၁၂ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

Uploaded Image

၁၂ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ CRPH ကို အဓိက မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြု၊ဩစတြေးလျမှာ SCEF ခေါင်းဆောင်တွေနဲ့ မြန်မာမိသားစုတွေ တွေ့ဆုံ

၂။ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ စစ်အုပ်စုခရိုနီတွေကို အမေရိကန်က ပယ်ဖျက်ပေးခဲ့တဲ့အပေါ် JFM ပြင်းပြင်းထန်ထန် ရှုတ်ချ

၃။မကွေး၊ စစ်ကိုင်း၊ ရခိုင်နဲ့ ကရင်နီ ဒေသတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊

၄။စစ်အုပ်စုက လေကြောင်း၊လက်နက်ကြီးပစ်ကူယူပြီး အင်အားအလုံးအရင်းနဲ့ ကျင်ဒွေးမြို့ကို ဝင်နိုင်ဖို့ကြိုးစားနေ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ CRPH ကို အဓိက မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြု၊ဩစတြေးလျမှာ SCEF ခေါင်းဆောင်တွေနဲ့ မြန်မာမိသားစုတွေ တွေ့ဆုံ
======================
m.CDM အောက်တိုဘာ ၁၁ ရက်။

တန်ဇန်းနီးယားနိုင်ငံ၊ အားရူးရှားမြို့မှာ ကျင်းပခဲ့တဲ့ (၁၅၃) ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို အဓိကမိတ်ဖက် ဆွေးနွေးဖက်အဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ ကနေ ၉ ရက်နေ့ အထိ ပြုလုပ်ခဲ့တဲ့ ဒီညီလာခံကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

ညီလာခံအတွင်း အထွေထွေ ဆွေးနွေးမှု ကဏ္ဍနဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဒေါ်ဇင်မာအောင်က မိန့်ခွန်း ပြောကြားခဲ့သလို ညီလာခံတက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တွေနဲ့လည်း သီးခြားတွေ့ဆုံပြီး မြန်မာ့ အရေးကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ညီလာခံ ပဉ္စမနေ့မှာပြုလုပ်တဲ့ အမှုဆောင်ကောင်စီအစည်းအဝေးကနေ CRPH ကို IPU ရဲ့ အဓိကဆွေးနွေးဖက် အဖြစ် ဆက်ထားဖို့အတည်ပြုခဲ့ပြီး၊ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် NUG နဲ့ CRPH ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက ဆက်လက် အသိအမှတ်ပြုဖို့၊ စစ်ကော်မရှင် က အတုအယောင် ရွေးကောက်ပွဲနဲ့ တရားမဝင် လွှတ်တော် ဖန်တီးဖို့ ကြိုးစားနေတာတွေကို တားဆီးဖို့ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုတွေကို ရပ်တန့်ရေးနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရရှိရေးကိုလည်း အဓိကထားပြီး တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။
တစ်ဖက်မှာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင် တွေဟာ အောက်တိုဘာလ ၁၀ ရက်နေ့က ဩစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ် လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲကို NUG ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ ဩစတြေးလျ ကိုယ်စားလှယ် Dr.ထွန်းအောင်ရွှေ တို့ တက်ရောက်ခဲ့ကြပြီး SCEF ရဲ့ အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေနဲ့ အနာဂတ် ပြင်ဆင်မှုတွေကို ရှင်းလင်းတင်ပြခဲ့ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့ ဟာ ကင်ဘာရာမြို့မှာ ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဩစတြေးလျ အစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံပြီး၊ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတွေ ကို ရှုတ်ချကာ ပစ်မှတ်ထား အရေးယူမှုတွေလည်း ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ဩစတြေးလျ ခရီးစဉ်အတွင်းမှာ ဆစ်ဒနီ၊ ကင်ဘာရာ၊ မဲလ်ဘုန်း နဲ့ ဘရစ်စဘိန်း မြို့တွေကို သွားရောက်ပြီး လူထုတွေ့ဆုံပွဲတွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
———————————
၂။⁨⁨ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ စစ်အုပ်စုခရိုနီတွေကို အမေရိကန်က ပယ်ဖျက်ပေးခဲ့တဲ့အပေါ် JFM ပြင်းပြင်းထန်ထန် ရှုတ်ချ
====================
m.CDM အောက်တိုဘာ ၁၁ ရက်။

အမေရိကန် အစိုးရအနေနဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ခရိုနီတွေကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ ပယ်ဖျက်ပေး နေတာနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပေါ် ပိတ်ဆို့တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။

အမေရိကန်အစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ရမယ့်အစား ရွှေဗျိုင်းဖြူအုပ်စုက သိမ့်ဝင်းထက် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ယခုနောက်ဆုံး ထပ်မံ ရုပ်သိမ်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုရုပ်သိမ်းတာဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လက သိမ့်ဝင်းထက် ရဲ့ မိခင် တင်လတ်မင်း၊ လက်နက်ပွဲစားတွေ ဖြစ်တဲ့ အောင်လှိုင်ဦးနဲ့ စစ်တိုင်းအောင်၊ စစ်တပ်စီးပွားဖက် ဂျော်နသန်မျိုးကျော်သောင်း တို့ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ ပယ်ဖျက်ပေးပြီးနောက်ပိုင်း ထပ်ဖြစ်လာတာလို့ ဆိုပါတယ်။

စစ်အုပ်စုကို လက်နက်၊ လေယာဉ်ဆီနဲ့ ဘဏ္ဍာငွေတွေ ရရှိအောင် ကြားခံဆောင်ရွက်ပေးနေတဲ့ ခရိုနီတွေကို အခု လို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းကနေ ပယ်ဖျက်ပေးနေတာဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက် လုပ်နိုင်အောင် အားပေးရာရောက်တယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် ICC အပေါ် ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်လိုက်တာဟာလည်း ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူ ဖို့ ကြိုးပမ်းနေတာကို တားဆီးရာရောက်တဲ့အတွက် ICC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တရားရုံးကို ကာကွယ်ပေးကြ ဖို့ကိုလည်း JFM က တိုက်တွန်းထားပါတယ်။

ပိတ်ဆို့မှု ရုပ်သိမ်းပေးခဲ့တဲ့ သိမ့်ဝင်းထက် ဟာ ATOM (Telenor) ကို ဝယ်ယူပြီး အကြမ်းဖက် စစ်အုပ်စုအတွက် ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့ စနစ်တွေတပ်ဆင်ပေးခဲ့တဲ့ ရွှေဗျိုင်းဖြူမိသားစုဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရ အနေနဲ့ ယခင်အမှားတွေကနေ သင်ခန်းစာယူဖို့ လိုအပ်နေပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကော်မရှင်ကို အလျှော့ပေး ချော့မော့တာမျိုးတွေ မလုပ်မိဖို့ကိုလည်း JFM က သတိပေးထား ပါတယ်။
-------------------------
၃။ရွှေဘိုမြို့နယ်က မဟာစည်နဲ့ အင်ကြင်းပင် ဘုန်းကြီးကျောင်းတွေကို ဥပုသ်နေ့မှာ စစ်ကော်မရှင် ဗုံးကြဲ၊ပြည်သူ ၂ ဦး သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရ
======================
m.CDM အောက်တိုဘာ ၁၁ ရက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာရှိတဲ့ သမိုင်းဝင် မဟာစည်ကျောင်းနဲ့ အင်ကြင်းပင်ကျောင်း တွေ ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက် (ဥပုသ်နေ့) နေ့လယ် ၁၁ နာရီ ၄၄ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ တံတားဦး လေတပ်စခန်းက တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီး ဗုံး ၃ လုံး ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဥပုသ်သီလဆောက်တည်နေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဘုန်းကြီးကျောင်းအတွင်း ခိုလှုံ နေကြတဲ့ စစ်ဘေးရှောင် ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရွှေဘို ပကဖ က ထုတ်ပြန်ထားပါတယ်။

ထို့အပြင် အသက် ၂ နှစ်အရွယ် ကလေးကနေ ၈၀ ကျော်အရွယ် ဘိုးဘွားတွေအထိ ရဟန်းသံဃာနဲ့ သီလရှင်တွေ အပါအဝင် အရပ်သား ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ ၎င်းတို့ထဲက ၅ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကမ္ဘာ့သာသနာပြု မဟာစည် ဆရာတော်ကြီးရဲ့ သမိုင်းဝင် အထိမ်းအမှတ် အဆောက်အအုံ အပါအဝင် ဓမ္မာရုံတွေ ရိပ်သာဆောင်တွေ၊ ဇရပ်စောင်းတန်းတွေနဲ့ သာသနိကအဆောက်အအုံတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း ဆိပ်ခွန်ရွာက တိုက်သစ်ဘုန်းကြီးကျောင်းကို Jet Fighter နဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၂ ပါး ပျံလွန်တော်မူခဲ့ပြီး၊ ရဟန်း ၁၆ ပါးနဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တဲ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက် (ဥပုသ်နေ့) ကလည်း မြောင်မြို့နယ်က ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်းကို Jet Fighter ဗုံးကြဲချခဲ့တာကြောင့် တရားနာနေသူ ၁၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၂၇ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
-------------------------------
၄။မကွေး၊ စစ်ကိုင်း၊ ရခိုင်နဲ့ ကရင်နီ ဒေသတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊
=====================
m.CDM အောက်တိုဘာ ၁၁ ရက်။

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ် အစပ်က သရက်ကန်ရွာနဲ့ လက်ပံတိုရေနံမြေ အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ် ၁၁ နာရီခွဲ ကနေ ၁၂ နာရီခန့်မှာ ဂျိုင်ရိုကော်ပတာ ၃ စီး၊ ATR-42 နဲ့ MI-35 ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲခဲ့သလို စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတယ်လို့ ဆိုပါတယ်။

လက်ပံတိုရေနံမြေအနီးက တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်အုပ်စုဟာ မြိုင်နဲ့ ပေါက်အစပ်က ကျေးရွာတွေကို ၅ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်စစ်ကြောင်းတွေကလည်း ရေနံတွင်းတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ပြန်လှည့် ကျေးရွာကိုလည်း အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အကြမ်းဖက် စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးပတ်ကြဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဆီတင်ကားမောင်းသူ တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ကာ ဆီကားတွေနဲ့ နေအိမ် အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ပြီး နာရီဝက်အတွင်းမှာပဲ ပြန်လှည့်ရွာကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး၊ ဆီကား ၃ စီးကို ဖမ်းဆီးသွားကာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလုယက်သွားတယ်လို့ သိရှိရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်ရေတွင်းကျေးရွာကိုလည်း အောက်တိုဘာလ ၁၁ ရက် မနက် ၆ နာရီခန့်မှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်း စလင်းနဲ့ ဆိပ်ဖြူ မြို့နယ်အစပ်က မြေနုရွာနဲ့ စိန်ပန်းကုန်းရွာ ကြားကိုလည်း စစ်အုပ်စုကအောက်တိုဘာလ ၁၀ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ပြီး လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြေပုံမြို့ကို စစ်အုပ်စုက အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် ဒေါ်ရွှေစိန်ဖြူ နှလုံးရပ်ပြီး သေဆုံးသွားခဲ့သလို ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ကျေးရွာ တစ်ရွာကိုလည်း အောက်တိုဘာ ၁၀ ရက်၊ ည ၁၁ နာရီဝန်းကျင်မှာ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခြံပြန်စောင့်နေတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရှိရပါတယ်။
——————————
၅။⁨မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရပြီး ၁၀ ဦးခန့် ဒဏ်ရာရ
=====================
m.CDM၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလောက်ဒဏ်ရာရခဲ့ပြီး ညှိနှိုင်းဖြေရှင်းပေးသူ ၅ ဦးကတော့ ခြေကျဉ်း ခတ်နဲ့ တိုက်ပိတ်ခံထားရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်ရေးထောက်တိုင်တခုဖြစ်တဲ့ မုံရွာအကျဉ်းထောင်မှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ထောင်ဆူတယ်လို့ စွပ်စွဲပြီး ရိုက်နှက်နှိပ်စက်တာ ခြေကျဉ်းခတ် တိုက်ပိတ်တာတွေလုပ်ခဲ့တာလို့ သိရပါတယ်။
အကျဉ်းသား၂ဦး စကားများတဲ့ကိစ္စကို အကြောင်းပြပြီး ထောင်တွင်းစည်းကမ်းထိန်းနဲ့အခန်းလူကြီးတို့က အကျဉ်းသား၂ဦးအား ထိုးကြိတ်ရိုက်နှက်ခဲ့ရာက အခုဖြစ်စဉ်စတင်ခဲ့လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ကို ဖြေရှင်းပေးဖို့ အကျဉ်းသားတွေက တာဝန်ရှိသူတွေဆီမှာ ညှိနှိုင်းတောင်းဆိုနေချိန်မှာ ထောင် ဒုတာဝန်ခံအရာရှိက ထောင်ဆူတယ်ဆိုပြီး သေနတ်ပစ်ဖောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုထားပါတယ်။
အဲဒီနောက် ထောင်ဝန်ထမ်းတွေက အင်အားသုံးပြီး ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် မတရားဖမ်းဆီးခံထား ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးလောက် ဒဏ်ရာရခဲ့တဲ့အပြင် ထိုးကြိတ်ခံရတဲ့ အကျဉ်းသား၂ဦးကို ခြေကျဉ်းရိုက် ဒေါက်ခတ်ထားပြီး ကြားဝင်ညှိနှိုင်းပေးတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ရိုက်နှက်နှိပ်စက်ပြီး ခြေကျဉ်းခတ်နဲ့ တိုက်ပိတ်ထားတယ်လို့ အသိပေးထားပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်တဲ့ ထောင်အာဏာပိုင်တွေကို လူ့အခွင့် အရေး ချိုးဖောက်မှုအဖြစ် မှတ်ယူထားပြီး ညှဉ်းပန်းနှိပ်စက်တာတွေရပ်ဖို့ နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးက တောင်းဆိုထားပါတယ်။
——————————
၆။ပင်းတယ က ပျူခေါင်းဆောင် ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သိမ်ကုန်းရွာအနီး တိုက်ပွဲမှာ ပျူ ၅ ဦး သေဆုံး၊နေပြည်တော် ထောက်ပို့တပ်ရင်းက တပ်ကြပ်ကြီး တစ်ဦး အလင်းဝင်
=======================
m.CDM အောက်တိုဘာ ၁၁ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ရွာက ပျူစောထီး ခေါင်းဆောင် ဝင်းမောင် ဆိုသူဟာ သူ့ရဲ့ နေအိမ်အတွင်းမှာပဲ ဝင်ရောက်ပစ်ခတ် ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်၊ ည ၈ နာရီခွဲခန့်မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ် သွား တာဖြစ်ပြီး၊ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ကောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းမောင်ဟာ ပင်းတယ မြို့နယ် ပျူခေါင်းဆောင် လည်း ဖြစ်ပြီး၊ ဂိတ်တွေမှာ ငွေညှစ်တာ၊ စစ်မှုထမ်းဖို့ လူစုတာနဲ့ ငွေကြေးကောက်ခံတာတွေကို အဓိက လုပ်ဆောင်နေကာ ကိုယ် ကျိုးရှာ ချမ်းသာလာသူ ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် ည ၉ နာရီခွဲခန့်ကလည်း ညောင်ကောက်ရွာရဲ့ တောင်ဘက်က သိမ်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် လက်အောက်ခံ ပျူစောထီး ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။

တစ်ဖက်မှာလည်း နေပြည်တော် ထောက်ပို့တပ်ရင်း တစ်ခုမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး(စာရေး) ရဲနိုင်ထွန်း ဆိုသူဟာ အောက်တိုဘာလ ၁၀ ရက်နေ့က ပြည်သူ့ဘက်ကို ကူးပြောင်း အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုရဲ့ ယုတ်မာရက်စက်မှုတွေကို မကြည့်ရက်နိုင်တာကြောင့် အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ (NIF) ကို ဆက်သွယ် အလင်းဝင်လာတာ ဖြစ်ပြီး၊ လက်တလောမှာ လုံခြုံစိတ်ချရတဲ့ နေရာမှာ စောင့်ရှောက်ပေးထားတယ် လို့ NIF က ဆိုပါတယ်။

၎င်းဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အခြေစိုက် ထောက်ပို့တပ်ရင်း (၉၂၉) ကနေ ပြောင်းရွေ့လာသူ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၃ လခန့်ကမှ ဇနီး ဖြစ်သူနဲ့ ကလေး ကွယ်လွန်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာတင် အလင်းဝင်၊ လက်နက်ချသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၂၁၆ ဦးရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ လက်ရှိအချိန်အထိဆိုရင် ၄ ထောင်ကျော်အထိ ရှိလာပြီဖြစ်တယ်လို့ သိရှိရပါတယ်။
-----------------------
၇။⁨⁨စစ်အုပ်စုက လေကြောင်း၊လက်နက်ကြီးပစ်ကူယူပြီး အင်အားအလုံးအရင်းနဲ့ ကျင်ဒွေးမြို့ကို ဝင်နိုင်ဖို့ကြိုးစားနေ
=======================
m.CDM၊ အောက်တိုဘာ ၁၁

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသကို ခြေကုပ်ယူထားတဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်အုပ်စုဟာ လေယာဥ် ပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ယူပြီး ချင်းတောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို ဝင်ရောက်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကြောင်းထိုးနေချိန်မှာ ကျင်ဒွေးဒေသနဲ့ လောင်းရှည်ဒေသတွေကို စစ်အုပ်စုက နေ့စဥ်ရက်ဆက် လေကြောင်းကနေ လေယာဥ်နဲ့ ဗုံးကြဲနေသလို လောင်းရှည်နယ်က ဒေသအခေါ် သရက်တော တောတိုက်မှာ တပ်ဆင်ထားတဲ့ ဟောင်ဝှစ်ဇာလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့လည်း စစ်ကြောင်းထိုးမယ့်ဒေသတွေဘက်ကို ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ကန်ပက်လက်မြို့နဲ့ ကျင်ဒွေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်း ကစလို လောင်းရှည်မြို့ကတဆင့် ကျင်ဒွေးဘက်ကို အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာပါ။
လက်ရှိမှာ စစ်အုပ်စုလက်အောက်ခံ ကပစ ၂၅ ကနေ အင်အားထပ်ဖြည့်နေပြီး စစ်အင်အားထောင်ကျော် အသုံးပြုကာ လောင်းရှည်နဲ့ကျင်ဒွေးဒေသကရွာတွေဘက်မှာ ရှေ့တန်းစခန်းတွေ အခြေပြုထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေ ကလည်း ဖော်ပြပါတယ်။
အောက်တိုဘာ ၁၀ ရက် နေ့လည် ၂ နာရီကျော်မှာ မောချောင်းရွာပတ်ဝန်းကျင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာ ၂ စင်း ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့သလို မဆာတွီ-မောချောင်း-ကျင်ဒွေး လမ်းပိုင်းတွေကတော့ အခုရက်ပိုင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ်ရှိနေတယ်လို့ သိရပါတယ်။
စစ်အုပ်စုအနေနဲ့ အခုလို လေကြောင်းပစ်ကူတွေ လက်နက်ကြီးပစ်ကူတွေသုံးပြီး အင်အားအလုံးအရင်းနဲ့ ကျင်ဒွေးမြို့ ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဟာ ကျင်ဒွေးမြို့ကတဆင့် ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်နိုင်ဖို့ဖြစ်နိုင်တယ်လို့ စစ်‌ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
———————————
၈။⁨ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်ရည်မှန်းပြီး နယူးယောက်မှာ အမှတ်တရ သစ်ပင်စိုက်
========================
m.CDM၊ အောက်တိုဘာ ၁၁

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်လှုပ်ရှားနေတဲ့ “FREE HER Campaign” ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေ အမှတ်တရသစ်ပင်တွေ စိုက်ပျိုးခဲ့ပါတယ်။
ဒီသစ်ပင်စိုက်ပွဲကို နယူးယောက်ပြည်နယ်ပိုင်ပန်းခြံ Willow brook State Park မှာ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့တာြဖစ်ပြီး သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုချက်နဲ့စည်းမျဉ်းတွေအရ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ လူအယောက် ၃၀ ပါဝင်စိုက်ပျိုးခဲ့ကြတာလို့ NYCBC - New York City Burmese Community က ထုတ်ပြန်ထားပါတယ်။
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက NYCBC ကို ကျေးဇူးတင်ပါတယ်။ အမေစု လွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲကမှ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကိုရည်ရွယ်ပြီး အမှတ်တရ သစ်ပင် ၈၂ ပင်စိုက်ပျိုးခွင့်ရတဲ့အတွက် အင်မတန်မှ အဓိပ္ပာယ်ရှိပါတယ်။ ကျနော်တို့နိုင်ငံကြီး အေးချမ်းသာယာဖို့ ကျနော်တို့ပြည်သူတွေ အနာဂတ်ကောင်းမွန်ဖို့အတွက် ရည်မှန်းပြီးစိုက်ပျိုးတဲ့အတွက် ရည်ရွယ်ချက်အရ လည်း အင်မတန်ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။
သစ်ပင်စိုက်ပွဲကို စီစဉ်သူတွေကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် အတွက် ရည်ရွယ်ပြီး သစ်ပင် ပျိုးပင် ၈၂ ပင် စိုက်ကြတာပါ။
မြန်မာအယူအဆအရ မွေးနေ့အသက်ထပ် တပင်ပိုပြီး စိုက်ရင် ပိုကောင်းတယ်ဆိုတာရှိတဲ့အတွက် ၈၂ ပင် စိုက်ကြတာလို့ ရှင်းပြပါတယ်။
အသက် ၈၁ နှစ်ပြည့် အမယ်အိုတယောက်ကို စစ်အာဏာရှင်တွေ မတရား ဖမ်းစီးချုပ်နှောင်ထားတာကို နိုင်ငံတကာကသိရှိပြီး အမြန်ဆုံးလွှတ်ပေးစေဖို့နဲ့ အခြားလှုပ်ရှားမှုတွေနဲ့မတူအောင် ငြိမ်းချမ်းစွာစုပေါင်းပြီး သစ်ပင်စိုက်ပျိုးခဲ့ကြတာပါ။
သစ်ပင်စိုက်ရာမှာပါဝင်ခဲ့ကြသူတွေကလည်း “ဒီလှုပ်ရှားမှုက သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုပြီး ကမ္ဘာကြီးအတွက်လည်း အကျိုးရှိစေမယ့် Environmental Stewardship activities မျိုးနဲ့ စုပေါင်းပြီး လုပ်ကြတာပါ” လို့ ပြောကြပါတယ်။
သစ်ပင်စိုက်ပျိုးတဲ့နေရာဟာ နယူးယောက်မြို့ Staten Island မှာရှိတဲ့ Willow brook Park အတွင်းမှာရှိပြီး Hope For Suu Forest လို့ခေါ်တဲ့နေရာလို့ သိရပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654
Share:

No comments:

Post a Comment