၂၀၂၅ အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
📌 ၂။ SDB တိုကင်ပိုင်ရှင်များအတွက် “Exchange Listing 101” အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်
📌 ၃။ ကရင်နီ ဒေသမှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရှုတ်ချရေး ကမ်ပိန်းပြုလုပ်
📌 ၄။ စစ်အာဏာရှင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် Short Video ပြိုင်ပွဲကျင်းပမည်
========================
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သထုံခရိုင် ပကဖ အဖွဲ့များ စုစည်းပြီး၊ ဗျူဟာ (၂၇) နဲ့ ပူးပေါင်းစစ်ကြောင်းထွက်
🚩 ၂။ လက်ပံတန်းမှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်ရေး ဒရုန်းတစီး ပျက်ကျ၊ တော်လှန်ရေး တပ်ဖွဲ့က သိမ်းဆည်းရရှိ
🚩 ၃။ မြောင်ခင်ရန်းရွာမှာ ပျူစောထီးများစုဝေးရောက်ရှိနေပြီး ကလေးမြို့နယ် မှန်တောရွာကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်
🚩 ၄။ ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးထား၊ စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၅။ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ မြို့နယ်တို့ကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
အောက်တိုဘာ ၁၉
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၀/၂၀၂၅)ကို အောက်တိုဘာလ ၁၉ရက်နေ့ မနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်များ၏ အာဂျင်တာ တင်သွင်း ဆွေးနွေးမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၀၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ SDB တိုကင်ပိုင်ရှင်များအတွက် “Exchange Listing 101” အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်
အောက်တိုဘာ ၁၉
Radio NUG
Spring Development Bankမှ SDB တိုကင်ပိုင်ရှင်များနှင့် နွေဦးဂလက်စီအသိုက်အဝန်းရှိ တော်လှန်ရေးထောက်ခံသူများအတွက် ခရစ်ပတိုနည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိပညာများ မျှဝေပေးမည့် “Exchange Listing 101” အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်မှ ၂၅ ရက်အထိ မြန်မာစံတော်ချိန် ည ၈:၀၀ မှ ၁၀:၀၀ အတွင်း Zoomမှတဆင့် ကျင်းပမှာဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
ထိုအလုပ်ရုံဆွေးနွေးပွဲသည်
▪️SDB တိုကင်ပိုင်ရှင်များ
▪️ခရစ်ပတိုပညာရေးနဲ့ FinTech နည်းပညာကို စိတ်ဝင်စားသူများ
▪️တော်လှန်ပညာရေးနဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့် ရှာဖွေနေကြတဲ့ နွေဦးပြည်သူများ
▪️SDB ဂေဟစနစ် အသိုက်အဝန်းရှိ တော်လှန်လူငယ် မျိုးဆက်သစ်များ
တက်ရောက်သင့်တယ်လို့ ဖော်ပြထားပါတယ်။
လေးရက်ကြာ Zoom မှတစ်ဆင့် ကျင်းပမယ့် ထိုအလုပ်ရုံဆွေးနွေးပွဲတွင်
- ပထမနေ့တွင် Listing ခရီးမစခင် ကြိုတင်ပြင်ဆင်ခြင်း
- ဒုတိယနေ့တွင် နံပါတ် (၁) ဦးစားပေး လုံခြုံရေး
- တတိယနေ့တွင် SDB Token အနာဂတ် နှင့် ရေရှည်ဗျူဟာများ
- စတုတ္ထနေ့တွင် Listing အတွင်း Trading ကနဦး နားလည်ခြင်း စသည့် အသိပညာများကို မျှဝေပေးသွားမယ်လို့ သိရပါတယ်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် SIFမှ ပြည်တွင်းရှိ ခရစ်ပတိုနှင့် ဘဏ္ဍာရေးနည်းပညာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ကြားထားပြီး၊ သင်ကြားမှုများ ပို့ချပေးမယ်လို့ အသိပေးထားပါတယ်။
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည်
▪️တက်ရောက်မယ့်သူရဲ့ အမည်
▪️Zoom Join ရန် အီးမေးလ်လိပ်စာ
▪️SDB အကောင့် UID ရှိထားရုံနဲ့ Workshop တက်ရောက်ရန် Google Form ကနေ စာရင်းပေးသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဆွေးနွေးပွဲသို့ နေ့စဉ်မပျက်မကွက် တက်ရောက်ပြီး SIF ၏ ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုနိုင်သူများအတွက် Certificate of Participation ထုတ်ပေးမယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ကရင်နီ ဒေသမှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရှုတ်ချရေး ကမ်ပိန်းပြုလုပ်
အောက်တိုဘာ ၁၉ ရက်၊
Radio NUG
ကရင်နီပြည်၊ မြေပြင်တနေရာမှာ စစ်ကော်မရှင်မှ ပြုလုပ်သွားမယ့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင် ရှုတ်ချရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့တယ်လို့ ကယောလူငယ် အစည်းအရုံး က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ လအတွင်း ကယော လူငယ်အစည်းအရုံး (KwYO)၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY) နဲ့ လူငယ်ရေးရာဌာန တို့ ပူပေါင်းပြုလုပ်တဲ့ ကမ်ပိန်းကို ဒေသအသီးသီး မှ အုပ်ချုပ်ရေးအဖွဲ့များ၊ စစ်ရှောင်ကော်မတီများနဲ့ လူငယ်များ ၈၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကမ်ပိန်းတွင် စစ်ကော်မရှင်မှ ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းလင်းချပြခြင်း၊ ပြည်ထောင်စု၊ ပြည်နယ် နိုင်ငံရေး အခြေအနေများ မျှဝေခြင်း၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနဲ့ လူငယ်ရေးရာဌာနရဲ့ ရှေ့လုပ်ငန်းစဉ်များ ချပြဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုက တရားဝင်ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရမဟုတ်တဲ့အတွက် ရွေးကောက်ပွဲကို လုပ်ပိုင်ခွင့် လုံးဝမရှိကြောင်း၊ ၎င်းတို့ရဲ့ လုပ်ရပ်ကြောင့် ပြည်သူ ထောင်ပေါင်းများစွာ အသက် ပေးခဲ့ရသလို ပြည်သူ ၂ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မိဘပြည်သူများ အနေဖြင့် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ ဖက်ဆစ်အုပ်စုက ပြုလုပ်မယ့် နိုင်ငံရေးလှည့်ကွက် ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်းမပြုဘဲ နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် Short Video ပြိုင်ပွဲကျင်းပမည်
အောက်တိုဘာ ၁၉
Radio NUG
Karenni's Arts Creation အဖွဲ့နှင့် IEC လူငယ်ရေးရာဌာနတို့ ပူးပေါင်းကာ "စစ်အာဏာရှင် ရွေးကောက်ပွဲကို အလိုမရှိ" (Say No To Vote Dictatorship) ခေါင်းစဉ်ဖြင့် ၂-၃ မိနစ်တို Short Video ပြိုင်ပွဲတစ်ခုကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။
ထိုပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို လူထုတစ်ရပ်လုံး အပြည့်အဝဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသရန်နှင့် လူငယ်များ၏ ဖန်တီးနိုင်စွမ်းဖြင့် ပြည်သူ့ဆန္ဒကို ထင်ဟပ်စေရန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် နိုင်ငံရေးအသိပညာ တိုးတက်လာစေရန်၊ လူငယ်များ၏ အရည်အချင်းနှင့် လုပ်ပိုင်ခွင့်များ မြှင့်တင်ရန်နှင့် နည်းပညာအသုံးပြုမှု တိုးတက်လာစေရန် မျှော်မှန်းထားတယ်လို့ သိရပါတယ်။
ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် အသက်အရွယ်၊ နေရာ၊ ဒေသမရွေး လူထုတစ်ရပ်လုံး ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပြီး ယှဉ်ပြိုင်လိုသူများသည် အောက်တိုဘာလ ၁၉ရက်နေ့မှစတင်ကာ ပထမဆုံး Google Form တစ်ခုကို ဖြည့်စွက်ရမယ်လို့ သိရပါတယ်။
ဗီဒီယိုပြီးစီးပါက သတ်မှတ်ထားသော Google Form မှတစ်ဆင့် တင်ပြရမယ်လို့ အသိပေးထားပါတယ်။
အမှတ်ပေးစည်းမျဉ်းအရ ဒိုင်များ၏ အကဲဖြတ်မှု ၆၀ ရာခိုင်နှုန်းနှင့် လူထု၏ ထောက်ခံမှု (Popularity) ၄၀ ရာခိုင်နှုန်းဖြင့် အကဲဖြတ်မှာဖြစ်ပြီး ဒိုင်များက ဗီဒီယို၏ ရည်ရွယ်ချက်ပြည့်မီမှု၊ တီထွင်ဖန်တီးမှုနှင့် သတင်းစကားပေးပို့နိုင်မှုတို့ကို အကဲဖြတ်မယ်လို့ ဖော်ပြထားပါတယ်။
Popularity အမှတ်မှာ Karenni's Arts Creation Page တွင် တင်ထားသော ဗီဒီယိုများ၏ Like နှင့် Share အရေအတွက်အပေါ် မူတည်မှာဖြစ်တယ်လို့ သိရပါတယ်။
ဗီဒီယိုများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် (တနင်္လာနေ့) နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပြီး ယှဉ်ပြိုင်သည့် ဗီဒီယိုများကို နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ Karenni's Arts Creation Page တွင် တင်ပြမှာဖြစ်ကာ ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ကြေညာ ဆုပေးမယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သထုံခရိုင် ပကဖ အဖွဲ့များ စုစည်းပြီး၊ ဗျူဟာ (၂၇) နဲ့ ပူးပေါင်းစစ်ကြောင်းထွက်
အောက်တိုဘာ ၁၉ ရက်၊
Radio NUG
အထူးတိုင်း လက်အောက်ရှိ ဗျူဟာ (၂၇) နှင့် မွန်ပြည်နယ်၊ သထုံခရိုင်၊ KNU တပ်မဟာ (၁) နယ်မြေအတွင်းမှာ အခြေခံလှုပ်ရှားနေတဲ့ ပကဖ တိုက်ခိုက်ရေး အင်အားစုများကို စုစည်းကာ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁) နဲ့ (၂) အဖြစ် စတင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ ပကဖ အသံက ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုမြို့နယ်၊ ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း ၁ ဟာ KNU တပ်မဟာ (၁) တပ်ရင်း (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
သထုံခရိုင် ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့မှ ဦးဆောင်တဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၂) ဟာ KNU တပ်ရင်း (၂) တပ်ခွဲ (၃) နယ်မြေမှာ အခြေပြု လှုပ်ရှားသွားမှာဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်က စတင် စစ်ကြောင်းထွက် တာဝန်ထမ်းဆောင် နေပြီလို့ သိရပါတယ်။
ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁ နဲ့ ၂) ဟာ အထူးစစ်ကြောင်း အသွင်ဖြင့် လှည့်ကင်းများ၊ တိုက်ကင်းများနှင့် စစ်ဆင်ရေး လုပ်ငန်းများကို PDF တပ်ဖွဲ့များ၊ ဒေသတွင်း မိတ်ဖက် EAOs များနဲ့ ပူးပေါင်းလှုပ်ရှား သွားမယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ လက်ပံတန်းမှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်ရေး ဒရုန်းတစီး ပျက်ကျ၊ တော်လှန်ရေး တပ်ဖွဲ့က သိမ်းဆည်းရရှိ
အောက်တိုဘာ ၁၉ ရက်၊
Radio NUG
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာကို ဗုံးလာကြဲတဲ့ စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေး ဒရုန်း တစီး ပျက်ကျခဲ့ပြီး သာယာဝတီဂဠန် တပ်ဖွဲ့က သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၉ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အဆိုပါ စစ်ကော်မရှင်ဒရုန်းက စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာ ဖြစ်ပြီး သရက်ချောင်းကျေးရွာ အနောက်ဘက်မှာ သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဒရုန်းဟာ ကာလပေါက်ဈေး ဘတ် ၁၂ သိန်းဝန်းကျင် တန်ကြေးရှိတယ်လို့ သိရပြီး လက်ရှိမှာတော့ လုံခြုံ စိတ်ချရတဲ့ နေရာမှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က အဆိုပါ သရက်ချောင်း ကျေးရွာကို မီးရှို့ဖျက်စီးရန် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က (၁၅) ဦး ထက်နည်း သေဆုံးခဲ့ကာ စစ်သုံ့ပန်း (၁၂) ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
========================
🚩🚩 ၃။ မြောင်ခင်ရန်းရွာမှာ ပျူစောထီးများစုဝေးရောက်ရှိနေပြီး ကလေးမြို့နယ် မှန်တောရွာကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်
အောက်တိုဘာ ၁၉
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ပျူစောထီးရွာ မြောက်ခင်ရန်းရွာကို မြစ်သာမြစ်အရှေ့ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ပျူစောထီးရွာ လယ်ကြီးရွာ (အရှေ့ရွာ- အနောက်ရွာ)က ပျူစောထီးများသည် အောက်တိုဘာလ ၁၉ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် စုဝေးရောက်ရှိလာကြောင်း ယောအလင်းတန်းမှ သတင်းဖော်ပြထားပါတယ်။
မြောက်ခင်ရန်းရွာက ပျူစောထီးများနဲ့ လယ်ကြီး ၂ ရွာက ပျူစောထီးများ စုပေါင်းပြီး ယခုစစ်ကြောင်းထိုးနေတဲ့ ကလေးနယ်ဖက်ကို စစ်ကူအင်အားဖြည့် သွားရောက်နိုင်သလို၊ ရွာတောင်ဖက် အနီးနားကျေးရွာတွေဖက်ကိုလည်း စစ်ကြောင်းထွက်နိုင်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ထို့အပြင် ကလေးမြို့နယ်တောင်ပိုင်း ယခင် ပြည်သူ့တော်လှန်ရေးအဖွဲ့များ ထိန်းးချုပ်ထားခဲ့တဲ့ မှန်တောရွာကို အောက်တိုဘာလ ၁၈ရက်နေ့ ညက စစ်ကော်မရှင်ဖက်ကနေ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာက ပျူစောထီးအများစုပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့များနဲ့ ကလေးမြို့နယ် ကြံသာရွာက ပျူစောထီးတပ်ဖွဲ့ဝင်များပါတဲ့ ပူးပေါင်းအင်အား ၂၀၀ ကျော်စစ်ကြောင်းဖြစ်ပြီး အောက်တိုဘာလ ၁၈ရက်နေ့ညနေက အောင်သာယာရွာမှတဆင့် မှန်တောရွာကို တိုက်ခိုက်ဝင်ရောက် ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အတူ ပြည်သူ့တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားခဲ့တဲ့ ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီစစ်ကော်မရှင်စခန်းဖက်ကိုပါ စစ်ကော်မရှင်တပ်ဖွဲ့က စစ်ကြောင်းထိုးလာနေတယ်လို့ သိရပါတယ်။
အဆိုပါနေရာတွေမှာ ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီး အနီးနားက ပြည်သူများ ကြိုတင်သတိထားကြရန် အသိပေးဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးပြီး ပြည်သူ ၁၀ ဦးခန့် ဖမ်းဆီးထား၊ စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်
အောက်တိုဘာ ၁၉ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်ကုန်းရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာပြီး ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၉ ရက်၊ မနက် ၇ နာရီမှာ အရာတော် မြို့နယ်၊ သလဲဘာ ပျူစောထီး ကျေးရွာကနေ အင်အား (၅၀) ခန့်ပါ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့ဟာ မူးမြစ်ကိုကူးလာပြီး ကျောက်ကုန်းရွာကို လက်နက်ငယ်များ ပစ်ခတ် ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။
၎င်းစစ်ကြောင်းဟာ အမျိုးသမီး ၂ ဦး (အတည်ပြု) အပါအဝင် အတည်မပြုနိုင်သေးတဲ့ ဒေသခံပြည်သူ ၁၀ ဦးခန့် ကို ဓါးစာခံ အဖြစ် ဖမ်းဆီးထားကာ ရွာထဲက ပြည်သူပိုင် ပစ္စည်းတွေကို ယူဆောင်နေကြတယ်လို့ သိရပါတယ်။
ထို့ပြင် ညနေ ၃ နာရီခန့်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်း၊ တနေရာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက် ခဲ့တယ်လို့ Wetlet informational network က ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ် ပ.က.ဖ ရဲ့ အချက်အလက်တွေအရ ကျောက်ကုန်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးတာ (၃) ကြိမ်မြောက်ဖြစ်ပြီး အရင် စစ်ကြောင်းထိုး တုန်းကလည်း ပြည်သူ ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စစ်ရေး အခြေအနေအရ ဝက်လက်မြို့နယ် အရှေ့ခြမ်းက လမ်းပိုင်းတွေ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့ တွေက အောက်တိုဘာ ၅ ရက်နေ့က စတင်ကာ ယာယီ အသုံးပြုခွင့် ပိတ်ထားတာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၅။ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ မြို့နယ်တို့ကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး ဒဏ်ရာရ
အောက်တိုဘာ ၁၉ ရက်၊
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ တာကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၉ ရက် နေ့လယ် ၁၂ နာရီခွဲ အချိန်မှာ နမ့်ဆန်မြို့၊ နမ္မဝေါ ရပ်ကွက်ကို ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး ၁ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင် နဲ့ ၂၄ နှစ်အရွယ် ဦးချစ်စမ်းမောင်တို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး နမ့်ဆန်မြို့ မီးသတ်ရုံး၊ နေအိမ် ၂ လုံး၊ လက်ဖက်စက်ရုံ ၁ ရုံ၊ မီးသတ်ကား ၅ စီး နဲ့ ကား ၅ စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်ကိုလည်း စစ်ကော်မရှင်တပ်က ပေါင် (၂၅၀) ဗုံး ၁ လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၆ လုံး ထိမှန်ပျက်စီးခဲ့ကာ အမျိုးသမီး တဦး အနည်းငယ် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မိုင်းငေါ့မြို့နယ်၊ လွယ်ပိန်း ကျေးရွာကိုလည်း လေကြောင်းကနေ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဇရပ်တို့ ထိမှန်ပျက်စီး သွားခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment