၂၀၂၅ သြဂုတ်လ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ KNA တိုက်တွန်း
📌 ၂။ အတုအယောင် ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပါဝင်ရန် စည်းရုံးသူများအား ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ မြိတ်ခရိုင် တပ်ရင်း (၃) ထုတ်ပြန်
📌 ၃။ NUG နှင့် မဟာမိတ်အဖွဲ့အစည်းများ စိုးမိုးနယ်မြေများအတွင်းရှိ ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ပုံငွေ သိန်းငါးရာကျော် လိုအပ်နေပြီး ၃၇.၆ % သာ ရရှိသေး
📌 ၄။ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့် မြေငလျင်တစ်ခု လှုပ်ခတ်
📌 ၅။ မန်တုံမြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၆ ဦးအား အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်မဲမြို့နယ် နောင်ပိန်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး
🚩 ၂။ မကွေး-ကန်ပလက် လမ်းပိုင်းနဲ့ ကန်ပလက် မြို့နယ်ထဲက လမ်းပိုင်းများကို ယာယီပိတ်သိမ်းထားကြောင်း CDF- Kanpetlet အသိပေး
🚩 ၃။ ဗန်းမော်မြို့တွင် စစ်ကောင်စီတင့်ကား တစ်စီးကို KIA ပစ်ခတ်ဖျက်ဆီး
🚩 ၄။ ထော်သာရွာ (ပျူ) စခန်းအား သိမ်းပိုက်၊ လက်နက်ခဲယမ်း၊ ငွေကြေး၊ စစ်ကောင်စီအလောင်း ၃လောင်းနှင့် ပျူခေါင်းဆောင်းအပါ မိသားစုဝင် (၁၉၀) ဦးအား ဖမ်းဆီးရမိ
🚩 ၅။ စစ်ကောင်စီရဲ့ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်
🚩 ၆။ (၇) လအတွင်း ဗိုလ်မှူး (၂) ဦး အပါအဝင် စုစုပေါင်း (၄၀၉) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ၊ ဧရာဝတီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉) အခြေခံသင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ KNA တိုက်တွန်း
အကြမ်းဖက် စစ်ကော်မရှင် က ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းသဏ္ဍာန် ပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်သွားကြဖို့ ကယန်းအမျိုးသားတပ်မတော် (KNA) က တိုက်တွန်းထားပါတယ်။
ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီစနစ်ဟာ တပေါင်းတစည်းတည်း ဖြစ်တာကြောင့် ဒီမိုကရေစီမရှိဘဲ ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိသလို ပြည်သူလူထုမှရွေးကောက်ထားတဲ့ လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားတဲ့လူထုအစိုးရ ကသာလျှင် ရွေးကောက်ပွဲ ကျင်းပခွင့် ရှိတယ်လို့ ဆိုပါတယ်။
စစ်ရာဇဝတ်မှုကို အကြိမ်ကြိမ် ကျူးလွန်ပြီး ပြည်သူလူထုအပေါ် လက်နက်အားကိုးနဲ့ နိုင်ငံအနှံ၊ နေ့စဉ်ရက်ဆက် သတ်ဖြတ်နေတဲ့ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲဟာ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထု ဆန္ဒ မပါရှိဘဲ ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင် ရဲ့ လုပ်ဟန် မှန်သမျှကို အတွေးအခေါ်အရ ဖြစ်စေ၊ လုပ်ဟန်အရဖြစ်စေ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ KNA က အသိပေးထားပါတယ်။
ထို့ကြောင့် မိဘပြည်သူလူထုကြီး အပါအဝင် တော်လှန်တိုက်ပွဲဝင်နေတဲ့ အင်အားစုမှန်သမျှအနေနဲ့ အကြမ်းဖက် စစ်ကော်မရှင်မှ ကျင်းပသွားမယ့် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းသဏ္ဍာန် ပေါင်းစုံဖြင့် ဆန့်ကျင် တိုက်ပွဲဝင်သွားကြဖို့ အလေးအနက် တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ အတုအယောင် ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပါဝင်ရန် စည်းရုံးသူများအား ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ မြိတ်ခရိုင် တပ်ရင်း (၃) ထုတ်ပြန်
စစ်ကော်မရှင်က ထွက်ပေါက် အနေဖြင့် အဓမ္မ ဆောင်ရွက်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူနဲ့ ပါဝင်ရန် စည်းရုံးသူ မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ မြိတ်ခရိုင် တပ်ရင်း - ၃ က ထုတ်ပြန်ထားပါတယ်။
စစ်ရေးအရ အားနည်းနေပြီး ရှုံးလုရှုံးခင် ဖြစ်နေတဲ့ စစ်ကောင်စီက ပြည်သူများကို စစ်မှုထမ်းဥပဒေ ပြဌာန်းကာ အတင်းအဓမ္မပေါ်တာဆွဲပြီး စစ်မြေပြင်ကို ပို့ဆောင်ခဲ့တာကြောင့် အာဏာရှင်တပ်မှာ အင်အားဖြည့်တင်းနိုင်ခဲ့ကာ တော်လှန်ရေးကို အနည်းငယ် အခက်တွေ့ ကြန့်ကြာစေခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်အာဏာရှင်က အတုအယောင် ရွေးကောက်ပွဲကို အဓမ္မ ဆောင်ရွက်နေပြီး ၎င်းတို့ရဲ့ ရက်စက် ယုတ်မာမှုများကို ဖုံးကွယ်နိုင်ပြီး တရားဝင်မှု ဖြစ်အောင် တည်ဆောက် နေတာကြောင့် ၎င်းတို့ရဲ့ အလိုကျအတိုင်း မဖြစ်ပေါ်ရအောင် ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အားပေးသူ၊ ပူးပေါင်းသူ၊ ပူးပေါင်းပါဝင်ရန် စည်းရုံးသူ မည်သူ့ကိုမဆို ထိရောက်ပြင်းထန်စွာ တုန့်
ပြန် အရေးယူသွားမှာ ဖြစ်တယ်လို့ မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတိပေးထားပါတယ်။
========================
📌📌 ၃။ NUG နှင့် မဟာမိတ်အဖွဲ့အစည်းများ စိုးမိုးနယ်မြေများအတွင်းရှိ ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ပုံငွေ သိန်းငါးရာကျော် လိုအပ်နေပြီး ၃၇.၆ % သာ ရရှိသေး
အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်အဖွဲ့အစည်းများ စိုးမိုးနယ်မြေများအတွင်းရှိ ဆင်များထိန်းသိမ်းစောင့်ရှောက်ရေးတွင် ဆင်တစ်ကောင်အတွက် ဖြည့်စွက်စာ ဆား၊ မန်ကျည်းသီးနှင့် ကာကွယ်ဆေး တနှစ်စာ ပျမ်းမျှလိုအပ်ချက် - 174,500 ကျပ် ဖြစ်ပြီး ဆင်ကောင်ရေ စုစုပေါင်း ၃၁၃ ကောင်အတွက် 54,618,500 ကျပ် လိုအပ်နေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အသိပေးဆိုပါတယ်။
“မိုမိုတို့ရဲ့အိမ်ပြန်လမ်း” ကမ်းပိန်းမှ ရန်ပုံငွေ 20,529,513 ကျပ် ရရှိထားပြီး ဆင်များစောင့်ရှောက်ရေးအတွက် အများပြည်သူဝိုင်းဝန်းပံ့ပိုးမှုဖြင့် ရန်ပုံငွေလိုအပ်ချက်၏ 37.6 % ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဆင်များအတွက် ရိက္ခာဆေးဝါးလိုအပ်ချက်အား တစ်နှစ်လျှင် ၂ ကြိမ် ခွဲဝေပံ့ပိုးပေးလျက်ရှိပြီး လိုအပ်ချက်နှင့် ရန်ပုံငွေရရှိမှု မမျှတနိုင်သေးတာကြောင့် CDM ဆင်ဝိုင်းများ၊ ကျန်းမာရေးနှင့် ထူးခြားဖြစ်စဉ် လိုအပ်ချက်ရှိနေသည့် ဆင်ဝိုင်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှ အထောက်အပံ့ မရရှိနိုင်သည့် ဆင်ဝိုင်းများကို ဦးစားပေးလျက် အလှည့်ကျ စီစဉ်ထောက်ပံ့လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကမ်းပိန်းရန်ပုံငွေအပြင် ဝန်ကြီးဌာနသို့ ဆက်သွယ်လှူဒါန်းမှုများမှလည်း ပံ့ပိုးမှုအချို့ ရှိပြီး ရန်ပုံငွေရရှိမှုနှင့် လိုအပ်ချက်၊ ဆင်ဝိုင်းများ၏ အခြေအနေနှင့် လုံခြုံရေးတို့ကို ထည့်သွင်းစဉ်းစားလျက် ထောက်ပံ့မှုများကို ဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီဆုံးဖြတ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပးတယ်လို့ အသိပေးထားပါတယ်။
“မိုမိုတို့ရဲ့အိမ်ပြန်လမ်း” ကမ်းပိန်းမှ ပထမဆုံး ထောက်ပံ့မှုအဖြစ် ဆင် ၃၇ ကောင်အတွက် ဖြည့်စွက်စာ ၆ လစာ 3,052,500 ကျပ် ကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီး ရစ်ခ်တာစကေး ၅.၀ အဆင့် မြေငလျင်တစ်ခု လှုပ်ခတ်
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၀၇:၁၆ မိနစ်အချိန်ခန့်တွင် မြန်မာနိုင်ငံတောင်ဘက်၊ ကမ်းရိုးတန်းအနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၀ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန်လည်း အသိပေးထားပါတယ်။
========================
📌📌 ၅။ မန်တုံမြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၆ ဦးအား အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်
ရှမ်းပြည်နယ်မြောက်ပိုင်း TNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မန်တုံမြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ (၆) ဦးအား အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
တအောင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးသုံးစွဲသူများကို PSLF/TNLA အကျင့်စာရိတ္တ ပြုပြင်ရေး စခန်းမှာ (၆) လ ကြာအောင် ပြုပြင်ပေးခဲ့ပြီးနောက် ဩဂုတ်လ ၁၈ ရက်နေ့က ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲသူများ အနေဖြင့် ပထမ အကြိမ်တွင် အကျင့်စာရိတ္တပြုပြင်ရေး စခန်းမှာ ၆ လကြာ ပြစ်မှုခံရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက ၃ နှစ်ကြာ ပြစ်ဒဏ်ခံရမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက် နေ့ကလည်း နမ့်ဆန် မြို့နယ်မှာ အကျင့်စာရိတ္တ ပြုပြင်ပေးပြီးတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ ၂၉ ဦးကို PSLF/TNLA က ပြန်လွှတ်ပေးခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်မဲမြို့နယ် နောင်ပိန်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး
ဩဂုတ်လ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာရှိ စေတီအနီးကို နှစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း SSPP/SSA မှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရွာလယ်နှင့် ဘုန်းကြီးကျောင်းအနီးတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ထုတ်ပြန်ချက်အရ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိတွင် နောင်ပိန်ရွာနှင့် အနီးဝန်းကျင်ရွာများဖြစ်သည့် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်း နှင့် လွယ်ကုန်ဒေသခံများသည် စစ်ကောင်စီ၏ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မကွေး-ကန်ပလက် လမ်းပိုင်းနဲ့ ကန်ပလက် မြို့နယ်ထဲက လမ်းပိုင်းများကို ယာယီပိတ်သိမ်းထားကြောင်း CDF- Kanpetlet အသိပေး
ချင်းပြည်နယ်၊ ကန်ပက်လက် မြို့နယ်က ဆွဲလွဲကျင်း - ကျင်ဒွေး လမ်းပိုင်း၊ ဆော - ကန်ပက်လက် လမ်းပိုင်းများ အပြင် မကွေးတိုင်း မှ ကန်ပက်လက် မြို့နယ်အတွင်း ဝင်ရောက်နိုင်မယ့် လမ်းပိုင်းများကို ယာယီ ပိတ်သိမ်းထား တယ်လို့ CDF- Kanpetlet က အသိပေးထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာ စစ်ကော်မရှင်က NUG နဲ့ ချင်းညီနောင် (CB) အပါအဝင် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ မြို့နယ် ၆၃ မြို့နယ်မှာလည်း ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
ထို့နောက် မကွေးတိုင်း၊ လောင်းရှည် ကပစ (၂၅) တပ်ရင်းမှ စစ်ကောင်စီ တပ်အင်အား ၈၀၀ ခန့်၊ ဆိပ်ဖြူဘက်မှ တက်လာတဲ့ အင်အား ၄၀၀ ခန့်၊ ပေါက်မြို့နယ်မှာ ရောက်နေတဲ့ တပ်မ (၁၀၁) က တင့်ကား ၂ စီးနဲ့ စစ်ကား ၁၃၆ စီးပါ ယာဉ်တန်းဟာ ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့နယ်များကို ဦးတည်ချဉ်းကပ်လာတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် မကွေးတိုင်း မှ ကန်ပက်လက် မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းများ နဲ့ ကန်ပက်လက်မြို့နယ် အတွင်းက လမ်းပိုင်းများအား ထုတ်ပြန်ချက် တစ်စုံတရာ ပြန်လည်ထုတ်ပြန်ခြင်း မရှိသရွေ့ ယာယီပိတ်ထားမယ် လို့ CDF-Kanpetlet က အသိပေးထားပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်က အချိန်မရွေး ထိုးစစ်ဆင်လာနိုင်တာကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရှိ ကြိုတင်ပြင်ဆင် ထားကြဖို့နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် ကာကွယ်နိုင်ရန် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများ တူးထားပြီး သတိရှိရှိ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော် ထားပါတယ်။
========================
🚩🚩 ၃။ ဗန်းမော်မြို့တွင် စစ်ကောင်စီတင့်ကား တစ်စီးကို KIA ပစ်ခတ်ဖျက်ဆီး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကား တစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီက တင့်ကား နှစ်စီးနဲ့ ဗန်းမော်မြို့ထဲမှာ လိုက်လံပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဩဂုတ်လဆန်းပိုင်းကစ၍ စစ်ကောင်စီသည် ဗန်းမော်မြို့သို့ စစ်သင်္ဘောများဖြင့် လက်နက်ခဲယမ်းများ ပို့ဆောင်ကာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) မှ လက်ကျန်တပ်စခန်းများသို့ ဖြန့်ဝေရန် စစ်ကြောင်းထိုးလှုပ်ရှားနေရာ KIA နှင့် နှစ်ပတ်ကျော် တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
"အခုတလောက ဗန်းမော်မြို့တွင်းမှာ ကျနော်တို့ သိမ်းတဲ့စခန်းတွေမရှိသလို ကျနော်တို့ ဆုတ်သွားတဲ့ စခန်းတွေလည်း မရှိပါဘူး။ လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ပုံတွေက အဟောင်းတွေပါ။ Fake တွေပါ” လို့ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့လက်ရှိစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ဩဂုတ် ၂၀ရက်နေ့လယ်ပိုင်းတွင် People's Spring ကို ဖြေကြားထားပါတယ်။
ဗန်းမော်မြို့တွင် ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ မြစ်ဆုံဟိုတယ်အနီးတဝိုက်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KIA ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ပြီး လေးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့ပေါ်တချို့နေရာများမှ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ထော်သာရွာ (ပျူ) စခန်းအား သိမ်းပိုက်၊ လက်နက်ခဲယမ်း၊ ငွေကြေး၊ စစ်ကောင်စီအလောင်း ၃လောင်းနှင့် ပျူခေါင်းဆောင်းအပါ မိသားစုဝင် (၁၉၀) ဦးအား ဖမ်းဆီးရမိ
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်ရှိ ပျူခေါင်းဆောင် အဲပန် ဦးစီးသည့် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် ထော်သာရွာ (ပျူစောထီး) စခန်းအား မော်လိုက်ခရိုင် တပ်ရင်း (၂၊ ၄) နှင့် ဖောင်းပြင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ဩဂုတ်လ (၁၅) ရက်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး မော်လိုက်မြို့နယ် ပကဖ မှလည်း ထောက်ပို့ပါဝင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသမှ တရားဝင်ထုတ်ပြန်ပါတယ်။
ထော်သာရွာစခန်း သိမ်းပိုက်နေစဉ် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော ဖလက်ခွံများပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၃၀) ခန့်နှင့် တောင်းအင်ရွာမှ အင်အား (၅၀) ခန့်သည် စစ်ကူပေးရန် အင်းတပေါင်းရွာသို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း ထော်သာရွာအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ၆၀ မမ ပြောင်းနှင့် RPG အပါ လက်နက် (၂၃) လက်၊ ခဲယမ်းအချို့နှင့် ငွေကျပ် သိန်း (၁၅၀) ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီဘက်မှ အလောင်း (၃) လောင်း ရရှိပြီး (၉) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ပျူစောထီး ခေါင်းဆာင် အဲပန် အပါ ပျူစောထီးများ၏ မိသားစုဝင် (၁၉၀) ဦးအား ဖမ်းဆီးရမိကြောင်း၊ ပျူစောထီးအဖွဲ့ဝင် (၂၀) ခန့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း အသိပေးထားပါတယ်။
တိုက်ပွဲအတွင်း တံတားဦးလေတပ်မှ တက်လာသော Yak-130 (၁) စီးဖြင့် ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ရေယာဉ်များပေါ်မှလည်း ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ စစ်ကောင်စီရဲ့ အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ရှိ စစ်ကောင်စီ အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂ဝ ရက်၊ နေ့လယ် ၁၂ နာရီအချိန်မှာ တတသ (၁၃) အတွင်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၉ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ No more Dictatorship (NMD-PDF) နဲ့ Infinity (အညာ) အဖွဲ့ကတို့ ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး မန္တလေးတိုင်း လက်နက်ကြီး တပ်ဖွဲ့ နဲ့ နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့များက အားဖြည့်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။
တတက (၁၃) ဟာ မန္တလေးတိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ စစ်သည်များက တပ်စိတ်၊ တပ်စု၊ တပ်ခွဲများကို ဦဂဆောင်တိုက်ပွဲဝင်နိုင်အောင် သင်ကြားပေးနေတဲ့ အရေးပါတဲ့ တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ရုံသာမက သပိတ်ကျဉ်းနဲ့ မိုးကုတ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီ တပ်အထိုင်စခန်း ဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ (၇) လအတွင်း ဗိုလ်မှူး (၂) ဦး အပါအဝင် စုစုပေါင်း (၄၀၉) ဦး ပြည်သူ့ရင်ခွင်ခိုလှုံ၊ ဧရာဝတီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉) အခြေခံသင်တန်းဆင်းပွဲ ပြုလုပ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပကဖအဖွဲ့များကို ဆက်သွယ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ (၇) လတာ ကာလအတွင်း ဗိုလ်မှူး (၂) ဦး အပါအဝင် စုစုပေါင်း (၄၀၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံလာသူ (၄၀၉) ဦးတွင် လက်နက်ဖြင့် ဝင်ရောက်လာသူ (၁၇၉) ဦး ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်မှုထမ်း နှင့် SNA တပ်ဖွဲ့များမှ ခိုလှုံလာသူ (၄၀၉) ဦးတွင် စစ်တပ်မှ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၆) ဦး၊ ဗိုလ် (၁) ဦး တို့ ပါဝင်ပြီး ရန်သူ့စစ်အရာရှိ အဆင့်များကပါ အကြမ်းဖက်စစ်တပ်ကို လက်ခံလိုခြင်းမရှိသည်ကို ပြသလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့ကြောင့် အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းထားပါတယ်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ဧရာဝတီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၉)၊ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment