ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ကိုင်းတိုင်းမြို့တွေမှာ စစ်ကောင်စီရဟတ်ယာဉ်များကဝါဒဖြန့်စာများကို ထပ်မံကြဲချ
📌ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA မသင်္ကာမှုဖြင့် ဖမ်းဆီး
📌စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနေသည့် ဒီပဲယင်းအနောက်ခြမ်းတွင် ယနေ့လည်း ၎င်းတို့ ပစ်သတ်၍မီးရှို့ထားသော အလောင်းတစ်လောင်းတွေ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ကိုင်းတိုင်းမြို့တွေမှာ စစ်ကောင်စီရဟတ်ယာဉ်များကဝါဒဖြန့်စာများကို ထပ်မံကြဲချနေကြပါတယ်
စစ်အာဏာသိမ်းခံရပီးနောက်ပိုင်း တူမီးကဲ့သို့ရရာလက်နက်ကိုင်စွဲပီး တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဟတ်ယာဉ်များက ဝါဒဖြန့်စာတွေ ထပ်မံ ကြဲချနေတုန်းပါပဲ။ စာရွက်ပေါ်မှာ ရိုက်နှိပ်ထားတဲ့ စာသားနှင့်အဓိပ္ပါယ်တွေဟာ လက်ရှိမြေပြင်မှာ ဖြစ်နေသော အခြေအနေနဲ့ ပြောင်းပြန်ပဲလို့ စာရွက်ကောက်ရဖတ်ရှုခဲ့သူ တန့်ဆည်(ဒဆယ်) ပြည်သူတဦးက ပြောပါတယ် "ရေးထားတာတွေက အားလုံးပြောင်းပြန်တွေချည်းပဲ အကြမ်းဖက်နေတာက သူတို့လေ။ ရွာတွေကိုမီးရှို့တာလဲ သူတို့ပဲ။ ကျောင်းတွေကို PDF က ဗုံးခွဲပါတယ်ဆိုပြီး သူတို့ပဲ ခွဲတာ။ ရွာတွေကို ရှင်းလင်းရေးဆိုပြီး စစ်ကြောင်းထိုးတယ်။ ပြီးတော့ တွေ့တဲ့ လူငယ်တွေကို ဖမ်းပြီး PDF ခေါင်းစဉ်တပ် ရက်ရက်စက်စက် ပစ်သတ်ခဲ့တာလည်း သူတို့ပဲလို့ သူက ပြောပါတယ်။ သတင်းနည်းပညာခေတ်မှာ မြို့ကောနယ်ပါမကျန်ဒေသများက ပြည်သူတွေဟာ လူမှုကွန်ရက်များပေါ် ကသတင်းများကို အချိန်နှင့်တပြေးညီသိရှိနေကြပါတယ်။ ခုလိုပြောင်းပြန်ကျအောင်ရေးသားထားပီး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ပုံဖျက်နေတဲ့စာသားတွေကိုဖတ်ပီး ကလေးများကအစ ဖတ်ပီးရယ်မောနေကြကြောင်း သူက ဆက်ပြောပြပါတယ်
စစ်ကိုင်းတိုင်းတွင်းရှိ ဘုတလင်မြို့၊ ဒီပဲယင်းမြို့၊ ရေဦးမြို့၊ တန့်ဆည်မြို့၊ ကျွန်းလှမြို့၊ ကန့်ဘလူမြို့၊ ကောလင်းမြို့စသည့်မြို့များတွင် ဒီဇင်ဘာလ ၁၅ ရက်မွန်းလွှဲ တစ်နာရီခန့်မှ စတင်ပြီး တစ်မြို့ပြီးတစ်မြို့ လိုက်လံကြဲချခဲ့ကြပါတယ် မဲစာရင်းမသမာမှုဟုအကြောင်းပြကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သော စစ်ကောင်စီတပ်သည ဝါဒဖြန့်စာကို ရိုက်နှိပ်ရာတွင် နိုင်ငံတော်အာဏာကို မတရားရယူလိုသူ ဖြစ်သော NUG ဟု၎င်း စေခိုင်းသူ CRPH၊ ဟု၎င်း အကြမ်းဖက်သူမိစ္ဆာ PDF ဟု၎င်း ရေးကာ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းတိုက်ဖျက်ရမယ်လို့လည်း ရေးထားပါတယ် အဓမ္မအာဏာသိမ်းအနိုင်ကျင့်မှုအပေါ် လက်မခံကြသော ဝန်ထမ်းများကလည်း အာဏာဖီဆန်တော်လှန် CDM ဝင်ခဲ့ကြခြင်းကို စစ်ကောင်စီကရေးသားရာမှာတော့ NLD ပါတီဝင်များနှင့် PDF တို့သည် အစိုးရယန္တရားကြီးများ ရပ်ဆိုင်းစေရန်အတွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဆရာ၊ဆရာမ များအား သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ မီးရှို့ခြင်းများအား ပြုလုပ်နေသည်ဟု ရေးသားပါတယ်။ စစ်အာဏာရှင်ကို ခုခံတော်လှန်ရာမှာ စစ်ကိုင်းတိုင်းတွင်း တော်လှန်မှုများက စစ်ကောင်စီဘက်က မထင်မှတ်လောက်အောင် ပြင်းထန်ခဲ့ပီး ကုန်းကြောင်းသွား ရေကြောင်းသွား စစ်ကောင်စီတပ်များကို နည်းအမျိုးမျိုးသုံးလျက် ဟန့်တားတိုက်ခိုက်နေကြတာ နေ့စဉ်လိုလိုပင်ဖြစ်ပွားနေဆဲပါပဲ။ ဒီ့နောက်မှာတော့ စစ်ကောင်စီဘက်က ခုလိုဝါဒဖြန့်စာများကို ရဟတ်ယာဉ်ပေါ်က ကြဲချတဲ့နည်းလမ်းကို ဆက်တိုက်လိုလို သုံးစွဲလာကြပါတယ် ။ အကြမ်းဖက်စစ်ကြောင်းများသည် စစ်ကိုင်းတိုင်းတွင်းရှိရွာများကို ထိုးစစ်ဆင်ရာတွင် တွေ့သည့်ပြည်သူများကို တော်လှန်ရေးသမားသံသယဖြင့် သတ်ဖြတ်ခြင်း ရွာမီးရှို့ခြင်း ရွာပစ္စည်းများကို ဖျက်ဆီးယူဆောင်ခြင်း အိမ်မွေးတိရစ္ဆာန်များကို သတ်စားသွားခြင်း ရွာသားများကို လမ်းပြခေါ်ဆောင်ခြင်းများကို လက်တွေ့မြေပြင်မှာ ကျူးလွန်နေတာကြောင့် အဆုံးထိတော်လှန်သွားမယ့် စစ်ကိုင်းတိုင်းပြည်သူများကတော့ ဝါဒဖြန့်စာများကို ယုံကြည်မှုကင်းမဲ့နေပီဖြစ်ကြောင်း သိရပါတယ်။
========================
📌📌ဝိုင်းမော်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များမှ ဒေသခံအချို့ကို KIA မသင်္ကာမှုဖြင့် ဖမ်းဆီးနေကြပါတယ်
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပတ်သက်သည်ဟု မသင်္ကာသောပြည်သူတစ်ချို့ကို လိုက်လံဖမ်းဆီး နေကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဝူယန်ကျေးရွာမနက်စျေးတွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မွန်းလွဲပိုင်းကလည်း လူနေအိမ်အချို့ကို ဝန်းရံကာ ဖမ်းဆီးမှုများပြုလုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီကနေ့ မနက်ကဘဲ မနက်စျေးမှာ စစ်ကောင်စီတပ်သားတွေ စစ်အင်အားအပြည့်နဲ့ ယောက်ျား တစ်ယောက်ကို ကားနဲ့ ဖမ်းသွားတယ်။ အဲ့လိုဘဲ အခု ညနေပိုင်းမှာလည်း နောက်တစ်ယောက်ကို လိုက်ဖမ်းနေတယ်။ ဘာလို့ လိုက်ဖမ်းနေလည်း မသိဘူး" လို့ သူကပြောပါတယ်။
ယနေ့ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီတပ်သားများ ရှောင်တခင်ဝင်ဖမ်းသော ဝူယန်ကျေးရွာမှ အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နံနက်ပိုင်း ဝူယန်စျေးအတွင်း ဖမ်းဆီးခံရသူမှာ ဝါးရှောင်ကျေးရွာမှ အသက် ၃၀ ဝန်းကျင်အရွယ် ကို ခွန်းအောင် ဆိုသူဖြစ်ပြီး လက်ရှိ ၎င်းကို မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် လီဆူပြည်သူ့စစ်အဖွဲ့တို့ လိုက်လံဖမ်းဆီးနေသည်မှာ စစ်တပ်သတင်းတွေကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။
ဝိုင်းမော်မြို့ပြင် ဝူယန်ကျေးရွာတွင်လည်း ပြီးခဲ့တဲ့ လပိုင်းမှစတင်ကာ လီဆူပြည်သူ့စစ်ဂိတ်ထားရှိပြီး ဖြတ်သန်းသွားလာသော ပြည်သူတွေကို စစ်ဆေးမှုနဲ့ ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက ဝိုင်းမော်ရှိ ၅၈ တပ်ရင်းနဲ့ ဗလမင်းထင် စုပေါင်းဂိတ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ နှင့် ၎င်း၏ ပြည်သူ့စစ်အဖွဲ့တို့မှ မြို့တွင်းဖမ်းဆီးမှုများနှင့် စစ်ရေးဂိတ်များကို တိုးမြှင့်ချလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနေသည့် ဒီပဲယင်းအနောက်ခြမ်းတွင် ယနေ့လည်း ၎င်းတို့ ပစ်သတ်၍မီးရှို့ထားသော အလောင်းတစ်လောင်းတွေ့
ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ဘုတ်ရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ်များ ၂ ရက်ကြာတပ်စွဲပြီးနောက် ယနေ့တွင်ပြန်လည်ထွက်ခွာသွားပြီးနောက် ၎င်းတို့ပစ်သတ်၍ မီးရှို့ထားသော အလောင်းတစ်လောင်းတွေ့ရှိကြောင်း သိရပါတယ်။
ပစ်သတ်ခံရသူမှာ ပျောက်ဆုံးနေသော ရွာသား ဦးညွှန့်လှိုင်ဆိုသူဖြစ်ပြီး ဆီးခုံသို့ ကျည်ဖောက်ထွက်ဒဏ်ရာတွေ့ရပြီး မီးရှို့သတ်ဖြတ်ခံထားရသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
၎င်းရဲ့ အလောင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ရွာအနီး လယ်တောတွင်တွေ့ရခြင်း ဖြစ်ကြောင်းသိရပါတယ်။
" အနောက်ခြမ်းမှာသူတို့မွှေလာတာ တဖြည်းဖြည်းနဲ့ ဒီပဲယင်းအနားရောက်လာပြီ။ တစ်မိုင်လောက်ပဲလိုတော့တယ်။ ဒီရက်ပိုင်းသူတို့တပ်စွဲခဲ့တဲ့ နဂါးတွင်းရွာမှာလည်း ရွာသား ၄ ဦးအသတ်ခံရတယ်။ နွားစာကျွေးဖို့ရွာပြန်တဲ့ စစ်ရှောင် ၂ ဦးနဲ့ ရွာက အသက်ကြီးပိုင်းအမျိုးသား ၂ဦးကိုဖမ်း ကြိုးတုပ်ပြီး ပစ်သတ်သွားတာ" လို့ ဒေသခံကတွေကပြောပါတယ်။
ယနေ့တွင်လည်း နဂါးတွင်းဘက်တွင် အလောင်းတွေ့သည်ဟု သတင်းရထားပြီး အသေးစိတ်အချက်အလက်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက် ကျေးရွာ ၁၅ ခုခန့်ထွက်ပြေးတိမ်းရှောင်နေရပြီး သတ်ဖြတ်ခံရသူများလည်း ရှိနေကြောင်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment