၂၀၂၅ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ
📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာနက QR Code ပါဝင်တဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာ အသစ်ဖြင့် ပေးပို့သွားမည်
📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေး
📌 ၄။ ရန်ကုန်ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင် တာဝန်ပြီးဆုံးကြောင်း အသိပေး
📌 ၅။ ဒေသခံများနဲ့ တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာရခဲ့ကြောင်း ထီးလင်းမြို့နယ် (WCP) သင်တန်းသားများ မှတ်ချက်ပြု
📌 ၆။ တိုကျိုမြို့မှာ ပြုလုပ်မယ့် "စတုတ္ထအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်သို့ ဖိတ်ခေါ်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို စစ်ကြောင်းထိုးဖို့ စစ်ကော်မရှင်တပ် ပြင်ဆင်နေ
🚩 ၂။ ကျောက္ကာ၊ ရွှေဂူနီဘုရားရှိ စစ်ကော်မရှင်တပ်ကို ရိက္ခာပို့တက်လာတဲ့ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်
🚩 ၃။ ဆားလင်းကြီးမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်နေပြီး ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ
🚩 ၄။ နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးတဲ့ စစ်သားတွေကို ဖမ်းမိသလို အလံဖြူထောင်ပြီး အလင်းဝင်လာသူ တွေလည်း ရှိနေတယ်လို့ AA ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြ
အောက်တိုဘာ ၁၈
Radio NUG
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အစည်းအဝေးများ ဆောင်ရွက်နိုင်မှုအခြေအနေ၊ အရေးပေါ်အုပ်ချုပ်ရေး ဆောင်ရွက်နေသည့် မြို့နယ်များ၊ အမိန့်ကြေညာစာထုတ်ပြန်မှု၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားမှု၊ လုပ်ငန်းများတွင် ပ.အ.ဖ ပြန်တမ်းများ ပြန်လည်တိုက်ဆိုင်စစ်ဆေးခြင်း၊ လစဉ်မြို့နယ်/ခရိုင် အစီရင်ခံစာများ တောင်းခံခြင်း၊ မြို့နယ်များအလိုက် လုပ်ငန်းစွမ်းဆောင်ရည်များ သုံးသပ်ခြင်း၊ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် စီမံချက်ရေးဆွဲ၍ ဆောင်ရွက်ခြင်း၊ မြို့နယ်ရာဇဝတ်တရားစီရင်ရေးအဖွဲ့ ဖွဲ့စည်းထားမှု၊ အရေးယူဆောင်ရွက်ထားမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အရေးပေါ်အုပ်ချုပ်ရေးဆောင်ရွက်နေသည့် မြို့နယ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြကာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ အလုပ်သမားရေးရာကော်မတီတို့က တင်ပြဆွေးနွေးကာ အစည်းအဝေးအား ရပ်နားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာနက QR Code ပါဝင်တဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာ အသစ်ဖြင့် ပေးပို့သွားမည်
အောက်တိုဘာ ၁၈ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အလှူရှင်များထံ ပြန်လည်ပေးအပ်တဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာအား QR Code ပါဝင်တဲ့ ဂုဏ်ပြုလွှာ အသစ်ဖြင့် ပေးပို့သွားမယ်လို့ အသိပေးထားပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ကာ အလှူရှင်များအနေနဲ့ ကိုယ်တိုင် Scan ဖတ်ကာ စစ်ဆေးနိုင်မယ့် QR Code ပါဝင်သော မှတ်တမ်းတင် ဂုဏ်ပြုလွှာ ဒီဇိုင်းအသစ်ကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။
အလှူရှင်များ အနေဖြင့် မိမိတို့ လက်ခံရရှိလာတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာမှာ ပါဝင်တဲ့ QR Code ကို Scan ဖတ်ပြီး ပေါ်လာတဲ့ URL Link verify.modnug.org ကို နှိပ်ကာ စစ်ဆေးကြည့်နိုင်မှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ မှတ်တမ်းဖြစ်ပါက အလှူရှင် အမည်၊ အဖွဲ့အစည်း အမည်၊ ငွေကြေး ပမာဏ၊ ဂုဏ်ပြုမှတ်တမ်း နံပါတ်နဲ့ ထုတ်ဝေတဲ့ ရက်စွဲများ ပေါ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
QR Code (သို့မဟုတ်) ဂုဏ်ပြုမှတ်တမ်းဟာ အတု ပြုလုပ်ထားခြင်း၊ ဆင်တူယိုးမှား ပြုလုပ်ထားခြင်း ဖြစ်ပါက မှတ်တမ်းတင်ထားခြင်း မရှိပါဟု ပေါ်လာမှာဖြစ်ပြီး၊ ယခုလို အဆင့် (၄) ဆင့်ဖြင့် အလှူရှင်များကိုယ်တိုင် ဂုဏ်ပြု မှတ်တမ်းလွှာကို အတု/အစစ် ခွဲခြားစစ်ဆေးနိုင်မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေး
အောက်တိုဘာ ၁၈
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ကော်မရှင်တို့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးမှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ အခြားသော အင်အားစုများနှင့် ညှိနှိုင်းချိတ်ဆက်ပေါင်းစပ်ထားမှု အခြေအနေများ၊ အစိုးရဖွဲ့စည်းရေးဆိုင်ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များဆိုင်ရာကိစ္စရပ်များကို စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများက သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကာ ယူနစ်လွှတ်တော်ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ရှေ့လုပ်ငန်းစဉ် ကိစ္စရပ်များအပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြကာ (၁၂:၀၀) နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့စိစစ်ရွေးချယ်ရေးကော်မရှင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ရန်ကုန်ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင် တာဝန်ပြီးဆုံးကြောင်း အသိပေး
အောက်တိုဘာ ၁၈ ရက်၊
Radio NUG
ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲမှု ဆောင်ရွက်ပြီးတာကြောင့် မူကြမ်းရေးဆွဲရေး ကော်မရှင် တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း ရန်ကုန်လွှတ်တော်က အသိပေး ထုတ်ပြန်ထားပါတယ်။
ရန်ကုန်လွှတ်တော်က ၂၀၂၅၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အဌမ အကြိမ် အစည်းအဝေး၊ ဒုတိယနေ့တွင် ရန်ကုန်ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံ(မူကြမ်း) ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကော်မရှင်အနေဖြင့် ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲခြင်း လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလထက် စောလျင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၅ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြားကာလအစီအမံ (မူကြမ်း) ကို ပေးပို့တင်ပြ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့ကြောင့် ကော်မရှင် အဖွဲ့ဝင်များ အားလုံး၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစား လုပ်ဆောင်ချက်များ အပေါ် လေးစားဂုဏ်ယူကြောင်း၊ ကြားကာလအစီအမံ (မူကြမ်း) အောင်မြင်စွာရေးဆွဲနိုင်ရေး ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ အဖွဲ့အစည်း၊ အစုအဖွဲ့များ၊ ပညာရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
ရေးဆွဲထားပြီးတဲ့ ကြားကာလအစီအမံ (မူကြမ်း) အား ဥပဒေနှင့်အညီ လွှတ်တော်ကို ပေးပို့တင်ပြပြီးတာကြောင့် မူကြမ်းရေးဆွဲရေး ကော်မရှင် လုပ်ငန်းတာဝန်များ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါသဖြင့် ၂၀၂၅၊ အောက်တိုဘ ၁၈ ရက်နေ့ မှစတင်ပြီး ရန်ကုန်ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင် ရဲ့ တာဝန်များ ပြီးဆုံးပြီ ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၅။ ဒေသခံများနဲ့ တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာရခဲ့ကြောင်း ထီးလင်းမြို့နယ် (WCP) သင်တန်းသားများ မှတ်ချက်ပြု
အောက်တိုဘာ ၁၈
Radio NUG
မကွေးတိုင်းဒေသကြီး၊ ထီးလင်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး သင်တန်းမှာ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာ ရခဲ့ကြောင်း တက်ရောက်လာသူတွေက မှတ်ချက်ပြုပြောကြားခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
‘’မိမိကလေးတွေအတွက်ရော၊ ပတ်ဝန်းကျင်က ကလေးတွေအတွက် မွေးရာပါရရှိမယ့် ကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ပါရှိတဲ့ အချက်တွေကို ပိုသိလာပြီး ပဋိပက္ခကာလအတွင်း ကလေးတွေကို စစ်မှုထမ်းစေခိုင်းခြင်းကနေ ကာကွယ်ပေးရမယ့်အချက်တွေကို ပိုမိုနားလည်လာပါတယ်လို့ ‘’ သင်တန်းသားတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
အလားတူ သင်တန်းတက်ရောက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကလည်း
‘’ကိုယ်တိုင် ရဲဘော်တစ်ယောက်ဖြစ်သလို ကလေးသူငယ်အခွင့်အရေးနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအခြေအနေတွေကို အခုသင်တန်းမှာ ပိုမိုနားလည်လာတဲ့အတွက် မိမိတို့တပ်ရင်းတပ်ဖွဲ့ တွေအနေနဲ့ COC ကျင့်ဝတ်စည်းကမ်းတွေကို ပိုမို လိုက်နာပြီး အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေနဲ့ ချိုးဖောက်မှုတွေ မရှိအောင် ပိုမိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း’’ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
သင်တန်းမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်များ အခြေအနေ (Children in Armed Conflict)၊ ကလေးအခွင့်အရေး (Child Rights)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection)၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ(Gender Based Violence) ၊ ကလေးသူငယ်များအပေါ် ချိုးဖောက်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေနဲ့ ပဋိပက္ခအခြေအနေတွင် ဖြစ်ပေါ်လာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေနဲ့ ဒီအချက်တွေနဲ့ စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေများအကြောင်းကို ဆွေးနွေး ပို့ချခဲ့ကြပါတယ်။
သင်တန်းကိုတော့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ (အမျိုးသမီး)တဦးက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာပအဖကလည်း ကူညီခဲ့ပါတယ်။
========================
📌📌 ၆။ တိုကျိုမြို့မှာ ပြုလုပ်မယ့် "စတုတ္ထအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်သို့ ဖိတ်ခေါ်
အောက်တိုဘာ ၁၈
Radio NUG
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအင်အားစုများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အားပေးထောက်ခံသူများနှင့် အတူတကွပူးပေါင်းကာ တိုကျိုမြို့၊Toyama Park တွင် Shinjuku City ၏ ထောက်ခံအားပေးမှုဖြင့် "စတုတ္ထအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်" အား နိုဝင်ဘာလ၂၃ ရက်နေ့တွင် မနက် ၁၀နာရီမှ ညနေ ၅နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ သတင်းရရှိပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု အစဉ်အလာများနှင့် ဖျော်ဖြေရေးအစီအစဉ်များ၊ အရသာရှိသော အစားအသောက်များ၊ ရိုးရာယဉ်ကျေးမှုဖက်ရှင်များကို ပေါ်လွင်စေသည့် အမှတ်တရ ပစ္စည်းများပါ တနေရာတည်းတွင် စုံစုံလင်လင် ရရှိနိုင်မည့် ယဉ်ကျေးမှုပွဲတော်ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် ပွဲတော်မှ ရရှိလာမည့် အကျိုးအမြတ်များအား မြန်မာပြည်တွင်းရှိ နေရာဒေသအသီးသီးမှ စစ်ဘေးဒုက္ခကြုံတွေ့ခံစားနေရသော ဒေသများသို့ အပြည့်အဝပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို စစ်ကြောင်းထိုးဖို့ စစ်ကော်မရှင်တပ် ပြင်ဆင်နေ
အောက်တိုဘာ ၁၈ ရက်၊
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာဖို့ စစ်ကော်မရှင်တပ်က ပြင်ဆင်နေတာကြောင့် စစ်ရေး အခြေအနေကို သတိပြုကြဖို့ ကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။
ကလေးမြို့နယ်ဘက်က တက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတွေဟာ ကလေး-တမူး လမ်းအတိုင်း ခါမ်းပတ် မြို့ဘက်ကို ဝင်ရောက်လာပြီး အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကလေး-တမူး ကားလမ်း တမူးမြို့နယ်ဘက်တွင် နေရာယူထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကလေး - တမူးကားလမ်း သွားလာခွင့်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကန့်သတ်ထားပြီး ဒေသခံ ပြည်သူတချို့ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
လုံခြုံရေးအခြေအနေတွေအရ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၄) က တိုက်တွန်းထားပါတယ်။
ခါမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာလ ၇ ရက်နေ့ မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ယနေ့အထိ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ကလေး - တမူး အာရှလမ်းပေါ်က နန်မွန်းတားရွာမှာ စစ်ကော်မရှင် စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်စစ်ကြောင်း အထိနာကာ ပြန်ဆုတ်ခွာခဲ့ရ ပါသေးတယ်။
========================
🚩🚩 ၂။ ကျောက္ကာ၊ ရွှေဂူနီဘုရားရှိ စစ်ကော်မရှင်တပ်ကို ရိက္ခာပို့တက်လာတဲ့ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်
အောက်တိုဘာ ၁၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာရှိ ရွှေဂူနီဘုရားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်အား ရိက္ခာပို့ တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေး အင်အားစုများက အောက်တိုဘာလ ၁၃၊ ၁၄၊ ၁၅ သုံးရက်ဆက်တိုက် မုံရွာ - ကျောက္ကာ ကားလမ်းဘေးမှာ ကင်းပုန်းဝပ် စောင့်ခဲ့ရာ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်မှာ သံပြားကာ ကား ၂ စီးတွင် ရိက္ခာတင်ပြီး အင်အား ၁၀၀ ဝန်းကျင်ဖြင့် ခြေလျင် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လမ်းပေါ်တွင် သွေးထွက်လွန်သော လက္ခဏာများ တွေ့ရတာကြောင့် စစ်ကော်မရှင် စစ်ကြောင်းဘက်က သေဆုံးဒဏ်ရာရမှု ရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်ဘူးလို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေး အဖွဲ့ - Danger Force၊ မုံရွာမြို့နယ် ပကဖ၊ တိုက်နယ် ၁၊၂၊၃၊၄ ပကဖ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ - Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ - မုံရွာ Special ဒိတ်ဒိတ်ကြဲ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon LDF နဲ့ ဒေသခံ ရပ်ကျေး ပကဖ အဖွဲ့များက ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ ဆားလင်းကြီးမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်း ဝင်ရောက်နေပြီး ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ
အောက်တိုဘာ ၁၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ကျေးရွာ (၂၀) ကျော်က ဒေသခံပြည်သူသောင်းချီ တိမ်းရှောင်နေရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ညောင်ပင်ကြီးစခန်းမှ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်း၊ မြန်မာ-ဝမ်ပေါင် အနီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ ပြည်သူတချို့ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသလို နေအိမ်များအတွင်း ဝင်ရောက် မွှေနှောက်ကာ ရွှေငွေတချို့နဲ့ ပစ္စည်းများကို ခိုးယူနေတာကြောင့် ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
၎င်းစစ်ကြောင်း ဝင်ရောက်နေချိန်မှာ မုံရွာ နမခ မှ ပါရာမော်တာ ၂ စီးဖြင့် ဆားလင်းကြီး အရှေ့ခြမ်း တနေရာကို ၂ ကြိမ်၊ ဗုံးသီး ၁၀ လုံးခန့် ကြဲချခဲ့ကာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးချ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘဲ၊ စစ်ကော်မရှင် စစ်ကြောင်းက ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ငယ် ထိမှန် ဒဏ်ရာရခဲ့သူ ၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ နတ်ရေကန်ဗျူဟာကုန်းက ထွက်ပြေးတဲ့ စစ်သားတွေကို ဖမ်းမိသလို အလံဖြူထောင်ပြီး အလင်းဝင်လာသူ တွေလည်း ရှိနေတယ်လို့ AA ထုတ်ပြန်
အောက်တိုဘာလ ၁၈ရက်
Radio NUG
အာရက္ခတပ်တော်က တိုက်ခိုက်နေတဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဉ့်ကလျားထွက်ပြေးနေကြတဲ့ စစ်သားတွေကို ဖမ်းမိထားသလို အလံဖြူထောင်ပြီး အလင်းဝင်လာသူတွေလည်း ရှိနေတယ်လို့ AA ဘက်က ထုတ်ပြန်လာပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ကဆိုရင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ အလံဖြူထောင် လက်နက်ချပြီး အလင်းဝင်လာသလို တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အမြဲတမ်း ရှုံးနေတဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ နတ်ရေကန် ဗျူဟာကုန်း မကျရေး လေကြောင်းပစ်ကူ၊ စစ်ကူတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေတဲ့ကြားကနေ အာရက္ခစစ်သည်တော်တွေက အကောင်းဆုံး တုံ့ပြန်ခံစစ်တွေနဲ့အတူ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော်အနေနဲ့ အလင်းဝင်လာတဲ့သူတိုင်းကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်း အသိပေးပါတယ်။
ဒါကြောင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ မတရားတဲ့နည်းနဲ့ စစ်မှုထမ်း စုဆောင်းခြင်းခံရသူတွေအနေနဲ့ အာရက္ခတပ်တော်ကို ဆက်သွယ်ပြီး အချိန်မရွေး လက်နက်ချ အလင်းဝင်ရောက်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးခံရသူနဲ့ လက်နက်ချသူ အရေအတွက်တွေ မပါဝင်ပေမယ့် အောက်တိုဘာ ၁၇ ရက်နေ့ တရက်တည်းမှာတင် နတ်ရေကန်တောင် လေကြောင်းရန် ကာကွယ်ရေးဗျုဟာစခန်းကနေ ကစဉ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်သား ၁၀ ကျော် AA ထံ အလင်းဝင်လာတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ရခိုင့်တပ်တော်ဟာ နတ်ရေကန်ဗျူဟာ ကုန်းတခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသသလို ကစဉ့်ကလျားထွက်ပြေးနေတဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် တပ်ဖွဲဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment