၁၀ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )


signal-2026-09-09-09-04-34-901_002.webp
၁၀  -  ၉  - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ ကျောက်ပန်းတောင်းမှာ စစ်ကော်မရှင်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သက်တော် ၉၀ကျော်အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ ကလေးမှာ ၈ တန်း ကျောင်းသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံး၊ စစ်တွေ အထက (၄) ကျောင်းမှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး ကလေး ၃ ဦးနဲ့ ဆရာ ၁ ဦး ဒဏ်ရာရ၊

၂။ကသာမြို့ကနေ ရွှေကူမြို့ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်ကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်မှု သင်္ဘော ၂ စင်း မီးလောင်ပျက်စီး

၃။CEF မှာ စစ်ကိုင်း၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ အဖွဲ့ဝင်အသစ်တွေအဖြစ် ပါဝင်လာ
⁨⁨⁨⁨
၄။ရန်ကုန်မြို့တွင်းမှာ အကြမ်းဖက် စစ်အုပ်စုက နေ့ခင်းဘက်ပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေ၊ယခုရက်ပိုင်းအတွင်း ရန်ကုန်မှာ အမျိုးသား ၇၀ ကျော် ဖမ်းဆီးခံခဲ့ရ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ကျောက်ပန်းတောင်းမှာ စစ်ကော်မရှင်စစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် သက်တော် ၉၀ကျော်အရွယ် သံဃာတော် ၁ ပါး ပျံလွန်တော်မူ၊ ကလေးမှာ ၈ တန်း ကျောင်းသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံး၊ စစ်တွေ အထက (၄) ကျောင်းမှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး ကလေး ၃ ဦးနဲ့ ဆရာ ၁ ဦး ဒဏ်ရာရ၊
===================
m.CDM စက်တင်ဘာ ၉ ရက်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း မြို့နယ်၊ ကမ္ဘာတဲရွာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ စစ်ကော်မရှင် တပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် ကျေးရွာအတွင်းမှာရှိတဲ့ သက်တော် ၉၀ ကျော်အရွယ် ဆရာတော် ၁ ပါး ထိတ်လန့်ပြီး ပျံလွန်တော်မူသွားခဲ့တယ်လို့ ဆိုပါတယ်။

ဆရာတော်ရဲ့ ရုပ်အလောင်းကို လာရောက်သင်္ဂြိုလ်ကြဖို့ အသံချဲ့စက်နဲ့ခေါ်နေပေမယ့် စစ်ကော်မရှင်တပ်တွေဟာ ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ ပြန်မဝင်ရဲကြဘူးလို့ သိရပါတယ်။

၎င်းစစ်ကြောင်းဟာ ကမ္ဘာတဲရွာက ဆေးရုံနဲ့ ဖုန်းတာဝါတိုင်တို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသတွင်းမှာ ဖုန်းလိုင်တွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်နေ့ကလည်း သုံးအိမ်ကုန်းရွာနဲ့ သီးကုန်းရွာတွေကိုပါ ၎င်းစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ၂၀ ကျော် ပြာကျခဲ့ရပြီး၊ ပြည်သူတွေဆီက ရွှေ၊ ငွေ၊ ဖုန်း နဲ့ ဆိုင်ကယ်တွေကိုပါ လုယက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ငါးရွာထွက်တဲ့ ၁၆ နှစ်အရွယ် ၈ တန်း ကျောင်းသား ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေ နဲ့အတူ ရွာအနီးက အိုင်နဲ့ ကန် ရှိရာကို သွားနေရင်း မိုင်းနင်းမိခဲ့တာ ဖြစ်ပြီး၊ မိုင်းထိပြီး ၂ နာရီကြာမှ ဆေးရုံကို ရောက်လာတာကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာမှာ စစ်ကော်မရှင်စစ်ကြောင်းက မိုင်းတွေချခဲ့ဖူးပြီး၊ တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးမှုရပြီး- ချိန်မှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့ပေမယ့် အကြွင်းအကျန်တွေ ရှိနိုင်သေးတယ်လို့ သတိပေးထားပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်က အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ထဲကို စက်တင်ဘာလ ၈ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

၎င်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆရာ ဦးကျော်ဝင်းနဲ့ ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် နေ့လယ် ၁၂ နာရီခန့်မှာလည်း အနောက်စံပြရပ်ကွက်ထဲကို လက်နက်ကြီး ၂ လုံး ထပ်မံ ကျရောက်ခဲ့ပြီး ပေါက်ကွဲခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က စတင်ပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
----------------------------
၂။ရွှေကူ-စင်းခန်း တိုက်ပွဲတွေမှာ တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်သား အများအပြား သေဆုံး၊ လောင်းလုံးမှာ စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်
====================
m.CDM စက်တင်ဘာ ၉ ရက်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို KIA နဲ့ ပူးပေါင်း တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

စက်တင်ဘာလ ၈ ရက်၊ ညပိုင်းမှာ တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်ကော်မရှင်ရဲ့ ခလရ (၁၂) တပ်ရင်းမှူး အပါအဝင် သေဆုံးမှု များပြားခဲ့ကာ ရုပ်အလောင်းတွေနဲ့ လက်နက် ၉ လက်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်နေ့ မှာလည်း ဗန်းမော်မြို့နယ်က စင်းခန်းတံတား အနီးကို ချဉ်းကပ်လာတဲ့ စစ်ကော်မရှင် တပ်တွေကို KIA ဘက်က ထပ်မံ တိုက်ခိုက်ခဲ့ရာ ၁၈ ဦး သေဆုံးပြီး ဖရိုဖရဲ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် ကသာကနေ ရွှေကူဘက်ကို ဆန်တက်လာတဲ့ စစ်ကော်မရှင် သင်္ဘော ၆ စီးထဲက ၂ စီးကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ KIA ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။

အလားတူ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး တပ်တွေကြား စက်တင်ဘာလ ၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၉ ရက် မနက် ၃ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဒရုန်းတွေနဲ့ပါ ဆက်တိုက် တိုက်ခိုက်ခဲ့တာ ကြောင့် စစ်အုပ်စုဘက်က အထိနာကာ သေဆုံးမှုတွေ များပြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ၎င်းစစ်ကြောင်းဟာ ဝေဒီရွာ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားပြီး၊ အနီးနားက ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ် လို့ သိရှိရပါတယ်။
----------------------------
၃။⁨ကသာမြို့ကနေ ရွှေကူမြို့ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်ကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်မှု သင်္ဘော ၂ စင်း မီးလောင်ပျက်စီး
====================
m.CDM၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဧရာဝတြီမစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ရွှေကူမြို့ကို ဆန်တက်ရောက်ရှိ လာတဲ့ သင်္ဘော ၆ စင်းပါ စစ်ရေယာဉ်အုပ်ကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ သင်္ဘော ၂ စင်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၈ ရက် ညပိုင်းမှာ သင်္ဘော ၄ စင်းနဲ့ တွန်း သင်္ဘော ၂စင်းပါတဲ့ စစ်ရေယာဉ်အုပ်စု  ရွှေကူမြို့ မှာ ဆိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်သင်္ဘော ၆စင်းထဲက ၂ စင်းကို စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးသွားတာလို့ သိရပါတယ်။
ဒေသသတင်းရင်းမြစ်တွေအဆိုအရ ပျက်စီးသွားတဲ့ သင်္ဘော ၂ စင်းဟာ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင် ထားပြီး ရွှေကူမှာ ကမ်းကပ်ထားချိန် ထိထိမိမိတိုက်ခိုက်နိုင်ခဲ့တာကြောင့် မီးလောင်ပျက်စီးသွားတာလို့လည်း သိရပါတယ်။
စက်တင်ဘာလဆန်းပိုင်းကလည်း မန္တလေးကနေ ဗန်းမော်မြို့အထိ ဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ်ကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဧရာ၀တီမြစ်ကြောင်းတလျှောက် တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘော ၈ စင်းထက်မနည်း ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၉၀ ကျော် ဖမ်းဆီးရရှိခဲ့ပါတယ်။
—————————————
⁨၄။ချင်းပြည်နယ်တောင်ပိုင်း စစ်ကူပို့မယ့် စစ်ကားတွေ ပကစ ၂၅ ရောက်နေ
=====================
m.CDM၊ စက်တင်ဘာ ၉

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်း စက်ရုံ ကပစ-၂၅ ရောက်ရှိနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဆောမြို့နယ်နဲ့ လောင်းရှည်မြို့မှာရှိတဲ့ ကပစ ၂၅ က စစ်ယာဉ်တန်းတွေ အတိုက်မခံရအောင် ဆော -လောင်းရှည်လမ်းပိုင်းမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ ‌မြေပြင်စစ်ကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူ ကပစ ၂၂ ကနေ အင်အား ၂၀၀ ၀န်းကျင်လောက်နဲ့ထွက်လာတဲ့ စစ်ကား ၄ စီး စက်တင်ဘာ ၇ ရက် မှာ ကပစ ၂၅ ကို ရောက်လာလို့ ‌ဆောမြို့နယ်က စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
ဒေသတွင်းသတင်းတွေအရ ဆိပ်ဖြူမြို့က ကပစ ၂၁ နဲ့၂၂ တို့မှာ စစ်ကား အစီး ၆၀ ခန့်နဲ့ အင်အား ၅၀၀ ခန့် ရောက်ရှိနေတယ်လို့ သိရပါတယ်။
ကပစ ၂၅ ကိုရောက်ရှိနေတဲ့ စစ်သားတွေနဲ့ ဖောကား ၄ စီးဟာ လောင်းရှည်မြို့ဝင်ပြီး ဆောမှာရှိတဲ့ စစ်ကြောင်းနဲ့ အချိန်းအပြောင်းပြုလုပ်ကာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ဘက် ထိုးစစ်ဆင်နိုင် တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ခန်းမှန်းထားပါတယ်။
ဆော-လောင်းရှည်လမ်းပိုင်း အလယ်ဗဟိုချက်မှာရှိတဲ့ သီးကုန်းရွာက စစ်ကြောင်းဟာလည်း လောင်းရှည်မြို့ ကို မနေ့ စက်တင်ဘာ ၈ ရက် ညနေပိုင်းမှာ ရောက်ရှိလာတယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လည်း စက်တင်ဘာ ၉ ရက်မှာ အသိပေးပါတယ်။

လမ်းကြောပေါ်က ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင်တလျှောက်မှာ စစ်တပ်ဘက် အင်အားအချို့ ချန်ထားခဲ့ တာမျိုး ရှိ၊မရှိ ဆက်ပြီးစုံစမ်းနေယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဆိပ်ဖြူနယ်က ပုသိမ်-မုံရွာ၊ဆော-ဆိပ်ဖြူနဲ့ ဆိပ်ဖြူ- ပေါက်လမ်းပိုင်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ ဆောမြို့ကတဆင့် ကန်ပက်လက်၊ ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသလို ထီးလင်းမြို့နယ်က ချင်းတောင်ပိုင်း နယ်စပ်ကုန်သွယ်ရေးရှိရာနေရာကို ထိန်းချုပ်နိုင်ဖို့ တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ တို့က ထုတ်နှုတ်တပ်ရင်းတွေကနေ အင်အား ၂ ထောင်လောက်နဲ့ စစ်ကြောင်းထိုးနေတာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုတွေအရ သိရပါတယ်။
———————————
၅။⁨ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ညိုစစ်ကြောင်းက သင်တန်းသား တပ်ဖွဲ့ဝင်အသစ်တွေ ဖိတ်ခေါ်
====================
m.CDM၊ စက်တင်ဘာ ၉

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အထူးတိုင်းစစ်ဌာန၊ ကွပ်ကဲမှု အောက်မှာရှိတဲ့ တောင်ညိုစစ်ကြောင်းက သင်တန်းသား ရဲဘော်သစ်တွေကို စက်တင်ဘာ ၉ ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ် တည်ထောင်ဖို့အတွက် ယခုနွေဦးတော်လှန်ရေး ပြီးဆုံးချိန်အထိ အတူတကွ တိုက်ပွဲဝင်နိုင်မယ့် ရဲဘော်သစ် တွေကို နွေးထွေးစွာကြိုဆိုနေပါတယ်လို့ ဆိုထားပါတယ်။
သင်တန်းသား ရဲဘော်သစ်တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာပါဝင်မယ်လို့ ဆုံးဖြတ်ထားသူဖြစ်ရမယ်လို့ဆိုထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက ပြဌာန်းထားတဲ့ ဥပဒေတွေ၊ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာနိုင်သူဖြစ်ရယ်လို့ အသိပေးထားပါတယ်။
အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ဖို့လိုသလိုလိုအပ်ချက်အရ ဝန်ကြီးဌာန သို့မဟုတ် အထက် ကွပ်ကဲမှု အဆင့်ဆင့်ကပေးအပ်တဲ့ သီးခြားတာဝန်တွေကိုလည်း ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖိတ်ခေါ် ချက်မှာ ဖော်ပြထားပါတယ်။⁩
—————————————
၆။⁨⁨၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
====================
m.CDM၊ စက်တင်ဘာ ၉

နယူးယောက်မြို့ ကုသမဂ္ဂဌာနချုပ်မှာကျင်းပနေတဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
အကြိမ် ၈၀ မြောက် အထွေထွေညီလာခံ ပိတ်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် မနက်က ပြုလုပ်ခဲ့ပြီး ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနဲ့ ဖွင့်ပွဲကို အဲဒီနေ့ နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဟာ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလ ၂၀၂၅ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာလ အကုန်အထိကျင်းပခဲ့တဲ့ Main Part of the Session ကာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းကနေ စက်တင်ဘာ  ၇ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ Second Part of the Session ကာလတွေမှာ အထွေထွေညီလာခံမျက်နှာစုံညီ အစည်းအဝေးတွေနဲ့ ကုလသမဂ္ဂ ပင်မကော်မတီ ၆ ခုရဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့ပြီး မိန့်ခွန်းတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေ၊ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကစပြီး မြန်မာပြည်သူလူထုတရပ်လုံးအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ် မှုတွေ၊ ချိုးဖောက်ခဲ့တဲ့ကြီးလေးသော ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမဆန်မှု များ၊ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကနေ ရှောင်တိမ်းနေတာတွေနဲ့ ပြည်သူအများ ကြုံတွေ့ ခံစားနေရတာတွေ အလေးထား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်း ရေးအတွက် တော်လှန်ရေးဒီမိုကရေစီအင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မိတ်ဖက် ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအောက်ကနေ ညှိနှိုင်းဆောင်ရွက်နေမှုတွေကိုလည်း သံအမတ်ကြီးက ကုလအစည်းအဝေးတွေမှာ တင်ပြပြောကြားခဲ့ပါ တယ်။
———————————
၇။⁨SCEF မှာ စစ်ကိုင်း၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့ အဖွဲ့ဝင်အသစ်တွေအဖြစ် ပါဝင်လာ
======================
m.CDM၊ စက်တင်ဘာ ၉

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် စစ်ကိုင်း ဖက်ဒရယ်ယူနစ် ၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ ပါဝင်လာပြီလို့ SCEF က ထုတ်ပြန်လာပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အစည်းအဝေး ၂/၂၀၂၆ ကို စက်တင်ဘာ ၈ ရက် ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့ပြီး SCEF မှာ အဖွဲဝင်များအဖြစ်ပါဝင်ကြဖို သဘောတူထားပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ် ယူနစ်၊ မန္တလေးဒေသနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ကို SCEF ရဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် အောက်မှာ အဖွဲ့ဝင်အသစ်တွေအဖြစ် အတည်ပြုခဲ့ကြတာဖြစ်ပါတယ်။
အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီရဲ့ အလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးအဖွဲ့က လုပ်ငန်းဆောင်ရွက်ထားရှိမှုတွေကို ဆွေးနွေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဖက်ဒရယ်ယူနစ်အသီးသီးက ကိုယ်စားလှယ်တွေက နှုတ်ခွန်းဆက်စကားတွေ ပြောကြားခဲ့ပြီး ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီက ကောင်စီဝင်စာရင်းကို အတည်ပြုကြေညာကာ သဘာပတိက နိဂုံးချုပ်စကားပြောခဲ့တယ်လို့ SCEF ထုတ်ပြန်ထားပါတယ်။
SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ ကရင်အမျိုး သား အစည်းအရုံး KNU ၊ ကချင်လွတ်လပ်ရေးအဖွဲ KIO ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF တိုနဲ့ ကနဦး ဖွဲစည်းထားတာပါ။
———————————
၈။ရတနာပုံ ဆိုက်ဘာစီးတီးမှာ ကျောင်းသားအချင်းချင်း ဓါးထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး၊ဗိုလ်တထောင်မှာ ၇၁ နှစ်အရွယ် အဘွားအို ၁ ဦးကို အိမ်အကူက သတ်ဖြတ်လုယက်
===================
m.CDM စက်တင်ဘာ ၉ ရက်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရွာရှိ ရတနာပုံ ဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်မှာ စက်တင်ဘာ ၈ ရက်နေ့က ကျောင်းသား အချင်းချင်း ဓါးထိုးမှု ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၈ ရက် ည ၇ နာရီခန့်က ကျောင်းသားအဆောင် တတိယထပ်မှာ ကျောင်းသား ၂ ဦး ဆူညံနေတာ ကြောင့် အောက်ထပ်မှ ကျောင်းသား ၁ ဦးက သွားရောက်တားမြစ်ရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လာရောက်ပြောဆိုတဲ့ ကျောင်းသားကို ဝိုင်းဝန်းထိုးကြိတ်ရာကနေ အထိုးခံရသူက အဆောင်ဝရန်တာမှာ ရှိနေတဲ့ ကြက်သွန်လှီးဓားနဲ့ ပြန်လည် ထိုးခုတ်ခဲ့တယ်လို့ သိရပါတယ်။

ဓါးနဲ့ ထိုးခံရတာကြောင့် ကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး၊ ကျန် ၁ ဦး ကတော့ ပြင်းထန်ဒဏ်ရာရခဲ့ကာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဓါးနဲ့ထိုးခဲ့တဲ့ ကျောင်းသားကို ပြင်စာကျေးရွာ ရဲစခန်းမှာ လူသတ်မှု ပုဒ်မနဲ့ ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင် မြို့နယ်မှာလည်း ပြီးခဲ့တဲ စက်တင်ဘာ ၇ ရက်၊ ညပိုင်းက အသက် ၇၁ နှစ်အရွယ် အဖွားအို ၁ ဦးကို အိမ်အကူဖြစ်သူက သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

ဗိုလ်တစ်ထောင် (၄၁) လမ်း၊ အပေါ်ဘလောက်မှာ အတူနေထိုင်တဲ့ အိမ်အကူ အမျိုးသမီးက အိမ်ရှင် အဖွားအိုကို ခေါင်းအုံးနဲ့ ဖိသတ်ခဲ့တာဖြစ်ပြီး အဖိုးတန်ပစ္စည်းတွေကိုပါ ယူဆောင် ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

လူသတ်၊ လုယက်မှု ကျူးလွန်ပြီး ထွက်ပြေးသွားခဲ့တဲ့ အိမ်အကူ အမျိုးသမီးကိုတော့ စက်တင်ဘာလ ၈ ရက်နေ့ မှာ ပြန်လည်ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ လုယက်၊ သတ်ဖြတ်မှုတွေ၊ ဓါးပြမှုတွေနဲ့ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ သိရှိရပါတယ်။
------------------------
၉။ရန်ကုန်မြို့တွင်းမှာ အကြမ်းဖက် စစ်အုပ်စုက နေ့ခင်းဘက်ပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေ၊ယခုရက်ပိုင်းအတွင်း ရန်ကုန်မှာ အမျိုးသား ၇၀ ကျော် ဖမ်းဆီးခံခဲ့ရ
====================
m.CDM စက်တင်ဘာ ၉ ရက်။

ရန်ကုန်မြို့တွင်းနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ လက်ပါးစေတွေက နေ့ခင်းဘက် တွေမှာပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ Rangoon Scout Network -RSN ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်း ကနေ စက်တင်ဘာ ပထမပတ်အတွင်း ရန်ကုန်မြို့နယ် အနှံအပြားမှာ အမျိုးသား ၇၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ပြန်ရွေးဖို့အတွက် ငွေကျပ် သိန်း ၄၀ ကနေ သိန်း ၁၀၀ ကျော်အထိ တောင်းခံနေတယ်လို့ ဆိုပါတယ်။

အဆိုပါအရေအတွက်ဟာ Rangoon Scout Network က အတည်ပြုထားနိုင်တဲ့ ဖြစ်စဉ်တွေဖြစ်ပြီး၊ မြေပြင်မှာ ဒီထက် ပိုမို ဆိုးရွားနိုင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ အသက် ၂၀ ကနေ ၃၅ ကြား ဖြစ်ကြပြီး၊ အထက်တန်း ကျောင်းသားအရွယ်နဲ့ အသက် ၄၀ အထက် အကြီးပိုင်းတွေလည်း ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်၊ ညနေပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ ကားမှတ်တိုင် မှာ ကားစောင့်နေတဲ့ လူငယ် ၇ ဦးကို ပျူစောထီး(လူမိုက်)အဖွဲ့တွေက အတင်းအဓမ္မ ဝင်ရောက်ရိုက်နှက် ဖမ်းဆီး ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၇ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဆီ ခေါ်ဆောင်သွားခဲ့ပြီး ရန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ လူငယ် ၂ ဦး ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ လူငယ် ၅ ဦးကိုတော့ စက်တင်ဘာ ၇ ရက်၊ မနက် ၄ နာရီခန့်မှာ စစ်ကော်မရှင်တပ်က DC ကားဖြင့် လာရောက်ခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးတွေနဲ့ လူမိုက်အဖွဲ့တွေဟာ လူငယ်တွေကို ဖမ်းဆီး ငွေညှစ်နေပြီး၊ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ ရောင်းစားနေသလို ရလာတဲ့ငွေတွေနဲ့ ဘီယာဆိုင်ထိုင်ကာ အောင်ပွဲခံလေ့ရှိတယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေးတိုင်း သာစည်မြို့နယ်မှာလည်း စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ အမျိုးသားမှန်သမျှ စစ်မှုထမ်းကြေး ပေးလို့မရတော့ဘဲ မဖြစ်မနေ တပ်ထဲဝင်ရမယ်လို့ ဖိအားပေးတာတွေ ရှိတယ်တယ်လို့ သိရှိရပါတယ်။
-------------------------
၁၀။ပလက်ဝမှာ ၁၂ တန်း ကျောင်းသားတွေ မြန်မာစာနဲ့ ရခိုင်စာ ကြိုက်ရာရွေးချယ် သင်ယူနိုင်ဟု AA ဆို
=====================
m.CDM စက်တင်ဘာ ၉ ရက်။

ချင်းပြည်နယ်၊ ပလက်ဝခရိုင်ထဲက ၁၂ တန်း ကျောင်းသူကျောင်းသားတွေအနေနဲ့ ရခိုင်စာ ဒါမှမဟုတ် မြန်မာစာ နှစ်ခုထဲက ကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်သင်ယူ နိုင်တယ်လို့ ULA/AA ပညာရေးဌာနက အသိပေး ထားပါတယ်။

အာရက္ခအမျိုးသား ပညာရေးဌာနက ရေးဆွဲထားတဲ့ ၁၂ တန်း ရခိုင်ဘာသာ သင်ရိုးသစ်ကို မြန်မာစာနေရာမှာ အစားထိုးထားပေမယ့် မသင်မနေရစနစ်နဲ့ အဓမ္မသင်ခိုင်းတာ မဟုတ်ဘဲ ကြိုက်ရာရွေးချယ်ခွင့်ပြုတဲ့ မူဝါဒကို ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

ဒီလိုအသိပေးလာတာဟာ ပလက်ဝမှာ ရခိုင်စာ အစားထိုးသင်ကြားမယ့်အပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO) က ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း AA ဘက်က ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်လာတာပါ။

ဒီနှစ် ပညာသင်နှစ်မှာ ပလက်ဝခရိုင်အတွင်း ၁၂ တန်း တက်ရောက်နေသူ စုစုပေါင်း ၁၅၈ ဦးရှိပြီး အဲဒီအထဲမှာ ရခိုင် ၁၃၈ ဦး၊ ခူမီး ၁၆ ဦး၊ ဒိုင်းနက် ၃ ဦးနဲ့ မြို ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဒေသတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတဲ့ အန္တရာယ်တွေကြားကပဲ လူငယ်တွေ ပညာသင်ကြားနိုင်ရေးကို အကန့်အသတ်နဲ့ သတိထား ဆောင်ရွက်နေရတယ်လို့ အသိပေးထားပါတယ်။
------------------------
၁၁။” စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး" စာအုပ်စက်တင်ဘာလကုန်ပိုင်း၊ ထိုင်းနိုင်ငံမှာ စတင်ဖြန့်ချီမယ်
====================

တော်လှန်နယ်မြေအတွင်းက ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေ၊ နောက်ခံမိသားစုတွေ၊ တိုက်ပွဲဝင်နေဆဲရဲဘော်တွေနဲ့ နောက်ခံမိသားစုတွေ၊ စစ်ဘေးရှောင်တွေရဲ့ ဘဝ၊ စစ်ဘေးရှောင်တွေရဲ့ခံစားချက်၊ မျှော်လင့်ချက်တွေ၊ တော်လှန်နယ်မြေက ပညာရေး၊ကျန်းမာရေး၊ လူမူဘဝရှုခင်းတွေ၊ စစ်တပ်ရဲ့ လေယာဥ်တွေကြောင့် ထိခိုက်မှုတွေ ..စတဲ့..စတဲ့.. အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်း ဖတ်ရူရမယ့် စာအုပ်ဖြစ်ပါတယ်။

" မောင်လူမွှေးတို့ရဲဘော်တွေတိုက်နေတာက အာဏာရှင်စစ်တပ်။  ရဲဘော်တွေအပါအဝင် တော်လှန်ရေးခေါင်းဆောင်၊ ရပ်ရွာခေါင်းဆောင်၊ ကျောင်းဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ပြည်သူအားလုံး ဝိုင်းတိုက်ဖျက်ကြရမှာက အာဏာရှင်စနစ်ဖြစ်တယ်။ အာဏာရှင်စနစ်ကို ကျည်ဆန်နဲ့ပစ်လို့မရဘူး။ ပညာနဲ့ဖျက်မှရမယ်။" လို့ စာရေးဆရာ မောင်လူမွှေးက ဆိုပါတယ်။

စာအုပ်မှာပါဝင်တဲ့ စာမူတိုင်းမှာ စိတ်ကူးယဥ်ထားတဲ့ဇာတ်လမ်း၊အကြောင်းအရာတစ်ခုမှ မပါဘူး ဆိုတဲ့ တကြောင်းတည်းသော အမှာစာနဲ့အထွက်လာမယ့်စာအုပ်မှာ တကယ့်အဖြစ်အပျက်တွေကို ဖတ်ရှုရမှာပါ။

မိုးမခမီဒီယာမှာ တောက်လျောက် ရေးသားခဲ့တဲ့ အက်ဆေး၊ ဆောင်းပါး တွေထဲကနေ အပုဒ်တစ်ရာကို စုစည်းထားတာဖြစ်ပြီး  စာမျက်နှာသုံးရာကျော်ရှိတဲ့ စာအုပ်ကို တစ်အုပ်ကို ဘတ်ငါးရာနဲ့ရောင်းချမှာဖြစ်ပါတယ်။ ဝယ်ယူနိုင်တဲ့ လိပ်စာကို စာအုပ်ထွက်ပြီးတာနဲ့ အသိပေးသွားမယ်လို့ သိရပါတယ်။

* သူ့စာမူတွေကို စတင်ဖတ်ရှုမိချိန်ကစပြီး  ကျနော် တော့ သူ့စာတွေကို စောင့်မျှော်ဖတ်ရှုသူတယောက် ဖြစ်သွားခဲ့ပါတယ်။ စာတပိုဒ်ချင်းစီကို ဖတ်ရင်းနဲ့ပဲ ဘာကြောင့် ဒီလောက်တောင် အရေးအသားတွေက ဆွဲဆောင်မှုရှိနေရတာလဲဆိုတာကို တွေးမိရင်းနဲ့ပဲ ကျနော်တို့ဟာ သူ့ရဲ့ အတွေးကမ္ဘာထဲကို တဖြည်းဖြည်းနဲ့ နစ်ဝင်သွားရတော့တာပါပဲ။

စာရေးသက်ရင့်ရင့်နဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ရေးဖွဲ့ထားတဲ့ စာမူတွေဟာ အခု စာအုပ်အဖြစ်နဲ့ ထွက်လာတော့မှာကို ဝမ်းသာဂုဏ်ယူမိသလို စာအုပ်စင်မှာ ရှိနေသင့်တဲ့ လက်ရာတခုလို့လည်း မှတ်ချက် ပေးချင်ပါတယ်။ ဖတ်ရင်းနဲ့ပဲ စဉ်းစားမယ်၊ စဉ်းစားရင်းနဲ့ပဲ ခံစားမယ်။

စာရေးသူရဲ့ အတွေးအဆတွေဟာ စာဖတ်ပြီးတဲ့အချိန်အထိ စာဖတ်သူရဲ့ စိတ်ထဲမှာ မွှေးပျံ့နေဦးမယ်လို့ ယယုံကြည်ပါတယ်။

မွှေးပျံ့ခြင်းဆိုတာ ပန်းပွင့်တွေမှာပဲ ရှိတာမဟုတ်ပါဘူး။ ခံစားမှုအမှန်တရားတွေကို သယ်ဆောင်လာတဲ့ စာသားတွေမှာလည်း ရှိပါတယ်။

စာသားတွေက စာရွက်ပေါ်မှာ ရှိပေမဲ့ သူဖော်ကျူးထားတဲ့ အတွေးအမျှင်တွေကတော့ ကျနော်တို့ရဲ့ အသိစိတ်ထဲမှာ ဆက်လက်ရှင်သန်နေပါလိမ့်မယ် " လို့* ဆရာတာပလုမှ မှတ်ချက်ပြုထားပါတယ်။


ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

--
Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654


Share:

No comments:

Post a Comment