်လို့ သတင်းရတဲ့အတွက် တိုက်ခိုက်ဖို့ဆိုပြီး Black Dragon GBK - PDF က ရဲဘော်တွေ ဩဂုတ်လ ၁၁ ရက်နေ့ည ၁ဝ နာရီခန့်မှာ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုသွားရမှာ ပျူစောထီးတွေဖြစ်တဲ့ ကိုဖြိုးနဲ့ ဖြိုးဝေအောင်တွေကိုတွေ့ရတဲ့အတွက် အဖမ်းခံဖို့ပြောပေမယ့် ပြန်လည်ခုခံတိုက်ခိုက်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်မှာ ပျူစောထီး ကိုဖြိုးဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ပျူစောထီး ဖြိုးဝေအောင်ကတော့ ဗိုက်ကို ကျည်ထိပြီး ထွက်ပြေးရင်းနဲ့ လယ်ကွင်းထဲမှာ သေဆုံးသွားတယ်လို့လည်း အသိပေးပါတယ်။
ပျူစောထီးတွေနဲ့ ပစ်ခတ်မငတွေဖြစ်နေချိန်မှာ ဦးစာကြီးကုန်းမျာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကပါ ပစ်ခတ် ဝင်ရောက်လာတဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေထပ်ဖြစ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ နဲ့ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ အကြမ်းစစ်သားတွေနဲ့ စစ်တပ်ထောက်တိုင် တွေကို အရှိန်အဟုန်မြင့်ပြီး တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်သားတွေရှိတဲ့နေရာနဲ့ စစ်တပ်ထောက်တိုင်တွေရှိတဲ့နေရာတွေကို လုံးဝမသွားကြဖို့ သာယာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon GBK - PDF က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment