19 Oct 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ထောα€€်တိုα€˜ာα€œ ( ၁၉ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ α€œေα€€ြောင်းဆက်တိုα€€်α€—ုံးα€€ြဲခံရတဲ့ ချင်းပြα€Š်α€™ှာ တပတ်ထတွင်း α€€α€œေးα€„α€š်ထပါထဝင် ၆ ဦးα€žေဆုံး၊ ဒဏ်α€›ာα€›α€žူ ၄၀ α€€ျော်ထထိα€›ှိ

 

ချင်းပြα€Š် မင်းတပ်၊ မတူပီ၊ α€Ÿားခါးα€”ဲ့ တွα€”်းဇံα€™ြို့α€”α€š်တွေထဲα€™ှာ α€…α€…်ထုပ်α€…ုα€œေတပ်α€€ α€œေα€€ြောင်းα€—ုံးα€€ြဲတာတွေ ဆက်တိုα€€်α€œုပ်α€”ေပါα€α€š်။

 

ထခုထောα€€်တိုα€˜ာထစောပိုင်းα€€α€…α€œို့ α€…ာα€žα€„်α€€ျောင်းဆောင်၊ α€˜ုα€›ားα€›ှα€…်ခိုးα€€ျောင်းတွေ ပစ်α€™ှတ်ထား α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€œို့ α€‘α€žα€€်ဆုံးα€›ှုံးα€žူ ၆ ဦးα€›ှိပြီး ၄၀ α€€ျော် ထိခိုα€€်ဒဏ်α€›ာα€›α€α€š်α€œို့ α€žα€€်ဆိုင်α€›ာထဖွဲ့α€‘α€…α€Š်းတွေα€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ထောα€€်တိုα€˜ာ ၈ α€›α€€်α€Š မင်းတပ်α€™ြို့α€”α€š်α€›ှိ α€…ာα€žα€„်α€€ျောင်းα€”ဲ့ α€˜ော်α€’ါဆောင် α€œေα€€ြောင်းတိုα€€်ခိုα€€်ခံα€›α€™ှုထတွင်း α€€ျောင်းα€žား ၃ ဦးα€”ဲ့ ထမျိုးα€žα€™ီး ၁ ဦး α€‘α€žα€€်ဆုံးα€›ှုံးခဲ့ရပြီး ထိခိုα€€်ဒဏ်α€›ာα€›α€žူ ၂၀ ဝန်းα€€ျင်ထထိα€›ှိα€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š် ပြα€Š်α€žူ့ထုပ်ချုပ်α€›ေးထဖွဲ့α€˜α€€်α€€ ပြောပါα€α€š်။ α€’ါ့ထပြင် မင်းတပ်α€™ြို့α€”α€š်ထတွင်း α€…ာα€žα€„်α€€ျောင်းတွေα€€ို ဦးα€α€Š်ပြီး α€…α€…်ထုပ်α€…ုα€œေတပ်α€€ α€œေα€€ြောင်းတို၊α€€်ခိုα€€်α€™ှု ဆက်တိုα€€်α€œုပ်α€”ေα€œို့ α€…ာα€žα€„်α€€ျောင်း၊ α€˜ော်α€’ါဆောင်ထားα€œုံး ခေတ္တပိတ်ထားα€›α€α€š်α€œို့ မင်းတပ်α€™ြို့α€”α€š်α€•α€Šာα€›ေးα€˜ုတ်ထဖွဲ့α€€ ထောα€€်တိုα€˜ာ ၁၀ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်ထားပါα€α€š်။

 

မတူပီα€™ြို့ပေါ်α€™ှာ ထောα€€်တိုα€˜ာ ၁၀ α€›α€€်α€€ α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›α€œို့ ထိခိုα€€်α€žေဆုံးα€žူα€›ှိα€α€š်α€œို့ α€žိရပေα€™α€š့် ထတိထကျ ထုတ်ပြα€”်တာ α€™α€›ှိα€žေးပါα€˜ူး။

 

α€Ÿားခါးα€™ြို့α€”α€š် α€€ျေးα€›ွာတရွာα€™ှာα€œα€Š်း ထောα€€်တို ၁၃ α€›α€€်α€”ေ့ α€™α€”α€€် ၁၀ α€”ာα€›ီ ၅ α€™ိα€”α€…်α€™ှာ α€…ာα€žα€„်α€€ျောင်း α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›α€œို့ α€‘α€žα€€်မပြα€Š့်α€žေးတဲ့ α€€α€œေး ၂ ဦးα€‘α€žα€€်ဆုံးα€›ှုံးပြီး α€”ောα€€်ထပ် ၂၀ α€€ျော်ထိခိုα€€်ဒဏ်α€›ာα€›α€α€š်α€œို့ CDF – Hakha α€€ ထောα€€်တို ၁၄ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€’ါ့ထပြင် (ထောα€€်တို ၁၄) မတူပီα€”ဲ့ တွα€”်းဇံα€™ြို့α€”α€š်တွေα€™ှာ α€œေα€€ြောင်းတို၊α€€်ခိုα€€်ခံရတာα€›ှိα€α€š်α€œို့ α€žိရပြီး α€”ေထိα€™်α€”ဲ့ ထဆောα€€်ထထုံတွေ ထိခိုα€€်ပျα€€်α€…ီးα€™ှုα€™ျားα€α€š်α€œို့ α€žိရပါα€α€š်။ 

 

========================

 

πŸ“ŒπŸ“Œ ၂။ စဉ့်α€€ူးα€™ှာ ပြα€Š်α€žူထချို့α€”ဲ့ ထချင်းα€™ျားခဲ့တဲ့ α€™α€”္α€α€œေး PDF တပ်α€–ွဲ့ဝင်တွေα€€ို α€žα€ိပေးထရေးα€šူα€™α€š်α€œို့ဆို

 

α€™α€”္α€α€œေးတိုင်း၊ စဉ့်α€€ူးα€™ြို့α€”α€š်α€™ှာ ပြα€Š်α€žူတချို့α€”ဲ့ α€™α€”္α€α€œေး PDF တပ်α€–ွဲ့ဝင်တချို့  ထချေထတင် ထချင်းα€™ျားတဲ့ α€›ုပ်α€žံα€–ိုင် ထောα€€်တိုα€˜ာα€’ုတိα€šα€‘α€•α€်ထဲ α€œူα€™ှုα€€ွα€”်α€›α€€်α€™ှာ ပျံ့α€”ှံ့α€œာခဲ့ပြီး PDF တပ်α€–ွဲ့ဝင်တွေα€”ဲ့ α€…α€Š်းα€€α€™်းα€™α€œိုα€€်α€”ာတဲ့ StarLink ပိုင်α€›ှင်တွေα€€ို α€žα€ိပေးထရေးα€šူα€™ှုတွေ ဆောင်α€›ွα€€်α€žွားα€™α€š်α€œို့ စဉ့်α€€ူးα€™ြို့α€”α€š် ထရေးပေါ်ထုပ်ချုပ်α€›ေးထဖွဲ့α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ထောα€€်တိုα€˜ာ ၁၁ α€›α€€်α€”ေ့α€€ စဉ့်α€€ူးα€™ြို့α€”α€š် α€€ျေးα€›ွာတရွာα€™ှာ ထုတ်ပြα€”်ထားတဲ့ α€…α€Š်းα€™ျဉ်းα€…α€Š်းα€€α€™်းα€™α€œိုα€€်α€”ာတဲ့ StarLink α€€ို MDY – PDF, α€™ြို့α€”α€š်ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေး၊ α€•α€œα€–α€›ဲα€˜ော်တွေα€€ α€žိα€™်းα€šူα€–ို့α€žွားα€›ောα€€်စဉ် ထခုα€–ြα€…်စဉ်α€–ြα€…်ပွားတာα€–ြα€…်ပါα€α€š်။

 

ထဲ့α€’ီ α€–ြα€…်စဉ်α€™ှာ ပြα€Š်α€žူထပေါ် ဆက်ဆံα€›α€™α€š့် α€€ျင့်ဝတ်α€”ဲ့ α€…α€Š်းα€€α€™်းတွေα€€ို ချိုးα€–ောα€€်ပြီး α€…ိတ်α€œိုα€€်α€™ာα€”်ပါ ပြုα€™ူခဲ့တဲ့ တော်α€œှα€”်α€›ေး α€›ဲα€˜ော် ၁၂ ဦးα€€ို α€žα€ိပေးထရေးα€šူα€™ှာ α€–ြα€…်ပြီး α€…α€Š်α€€α€™်းချိုးα€–ောα€€်တဲ့ StarLink ထိα€™်ပိုင်α€›ှင်α€€ိုα€œα€Š်း ထုတ်ပြα€”်ထားတဲ့ α€…α€Š်းα€€α€™်းထတိုင်း ထရေးα€šူα€™α€š်α€œို့ စဉ့်α€€ူးα€™ြို့α€”α€š် ထရေးပေါ်ထုပ်ချုပ်α€›ေးထဖွဲ့α€€ ဆိုပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€Ÿားခါးα€™ှာ ထကျဉ်းချခံရတဲ့ α€›ဲα€˜ော် ၅ ဦးα€”ဲ့ တခြားထကျဉ်းα€žား ၁၀ ဦး α€€α€š်ထုတ်၊ တော်α€œှα€”်α€›ေးα€›ဲα€˜ော်တဦးα€€ျဆုံး

 

α€œုံခြုံα€›ေးα€”ဲ့ α€”α€š်စပ်α€›ေးα€›ာဝန်α€€ြီးα€”ဲ့ ခေတ္တ ပြα€Š်α€”α€š်ဝန်α€€ြီးချုပ် α€—ိုα€œ်α€™ှူးα€€ြီး ခင်α€™ောင်ထွေး α€€ိုα€š်တိုင်α€›ှိα€”ေတဲ့ α€Ÿားခါးα€™ြို့ပေါ်α€™ှာ CDF-Hakha α€›ဲα€˜ော် ၃ ဦးα€”ဲ့ CNA α€›ဲα€˜ော် ၂ ဦးα€€ို α€€α€š်ထုတ်တဲ့ ထထူးα€…α€…်ဆင်α€›ေးα€–ော်ဆောင်ခဲ့α€α€š်α€œို့ CDF – Hakha α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ထောα€€်တိုα€˜ာα€œ ၁၆ α€›α€€်α€”ေ့α€™ှာ α€™α€”α€€် ၄:၀၀ α€”ာα€›ီα€™ှာ မတရားα€–α€™်းဆီးချုပ်α€”ှောင်ခြင်းခံရတဲ့ တော်α€œှα€”်α€›ေးα€›ဲα€˜ော်ထကျα€₯်းα€žား ၅ ဦးထပြင် တခြားထကျဉ်းα€žား ၁၀ ဦးα€€ိုခေါ်ထုတ်α€”ိုင်ခဲ့α€α€š်α€œို့α€œα€Š်း ပြောပါα€α€š်။

 

α€™α€…်α€›ှင်‌ ပြီးဆုံးခဲ့ပေα€™α€š့် တပ်ဆုတ်ပြီးα€…ုံα€™ှတ်α€”ေα€›ာ ထရောα€€် α€…α€…်ထုပ်α€…ုပ၊α€…်တဲ့α€€ျα€Š်α€€ြောင့် တော်α€œှα€”်α€›ေးα€›ဲα€˜ော် ၁ ဦးα€€ျဆုံးα€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။

 

α€—ိုα€œ်α€™ှူးα€€ြီး ခင်α€™ောင်ထွေးα€Ÿာ ချင်းပြα€Š်α€”α€š် α€œုံခြုံα€›ေးα€”ဲ့ α€”α€š်စပ်α€›ေးα€›ာဝန်α€€ြီးထဖြα€…် ၂၀၂၅ ဇူα€œိုင်α€œα€€ စတင်တာဝန်α€šူတာα€–ြα€…်ပြီး ထခုထောα€€်တိုα€˜ာထစောပိုင်းα€€α€…α€œို့ ခေတ္တ ပြα€Š်α€”α€š်ဝန်α€€ြီးထဖြα€…်α€œα€Š်း တာဝန်α€šူα€”ေပါα€α€š်။

 

α€Ÿားခါးα€™ြို့ပေါ် α€™ှာ CDF – Hakha α€€ ထခုα€œို ထကျဉ်းα€žားတွေα€€α€š်တင်တဲ့ α€–ြα€…်စဉ်α€™ျိုး ပြီးခဲ့တဲ့ ၂၀၂၄ တုα€”်းα€€ α€–ြα€…်ပွားခဲ့α€–ူးပါα€α€š်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment