၂၀၂၅ စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် တစ်ရက်အတွင်း ငလျင် ၅ ကြိမ်လှုပ်ခတ်
📌 ၂။ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်တော် ရဲ့ အကြပ်သင်တန်း ဆင်းပွဲကို KNLA တပ်မဟာမှူး နဲ့ AA တပ်မှူးများ တက်ရောက်အားပေး
📌 ၃။ နမ္မတူနဲ့ သီပေါ မြို့နယ်တို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၆ ဦး နဲ့ ရောင်းဝယ်သူ ၁ ဦး ကို တအောင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
📌 ၄။ စစ်မှုထမ်းထည့်ဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ ပြည်တက္ကသိုလ် ကျောင်းသားတဦး ထွက်ပြေးလွတ်မြောက်လာ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အထွေထွေထိုးစစ်ဖြင့် တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား
🚩 ၂။ သပိတ်ကျင်း နဲ့ ဝက်လက်မှာ စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့
🚩 ၃။ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်နှင့် တောင်သာမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ
🚩 ၄။ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
🚩 ၅။ ကမ္မမြို့မှာ စစ်ကော်မရှင် ပတ်ကင်းနဲ့ ကျွန်းစု မြို့နယ်မှာ စစ်သင်္ဘောအုပ်စုတို့ကို တိုက်ခိုက်ခဲ့
🚩 ၆။ ကလေးဒေသတော်လှန်ရေးတပ်၏ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တလကြာပြုလုပ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် တစ်ရက်အတွင်း ငလျင် ၅ ကြိမ်လှုပ်ခတ်
မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့အတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်ခဲ့ပြီး ငလျင်များသည် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များအနီးတွင် ဖြစ်ပွားခဲ့ကာ ပြင်းအားမှာ ၂.၂ မှ ၄.၇ အဆင့်အထိ ကွဲပြားခဲ့ကြောင်း ငလျင်အရေးပေါ်သတင်းများအရ သိရပါတယ်။
ပထမဆုံးငလျင်သည် စစ်ကိုင်းတိုင်း၊ ဥတ္တရသီရိမြို့မှ ၁၈ မိုင်ခန့်အကွာ နေ့လယ် ၃ နာရီ ၁၄ မိနစ်တွင် ပြင်းအား ၂.၂ အဆင့်ရှိပြီး မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့မှ ၁၁ မိုင်ခန့်အကွာ ညနေ ၆ နာရီ ၂၄ မိနစ် ၅၁ စက္ကန့်တွင် ပြင်းအား ၃.၇ အဆင့်ဖြင့် ငလျင် တစ်ကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ည ၇ နာရီ ၂၅ မိနစ် ၄၂ စက္ကန့်တွင် စစ်ကိုင်းတိုင်း၊ ဝမ်းတွင်းမြို့မှ ၈ မိုင်ခန့်အကွာတွင် ပြင်းအား ၄.၇ အဆင့်ဖြင့် တစ်ရက်အတွင်း အကြီးဆုံးငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ည ၈ နာရီ ၃၂ မိနစ် ၂၄ စက္ကန့်တွင် မန္တလေးတိုင်း၊ သာစည်မြို့မှ ၄ မိုင်ခန့်အကွာတွင် ပြင်းအား ၃.၉ အဆင့်ဖြင့် ငလျင်တစ်ကြိမ်ထပ်မံလှုပ်ခတ်ခဲ့ပြီး၊ ည ၈ နာရီ ၅၇ မိနစ် ၇ စက္ကန့်တွင် စစ်ကိုင်းတိုင်း၊ ရွာငံမြို့မှ ၁၈ မိုင်ခန့်အကွာတွင် ပြင်းအား ၃.၁ အဆင့်ဖြင့် နောက်ထပ်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကာ ငလျင်အားလုံးသည် အနက် ၁၀ ကီလိုမီတာတွင် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် NUG မှလည်း အသိပေးထားပါတယ်။
========================
📌📌 ၂။ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်တော် ရဲ့ အကြပ်သင်တန်း ဆင်းပွဲကို KNLA တပ်မဟာမှူး နဲ့ AA တပ်မှူးများ တက်ရောက်အားပေး
စက်တင်ဘာ ၂ ရက်နေ့က BPLA အမှတ် (၁၀၇) စစ်ဒေသမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ရဲ့ NCO (အကြပ်) သင်တန်း၊ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) တပ်မဟာမှူး နှင့် အာရက္ခတပ်တော် (AA) တပ်မှူးများ၊ အခြားမဟာမိတ် ခေါင်းဆောင်များ တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။
ယခုသင်တန်းကို အာရက္ခတပ်တော်က လေ့ကျင့်သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းကာလ ၅ လခန့် ကြာမြင့်ခဲ့ကာ BPLA အပါအဝင် Force For Federal Democracy (FFD)၊ ပ.က.ဖ (ရန်ကုန်)၊ သေမင်းတမန် ပ.က.ဖ၊ ပ.က.ဖ (ကဝ) နဲ့ ပ.က.ဖ (အင်းတကော်) စတဲ့ မဟာမိတ်တပ်ဖွဲ့များမှ သင်တန်းသူ/သားများလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်း အစမှာ စစ်သည်၊ စစ်မေ (၆၆) ဦး တက်ရောက်ခဲ့တဲ့အနက် (၅၀) ဦးသာ သင်တန်းပြီးဆုံးအောင်မြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ နမ္မတူနဲ့ သီပေါ မြို့နယ်တို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၆ ဦး နဲ့ ရောင်းဝယ်သူ ၁ ဦး ကို တအောင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် TNLA အုပ်ချုပ်နယ်မြေ၊ နမ္မတူ နဲ့ သီပေါမြို့နယ်တို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၆ ဦးနဲ့ ရောင်းဝယ်သူ ၁ ဦး တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမ အပတ်တွင် တအောင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ က နမ္မတူ မြို့နယ်မှာ မူးယစ်ဆေးဝါး ရှောင်တခင် စစ်ဆေးနေစဉ် မူးယစ်ဆေး သုံးစွဲသူ အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၆ ဦးဟာ မောင်မာနော် (၁၆ နှစ်)၊ မောင်ဒေါင်းလေ့ (၁၈ နှစ်)၊ မောင်ဆိုင်းဂွမ်း (၁၈ နှစ်)၊ မောင်မြင့်ဦး (၁၈ နှစ်)၊ မောင်အောင်ပွင့် (၁၈) နှစ်နဲ့ ဦးထွန်းကျော် (၃၄ နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ သီပေါမြို့နယ်မှာလည်း တအောင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ က ကုန်မှုံ ကျေးရွာမှ မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် ရှောင်တခင် စစ်ဆေးနေစဉ် မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ လ ၇ ရက်နေ့ ည ၁၁ နာရီ အချိန်မှာ အသက် (၄၀) အရွယ်ရှိ ဦးနိုင်ထွန်း ဆိုသူကို ၎င်းလွယ်ထားတဲ့ အိတ်အတွင်းက ဓါတ်မီးအဖုံးထဲမှာ ဝှက်ထားတဲ့ WY စာတန်းပါ စိတ်ကြွဆေးပြား တစ်ထုတ် နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူကို PSLF/TNLA တပ်ဖွဲ့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေ ဖြင့် အရေးယူသွားမှာဖြစ်ပြီး သုံးစွဲသူများကိုတော့ အကျင့်စာရိတ္တ ပြုပြင်ပေးသွားမယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ စစ်မှုထမ်းထည့်ဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ ပြည်တက္ကသိုလ် ကျောင်းသားတဦး ထွက်ပြေးလွတ်မြောက်လာ
စစ်မှုထမ်းထည့်ဖို့ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ ပြည်တက္ကသိုလ် အဝေးသင်ကျောင်းသား တစ်ဦး ထွက်ပြေးလွတ်မြောက် လာတယ်လို့ ရွှေတောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူ မောင်မျိုးမင်းဟိန်းဟာ ၂၀၂၅ ဩဂုတ်လက ပြည်မြို့၊ မြို့သစ် (၁၇) လမ်းထိပ်မှာ သူငယ်ချင်း သုံးယောက်အတူ ဆိုင်ကယ်စီးလာရင်း စစ်သားတွေက ရှေ့ကနေ ကားနဲ့ ပိတ်ရပ်ကာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
သူငယ်ချင်း သုံးယောက်အတူ ဖမ်းဆီးခံခဲ့ရပေမယ့် ကျန် ၂ ယောက်က ပြည်မြို့ လျှပ်စစ်ရုံးမှ ဝန်ထမ်းတွေဖြစ်ကြ လို့ သူတို့ရဲ့ အထက်အရာရှိတွေက လာထုတ်သွားခဲ့ပြီး သူ တယောက်ထဲ အမှတ် (၉၅၉) စုဆောင်းရေး စခန်းမှာ ၃ ည အိပ်ခဲ့ရကာ ပြည်၊ အမှတ် (၁၄) တပ်ကို ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။
ပြည်မြို့ အမှတ် (၁၄) တပ်မှာ အခြား ဖမ်းဆီးခံထားရသူများ နဲ့အတူ ၅ ရက်ခန့် ထိန်းသိမ်းခံခဲ့ရပြီး စစ်ကော်မရှင် အစောင့်တပ်သားများ သတိမထားမိခင်မှာ ထွက်ပြေးလွတ်မြောက် လာခဲ့ပြီး ရွှေတောင် ပ.က.ဖ ထံ ဆက်သွယ် ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
၎င်းဟာ ရွှေတောင်မြို့နယ်၊ မြို့မအုပ်စုရွာတွင် နေထိုင်ပြီး ပြည်တက္ကသိုလ်၊ အဝေးသင် ဌာနမှာ ရူပဗေဒ ပထမနှစ် တက်ရောက်နေသူ ဖြစ်တယ်လို့ သိရပြီး ရွှေတောင် ပကဖ မှာ ဆက်လက်တာဝန် ထမ်းဆောင်ရင်း စစ်ကော်မရှင် ကို တော်လှန်သွားမယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အထွေထွေထိုးစစ်ဖြင့် တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စက်တင်ဘာလ (၁၀) ရက်နေ့ PVTV သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် လက်ရှိတော်လှန်ရေးအခြေအနေနှင့် အထွေထွေထိုးစစ်ဆင်ရေးအစီအမံများအကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေလုပ်ရမယ့်အလုပ်လို့ပဲ ကျနော်တို့နားလည်တယ်။ ဒီအလုပ်ကို လုပ်နိုင်ဖို့လည်း အခြေအနေပေးမှုတွေ အခင်းအကျင်းတွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက်တပ်ဖြန့်ထားပြီးလည်း ဖြစ်တယ်။ ကျနော်တို့ရဲ့ ညီနောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆိုရင်လည်း ဒေသအလိုက် မရပ်မနားတိုက်ပွဲဝင်နေကြချိန်လည်း ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ကျနော်တို့ ဟန်ချက်ညီ ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်" လို့ ပြောကြားထားပါတယ်။
ဦးရည်မွန်က လက်ရှိ စစ်ကော်မရှင်၏ အဓိကဆုံးရှုံးမှုနှစ်ခုကို ထောက်ပြခဲ့ပြီး ပထမအချက်မှာ စစ်ဝါဒ၏ ကျဆုံးမှုဖြစ်ကာ ဒုတိယအချက်မှာ ပြည်သူလူထု၏ စစ်တပ်အပေါ် စက်ဆုပ်ရွံရှာမှု ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့ အယူအဆကို တော်လှန်ရေးအင်အားစုအားလုံးက တညီတညွတ်တည်း ပယ်ချထားပြီးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်က NCA၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲတွေကို လက်ခံမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။
ထို့ပြင် စစ်တပ်အား "စစ်ခွေး" ဟု ပြည်သူများက ခေါ်ဆိုနေခြင်းသည် အကြောင်းမဲ့မဟုတ်ကြောင်း၊ လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုက စစ်တပ်ကို တပ်မတော်အဖြစ် လက်ခံရန် မဖြစ်နိုင်တော့ကြောင်း ၎င်းက ဆိုထားပါတယ်။
"ဟန်သာရှိပြီး အဆံမရှိတဲ့တပ်၊ စိတ်ဓာတ်၊ ကျင့်ဝတ်၊ စည်းကမ်း အားလုံး ချွတ်ခြုံကျပြီးတော့မှ နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ၊ မီးရှို့၊ လည်လှီး၊ သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင် မျက်ဝါးထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ဒီလို လူမဆန်တဲ့ အကြမ်းဖက်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ဆက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း ပြည်သူတွေအနေနဲ့ စိတ်ဒုံးဒုံးချပြီး ဖြစ်ပါတယ်" လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။
========================
🚩🚩 ၂။ သပိတ်ကျင်း နဲ့ ဝက်လက်မှာ စာသင်ကျောင်းများကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာက စာသင်ကျောင်းနဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က သစ်ဆိပ့်ကျေးရွာ စာသင်ကျောင်းတို့ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီခွဲ ဝန်းကျင်မှာ ဇရပ်ကွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထုထိခိုက်မှု တစုံတရာမရှိခဲ့ပေမယ့် စာသင်ကျောင်းအတွင်း အဆောက်အအုံများ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီ ၁၂ မိနစ် အချိန်မှာ သစ်ဆိမ့်ကျေးရွာရှိ စာသင်ကျောင်းကို တံတားဦး လေတပ်မှ Jet Fighter တစီးဖြင့် ပေါင် ၃၀၀ ဗုံးအသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Watlet Information Network က ဖော်ပြထားပါတယ်။
ထို့အပြင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ၊ တိုက်ရွာ (အပေါ်ရွာ) ၊ အမှတ် (၃) ခရိုင်ချင်းဆက် လမ်းပေါ်မှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ညနေ ၆ နာရီ ဝန်းကျင်မှာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးနေပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်နှင့် တောင်သာမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ
စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောစပ်တစ်လျှောက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများကို စိုးရိမ်သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အလားတူ၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာအနီးတစ်ဝိုက်တွင်လည်း အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၁၀ရက်နေ့ နံနက် ၆ နာရီကျော်မှ ၇ နာရီခန့်အထိ မိတ္ထီလာလေတပ်စခန်းမှ တက်လာသော စက်တပ်လေထီး ၁ စီးဖြင့် ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့အပြင် ရုံးစည်ကြီးရွာတောင်ဘက်တွင် စစ်တပ်စစ်ကြောင်းတစ်ခုက တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး တိုက်ပွဲများတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နှင့် ၇ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော် (AA) မှ စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့တွင် စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်အကွာတွင် စစ်ကော်မရှင်တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်ကြောင့် စစ်ကော်မရှင်တပ်သည် အထိနာကာ ဆုတ်ခွာသွားခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ စစ်ကော်မရှင်၏ ခလရ (၂၉၅) တပ်ရင်း၊ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သည့် ဒုတိယစစ်ကြောင်းသည် စွန်တက်ကျေးရွာ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို စစ်ကြောင်းနှင့် ၈ နာရီကျော်ကြာ အာရက္ခတပ်တော်၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာ၊ နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းအနီးမှ စစ်ကော်မရှင်၏ တတိယစစ်ကြောင်းက ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ထိုစစ်ကြောင်းနှင့် ၃ နာရီကျော်ကြာ တိုက်ပွဲအပြီး စစ်ကော်မရှင်တပ်သည် ထပ်မံအထိနာပြီး တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် ဝေဠုဝန်ကျောင်းအနောက်မြောက်ဘက် လက်ဖက်ခြံတွင် ခံစစ်ပြင်ဆင်ထားပြီး ထပ်မံထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်အပြင် ဧရာဝတီတိုင်း-ရက္ခိုင်အစပ် (စက်စက်ယိုရွာအနီး)၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာအနီး) နှင့် ရိုးတောင်အစပ်နေရာများတွင်လည်း စစ်ကော်မရှင်တပ်များက အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကာ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀) နှင့် ခလရ (၂၉၅) တပ်ရင်းများအပါအဝင် စစ်မှုထမ်းသင်တန်းဆင်းလာသည့် တပ်သားသစ်များဖြင့် ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်က စစ်ကော်မရှင်၏ စစ်မှုထမ်းမနေရ ဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသည့် စစ်သားများအား လက်နက်ချအညံ့ခံရန် တိုက်တွန်းထားပြီး “မိမိတို့ထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်” လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကမ္မမြို့မှာ စစ်ကော်မရှင် ပတ်ကင်းနဲ့ ကျွန်းစု မြို့နယ်မှာ စစ်သင်္ဘောအုပ်စုတို့ကို တိုက်ခိုက်ခဲ့
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ နဲ့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တို့မှာ စစ်ကော်မရှင် ပတ်ကင်းနဲ့ စစ်သင်္ဘော အုပ်စုတို့ကို အသီးသီး တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့က ကမ္မမြို့ ရဲစခန်းထဲမှ ပတ်ကင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ RED GIANT က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို RED GIANTအဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ ဂဠုန် ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ ကျွန်းစုမြို့နယ်၊ မိုင်းတွေး ကျေးရွာဘက်က တက်လာတဲ့ 116 စစ်သင်္ဘော တစီးနဲ့ မိုင်းတွေး ပျူစောထီး အင်အား ၂၀ ကျော်ပါ လှေတစီးတို့ကို ကျွန်းစုမြို့နယ် ပ.က.ဖ အဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်သင်္ဘော နဲ့ ပျူစောထီးများ စီးလာတဲ့ လှေတို့ဟာ ဝရုန်းသုန်းကား ထွက်ပြေးဆုတ်ခွာသွားခဲ့ကာ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်အောင် စုံးစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ကလေးဒေသတော်လှန်ရေးတပ်၏ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တလကြာပြုလုပ်ခဲ့
ကလေးဒေသတော်လှန်ရေးတပ်၏ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တလကြာပြုလုပ်ခဲ့ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
စုဖွဲ့လေ့ကျင့်မှုအစီအစဉ်တွင် ကိုယ်စီ စစ်မြေပြင်ကျွမ်းကျင်မှုများ ပြန်လည်မွမ်းမံလေ့ကျင့်ခြင်း၊ စစ်ဗျူဟာသင်ခန်းစာများ ဆွေးနွေးသုံးသပ်ခြင်း၊ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်စံနှုန်းများ လေ့ကျင့်စစ်ဆေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတဝန်းလုံးရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို ဆွေးနွေးသုံးသပ်ခြင်း၊ တပ်ဖွဲ့စည်းပုံနှင့် တာဝန်များ ပြင်ဆင်သတ်မှတ်ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Annual Camp 2025 အတွက် ရိက္ခာနှင့်အထွေထွေလိုအပ်ချက်များ ပံ့ပိုးပေးခဲ့တဲ့ ဒေသခံပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
ကလေးဒေသတော်လှန်ရေးတပ်အနေဖြင့် ဒေသပြည်သူလူထုရှေ့မှ မားမားမတ်မတ်ရပ်တည်ကာကွယ်နိုင်သော တော်လှန်တပ်တစ်ခုအဖြစ် ဆက်လက်ကြိုးစားတည်ဆောက်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းသည်အထိ မဟာမိတ်တော်လှန်ရေးအင်အားစုများအားလုံးနှင့် အတူလက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထးတာ ဖြစ်ပါတယ်။
No comments:
Post a Comment