၂၀၂၅ သြဂုတ်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တအာင်းပြည်ကောင်စီမှ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်
📌 ၂။ ဇူလိုင်လနှင့် ဩဂုတ်လ ၂၂ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံး
📌 ၃။ မျိုးဆက်သစ်ကလေးသူငယ်များအားလုံး ဘေးကင်းလုံခြုံသော ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် “ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းကို CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ကျင်းပမည်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝှက်ထားသည့် လက်နက်များ ပြည်သူများက CDF Mindat ထံ အပ်နှံ
🚩 ၂။ ဖားကန့်မြို့နယ် မှော်စီစာရွာတွင် အမျိုးသား ၂ ဦး ပစ်သတ်ခံရ
🚩 ၃။ သရက်ချောင်းနှင့် ဘုတလင်မြို့နယ်များတွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထွက်ပြေးနေရ
🚩 ၄။ မြိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်သားတစ်ဦး KNDO ထံ အလင်းဝင်
🚩 ၅။ မူတြော်ခရိုင်တွင် စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်များနှင့်အတူ KNU ထံ အလင်းဝင်ရောက်
🚩 ၆။ တိုက်ပွဲအတွင်း ရရှိဒဏ်ရာဖြင့် မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ဟိန်းထက်နှင့် ရဲဘော်သန့်ဇင်တို့၏ စျာပနအခမ်းအနားပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တအာင်းပြည်ကောင်စီမှ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်
ဩဂုတ်လ ၂၂ရက်
Radio NUG
တအာင်းပြည်ကောင်စီ (TLC) က အာဏာသိမ်းစစ်ကောင်စီ၏ အရပ်သားများနေထိုင်ရာ နေရာများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေမှုများကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ သြဂုတ်လ ၂၁ ရက်အတွင်း တအာင်းဒေသအတွင်းရှိ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုင်းငေါ့မြို့နယ်များတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅ ကျော်ရှိခဲ့ပြီး၊ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ၅၉ ဦး သေဆုံးကာ ၁၀၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
အထူးသဖြင့် သြဂုတ်လ ၂၂ ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် ဗုံး ၃၉ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TLC ၏ ထုတ်ပြန်ချက်တွင် အသိပေးထားပါတယ်။
TLC သည် သေဆုံးသွားသော အရပ်သားများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
ထို့အပြင်၊ စစ်ကောင်စီသည် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းရန်နှင့် တရားမဝင်အာဏာရရှိရန် အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေမှုကို TLC က ပြတ်သားစွာ ဆန့်ကျင်ကန့်ကွက်ပြီး ပြည်သူလူထုအား ထိုရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုရန်နှင့် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအား အသိအမှတ်မပြုရန် တိုက်တွန်းထားပါတယ်။
စစ်ကောင်စီ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူပေးရန် TLC က အလေးအနက် တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ ဇူလိုင်လနှင့် ဩဂုတ်လ ၂၂ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံး
ဩဂုတ်လ ၂၂ရက်
Radio NUG
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက် အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသား (၁၁၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ယောကျ်ားလေး (၂၀) ဦး ပါဝင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၇) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး အဆိုပါ (၁၁၉) ဦးတွင် (၇) ဦးမှာ စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ နာရီစင်အနီး၌ အကြမ်းဖက်စစ်အုပ်စုက သွားလာနေသူများကို တားဆီး၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေစဉ် ၎င်းတို့က Salai Sang Khia ကို ရပ်တန့်ခိုင်းချိန်တွင် ဆက်လက်မောင်းနှင်သွားခဲ့သည်ဟုဆိုကာ စစ်အုပ်စုက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် Salai Sang Khia ၏ ဝမ်းဗိုက်နှင့် ခြေထောက်တို့တွင် ကျည်ထိမှန်၍ စီးနင်းလာသည့် ဆိုင်ကယ်လဲကျသွားခဲ့ပြီးနောက် ၎င်း၏ဦးခေါင်းကို စစ်အုပ်စုက သေနတ်များဖြင့် ရိုက်နှက်ကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် ထိုနေ့ ည ၉ နာရီအချိန်တွင် သေဆုံးခဲ့ပါတယ်။
========================
📌📌 ၃။ မျိုးဆက်သစ်ကလေးသူငယ်များအားလုံး ဘေးကင်းလုံခြုံသော ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် “ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းကို CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ကျင်းပမည်
ဩဂုတ်လ ၂၂ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ မြေပြင်ပြည်သူ့ပညာရေးကျောင်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်လျက်ရှိကြသော CDM ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ တိုင်းပြည်၏ အနာဂတ်ကို ပုံဖော်ထုဆစ်မည့် မျိုးဆက်သစ်ကလေးသူငယ်များအားလုံး ဘေးကင်းလုံခြုံသော ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် “ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းကို ကျင်းပမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်အာဏာရှင်၏ လူမဆန်သည့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အချိန်နှင့်အမျှ ကလေးများ၏ ပညာသင်ယူခွင့် အခွင့်အရေးဆုံးရှုံးနေပြီ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ထို့ကြောင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ပန်းကလေးများဖြစ်ကြသည့် ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ပံ့ပိုးပေးနိုင်မည့် ပျိုးခင်းများ ရှင်သန်ဖွံဖြိုးစေရန်၊ မွှေးမြစေရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းနာအဖြာဖြာနှင့် လက်ရှိမြေပြင်ပညာရေးး၏ စိန်ခေါ်မှုများ၊ “ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်းအကြောင်းအရာများကို မိဘပြည်သူများနှင့် ဆွေးနွေးဖလှယ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
“ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်၊ ည ၇ နာရီတွင် ပညာရေးဝန်ကြီးဌာန Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့် ကျင်းပသွားမယ်လို့ သိရပါတယ်။
အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ၊ ပျက်စီးယိုယွင်းသွားနေသည့် မြေဆီလွှာပေါ်တွင် မျှော်လင့်ချက် မျိုးစေ့လေးများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပါဝင်ကူညီလိုကြသည့် တော်လှန်မိဘပြည်သူအားလုံးကို “ပျိုးခင်းတို့ မွှေးမြဖို့” တော်လှန်ပညာရေးစကားဝိုင်းကို လာရောက် နားဆင်ပေးကြရန် ဖိတ်ခေါ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝှက်ထားသည့် လက်နက်များ ပြည်သူများက CDF Mindat ထံ အပ်နှံ
ဩဂုတ်လ ၂၂ရက်
Radio NUG
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေမြှုပ်ဝှက်ထားခဲ့သော လက်နက်များကို ဒေသခံပြည်သူများက တွေ့ရှိပြီး Chin Defence Force - Mindat ထံ လာရောက်အပ်နှံခဲ့ကြောင်း ဩဂုတ်လ ၂၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါ လက်နက်များမှာ MA-15 စက်လက် (၁) လက်၊ RPG-7 (၁) လက်၊ MA-4 (၁) လက်၊ MA-3 (၁) လက်နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ပြီး၊ ၎င်းတို့ကို တာဝန်သိပြည်သူများက စစ်ဦးစီးချုပ်ရုံးသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကာ လက်နက်များ အပ်နှံသူများကို CDF မင်းတပ်က ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မင်းတပ်မြို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးဖြင့် သိမ်းပိုက်ခံခဲ့ရပြီး၊ ထိုစဉ်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးစဉ် မြေမြှုပ်ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းများကို ပြည်သူများက မကြာခဏ တွေ့ရှိခဲ့ရတယ်လို့ CDF မင်းတပ်က ဆိုထားပါတယ်။
========================
🚩🚩 ၂။ ဖားကန့်မြို့နယ် မှော်စီစာရွာတွင် အမျိုးသား ၂ ဦး ပစ်သတ်ခံရ
ဩဂုတ်လ ၂၂ ရက်
Radio NUG
ဩဂုတ်လ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ လုံးခင်း-ဖားကန့်သွား လမ်းမကြီးပေါ်ရှိ လမ်းဆုံအနီးနှင့် စိန်ချိုကွမ်းယာဆိုင်အနီးတို့တွင် အမျိုးသား ၂ဦး ပစ်သတ်ခံရကြောင်း ဒေသသတင်းများအရ သိရပါတယ်။
သေဆုံးသူများမှာ အသက် ၄၅ နှစ်အရွယ် ကိုချစ်နိုင်နှင့် အသက် ၃၀ ကျော်ဝန်းကျင်ရှိ အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ကိုချစ်နိုင်မှာ သေနတ်ဒဏ်ရာ ၄ ချက်နှင့် ကျန်အမျိုးသားမှာ ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို တိတိကျကျ မသိရသေးဘဲ သေဆုံးသူများ၏ ရုပ်အလောင်းများကို ဒေသခံ ကူညီကယ်ဆယ်ရေးအသင်းက ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် နေ့လယ် ၂ နာရီခန့်တွင် စစ်တပ်ဖောကားများ မှော်စီစာရွာဘက်သို့ ထွက်ခွာလာခဲ့ပြီး မိုင်းဖောက်ခွဲသံ ၂ ချက် ကြားရသည်ဟု ဒေသခံများက ပြောကြားထားပါတယ်။
========================
🚩🚩 ၃။ သရက်ချောင်းနှင့် ဘုတလင်မြို့နယ်များတွင် စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထွက်ပြေးနေရ
ဩဂုတ်လ ၂၂ရက်
Radio NUG
ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မိုးရွှေဂူရွာတွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံမှ သိရပါတယ်။
ပြည်သူထိခိုက်သေဆုံးမှုကို မသိရသေးဘဲ မိုးရွှေဂူရွာနှင့် အနီးဝန်းကျင်ရွာများမှ ဒေသခံထောင်နှင့်ချီသူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်တပ်က ရွာအတွင်းမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ်လ ၂၂ရက်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ စစ်တပ်စစ်ကြောင်းတစ်ခု ထွက်ခွာလာသဖြင့် အနီးဝန်းကျင်ရွာ ၁၀ ရွာကျော်မှ ဒေသခံထောင်နှင့်ချီသူများ ထွက်ပြေးနေရသည်ဟု ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
လွှဲတဲ၊ မြောက်တော၊ ထတန်း၊ မြောက်ကျီ၊ သပြေပင်၊ ရှမ်းတဲ၊ တက်လှိုင်း၊ ပဲပြစ်တောရှေ့၊ ပဲပြစ်တောနောက်ရွာများမှ ဒေသခံများသည် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများကို ရှောင်ရှားရန် ဘေးလွတ်ရာသို့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ မြိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်သားတစ်ဦး KNDO ထံ အလင်းဝင်
ဩဂုတ်လ ၂၂ ရက်
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်သားတစ်ဦးဖြစ်သူ အသက် ၂၀ နှစ်အရွယ် မောင်ညီညီဇော်သည် လက်နက် ကျည်များနှင့်အတူ KNDO တပ်ရင်း (၇)၊ တပ်ခွဲ (၃) ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း KNDO Headquarters Newsမှ သတင်းထုတ်ပြန်ထားပါတယ်။
၎င်းအား KNDO တပ်ဖွဲ့က စစ်ဆေးမေးမြန်းပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ သက်ဆိုင်ရာဌာနသို့ ပို့ဆောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်း ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ တပ်ခွဲ (၃) ၏ တာဝန်ယူထားသည့် နယ်မြေသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာစဉ် လသာရွာအနီးတွင် KNDO တပ်ဖွဲ့က ဆီးကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကားတစ်စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မူတြော်ခရိုင်တွင် စစ်မှုထမ်းတပ်သားသစ် ၂ ဦး လက်နက်များနှင့်အတူ KNU ထံ အလင်းဝင်ရောက်
ဩဂုတ်လ ၂၂ရက်
Radio NUG
ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်မှုထမ်းတပ်သားသစ် ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်ခရိုင်က ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၄ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ၊ တပ်ရင်း ၁၀၂ ထိန်းချုပ်နယ်မြေသို့ မောင်ဝင်ဖြိုးကျော်နှင့် မောင်စိုးအောင်တို့သည် MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်နှင့် ကျည်တောင့် ၃၄၀ တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုတပ်သားသစ် ၂ ဦးကို သြဂုတ်လ ၁၉ ရက်နေ့တွင် KNU မူတြော်ခရိုင်နှင့် တပ်မဟာ ၅ မှ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ငွေကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၆။ တိုက်ပွဲအတွင်း ရရှိဒဏ်ရာဖြင့် မြင့်မြတ်စွာ ကျဆုံးသွားသော ရဲဘော်ဟိန်းထက်နှင့် ရဲဘော်သန့်ဇင်တို့၏ စျာပနအခမ်းအနားပြုလုပ်
ဩဂုတ်လ ၂၂ရက်
Radio NUG
အမှတ် (၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်၊ ထနောင်းစစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်ဟိန်းထက်နှင့် ရဲဘော်သန့်ဇင်တို့သည် စစ်ဆင်ရေးတစ်ခုတွင် ရန်သူ အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား တိုက်ခိုက်ရင်း ရရှိထားသောဒဏ်ရာများဖြင့် ရဲဘော်ဟိန်းထက်သည် ဩဂုတ်လ(၁၉)ရက်နေ့တွင် မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရဲဘော်သန့်ဇင်သည် တိုက်ပွဲတွင်းရရှိထားသော ဒဏ်ရာများဖြင့် ဩဂုတ်လ (၂၁)ရက်နေ့တွင် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ပါတယ်။
ရဲဘော်ဟိန်းထက်၏ စျာပနအခမ်းအနားကို ဩဂုတ်လ (၂၁)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ရဲဘော်သန့်ဇင်၏ စျာပနအခမ်းအနားကို ဩဂုတ်လ (၂၂)ရက်နေ့တွင်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရဲဘော်ဟိန်းထက်နှင့် ရဲဘော်သန့်ဇင်တို့ ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားသည့်အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းဦးညွှတ်ဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment