၂၀၂၅ သြဂုတ်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီတပ်မတော်နေ့ ၇၇ နှစ်မြောက်သို့ CRPH မှ သဝဏ်လွှာ ပေးပို့
📌 ၂။ တောင်ပေါ် တောင်အောက် တန်းတူ လူ့အခွင့်အရေး လှုပ်ရှားမှုများအတွက် YaungNi Tour U.S က စစ်ကိုင်းတိုင်းသို့ အားဖြည့်ကူညီသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်ခံရရှိ
📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-SFU)တို့ တွေ့ဆုံဆွေးနွေး
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ညောင်လေးပင်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံး
🚩 ၂။ ကော့သောင်းမြို့နယ်၊ မလိဝမ်း ရဲစခန်းနဲ့ အမှတ် (၅၈၂) အခြေမြန်တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်
🚩 ၃။ မော်ချီးဒေသရှိ ဆေးရုံနဲ့ မူကြိုကျောင်း အနီးကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ သေဆုံးသူ ၂၄ ဦးထိ ရှိလာ
🚩 ၄။ ကျောက်ဖြူမှာ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
🚩 ၅။ ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရ
🚩 ၆။ စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာသွားပြီးနောက် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် နယ်မြေရှင်းလင်းပေးခဲ့
🚩 ၇။ Justice Soldier Drone တပ်ဖွဲ့က နည်းပညာအင်အား ဖြည့်တင်းရန် တပ်ဖွဲ့ဝင် အယောက် ၂၀၀ ခေါ်ယူနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီတပ်မတော်နေ့ ၇၇ နှစ်မြောက်သို့ CRPH မှ သဝဏ်လွှာ ပေးပို့
ဩဂုတ်လ ၁၇ရက်
Radio NUG
ဩဂုတ်လ ၁၇ ရက်တွင် ၇၇ နှစ်ပြည့်မြောက်သည့် ကရင်နီတပ်မတော်နေ့အခါသမယ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ကရင်နီတပ်မတော်၏ ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် ကရင်နီတိုင်းရင်းသားများအားလုံးအား ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာအေးချမ်းကြရန် ဆုမွန်ကောင်းတောင်းပေးပို့ထားပါတယ်။
၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် ကရင်နီတိုင်းရင်းသားခေါင်းဆောင်ကြီးများက ကရင်နီပြည်၏ လွတ်လပ်ရေးအတွက် ကရင်နီတပ်မတော်ကို ခိုင်မာစွာ တည်ထောင်ခဲ့ပြီး ယနေ့အချိန်ထိ ကရင်နီတိုင်းရင်းသားများသည် တန်းတူညီမျှအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်ခွင့်များ ရရှိရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
သဝဏ်လွှာတွင် ကရင်နီတပ်မတော်သည် ကရင်နီပြည်သူလူထုနှင့် တော်လှန်ရေးညီနောင်အဖွဲ့အစည်းများနှင့်အတူ လက်တွဲညီညီ ပူးပေါင်းကာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နေမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ကရင်နီတပ်မတော်သည် ကရင်နီတစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် ကောင်းမွန်သော ရည်မှန်းချက်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အောင်မြင်စွာ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်လို့ ဆိုထားပါတယ်။
ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတိုက်ပွဲများတွင် အသက်၊ သွေး၊ ချွေးများဖြင့် ပေးဆပ်ခဲ့ကြသည့် ကရင်နီတိုင်းရင်းသား အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များအား ဦးညွှတ်ဂုဏ်ပြုကြောင်း CRPH မှ ၇၇ နှစ်မြောက် ကရင်နီတပ်မတော်နေ့အတွက် သဝဏ်လွှာထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ တောင်ပေါ် တောင်အောက် တန်းတူ လူ့အခွင့်အရေး လှုပ်ရှားမှုများအတွက် YaungNi Tour U.S က စစ်ကိုင်းတိုင်းသို့ အားဖြည့်ကူညီသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်ခံရရှိ
သြဂုတ်လ ၁၇ရက်
Radio NUG
YaungNi Tour U.S ရန်ပုံငွေရှာဖွေရေး ဂီတပွဲ (Concert) က ရရှိသည့် ထည့်ဝင် လှူဒါန်းငွေများထဲမှ တောင်ပေါ် တောင်အောက် တန်းတူ လူ့အခွင့်အရေး လှုပ်ရှားမှုများအတွက် စစ်ကိုင်းတိုင်းသို့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပါဝင်အားဖြည့် ထောက်ပို့ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
ထိုသို့ ကူညီထောက်ပို့မှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး အထူးတင်ရှိကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လက်မှတ်ရေးထိုး၍ မှတ်တမ်းတင် ဂုဏ်ပြုလွှာ ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ဖွဲ့စည်းထားသည့် ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဉ်တွင် ပါဝင်ခြင်းဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များအတွက် နောက်တန်းထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
ဩဂုတ်လ ၁၇ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၈/၂၀၂၅)ကို ဩဂုတ်လ ၁၇ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-SFU)တို့ တွေ့ဆုံဆွေးနွေး
ဩဂုတ်လ ၁၇ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-SFU)တို့သည် ဩဂုတ်လ ၁၇ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ(CCSC-SFU)၏ ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တာဝန်ရှိသူတစ်ဦးမှ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပါ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် တက်ရောက်လာကြသော စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-SFU)မှ တာဝန်ရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များပေါ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား ညနေ (၄း၁ဝ)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-SFU)ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ညောင်လေးပင်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံး
ဩဂုတ်လ ၁၇ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုစွန်မြောင်း စံပြကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရာရှိ တစ်ဦးနဲ့ စစ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ Fire Dragon တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ၃၅ မိနစ်က ပုစွန်မြောင်း၊ ဆွဲဒလွဲပိုင်း တစ်နေရာမှာ စစ်ကောင်စီ တပ်ဖွဲ့နဲ့ P-23703 Fire Dragon တပ်ရင်း၊ တောကျီးကန်း ဒရုန်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ တစ်ဦးနဲ့ တပ်သား တစ်ဦး သေဆုံးခဲ့ပြီး ညောင်လေးပင် မြို့ရှိ ခမရ (၂၀) တပ်ရင်းနဲ့ ရေကြည်ချောင်း ဂိတ်စခန်းမှ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး နေ့လယ် ၂ နာရီခန့်မှာလည်း ပုစွန်မြောင်းကျေးရွာ၊ အိုးဘိုပိုင်းမှာ ဒုတိယအကြိမ် လက်ဦးမှုရယူပြီး ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ဖိအားပေး ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ ကော့သောင်းမြို့နယ်၊ မလိဝမ်း ရဲစခန်းနဲ့ အမှတ် (၅၈၂) အခြေမြန်တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်
ဩဂုတ်လ ၁၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းရဲစခန်းနဲ့ အမှတ် (၅၈၂) ခြေလျင်တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ မနက် ၂ နာရီခွဲအချိန်မှာ မလိဝမ်းကျေးရွာရှိ ခမရ (၅၈၂) တပ်ရင်းနဲ့ မလိဝမ်း ရဲစခန်းတို့ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အဆောက်အဦး၊ ဘန်ကာ အများအပြား ထိခိုက်ပျက်စီးခဲ့ကာ စစ်ကောင်စီဘက်က အရာရှိ ၁ ဦး သေဆုံးကာ စစ်သားနဲ့ ရဲ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။
ကျန်ရှိနေတဲ့ စစ်သားနဲ့ ရဲများ စစ်ကောင်စီ သတင်းပေး သူလျှိုများနဲ့ ထောက်တိုင်များအနေဖြင့် ပြည်သူ့ဘက်က ရပ်တည်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းထားပြီး ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ အမြဲ ရှိကြဖို့ ကော့သောင်း ပကဖ က အသိပေးထားပါတယ်။
========================
🚩🚩 ၃။ မော်ချီးဒေသရှိ ဆေးရုံနဲ့ မူကြိုကျောင်း အနီးကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ သေဆုံးသူ ၂၄ ဦးထိ ရှိလာ
ဩဂုတ်လ ၁၇ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် သေဆုံးသူ ၂၄ ဦးထိ ရှိလာပြီး သေဆုံးသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ KPV News က ဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၇ ရက် မနက် ၇ နာရီ ၅၆ မိနစ် အချိန်မှာ မော်ချီးဒေသ လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံ တစ်ခုကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အဆောက်အအုံများ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အချိန်မှာလည်း (၁၆) ကုန်းရပ်ကွက် မူကြိုကျောင်းအနီးက လူစည်ကားရာ နေရာကို ဗုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
"တနင်္ဂနွေ နေ့ဆိုတော့ အားလုံးက ဘုရားကျောင်းတက်ပြီး အလုပ်နားကြ၊ အနားယူကြတယ် ။ အဲ့နေရာလေးက ခြင်းကွင်း၊ ဘောလီဘောကွင်း ဆန်းဒေးဆို လူစုပြီး အနားယူနေကျ နေရာလေး ။ လူအစုလိုက် အပြုံလိုက်ရှိတဲ့ နေရာကိုမှ ရွေးလုပ်သွားတာပဲ" လို့ ဒေသခံ တစ်ဦးက KPV News ကို ပြောပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းအထိ သေဆုံးသူ (ရုပ်အလောင်း ရှာတွေ့သူ) ၂၄ ဦးထိ ရှိလာပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများနဲ့ ပျောက်ဆုံးနေသူများလည်း ရှိသေးတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၄။ ကျောက်ဖြူမှာ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
ဩဂုတ်လ ၁၇ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာသစ် (ဂေါ်တူရွာအနီး)ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ မိနစ် ၄၀ အချိန်မှာ ဂေါ်တူရွာဟောင်း အနီးကို စစ်ကောင်စီက ဒရုန်းဖြင့် ဒရော့ဗုံးသီး တစ်လုံး လာရောက်ကြဲချခဲ့တာပါ။
ဗုံသီးကျရောက် ပေါက်ကွဲမှုကြောင့် ဂေါ်တူရွာနားမှာ စစ်ရှောင်နေတဲ့ လိပ်ခမော်ရွာမှ ဦးဇော်မြင့်အေး (၄၈ နှစ်) နဲ့ ဒေါ်မကျန်သိန်း (၅၁ နှစ်) တို့ နှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် လိပ်ခမော်ရွာသစ်မှ ဦးမောင်နိုင်ဝင်း (၄၈ နှစ်)၊ ဦးဂျွန်ဆင် (၅၂ နှစ်)၊ ဦးမောင်အေးဖြူ (၆၅ နှစ်)နဲ့ ဂေါ်တူ ရွာဟောင်းက ဦးခင်မောင်မြင့် (၄၃ နှစ်)၊ ကိုစိုးဝင်းနိုင် (၂၄ နှစ်) တို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ထိုနေ့ (ဩဂုတ်လ ၁၆ ရက်) ညနေ ၃ နာရီလောက်မှာ ကျောက်ဖြူ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၄) တပ်ရင်းက ဂေါ်တူ ရွာဟောင်းကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် တစ်လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်ကလည်း စစ်ကောင်စီ နေဗီ သင်္ဘောတစ်စီးက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာသား တစ်ဦး သေဆုံးခဲ့ရ ပါသေးတယ်။
========================
🚩🚩 ၅။ ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရ
ဩဂုတ်လ ၁၇ရက်
Radio NUG
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်တွင် ဩဂုတ်လ ၁၇ ရက် နံနက် ၆ နာရီ ၅၅ မိနစ်ခန့်က အာဏာသိမ်းစစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်တစ်စီးဖြင့် နေရာ ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း၊ နေအိမ်များ ပျက်စီးမှုများရှိခဲ့တယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့သည် ၂၀၂၄ ဒီဇင်ဘာလတွင် ချင်းညီနောင်မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်လျက်ရှိပါတယ်။
========================
🚩🚩 ၆။ စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာသွားပြီးနောက် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် နယ်မြေရှင်းလင်းပေးခဲ့
ဩဂုတ်လ ၁၇ ရက်၊
Radio NUG
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ကျေးရွာများမှာ စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ခွာသွားပြီးနောက် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် နယ်မြေရှင်းလင်း ပေးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီ တပ်အင်အား ၁၅၀ ခန့်ဟာ ကျစ်ကိုင်းကျေးရွာမှာ အင်အားစုဖွဲ့ပြီး အုတ်ဖို၊ သနပ်ဝ၊ မကျီးစု၊ ဖလံကျင်းနဲ့ လေးအိမ်စု ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၉ ရက်နေ့မှာ အဆိုပါ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ရှောင် ပြည်သူများ ပြည်လည် နေထိုင်နိုင်ရန် စစ်ကြောင်းတစ်လျှောက်က ကျေးရွာများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ပေးခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၇။ Justice Soldier Drone တပ်ဖွဲ့က နည်းပညာအင်အား ဖြည့်တင်းရန် တပ်ဖွဲ့ဝင် အယောက် ၂၀၀ ခေါ်ယူနေ
ဩဂုတ်လ ၁၇ ရက်၊
Radio NUG
Justice Soldier Drone တပ်ဖွဲ့က နည်းပညာအင်အား ဖြည့်တင်းနိုင်ရန်အတွက် တပ်ဖွဲ့ဝင် အယောက် (၂၀၀) ဦး ခေါ်ယူသင်တန်း ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပါဝင်အားဖြည့်လိုသူများဟာ အသက် ၁၈ မှ ၄၀ နှစ်အတွင်း ပညာအရည်အချင်း ၈ တန်းအထက် ရှိရမှာဖြစ်ကာ Computer Programming and IT စိတ်ဝင်စားသူများကို ဦးစားပေးမယ်လို့ သိရပါတယ်။
ထို့အပြင် စစ်သင်တန်း တက်ရောက်ရန် ကျန်းမာရေး ကောင်းမွန်သူ၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစနစ် တည်ဆောက်ရေးအတွက် သန္နိဌာန် ချထားသူ၊ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ တာဝန်နှင့် အမိန့်ကို တိကျစွာ လိုက်နာနိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
နည်းပညာအား စိတ်ဝင်စားပြီး တော်လှန်ရေးကို သစ္စာရှိသူများ အနေဖြင့် Justice Soldier PDF ရဲ့ ဖေ့(စ်)ဘွတ် Messenger မှာ လာရောက်ဆက်သွယ် ပါဝင်အားဖြည့် နိုင်တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment