၁၁ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

signal-2026-09-10-09-25-26-624_002.jpg
၁၁  -  ၉  - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ ရခိုင်ပြည်နယ်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA က ထိန်းချုပ်အုပ်ချုပ်နေကြောင်း ISP-Myanmar ထုတ်ပြန်၊စစ်ကော်မရှင်ရဲ့ ရခိုင်ထိုးစစ် တပ်ပတ်နီးပါး ကြာတဲ့အချိန်ထိ စခန်းတစ်ခုမှ မသိမ်းနိုင်ဘဲ အထိနာနေ

၂။စ်သင်္ဘောပေါ်ကဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေထဲမှာ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၈၄ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၃၄ ဦး ပါတယ်လို့ KIA ပြော  

၃။လောင်းလုံးမှာ စစ်ကော်မရှင် စစ်ကြောင်းက ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့၊သဲကုန်းမှာ စစ်ကော်မရှင်စစ်ကြောင်းက နေအိမ် ၁၃ လုံးကို မီးရှို့ခဲ့ပြီး ပြည်သူ ၅,၀၀၀ ကျော် တိမ်းရှောင်နေရ၊
⁨⁨⁨⁨
၄။ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ အဆိုတော် ဖြူဖြူကျော်သိန်း “Close the Sky” သီချင်းနဲ့ ဖျော်ဖြေခဲ့ပြီး၊ စစ်အုပ်စုကို အသိအမှတ်မပြုဖို့ တောင်းဆို စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ရခိုင်ပြည်နယ်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA က ထိန်းချုပ်အုပ်ချုပ်နေကြောင်း ISP-Myanmar ထုတ်ပြန်၊စစ်ကော်မရှင်ရဲ့ ရခိုင်ထိုးစစ် တပ်ပတ်နီးပါး ကြာတဲ့အချိန်ထိ စခန်းတစ်ခုမှ မသိမ်းနိုင်ဘဲ အထိနာနေ
===================
m.CDM စက်တင်ဘာ ၁၀ ရက်။

ရခိုင်ပြည်နယ်ရဲ့ ၉၂ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသကို အာရက္ခတပ်တော် (AA) က အပြည့်- အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။

AA အနေနဲ့ အဆိုပါ ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG) ကို ဖွဲ့စည်းထားပြီး၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလက စတင်ကာ ခရိုင် ၈ ခုနဲ့ အုပ်ချုပ်ရေးယန္တရားတွေ အပြည့်အဝ လည်ပတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေမှာသာ ခြေကုတ် ယူထားနိုင်ပေမယ့် လေကြောင်း၊ လက်နက်ကြီးနဲ့ ရေကြောင်းအင်အားတွေကို အသုံးပြုပြီး AA ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ထို့အပြင် စစ်ကော်မရှင်တပ်ဟာ “၄၉၂၆ စစ်ဆေးရေး” ဟု အမည်တပ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က စတင်ကာ AA  ထိန်းချုပ်နယ်မြေတွေကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

သို့ပေမယ့် အဆိုပါ ထိုးစစ်ဟာ တစ်ပတ်နီးပါး ကြာလာတဲ့အထိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ စခန်း တစ်ခုကိုမှ မသိမ်းနိုင်ဘဲ အသေအပျောက်များနေတာကြောင့် နောက်ဆုတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ကျောက်ဖြူ မြို့နယ်နဲ့ စစ်တွေ-ပုဏ္ဏားကျွန်း ဘက်တွေကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေဟာလည်း ရှေ့ဆက် မတိုးနိုင်တော့ဘဲ ခံစစ်အနေအထားနဲ့သာ ပြန်လည်ခုခံ နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AA ဘက်ကလည်း စစ်အုပ်စုရဲ့ ရေတပ်စခန်းတွေကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး၊ စက်တင်ဘာ ၉ ရက်နေ့မှာ ရွှေမင်းဂံ ရေတပ်စခန်းရဲ့ ကာကင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့တယ် လို့ သိရပါတယ်။

မြေပြင်စစ်ကြောင်းတွေ အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေကို အသုံးပြုပြီး နေ့စဉ်ရက်ဆက် အကြမ်းဖက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အခုလို ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် က ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေရသလို သက်တမ်း နှစ် ၄၅၀ ခန့်ရှိတဲ့ သမိုင်းဝင် ဂူဝဘုရားလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ်။
-------------------------------
၂။ဗန်းမော်နဲ့ရွှေကူတိုက်ပွဲ စစ်သင်္ဘော ၅ စင်းကို ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA ပြော
====================
m.CDM၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ် ဗန်းမော်စစ်မြေပြင်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်သင်္ဘောတွေနဲ့ ဗန်းမော် က ပြန်ဆင်းလာတဲ့ သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်က ထပ်မံတိုက်ခိုက်ခဲ့ရာ သင်္ဘော ၅ စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်း ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်တပ်ဟာ ဩဂုတ်လကုန်ပိုင်းမှာ သင်္ဘော ၁၅ စင်းနဲ့ ကချင်ပြည်နယ်ဘက်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်း ခဲ့ရာမှာ KIA နဲ့ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၈ စင်းထက်မနည်း ပျက်စီးခဲ့တာကြောင့် စက်တင်ဘာ ဒုတိယပတ်မှာ နောက်ထပ် သင်္ဘော ၆ စင်းနဲ့ ကချင်ပြည်နယ်ဘက်ကို ထပ်ပြီး ဆန်တက်လာ တာဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့မှာ မန္တလေးနဲ့ ကသာဘက်ကဆန်တက်လာတဲ့ သင်္ဘော ၂ စင်း ရွှေကူဆိပ်ကမ်းမှာ ကမ်းကပ်ထားချိန် KIA နဲ့ပူးပေါင်းတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ရာမှာ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၉ ရက် ညနေမှာလည်း ဗန်းမော်ဘက်က စုန်ဆင်းလာတဲ့ သင်္ဘောတွေ ဇင်းဘုံးနယ် အရောက် KIA တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် သင်္ဘော ၂ စင်း မီးလောင်ပျက်စီးသွားသလို အခြားတစင်းကတော့ မြစ်ထဲ နစ်မြုပ်သွားတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဗန်းမော်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ သြဂုတ်လနဲ့ စက်တင်ဘာ လဆန်းပိုင်း မှာ ၂ သုတ်ခွဲပြီး လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ သယ်ပို့နေတာဖြစ်ပါတယ်။
 ကချင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့အဆိုအရ ဩဂုတ် ၂၇ ရက်က ကသာကနေ ရွှေကူမြို့ကို တက်လာတဲ့ သင်္ဘောတစင်း၊ ဩဂုတ် ၂၉ ရက်ကနေ စက်တင်ဘာပထမပတ်အထိ ရွှေကူ-ဗန်းမော်ကြား ရေကြောင်း တိုက်ပွဲတွေမှာ စစ်သင်္ဘော ၇ စီးထက်မနည်း ဖျက်စီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဩဂုတ်လကုန်ပိုင်းကနေ စက်တင်ဘာ ၉ရက်အထိ နှစ်ပတ်တာအတွင်း စစ်တပ်သင်္ဘော  ၁၄စီး ထက်မနည်းကို KIA နဲ့ပူးပေါင်းတပ်တွေ ဖျက်စီးနိုင်ခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
—————————
၃။စစ်သင်္ဘောပေါ်ကဖမ်းဆီးရမိတဲ့ စစ်သုံးပန်းတွေထဲမှာ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၈၄ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၃၄ ဦး ပါတယ်လို့ KIA ပြော  
========================
m.CDM၊ စက်တင်ဘာ ၁၀

ကချင်ပြည်နယ် ရွှေကူမြို့ကနေ ဗန်းမော်ဘက်ဆန်တက်လာတဲ့ စစ်သင်္ဘောပေါ်က ဖမ်းဆီးရမိတဲ့ စစ်သုံးပန်း တွေကို လူတန်းစားအလိုက် စိစစ်ခွဲခြားခဲ့ရာမှာ ဗိုလ်ကြီး ၂ ဦးအပါအဝင် စစ်သား ၈၄ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၃၄ ဦး ပါဝင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြလာပါတယ်။
စက်တင်ဘာ ၉ ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကို စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း မှာ ဖော်ပြလာတာြဖစ်ပါတယ်။
စက်တင်ဘာ ၂ ရက် မနက်အစောပိုင်းက ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်အတိုင်း ဆန်တက် လာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေက စင်းခန်းတံတား အောက်ဖက်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ကို ကျည်ထိမှန်ပြီး ခရီးမဆက်နိုင်တော့တာ ကြောင့် အဖမ်းခံခဲ့ရတဲ့ စစ်သုံးပန်း ၁၅၁ ဦးကို လူတန်းစားအလိုက် စိစစ်ခွဲခြားခဲ့တာလို့ ဆိုပါတယ်။
အခုလို လူတန်းစားအလိုက် စိစစ်ခွဲခြားခဲ့ရာမှာ စစ်တပ်က ဗိုလ်ကြီး ၂ဦး၊ အရာခံဗိုလ် ၅ ဦး၊ တပ်ကြပ်ကြီး ၁၄ ဦး၊ တပ်ကြပ် ၁၂ ဦး၊ ဒုတပ်ကြပ် ၁၆ဦး၊ တပ်သား ၃၅ ဦး စုစုပေါင်း စစ်သား ၈၄ ဦးလို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်မှုမထမ်းမနေရဥပဒေနဲ့ စုဆောင်းခံထားရတဲ့ အသက် ၁၆ နှစ်ကနေ ၃၀ နှစ်ကြားလူငယ် ၃၄ ဦး လည်းပါဝင်တဲ့အတွက် လက်နက်ကိုင်အင်အား ၁၁၈ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ထို့အတူ အမျိုးသမီးရဲမေတာဝန်ထမ်းဆောင်နေတဲ့ အိမ်ထောင်သည် တပ်မိသားစုဝင် အမျိုးသမီး ၁၇ ဦး၊ အသက် ၄ လကနေ ၄ နှစ်အရွယ်ထိရှိတဲ့ ကလေးငယ်တွေကို မိခင်တွေနဲ့အတူ ထိမ်းသိမ်းထားတယ်လို့ KIA ဘက်က ပြောပါတယ်။
သင်္ဘောကြုံနဲ့လိုက်လာတဲ့ အရပ်သား ၈ ဦးကိုလည်း လက်ရှိမှာ ထိမ်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါ တယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သီးသန့်နေရာတွေမှာ ရွှေ့ပြောင်းထားရှိပြီး နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီစောင့်ရှောက်ပြုစုထားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ် စစ်သင်္ဘောအချို့ကို မြစ်ထဲနစ်မြုပ်သွားခဲ့တာကြောင့် သင်္ဘောပေါ်မှာပါလာတဲ့ လူအချို့ ‌ရေကူးလွတ်မြောက်သွားသူတွေရှိသလို အချို့လည်း ‌‌‌ရေနစ်သေဆုံးခဲ့သူတွေလည်းရှိပါတယ်။
တိုက်ပွဲပြီးချိန်မှာတော့ ရုပ်အလောင်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဧရာဝတီမြစ်‌ရေပြင်မှာ မျောပါနေ တာကိုတွေ့ရပါတယ်။  
အခုရက်ပိုင်းမှာ ဇင်းဘုံ၊ စင်ခန်းနဲ့ ဗန်းမော်နယ်တဝိုက်နဲ့ ဧရာဝတီမြစ်ရိုးတလျောက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတဲ့အပြင် မြေပြင်စစ်ကြောင်းတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဗန်းမော်နဲ့ ရွှေကူကြားက စင်းခန်းတံတားကြီးကိုလည်း စက်တင်ဘာ ၆ ရက်မှာ ဗုံးကြဲဖျက်စီးခဲ့တာကြောင့် ခရီးသားပြည်သူတွေ အခက်တွေ့နေရတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီ က သိရပါတယ်။
———————————
၄။တံတားဦး လေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေ၊ လက်ပံတန်းက စစ်ကော်မရှင် အထိုင်စခန်း တိုက်ခိုက်ခံရပြီး စစ်သား ၂၀ ကျော် ထိခိုက်သေဆုံး၊
====================
m.CDM စက်တင်ဘာ ၁၀ ရက်။

မန္တလေးတိုင်း၊ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးက တံတားဦး လေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ပြည်တွင်း လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးရပ်ဆိုင်းမှုများ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့သို့တိုက်ခိုက်ခံရပြီးနောက် ဒရုန်းတွေတက်လာတဲ့ လေတပ်စခန်းရဲ့ အနောက်တောင်ဘက်ကို အင်အား ၇၀ ခန့် ပါတဲ့ စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးလာပြီး နွားခြံကြီးကုန်းရွာ အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်တွေ၊ လေကြောင်းတွေနဲ့ပါ ပစ်ကူနေတာကြောင့် နွားခြံကြီးကုန်း၊ ရွာသာအေး နဲ့ သစ်တော်ဖျား အပါအဝင် ကျေးရွာ ၇ ရွာ ထက်မနည်းက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ လေတပ်စခန်းအတွင်း ထိခိုက်ပျက်စီးမှု ရှိ /မရှိ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ထို့အပြင် ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာက အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို စက်တင်ဘာ ၆ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ၂၀ ဦးထပ်မနည်း ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး၊ ဒဏ်ရာရနေ သူတွေကိုတောင် ဘန်ကာထဲက စစ်သားတွေက ထွက်မကယ်ရဲဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
--------------------
၅။လောင်းလုံးမှာ စစ်ကော်မရှင် စစ်ကြောင်းက ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့၊သဲကုန်းမှာ စစ်ကော်မရှင်စစ်ကြောင်းက နေအိမ် ၁၃ လုံးကို မီးရှို့ခဲ့ပြီး ပြည်သူ ၅,၀၀၀ ကျော် တိမ်းရှောင်နေရ၊
=====================
m.CDM စက်တင်ဘာ ၁၀ ရက်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီ ရွာကနေ ပြန်ဆုတ်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင် စစ်ကြောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့၊ မနက်ပိုင်းမှာ ပြည်သူ ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းစစ်ကြောင်းဟာ ကုန်းဇရပ်ရွာနားမှာ အသက် ၉၀ ကျော်အရွယ် အဘိုးအို ၁ ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်ကိုပါ မီးရှို့ခဲ့တဲ့အပြင် မဲမော်ရွာက စစ်ရှောင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဒေဝီကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အထိနာခဲ့တာကြောင့် တုံ့ပြန်ကျူးလွန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က သုံးသပ်ပြောပါတယ်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက် မနက်ပိုင်းမှာ ရုံးပင်တက်ရွာနဲ့ ဆည်ကြီးကျိုးရွာက နေအိမ်တွေကို စစ်ကော်မရှင် စစ်ကြောင်းက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း အနီးနား ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။

ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရချိန်မှာ စစ်ကော်မရှင်တပ်သားတွေက ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ ပဲနဲ့ နှမ်းတွေအပြင် အဖိုးတန်ပစ္စည်းတွေကိုပါ ခိုးယူသွားကြတယ်လို့ သိရှိရပါတယ်။
---------------------
၆။ကာကွယ်ရေးဝန်ကြီးဌာနက ကျဆုံး တော်လှန်ရေးရဲဘော်တွေကို ရည်စူးပြီး ဆွမ်းဆက်ကပ်လှူဒါန်း
=================
m.CDM စက်တင်ဘာ ၁၀ ရက်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၅ နှစ်တာ ကာလအတွင်း စစ်မျက်နှာအသီးသီးမှာ အသက်ပေးသွားခဲ့ကြတဲ့ PDF, ပကဖ နဲ့ မဟာမိတ် တော်လှန်ရေးရဲဘော်တွေကို ရည်စူးပြီး NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုကို စက်တင်ဘာ ၁၉ ရက်နေ့က NUG အုပ်ချုပ်ရေးနယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ပင့်သံဃာတော်တွေကို နေ့ဆွမ်း၊ သင်္ကန်း နဲ့ နဝကမ္မ ဝတ္ထုငွေတွေ ဆက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်တို့က တာဝန်ရှိသူတွေ အပါအဝင် ဖိတ်ကြားထားတဲ့ အရပ်ဘက် တာဝန်ရှိသူတွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေး အပါအဝင် ခေတ်အဆက်ဆက်က ပြည်သူ့တော်လှန်ရေးတွေမှာ အသက်ပေးလှူသွားခဲ့ကြတဲ့ ရဟန်းရှင်လူပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ အားလုံး ကောင်းရာသုဂတိ ရောက်ရှိစံစားနိုင်ပါစေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာပို့ အမျှပေးဝေထားပါတယ်။
----------------------
၇။ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ အဆိုတော် ဖြူဖြူကျော်သိန်း “Close the Sky” သီချင်းနဲ့ ဖျော်ဖြေခဲ့ပြီး၊ စစ်အုပ်စုကို အသိအမှတ်မပြုဖို့ တောင်းဆို
=====================
m.CDM စက်တင်ဘာ ၁၀ ရက်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံက “Ending Impunity for International Crimes in Myanmar” ဆွေးနွေးပွဲမှာ အဆိုတော် ဖြူဖြူကျော်သိန်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် “Close the Sky” သီချင်းကို  သီဆိုပြခဲ့ပြီး၊ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် အောက်မှာ ထိတ်လန့်တကြား နေထိုင်နေရတဲ့ မြန်မာပြည်သူလူထုရဲ့ အသံကို ဖော်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲ အတွင်းမှာလည်း အာဏာနဲ့ သြဇာရှိသူတွေ အနေဖြင့် မြန်မာပြည်သူတွေ နဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်ပေးကြဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုကို တရားဝင်မှုမပေးကြဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အင်အားကြီးနိုင်ငံတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ကော်ဇောနီခင်းပြီး နှုတ်ဆက်ဖို့ပြင်ဆင်နေကြတဲ့ သွေးစွန်းနေတဲ့ လက်တွေရဲ့ နောက်ကွယ်မှာ အရပ်သား ပြည်သူတွေအပေါ် နေ့စဉ် ကျူးလွန်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အခုလို ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိတဲ့စစ်အုပ်စုကို တခြားအစိုးရတွေအနေနဲ့ ပုံမှန်အခြေအနေ လို ဆက်ဆံတာ၊ အသိအမှတ်ပြုတာနဲ့ တရားဝင်မှု ပေးအပ်တာမျိုးတွေ လုံးဝ မလုပ်သင့်ဘူးလို့လည်း တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
-------------------------------------
၈။နေပြည်တော်နဲ့ မုံရွာမှာ စစ်အုပ်စုက ပေါ်တာဆွဲ၊ ခြိမ်းခြောက်ငွေညှစ်မှုတွေ အပြင်းအထန် လုပ်ဆောင်နေ၊မကွေးမှာ လူငယ် ၁ ဦး ထပ်မံပျောက်ဆုံးနေပြီး၊ ရန်ကုန်လမ်းမတွေမှာ ည ၆ နာရီနောက်ပိုင်း လူသူကင်းမဲ့နေ
===================
m.CDM စက်တင်ဘာ ၁၀ ရက်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြီးအင်းရွာမှာ အုပ်ချုပ်ရေးမှူး သန်းဇော် က အသက် ၁၈ နှစ် ကနေ ၃၅ နှစ် အတွင်း အမျိုးသား တစ်ဦးကို စစ်မှုထမ်းကြေး ၈ သိန်းခွဲ အတင်းအကျပ် ကောက်ခံနေတယ်လို့ သိရပါတယ်။

ထိုသို့ကောက်ခံရာမှာ ကျေးရွာအတွင်း နေထိုင်သူတွေသာမက ပြည်ပရောက်နေသူတွေ ဆီကပါ ကောက်ခံနေပြီး အဲဒီငွေတွေနဲ့ အုပ်ချုပ်ရေးမှူးက ကိုယ်ပိုင် တိုက်အိမ်တွေဆောက်၊ လမ်းတွေ ခင်းနေတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက စားအုန်းဆီ ထုတ်ယူရာမှာ ရရှိခဲ့တဲ့ အိမ်ထောင်စုစာရင်းတွေကို အသုံးပြုပြီး လူငယ်တွေကို လိုက်လံခေါ်ယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်ကလည်း အောင်ချမ်းသာ၊ ကန်သာဦး နဲ့ အင်းရွာသစ် ရပ်ကွက်တွေကနေ လူငယ် ၁၀ ဦးစီ လိုက်လံခေါ်ယူခဲ့ပြီး၊ စစ်ထဲမလိုက်ရင် နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေ ပါတယ်။

အခုလို ဖမ်းဆီးမှုတွေ ဆက်တိုက် ဖြစ်နေချိန်မှာပဲ မကွေးမြို့၊ မြသီတာလမ်း၊ သင်္ဂါရပ်နေ အသက် ၁၉ နှစ်အရွယ် မောင်ကောင်းခန့်ကျော် ဆိုသူဟာ ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက လူမှုကွန်ယက်မှာ အကူအညီ တောင်းခံထားပါတယ်။

စက်တင်ဘာလ ၉ ရက် မနက် ၇ နာရီ ခန့်မှာ မနက်စာစားဖို့ ထွက်သွားရာကနေ ပြန်မလာတော့ဘဲ အခုအချိန်ထိ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ထို့အပြင် ရန်ကုန်မြို့မှာလည်း စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ အလွန်များပြားလာတဲ့အတွက် ညနေ ၆ နာရီ ကျော်တာနဲ့ ရုံးဆင်းဝန်ထမ်းတွေ တက်သုတ်ရိုက်ပြန်ကြလို့ လမ်းမတွေပေါ်မှာ လူသူကင်းမဲ့ ခြောက်ကပ်နေတယ် လို့ မြို့ခံတွေက ဆိုပါတယ်။

လက်ရှိမှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေက ပိုမို ဆိုးရွားနေတာကြောင့် လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဝန်ထမ်းတွေကို အချိန်စော ဆင်းပေးနေရပြီး၊ ရရာကား တိုးဝှေ့စီးကာ အိမ်ကို အမြန်ဆုံး ပြန်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ လာမယ့် စစ်မှုထမ်းအပတ်စဉ် (၂၈) အတွက် နိုင်ငံအနှံ့ မြို့ကြီးတွေမှာပါ လူငယ်တွေကို နေ့စဉ်ရက်ဆက် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

--
Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654
Share:

No comments:

Post a Comment