၂၀၂၅ သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရားရေးဝန်ကြီးဌာန၊တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဦးဆောင်ကျင်းပတဲ့ ဥပဒေအရာရှိများအတွက် (၆)လတာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားသို့ တရားရေးဝန်ကြီး ဦးသိန်းဦးတက်ရောက်
📌 ၂။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လုံခြုံမှုကင်းမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့နေ့စဉ်ဘဝတွေဟာ စက္ကန့်တိုင်း အရေးကြီးနေတယ်လို့ မြန်မာသံအမတ်ကြီး ပြော
📌 ၃။ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ လုပ်ခွင့် မပေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ရပ်တည်သွားမယ်လို့ ဦးနေဘုန်းလတ် ပြော
📌 ၄။ ဧရာဝတီဥပဒေပညာသင်ကျောင်းနှင့် မန္တလေးတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေခံနားလည်မှုစာချွန်လွှာ (MOU)ကို ရေးထိုးခဲ့
📌 ၅။ Bangkok Bankအကောင့် အပိတ်ခံရသူတိုင်း အထောက်အထားနဲ့တရားဝင်မှုကို ခိုင်ခိုင်မာမာပြသရမည်ဖြစ်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မော်ချီးဒေသ လိုခါလိုရွာကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
🚩 ၂။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၇ မမ ၂ လုံးနဲ့ တိုက်ခိုက်
🚩 ၃။ ဆီဆိုင်မြို့နယ်က ရွာတွေကို PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ တရာကျော် မီးလောင်ပျက်စီး
🚩 ၄။ တံတားဦးတက် စစ်ထောက်ပို့ Y-12 လေယာဥ်တစ်စီးကောလင်းမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင်အရပ်သားပြည်သူများ နှင့်အရပ်သားပြည်သူများနေအိမ်များကို ဗုံးသီးချတိုက်ခိုက်
🚩 ၅။ တော်လှန်ရေးပုံရိပ်ကျဆင်းစေဖို့ရည်ရွယ်ပြီး ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ကို အလွဲသုံးစားလုပ်ကာ အလှူခံနေတာတွေရှိနေတယ်လို့ မြို့နယ် ပကဖ ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရားရေးဝန်ကြီးဌာန၊တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဦးဆောင်ကျင်းပတဲ့ ဥပဒေအရာရှိများအတွက် (၆)လတာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားသို့ တရားရေးဝန်ကြီး ဦးသိန်းဦးတက်ရောက်
သြဂုတ်လ (၂၀)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၊တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှဦးဆောင်ကျင်းပတဲ့ဥပဒေအရာရှိများအတွက် (၆)လတာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားသို့ တရားရေးဝန်ကြီး ဦးသိန်းဦးတက်ရောက်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၊တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှဦးဆောင်ကျင်းပပြုလုပ်သောဥပဒေအရာရှိများအတွက် (၆)လတာသင်တန်းအား ၂၀၂၅ ခုနှစ်၊သြဂုတ်လ (၁၇) ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများဆိုသည်မှာ ပြည်သူများ၏တရားမျှတမှုအတွက်ဆောင်ရွက်ရာတွင် အဓိကကျသောပုဂ္ဂိုလ်များဖြစ်ကြောင်းနှင့် ဥပဒေအရာရှိများ၏အရေးကြီးပုံ၊အရေးပါပုံများ၊ ကျင့်ဝတ်စည်းကမ်းများအားအကျယ်တဝင့် လမ်းညွှန်ရှင်းလင်းပြောကြားပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးကြသူများ၊ သင်တန်းတွင်အားကြိုးမာန်တက်ဖြင့် သင်ကြားရေးတာဝန်ယူပေးကြသော ဆရာ၊ဆရာမများ၊ အခက်အခဲများကြားမှ သင်တန်းတက်ရောက်ကြမည့် မြို့နယ်ဥပဒေတာဝန်ခံများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါတယ်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ဝန်ကြီးရုံးမှညွှန်ကြားရေးမှူးချုပ် ဦးအားမာန်၊ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဂျိုးဇက်၊တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေနီ၊သင်တန်းဆရာ၊ဆရာမများ၊အခြားတာဝန်ရှိသူများနှင့် မြို့နယ် (၃၄)မြို့နယ်မှ မြို့နယ်ဥပဒေတာဝန်ခံများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လုံခြုံမှုကင်းမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့နေ့စဉ်ဘဝတွေဟာ စက္ကန့်တိုင်း အရေးကြီးနေတယ်လို့ မြန်မာသံအမတ်ကြီး ပြော
သြဂုတ်လ (၂၀)ရက်
အာကမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် လုံခြုံမှုကင်းမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေဟာ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း အရေးကြီးနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုက်အဝန်းကို ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကျင်းပနေတဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု - အသက် ကယ်ဝန်ဆောင်မှု များရရှိရေးနှင့် ပဋိပက္ခဇုန်များအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းမှ အသက်ရှင် ကျန်ရစ်သူများအား အကာအကွယ် ပေးရေးအတွက် ဆန်းသစ်သော မဟာဗျူဟာများဖော်ထုတ်ရေး တံခါးဖွင့် အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဘေးကင်းလုံခြုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့ရပ်ဝန်း ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးချပြီး အရပ်သားပြည်သူလူထုအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နေဆဲလို့လည်း နိုင်ငံတတကာအသိုက်အဝန်းကို အသိပေးခဲ့ပါတယ်။
စစ်တပ်က ကျူးလွန်တဲ့ အချို့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာဆိုရင် အမျိုးသမီးတွေကို သူတို့ရဲ့ ခင်ပွန်း၊ ဖခင်၊ မိခင်၊ မောင်နှမသားချင်းများ၊ သားသမီးများနဲ့ ဆွေမျိုးရင်းချာတွေရှေ့မှောက်မှာ အဓမ္မပြုကျင့်တာတွေရှိခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုက အခုလို လူမဆန်တဲ့ရာဇဝတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန်နဲ့ စနစ်တကျကျူးလွန်နေတာတွေအတွက် ပြောစရာ စကားလုံးတောင်မရှိအောင်ဖြစ်ရတယ်လို့လည်း သံအမတ်ကြီးက ဆက်ပြီး ပြောခဲ့ပါတယ်။
စစ်အုပ်စုရဲ့ ကျူးလွန်မှုကိုခံခဲ့ရတဲ့ ထိခိုက်နစ်နာသူတွေ သူတို့ရဲ့ မိခင်ဖခင်တွေနဲ့ မောင်နှမသားချင်းတွေ သားသမီးတွေနဲ့ ဆွေမျိုးသားချင်းတွေရဲ့နေရာကနေ ခေတ္တခဏ ဝင်ရောက်ခံစားကြည့်ဖို့လည်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
အခုကျင်းပတဲ့ တံခါးဖွင့်အစည်းအဝေးဟာ ကူကယ်ရာ အကင်းမဲ့ဆုံးဖြစ်နေတဲ့ အရပ်သားပြည်သူတွေနဲ့ အသိုက်အဝန်း အတွက် ထိထိရောက်ရောက် ပံ့ပိုးကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။
ဒါကြောင့် လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေပါတဲ့ ကုလသမဂ္ဂစနစ်တခုလုံးအနေနဲ့ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အပြီးသတ် ချုပ်ငြိမ်းနိုင်မယ့် နည်းလမ်းတွေကို အသုံးချပြီး ထိရောက်တဲ့ အရေးယူမှုတွေ ချက်ခြင်း လုပ်ဆောင်ဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်စစ်တပ်ကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းတွေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရပ်တန့်နိုင်ဖို့ ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုဖို့လည်း ဆက်လက်တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ ပဋိပက္ခကာလအတွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေအပါအဝင် လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ထပ်ပြီးကျူးလွန်ခွင့်ရစေမယ့် လိုင်စင်တခု ဖြစ်လာနိုင်တာကြောင့် အဖွဲ့ဝင် နိုင်ငံအားလုံးအနေနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို လေးစားဖို့၊ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အပြည့်အဝ ထောက်ပံ့ပေးဖို့လည်း တပါတည်း တောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၃။ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ လုပ်ခွင့် မပေးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ရပ်တည်သွားမယ်လို့ ဦးနေဘုန်းလတ် ပြော
သြဂုတ်လ (၂၀)ရက်
နွေဦးတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲတွေ လုပ်ခွင့်မပေးဘူးလို့ ထုတ်ပြန်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူ ရပ်တည်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၂ဝ မှာ ထုတ်လွှင့်ခဲ့တဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က အတင်းကျင်းပဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး - KNU၊ အာရက္ခတပ်တော် - AA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ - KNPP တို့လို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေက လက်မခံဘူးလို့ တရားဝင်ပြောဆိုထားတဲ့အပေါ် သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်
ဒီအခြေခံဥပဒေအောက်ကနေ လုပ်ဆောင်နေတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့လည်း ဦးနေဘုန်းလတ် က သတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်ထောင်စုမျှော်ရည်ချက်ဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်ပါ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဦးလည်မသုန် လျှောက်လှမ်းလျက်ရှိတယ်လို့လည်း အသိပေးပြောကြား ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခု ဟန်ပြပြုလုပ်ပြီး သူတို့ အာဏာ တည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအပေါ် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရအောင် ကြိုးပမ်းနေတာကြာင့် တော်လှန်ရေး အင်အားစုတွေအားလုံး စုစည်းညီညွတ်စွာနဲ့ ပြည်သူလူထုနဲ့အတူရပ်တည်ရင်း အဲဒီထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့လည်း ဦးနေဘုန်းလတ်က တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သလို ကျန်တဲ့ မြို့နယ်တွေမှာလည်း နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေမှာပါရှိတဲ့ ပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့မြို့နယ်တွေမှာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဟိုပန်မြို့ ပါဝင်သလို မြန်မာ့အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA စိုးမိုးထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ ပါဝင်နေတာကို တွေ့ရပါတယ်။
ဒီလုပ်ရပ်တွေဟာ အပစ်အခတ်ရပ်စဲတယ်လို့ ဟန်ပြကြေညာထားတဲ့ တိုင်းရင်းသားအင်အားစုတွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ မြန်မာပြည်သူလူထုတရပ်လုံးကို စိန်ခေါ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး အဲဒီ့ စိန်ခေါ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ အဓမ္မစစ်သားစုဆောင်းမှုတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်းမှုတွေ၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ အရင်ထက် ပိုပြီး လုပ်ဆောင်နေတယ်လို့ ဦးနေဘုန်းလတ်က ထောက်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့အတွက် ဖွဲ့စည်းပုံပြောင်းလဲပြီး ဆတိုးကျူးလွန်လာတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင် သွားမှာဖြစ်ပြီး ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရယူနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသိပေး ပြောကြားထားပါတယ်။
========================
📌📌 ၄။ ဧရာဝတီဥပဒေပညာသင်ကျောင်းနှင့် မန္တလေးတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေခံနားလည်မှုစာချွန်လွှာ (MOU)ကို ရေးထိုးခဲ့
သြဂုတ်လ (၂၀)ရက်
ဧရာဝတီဥပဒေပညာသင်ကျောင်းနှင့် မန္တလေးတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေခံ နားလည်မှုစာချွန်လွှာ (MOU)ကို ရေးထိုးခဲ့ပါတယ်။
ဥပဒေပညာရေးနှင့် စပ်လျဉ်း၍ ပိုမိုကျယ်ပြန့်စွာ လှုပ်ရှားနိုင်ရေးအတွက် သြဂုတ်လ ၁၅ရက်တွင် ဧရာဝတီဥပဒေပညာသင်ကျောင်းနှင့် မန္တလေးတက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေခံနားလည်မှုစာချွန်လွှာ (MOU)ကို ရေးထိုးခဲ့ကြောင်းသတင်းရရှိပါတယ်။
ယင်းအစည်းအဝေးတွင် နှစ်ဖက်အဖွဲ့အစည်းမှပူးပေါင်းဆောင်ရွက်မည့် ဥပဒေပညာရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး ,ဤပူးပေါင်းဆောင်ရွက်မှုသည် လာမည့်အနာဂတ်တွင် တရားမျှတမှုကို အခြေခံ၍ ဥပဒေပညာကို ထိရောက်စွာအသုံးချနိုင်သည့် လူငယ်များ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။
========================
📌📌 ၅။ Bangkok Bankအကောင့် အပိတ်ခံရသူတိုင်း အထောက်အထားနဲ့တရားဝင်မှုကို ခိုင်ခိုင်မာမာပြသရမည်ဖြစ်
သြဂုတ်လ (၂၀)ရက်
Bangkok Bankအကောင့် အပိတ်ခံရသူတိုင်း အထောက်အထားနဲ့တရားဝင်မှုကို ခိုင်ခိုင်မာမာပြသရမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
Bangkok Bankကို အလည်ဗီဇာနဲ့ ဖွင့်ထားသူများကို ရက် (၃၀)အတွင်း ဘဏ်ဖွင့်ခဲ့ရာ Branch ဆီလာရောက်ဖို့ သတိပေးNotification တွေ ဝင်ရောက်လာခဲ့ပါတယ်။
လတ်တလောမှာ ပိတ်ခံထားရတဲ့အကောင့်တွေဟာ မြန်မာအများစုလည်းပါဝင်ကြပြီး ငွေလွှဲတာ၊ငွေထုတ်တာ မရရှိကြဘူးလို့ ဘဏ်အကောင့်ပိုင်ရှင်တွေက လူမှုကွန်ရက်မှာအသိပေးဖော်ပြထားပါတယ်။
အချက်အလက်များအရ ဘဏ်အကောင့်ကို ဆက်လက်အသုံးပြုမယ်ဆိုရင်Long Term Visa (နှစ်ရှည်ဗီဇာနဲ့ ပြောင်းလဲနေထိုင်သူများ၊ထိုင်းနိုင်ငံမှာ လုပ်ငန်း Register ပြုလုပ်ထားသူများ၊ Condo သို့မဟုတ် အိမ်ပိုင်ဆိုင်မှု စာချုပ်စာတမ်းရှိသူများ၊ ဆေးရုံတက်ရောက်မှု၊ ကလေးကျောင်းအပ် စသည်ဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်းရှိသူများ အနေနဲ့ သက်ဆိုင်ရာ စာရွက်စာတမ်းများနဲ့အတူ ဘဏ်အကောင့်ကို ပြန်လည်ဖွင့်လှစ်နိုင်ကြောင်း လောလောဆယ် သိထားရပါတယ်။
ပုံမှန်အလည်ဗီဇာနဲ့ပဲ ဆက်လက်နေထိုင်သူများအတွက် သက်ဆိုင်ရာ Branchမှာ မိမိတို့ရဲ့ အပ်နှံငွေတွေကို ပြန်လည်ထုတ်ယူနိုင်တယ်လို့အကြမ်းဖျင်းသိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မော်ချီးဒေသ လိုခါလိုရွာကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သားတဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
သြဂုတ်လ (၂၀)ရက်
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသက လိုခါလိုရွာကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် အရပ်သားတဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
ဗုံး၉ လုံး ၁၀လုံးလောက်ရှိမယ်။ နေရာ ၃ နေရာကို ပတ်ကြဲခဲ့တာလို ကရင်နီနယ်က စစ်ရှောင်တွေကိုကူညီနေသူတဦးက လည်း အသိပေးပါတယ်။
ဒီနေ့ ဩဂုတ်လ ၂ဝ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ စစ်တပ်က ဗုံးကြဲခဲ့တဲ့အကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ - IEC အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ သြဂုတ်လ ၁၉ ရက်နေ့ မနက်ပိုင်းကလည်း မော်ချီးဒေသမှာရှိတဲ့ လိုခါးလိုကျေးရွာကို Y - 12 လေယာဥ်နဲ့ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
သြဂုတ်လ ၁၇ရက်နေ့ကတော့ မော်ချီးဒေသက လိုခါးလိုကျေးရွာမှာရှိတဲ့ ပြည်သူ့ဆေးရုံနဲ့ လူစည်ကားရာ ၁၆ ကုန်းရပ်ကွက် ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမှာဆိုရင် အရပ်သား ၃၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ IEC က ထုတ်ပြန်ထားပါ တယ်။
လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်ဟာ ကရင်နီဒေသက ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေး ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်လာနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ဒီနေ့မှာပဲ ထုတ်ပြန် ပါတယ်။
မော်ချီးဒေသ ဗုံးကြဲခံနေရမှုကို အရေးယူပေးဖို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။
အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းတိုက်ခိုက်နေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အစိုးရများအနေနဲ့ အရေးယူပေးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကလည်း တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၂။ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၇ မမ ၂ လုံးနဲ့ တိုက်ခိုက်
သြဂုတ်လ (၂၀)ရက်
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ၁၀၇ မမ ရော့ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ချင်းတွင်းမြစ်အတိုင်းတက်လာတဲ့ စစ်သင်္ဘောတွေကို မင်းကင်းမြို့နဲ့ ကနီမြို့ကြားမှာ သြဂုတ်လ ၁၉ ရက်နေ့က ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မုံရွာကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို မင်းကင်းနဲ့ကနီကြား မြစ်ကမ်းဘေးတနေ ရာမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ မမ ၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ် ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် - ၃ တပ်ရင်း တပ်ခွဲ ၂ ကနီမြို့နယ် မဟူရာကျားပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ မုံရွာခရိုင် အမှတ် - ၁၈ တပ်ရင်း Justice Brothers Force အဖွဲ့၊ ရေဦးကိုသားကြီးနဲ့ရဲဘော်များအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ ၃ ရက်နေ့တုန်းကလည်း မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတစင်းနဲ့ တွဲတွန်းရေယာဉ် ၁၀ စင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၃ လုံး ပွိုင့် ၁ ပွိုင့်နဲ့ ဖောက်ခွဲပြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ ဆီဆိုင်မြို့နယ်က ရွာတွေကို PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ တရာကျော် မီးလောင်ပျက်စီး
သြဂုတ်လ (၂၀)ရက်
ရှမ်းပြည်တောင်ပိုင် ဆီဆိုင်မြို့နယ်ထဲက နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ တရာကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောပါတယ်။
နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်အဖွဲ့ မီးထပ်ရှို့နေတာနဲ့ပတ်သက်တဲ့ ရုပ်သံဖိုင်တခုကိုလည်း ဒီနေ့ ဩဂုတ်လ ၂ဝ ရက်နေ့မှာ PNLA က ထပ်ပြီး ထုတ်ပြန်ထားပါ တယ်။
ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နဲ့တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်လက်အောက်ခံ ခရိုနီ နေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က မီးထပ်ရှို့နေတဲ့အတွက် မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းလို့ အသိပေးထား ပါတယ်။
PNO ပြည်သူ့စစ်အဖွဲ့ သြဂုတ်လ ၁၈ ရက်နေ့ထိ မီးရှို့ခဲ့တဲ့ သက်သေဗီဒီဖိုင်ကို PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းနဲ့ သက်သေရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီရုပ်သံမှတ်တမ်းမာ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့တာကြောင့် ကျေးရွာ မီးလောင်နေတာကို တွေ့ရတယ်လို့လည်း ပြောပါတယ်။
နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒီနေ့ ဩဂုတ်လ ၂ဝ ရက်နေ့ထိ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း၊ နောင်ဗို၊ တပူးထို စတဲ့ ကျေးရွာတွေကို မီးရှို့နေတာကြောင့် နေအိမ် ၁၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီလို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ တံတားဦးတက် စစ်ထောက်ပို့ Y-12 လေယာဥ်တစ်စီးကောလင်းမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင်အရပ်သားပြည်သူများ နှင့်အရပ်သားပြည်သူများနေအိမ်များကို ဗုံးသီးချတိုက်ခိုက်
သြဂုတ်လ (၂၀)ရက်
တံတားဦးတက် စစ်ထောက်ပို့ Y-12 လေယာဥ်တစ်စီးကောလင်းမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင်အရပ်သားပြည်သူများနှင့်အရပ်သားပြည်သူများနေအိမ်များကို ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကို သြဂုတ်လ၂၀ရက်တွင် KawlinPeopleDefenceForceက အတည်ပြုဖော်ပြထားပါတယ်။
"သြဂုတ်လ၂၀ရက်နေ့ 6:13 ချိန်တွင် တံတားဦးတက် စစ်ထောက်ပို့ Y-12 လေယာဥ်တစ်စီး ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ စစ်ဘေးရှောင်အရပ်သားပြည်သူများနှင့် အရပ်သားပြည်သူများနေအိမ်များကို ဗုံးသီးချတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။
ဗုံးသီးချတိုက်မှုမှာ ဗုံးသီးအလုံး- ၃၀ ဝန်းကျင်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၅။ တော်လှန်ရေးပုံရိပ်ကျဆင်းစေဖို့ရည်ရွယ်ပြီး ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ကို အလွဲသုံးစားလုပ်ကာ အလှူခံနေတာတွေရှိနေတယ်လို့ မြို့နယ် ပကဖ ဆို
သြဂုတ်လ (၂၀)ရက်
တော်လှန်ရေးပုံရိပ်ကျဆင်းစေဖို့နဲ့ ကိုယ်ကျိုးစီးပွားအတွက် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နာမည်ကို အလွဲသုံး စားလုပ်ပြီး အလှူခံနေတာတွေရှိနေတယ်လို့ မြို့နယ် ပကဖ အဖွဲ့က အသိပေးထုတ်ပြန်ထားပါ တယ်။
ရေဦးနယ်မြောက်ပိုင်းကို စစ်တပ်နဲ့ပျူစောထီးတွေပါတဲ့ စစ်အုပ်စု စစ်ကြောင်းထိုးလာချိန်မှာ ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး အလှူခံနေတာတွေရှိလာတဲ့အတွက် အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။
ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး အလှူခံနေတဲ့စာမှာ ရေဦးမြို့နယ် ပကဖ အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်ဖော်ဆောင်နေပြီဖြစ်တဲ့အတွက် ရန်ပုံငွေ လိုအပ်နေတယ်လို့ ဆိုထားပါတယ်။
ရိက္ခာနဲ့ဆေးဝါးအတွက် ရန်ပုံငွေ ကျပ် ၃ သိန်းကို ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထား ပေးသွင်းဖို့၊ မဖြစ်မနေ ခြေအနေကြောင့် ရန်ပုံငွေတောင်းခံရတာကို နားလည်ပေးဖို့ပြောထားပြီး ရန်ပုံငွေ ထည့်ဝင်သူရဲ့ လုံခြုံရေးနဲ့ အခြားကိစ္စတွေအတွက် တာဝန်ယူမှာဖြစ်တာကြောင့် သတင်းမပေါက်ကြားစေရေး သတိပြုဖို့ ရေဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့အမည်ကို အလွဲသုံးစားလုပ်ပြီး အလှူခံနေတဲ့စာမှာ ဖော်ပြထားပါတယ်။
ရန်ပုံငွေပေးသွင်းရမယ့် အကောင့်ကို ဗိုက်ဗာကနေ ရယူနိုင်ကြောင်းနဲ့ ရန်ပုံငွေ မထည့်ဘူးဆိုရင် နေအိမ်၊ အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးကို တာဝန်မယူဘူးလို့ အလှူငွေတောင်းခံတဲ့စာကနေ ခြိမ်းခြောက်ရေးသားထားပါတယ်။
ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ Viber နဲ့ Telegram အပါအဝင် အခြားလူမှုကွန်ရက်စာမျက်နှာတွေ ကနေ အလှူခံတာတွေမရှိတဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့ ဒါကို သတိထားကြဖို့ ရေဦးမြို့နယ်ပကဖက တိုက်တွန်း နိူးဆော် ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment